ဆောင်းပါး

အင်ဒိုနီးရှား ရိုးရာဂီတ ဘုရင်မ ဂျူလီယာ ပီရက်ဇ် အမှတ်တရ

အကယ်၍ အမျိုးသမီး အဆိုတော်များက သာမန်ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသူများဟု ဆိုလျှင် ပေါ့ပ်အဆို တော်အမျိုးသမီးများက ပို၍ ကြီးကျယ်သူများ ဖြစ်ကြပါလိမ့်မည်။

Twitter တွင် ကေတီပယ်ရီက follower သန်း ၁၀၀ ကျော်ရှိပြီး ဒေါ်နယ်ထရန့် ထက် ၃ ဆများသည်။ ဆယ်လီနာဂိုးမက်ဇ်က Instagram တွင် follower ၁၂၂ သန်းကျော် ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။

ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေ အများဆုံး ဖြစ်သလို မွတ်ဆလင် အများဆုံး စုဝေးနေထိုင်ရာ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ဆူဟာတိုခေတ် ကုန်ဆုံးခဲ့သည့် အချိန်မှ စ၍ ဖျော်ဖြေရေးလုပ်ငန်းက အစွမ်းကုန် ဖွံ့ဖြိုးလာခဲ့ပြီး ပါရမီ ရှိသူများအတွက်ရော မရှိသူများအတွက်ပါ အောင်မြင်ရန် အခွင့်အလမ်းများ ဖန်တီးပေးနေသည်။

မနက်ခင်းတိုင်းပင် မနက် ၆ နာရီခွဲ ကစ၍ ဒေသတွင်း ရုပ်မြင်သံကြားဌာနများတွင် သတင်းရော ဖျော်ဖြေရေးပါ ပါဝင်သော Infotainment ဟု ခေါ်ကြသည့် အစီအစဉ်များဖြင့် ပြည့်နေသည်။ အဓိကအားဖြင့် ဖျော်ဖြေရေးနှင့် ကျော်ကြားသူတို့နှင့် ပတ်သက်သည့် အကြောင်းများ ဖြစ်ကြသည်။

အရှုပ်အရှင်းကိစ္စများ၊ စိတ်လှုပ်ရှားစရာများ၊ အောင်မြင်မှုများနှင့် ချောက်ချားစရာ သတင်းခေါင်းစဉ်များက ပြည်တွင်း ရုပ်မြင်သံကြားလုပ်ငန်းအတွက် အကျိုးအမြတ် အများဆုံး ရရှိစေသော အစီအစဉ်များထဲမှ တခု ဖြစ်သည်။

ရှေးရိုးစွဲ အင်ဒိုနီးရှား အသိုင်းအဝိုင်းကြား အရိုင်းဆန်ဆန် လှသော ဂျူပီအတွက် သိပ်မလွယ်

တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျော်ကြားသူများထဲတွင် ယခုကွယ်လွန်သွားခဲ့ပြီဖြစ်သော ဂျူလီယာ ပီရက်ဇ် Julia Perez သို့မဟုတ် ယူလီရတ်ချ်မာဝတီ Yuli Rachmawati ကဲ့သို့ အနေအထားမျိုး၊ လူချစ်များခြင်းမျိုး ရှိသူ အနည်းငယ်မျှသာ ရှိသည်။ သားအိမ်ခေါင်းကင်ဆာ ဝေဒနာကို နှစ်နှင့်ချီ၍ ရင်ဆိုင်ခဲ့ရပြီးနောက် အသက် ၃၆ နှစ်အရွယ်သာ ရှိသေးသော ဂျူလီယာ ပီရက်ဇ် ပြီးခဲ့သည့်အပတ်က အချိန်မတန်မီ ကွယ်လွန်ခဲ့ရပါသည်။

ဂျူပီ Jupe ဟုဆိုလျှင် လူတိုင်းသိသော ဂျူလီယာ ပီရက်ဇ်က Twitter တွင် follower ၅ သန်းကျော်ရှိပြီး Instagram တွင် follower ၁၄ သန်း ကျော်ရှိခြင်းက သူ၏ ခင်မင်နှစ်လိုဖွယ်ရာကောင်းမှု အပေါ် သံသယရှိစရာ မလိုကြောင်း ဖော် ပြနေသည်။

