ဆောင်းပါး

သခင်ဘဟိန်းသာ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့ရင်

ဗိုလ်နေဝင်းကို စစ်ဦးစီးချုပ် ရာထူး ပေးထားစဉ်က ဗိုလ်ချုပ် အောင်ဆန်းက စစ်ဝန်ကြီး၊ ဗိုလ်စကြာက ဒုတိယ စစ်ဝန် ကြီး၊ ဗိုလ်စကြာ ဂျပန်သွားရတဲ့အခါ ဗိုလ်လက်ျာကို ဒုတိယ စစ်ဝန်ကြီးခန့်အပ်ခဲ့တယ်။

တကယ်တော့ ဗိုလ်စကြာနေရာကို ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဗိုလ်နေဝင်းကို အပ်ရမှာ၊ ဒါပေမယ့် မအပ်ဘူး။

တော်လှန်ရေးပြီးခါနီး ၁၉၄၅ ခု ဇူလိုင် ၅ ရက်လောက်မှာ တပ်မတော် စစ်ဌာနချုပ်ကို တော်လှန်ရေးဒေသက ရန်ကုန် ရွှေ့ ခဲ့တယ်၊ လောင်းဝစ်လမ်း (ယခု ပန်တျာလမ်း) မှာ ဌာနချုပ်သစ် ဖွင့်ခဲ့တယ်။

ပြန်လည်ဖွဲ့စည်းတဲ့ တပ်မတော်မှာ ဗိုလ်ချုပ်က သူကိုယ်တိုင် စစ်သေနာပတိနေရာ ယူထားပြီး ဒု စစ်သေနာပတိကို ဗိုလ်လက်ျာကို ခန့်ခဲ့တယ်။

၁၉၄၅ ကုန်ခါနီး အာရှအရှေ့တောင်ပိုင်း စစ်သေနာပတိချုပ်ကြီး မောင့်ဘက်တန်နဲ့ ဗမာ့မျိုးချစ် တပ်မတော် သေနာပတိ မေဂျာဂျင်နရယ် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်သန်းထွန်းတို့ သဘောတူချုပ်ဆိုခဲ့တဲ့ ကတိစာချုပ်အရ ဗမာ့ တပ်မတော် ကို ပြန်လည်ဖွဲ့စည်းရာမှာ မျိုးချစ်တပ်မတော်မှ သာမန်တပ်သား ဦးရေ ၅၂၀၀ နဲ့ ထပ်မံဝင်လိုသူ ၂၀၀ မှ ၃၀၀ ကို ဝင်ခွင့် ပြုရေး။

စစ်ဗိုလ် ၂၀၀၊ နောက်ထပ် ၅၀ ခန့်ထားခွင့်နဲ့ နောင်တပ်တိုးချဲ့တဲ့အခါ လိုအပ်တဲ့ စစ်ဗိုလ် ၂၀၀ ကို သင်တန်းပေးထားဖို့ နဲ့ ဗြိတိသျှတို့ ပေါင်းဖွဲ့လိုက်တဲ့ ဗမာ့တပ်မတော် (BURMA ARMY) မှာ စစ်ဆေးရေး အရာရှိချုပ်အဖြစ် “မေဂျာဂျင်နရယ် သောမတ်စ်” ကိုခန့်ပြီး မျိုးချစ် တပ်မတော်ဘက်မှ ဒုစစ်ဆေးရေးမှူးချုပ် အဖြစ် လူမျိုးစုထဲမှ ဗိုလ်မှူးကြီး စမစ်ဒွန်းနဲ့ ဗမာဗိုလ်မှူးကြီး တဦးကို ခန့်အပ်ရမှာ ဖြစ်ပါတယ်။

ဒုစစ်ဆေးရေး အရာရှိချုပ်ကို ဗမာ့မျိုးချစ် တပ်မတော်ဘက်မှ ဗိုလ်မှူးကြီး တယောက်ကို ခန့်အပ်ရမယ့်နေရာမှာ ဗိုလ်ချုပ် က သူကိုယ်တိုင်ယူဖို့ ဖြစ်ပေမယ့် သူကနိုင်ငံရေး ဆက်လုပ်မှာ ဖြစ်တဲ့အတွက် ဒုဗိုလ်မှူးကြီး လက်ျာကို ဒုစစ်ဆေးရေးမှူးချုပ် ခန့်လိုက်တယ်။

အဲ့ဒီအချိန်မှာ ဗိုလ်နေဝင်းကို ကျန်တပ်မှူးများနဲ့အတူ ဒုဗိုလ်မှူးကြီး ရာထူးနဲ့ တပ်ရင်းမှူး ဘဝနဲ့ ထားခဲ့တယ်။

ဒါတွေကိုပြန်ပြီး အသေအချာ လေ့လာတဲ့အခါ ဗိုလ်ချုပ် အောင်ဆန်းက ဗိုလ်နေဝင်းအပေါ် ဘယ်လောက်အထိ စိတ်ချ ယုံကြည်မှု ရှိတယ် မရှိဘူးဆိုတာ ထင်ရှားစေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက သခင်သန်းထွန်း၊ သခင်ဘဟိန်း တို့ ဖျောင်းဖျတာက တကြောင်း နှစ်ပါတီ ညီညွတ်ရေး ပျက်မှာ စိုးတာက တကြောင်း ဗိုလ်နေဝင်းကို ပြုပြင်လို့ ရနိုင်ကောင်းရဲ့လို့ ယူဆတာက တကြောင်းကြောင့် တပ်က မထုတ်ဘဲ ထားခဲ့တာဖြစ်တယ်။