ဂျူပီက အစုံလုပ်ခဲ့သူ ဖြစ်သည်။ သူက ရုပ်ရှင်မင်းသမီးတဦး၊ မော်ဒယ်တဦး၊ ရိုးရာ အဆိုတော်တဦးနှင့် ရုပ်သံ တင်ဆက်သူ တဦး ဖြစ်သည်။ သမရိုးကျ မီဒီယာများတွင်ရော လူမှုမီဒီယာတွင်ပါ သူ့ကို နေရာတိုင်းတွင် မြင်နေရသည်။

သူတွင် ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်စွမ်းနှင့် အရိုင်းဆန်သော အမူအရာတို့ ရှိနေသော်လည်း ရှေးရိုးစွဲ အသိုင်းအဝိုင်းတွင် ဂျူပီ အဓိက ခွန်အား နှင့် သနားကြင်နာမှု ရရှိခြင်းတို့၌ အခြေတကျရှိခြင်း၊ မိသားစုတခုရှိခြင်းနှင့် သူကြိုးစားလုပ်ဆောင်ခဲ့ရသမျှ၏ အသီးအပွင့်များကို ခံစားနိုင်ခြင်းတို့မှာ အချစ်ရေး အလွန်အမင်း ကံမကောင်းသည့် အမျိုးသမီးတယောက် အနေဖြင့် ပွင့်လင်းစွာ နေထိုင်ခြင်းကြောင့် ဖြစ်သည်။

အလုပ်ရှာရန်အတွက် နိုင်ငံခြားသို့ ထွက်သွားသည့် သိန်းပေါင်းများစွာသော အမျိုးသမီးများထဲမှ ပေါ်ပေါက်လာသည့် မင်းသမီးငယ်များမှာ အိမ်ထောင်ပြိုကွဲခြင်း သို့မဟုတ် အကျင့်မကောင်းသော ခင်ပွန်းသည်များထံသို့ ပြန်ရခြင်းနှင့် အဆုံးသတ်ရလေ့ရှိသည်။ ဂျူပီက အနည်းငယ် ကွဲပြားပါသည်။

ဂျူပီကို ဂျကာတာမြို့တွင် ၁၉၈၀ ခုနှစ်က မွေးဖွားခဲ့သည်။ ကြေးစားဘောလုံးသမားတဦး ဖြစ်သည့် ဖခင်နှင့် သာမန် အိမ်ရှင်မတဦး ဖြစ်သည့် မိခင်တို့၏ အိမ်ထောင်ရေးက ကြာရှည်မခံခဲ့ပါ။ အဆင်မပြေစရာ အကြောင်း အမျိုးမျိုးတို့ ကြောင့် ဂျူပီ အလျှင်အမြန်ပင် ရင့်ကျက်လာခဲ့ရသည်။ သတင်းစာပို့ခြင်း၊ ကျပန်းအလုပ်များလုပ်ကိုင်ပြီး ကိုယ်ပိုင် ဝင်ငွေရှာဖွေခဲ့ရသည်။

ထက်မြက်ပြီး လုပ်ရဲကိုင်ရဲရှိသလို ရုပ်ရည်ကလည်း ပြေပျစ်သည့်အတွက် အတွင်းရေးမှူး အလုပ်ကို ခပ်မြန်မြန် ရရှိ ခဲ့သည်။

သူ၏ အလုပ်ရှင်များ၏ သဘောကျ နှစ်ချိုက်မှုကိုလည်း ရရှိခဲ့ပုံရပါသည်။ အဘယ်ကြောင့်ဆိုသော် ဥရောပတွင် ခရီးသွားရန် သူ့ကို အခွင့်အရေးပေးခဲ့ပြီး ဥရောပတွင် နှစ် အနည်းငယ် နေထိုင်ခွင့်ရခဲ့သည်။

FHM ကဲ့သို့သော အမျိုးသားကြိုက် မဂ္ဂဇင်းများတွင်ပါဝင်ခဲ့ပြီးနောက် ဂျကာတာသို့ ပြင်သစ်လူမျိုး ခင်ပွန်းသည် ဒမ်မီယယ် ပီရက်ဇ် Damien Perez နှင့် အတူ ဂျူပီ ပြန်ရောက်လာခဲ့သည်။ အငြင်းပွားဖွယ်ရာ ဂုဏ်သတင်းများနှင့် အတူဖြစ်သည်။

ပြည်တွင်း ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလောကအတွင်းသို့ ခြေစုံပစ်ဝင်ခဲ့ပြီးနောက် မကြာမီမှာပင် သဲထိတ်ရင်ဖို ရုပ်ရှင် များနှင့် ဒရမ်မာ ဇာတ်လမ်းတွဲများတွင် ပါဝင်ခွင့်ရလာသည်။

ထိုအချိန်အထိ သူက တက်သစ်စ မင်းသမီးငယ် အများအပြားထဲမှ တဦး အဖြစ်နှင့်သာ ရှိနေသေးသည်။

ရေသူမ ဝတ်စုံဖြင့် ရိုက်ကူးထားသော ဂျူပီ၏ ဗီဒီယို

၂၀၀၈ ခုနှစ်တွင် ဂျူပီ၏ ပထမဦးဆုံး သီချင်း အယ်လ်ဘန်ဖြစ်သည့် “Kamasutra (ကာမသျှတ္တရ)” ကို ထုတ်ဝေခဲ့ပြီး နောက်တွင် သူက ကွဲပြားသူတယောက် ဖြစ်လာသည်။

သူ၏ ဂီတအမျိုးအစားဖြစ်သည့် dangdut (အာရပ်နှင့် ဟိန္ဒူ စည်းချက်ကို ပေါင်းစပ်ထားသည့် အင်ဒိုနီးရှား ရိုးရာဂီတ) က လူမှုရေးတွင် ရှေးရိုးစွဲဆန်သူတို့၏ ဝေဖန်မှုကို ကာလကြာမြင့်စွာ ခံခဲ့ရသော်လည်း ဂျူပီကို နောက်ထပ် အဆင့် တခုသို့ ပို့ဆောင်ပေးခဲ့သည်။

ကာမသျှတ္တရနှင့် ၎င်း၏ အငြင်းပွားဖွယ်ရာများနှင့် အတူ ဂျူပီက သူ့ကိုယ်သူ ပိုမိုထင်ရှား ကျော်ကြားအောင် ပြုလုပ်နိုင်ခဲ့သလို အမှီအခိုကင်းသော လွတ်လပ်သော အမျိုးသမီး တယောက်၏ အနေအထားသို့ရောက်စေခဲ့သည်။

ဂျူပီက အသံ အလွန်ကောင်းသူတယောက် မဟုတ်ပါ။ သို့သော်လည်း သွယ်လျသော ကိုယ်ခန္ဓာနှင့် ကြည့်ကောင်းသူ ဖြစ်သည်။

သူက ပျော်တတ်သူတယောက်လည်း ဖြစ်သည်။ ရေသူမ ဝတ်စုံဖြင့် ရေကူးနေသည့် ဗီဒီယိုကိုကြည့်ပါ။ မည်မျှ ကြည့် ကောင်းလိုက်ပါသနည်း။

သူက အားကစားဗီဇရှိသူလည်း ဖြစ်သည်။ သတ္တိကောင်းသည်။ အင်ဒိုနီးရှား တပ်မတော်၏ အမာခံ ပရိသတ် တယောက်အနေဖြင့် စစ်တပ်က လက်ဖြောင့်တပ်သားတယောက်လို သေနတ်ပစ်နိုင်သည်။

သူရဲကောင်းဆန်ခြင်းနှင့် စွဲလမ်းနှစ်သက်ဖွယ် ကောင်းခြင်းများ ရှိနေသလို အားနည်းစရာများနှင့် ခံစားလွယ်ခြင်းများ လည်း ရှိနေသည်။ သို့သော်လည်း ထိုအချက်များ ပေါင်းစုနေခြင်းကပင် လိုအပ်လာသည့် အချိန်တွင် သူ့အတွက် တန်ဖိုးရှိသော (အသုံးတည့်သော) အချက်ဖြစ်လာသည်။

သူ့မှာ အိမ်ထောင် ၂ ဆက်ရှိခဲ့သည်။ ပြင်သစ်လူမျိုး ဒမ်မီယယ် ပီရက်ဇ်နှင့် အာဂျင်တီးနား ဘောလုံးသမား ခရစ်ရှန် ဂတ်စတွန် ကာ့စတာနို Cristian Gaston Castaño နှင့် လက်ထပ်ခဲ့သော်လည်း ၂ ကြိမ်လုံးကွာရှင်းမှုနှင့် အဆုံးသတ်ခဲ့ရသည်။

ထိုနာကျင်မှုများကို သူ၏ သီချင်းတပုဒ် ဖြစ်သော Gak Jaman(မိန်းမရှုပ်သူတယောက်ကို ချစ်မိတဲ့အကြောင်း) တွင် တွေ့ရသည်။ Sakit Sungguh/Sakit hatiku (ကွဲကြေနေတဲ့ ငါ့ရဲ့ နှလုံးသား) သီချင်းတွင် ဂျူပီက ဝမ်းနည်းစွာ ငိုညည်းခဲ့သည်။

သို့သော်လည်း အောင်မြင်သော အမျိုးသမီးတယောက်အနေဖြင့် အလုပ်အကိုင်၊ ငွေကြေးနှင့် ကိုယ်ပိုင်ဘဝတခုတို့ကို လိုချင်ခဲ့သည်။

Cecepy Bikin Happy (ပျော်ရွှင်သော မိန်းကလေးများ) အမည်ရှိ ရုပ်သံအစီအစဉ်တွင် အခြားသော dangdut အဆို တော် အမျိုးသမီးများဖြစ်သည့် ဇာစကီယာ ဂိုးတစ် Zaskia Gotik နှင့် အာယု တင်တင် Ayu Ting Ting တို့နှင့် အတူ ပါဝင်ခဲ့ချိန်က ဂျူပီ အပျော်ဆုံး ဖြစ်ခဲ့ပုံရသည်။

သူတို့ ၃ ယောက်၏ အင်အားက မသေးပါ။ အင်ဒိုနီးရှားနိုင်ငံမှ Instagram တွင် ရေပန်းအစားဆုံးသူ ၁၀ ဦးထဲတွင် သူ တို့ ပါဝင်နေပြီး ၃ ယောက်ပေါင်း follower က သန်း ၄၀ ကျော်ရှိသည်။

ကမ္ဘာပေါ်တွင် မွတ်ဆလင်အများဆုံး နိုင်ငံတခု၏ လုပ်ငန်းခွင်မှ မိန်းကလေးများ၏ စွမ်းအားပင် ဖြစ်သည်။

ဂျူပီက ဟာသပညာရှင်တယောက်၏ ပင်ကို ဗီဇရှိသလို သူကိုယ်သူ ပြန်လည် ပုတ်ခတ်၍ ဟာသလုပ်ရန်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမျိုးရှိသည်။

လူမှုမီဒီယာတွင် သူတင်ခဲ့သမျှများထဲမှ အမှတ်တရဖြစ်စရာ အကောင်းဆုံးတခုမှာ ဆော်ဒီအာရေးဗီးယားသို့ ဘုရားဖူး သွားရောက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းမှ မွတ်ဆလင်အမျိုးသမီးများ ဝတ်ဆင်ကြသည့် အင်္ကျီရှည်နှင့် ပုံများ ဖြစ် သည်။

အပြစ်ပြောသူများက ပြောကြသော်လည်း ခက်ထန်၍ တောက်ပြောင်သော မျက်လုံးများနှင့် အဆိုပါပုံများတွင် အင်ဒို နီးရှား မွတ်ဆလင်အမျိုးသမီးတယောက်၏ အပြည့်အဝ ယုံကြည်မှုနှင့် စိတ်အားထက်သန်မှုတို့ကို ကျနော်မြင်တွေ့ရ ပါသည်။

သူ၏ ရောဂါဝေဒနာကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ပါသည်။ ခေါင်းတုံး တုံးထားသည့် ပုံများကိုလည်း လူမှုကွန်ရက် ပေါ်တွင် လိုလိုလားလားပင် တင်ခဲ့သည်။

ဂျကာတာရှိ Cipto Mangunkusumo ဆေးရုံမှ သူ၏ ကုတင်ဘေးသည် သူ့ကို လာရောက် သတင်းမေးကြသည့် အင်ဒိုနီးရှားနိုင်ငံမှ ကျော်ကြားသူများ၊ အာဏာ ရှိသူများကို တစုတဝေး မြင်ရတတ်သည့် နေရာဖြစ်ခဲ့သည်။

သူကွယ်လွန်သွားပြီးနောက် ဂျကာတာ အရှေ့ပိုင်း Cipayung ရှိ Pondok Ranggon မှ သူ၏ အုတ်ဂူသို့ ကျနော်သွား ရောက်ခဲ့ပါသည်။

သူ၏ အုတ်ဂူက ပန်းများနှင့် ဖုံးလွှမ်းနေသည်မှာ အံ့သြစရာ မဟုတ်ပါ။ သူ၏ များပြားလှစွာသော ပရိသတ်အတွက် သူက မည်ကဲ့သို့ အဓိပ္ပါယ်ရှိကြောင်း ဖော်ပြနေခြင်းသာ ဖြစ်ပါသည်။

သူ၏ ပါရမီ နှင့် ရုပ်ရည်က ထင်ရှားကျော်ကြားသူတယောက် ဖြစ်စေခဲ့သည် မှန်သော်လည်း သူရင်ဆိုင်ခဲ့ရသည့် အခက်အခဲများ၊ ပျော်ရွှင်မှုများနှင့် ဝမ်းနည်းခြင်းများက သာမန် အင်ဒိုနီးရှားပြည်သူများနှင့် သက်ဆိုင်နေနိုင်သော အရာများ ဖြစ်ကြသည်။

သူက အရှုံးပေးရန် သို့မဟုတ် နောက်ဆုတ်ရန် ငြင်းဆန်ခဲ့သည်။ သူက လူကောင်းယောင်ဆောင်၍ မဟုတ်တာ လုပ်သူတယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပါ။ သူ့ကို Ulama (အစ္စလမ် ဘာသာရေး ပညာရှင်များအဖွဲ့) က တိုက်ခိုက်လာသည့် အခါ ရင်ဆိုင်ခဲ့သည်။

သူက လူသားတယောက်ဖြစ်ကြောင်း သူ၏ ပရိသတ်များကို ထုတ်ဖော်ပြသရန် ဂျူပီ နောက်တွန့် မနေခဲ့ပါ။ ထို့ ကြောင့် လည်း သူ့တို့က ဂျူပီကို ချစ်ကြခြင်း ဖြစ်သည်။ အမှန်တကယ် လိုအပ်သည့် ယဉ်ကျေးပျူငှာမှုတခုကို သူ ထိန်းသိမ်းထားခဲ့သည်။

ဂျူပီ မရှိတော့ခြင်းက အမြဲတမ်းလှုပ်ရှားနေတတ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ဖျော်ဖြေရေး ကဏ္ဍတွင် တနည်းတဖုံ အလင်းရောင် လျော့နည်းသွားသည့် အသွင်ဖြစ်သည်။

ဂရုဏာကြီးမားဆုံးသော အလ္လာအရှင်၊ သူက ထူးခြားသော အမျိုးသမီးတယောက် ဖြစ်ပါသည်။ သူ့ကို ရင်ဖွင့်ကြိုဆိုပါလေ။

(ကာရင်မ်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုရေးသားနေသော မလေးရှား စာရေးဆရာတဦး ဖြစ်သည်။)

Loading