ဒါပေမယ့် တပ်မှာ အဓိကကျတဲ့ တာဝန်တွေနဲ့ ဗိုလ်လက်ျာကို ကျော်ပြီး ရာထူး မခန့်တော့တာကတော့ သေချာတယ်။ တနည်းအားဖြင့် ပြောရရင် ဗိုလ်နေဝင်းကို သတိထား စောင့်ကြည့်နေတဲ့ သဘောပဲ။ စိတ်ချ လက်ချသုံးလို့မရဘူး။ တာဝန်ရှိတဲ့နေရာမှာ ထားလို့မဖြစ်ဘူးဆိုတာ သဘောပေါက်တယ်။

ဒါကြောင့် ဗိုလ်ချုပ်ဟာ တပ်ကနားပြီး နိုင်ငံရေးဘက် ကူးတော့မယ်ဆိုတဲ့အခါ တပ်မှာ နိုင်ငံရေး စစ်ရေး ကြည့်ကြပ် ကွပ်ကဲ အုပ်ချုပ်နိုင်တဲ့ စွမ်းရည်၊ ဆက်ဆံရေး၊ ကျန်းမာရေး အဘက်ဘက်က ပြည့်စုံတဲ့ လူတယောက် လိုတယ်ဆိုတာ ဗိုလ်ချုပ် တွေးမိတယ်။

လူပုဂ္ဂိုလ်အနေနဲ့ ပြောရင်လည်း တက္ကသိုလ်မှာကတည်းက လုပ်ဖော်ကိုင်ဖက်၊ တဦးသဘော တဦးသိပြီးသား၊ ရင်းနှီး ရင်းစွဲရှိပြီးသား၊ နိုင်ငံရေးအရ ပြောရင်လဲ ကျောင်းသားလောကမှာ ကတည်းက အတူတကွ လုပ်ခဲ့ကြတဲ့အပြင် တို့ဗမာ အစည်းအရုံးထဲမှာလဲ တစုတစည်းတည်း အင်မတန်ရင်းတဲ့ သူငယ်ချင်း ဗိုလ်လက်ျာ။
ဗိုလ်ချုပ် ဘေးနားမှာရှိနေတာ ဗိုလ်လက်ျာပဲ၊ ဗိုလ်လက်ျာဟာ နိုင်ငံရေး စစ်ရေး ကြည့်ကြပ်ကွပ်ကဲ အုပ်ချုပ်နိုင်တဲ့ စွမ်းရည်၊ ဆက်ဆံရေး ဘာမှပြောစရာမလိုဘူး။ အဲ့ဒီအရည်အချင်းတွေ အားလုံးနဲ့ ပြည့်စုံတယ်၊ စိတ်သဘောထားလဲ နူးညံ့သိမ်မွေ့တယ်။

နိုင်ငံရေးအရ ဆိုရင်လဲ ဘာမှပြောစရာမလိုဘူး၊ ဗိုလ်ချုပ်နဲ့အတူ ၁၉၃၉ သြဂုတ် ၁၅ မှာ ဗမာပြည် ကွန်မြူနစ် ပါတီကို အတူတကွ ထူထောင်ခဲ့သူ၊ ဗိုလ်ချုပ်က အထွေထွေ အတွင်းရေးမှူးချုပ်၊ ဗိုလ်လက်ျာက ဗဟိုကော်မတီဝင်၊ တခုပဲ ပြောစရာ ရှိတယ်၊ ဗိုလ်လက်ျာက ကျန်းမာရေး မကောင်းဘူး၊ ဒီအတွက်ပဲ ဗိုလ်ချုပ်က အားမရတာ။ စိတ်မချတာ။

ဗိုလ်လက်ျာကို ကျန်းမာရေးကြောင့် ကာကွယ်ရေးဦးစီးချုပ် ပေးမဖြစ်ဘူးဆိုရင် ဘယ်သူ့ပေးမလဲ၊ ဘယ်သူနဲ့ သင့်တော် သလဲ၊ ဗိုလ်ချုပ် စိတ်တိုင်းကျ ဘယ်သူဖြစ်မလဲ၊ ဘယ်သူ့ကို စိတ်အချရဆုံးလဲ။

ဒါစဉ်းစားစရာပဲ၊ ဒါပေမယ့် ဗိုလ်ချုပ်က အရန်သင့် စဉ်းစားထားပြီးပုံ ရတယ်၊ အေးဆေးပဲ၊ သူစဉ်းစားထားတဲ့သူက နှစ်ယောက်တောင် ရှိတယ်လို့ ယူဆရတယ်။ အဲဒီအကြောင်းကို ဗိုလ်လက်ျာနဲ့ နှစ်ယောက်တည်း တိုင်ပင်ခဲ့တယ်။ ဗိုလ်လက်ျာကလည်း သဘောတူတယ်။

အဲဒီအကြောင်းကို နောက်ထပ် အသိပေးခံရသူ နှစ်ဦးရှိပါသတဲ့။ အဲ့ဒီနှစ်ဦးအနက် တဦးက ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ဖြစ်တယ်။ နောက်တဦးက အသိပေးခံရတဲ့အပြင် တာဝန်ယူ အကောင်အထည်ဖော် လုပ်ဆောင် ပေးရ သူက ဗိုလ်မှူး ကျော်ဇော (တရုတ်ပြည်တွင် ကွယ်လွန်သွားသော ဗိုလ်မှူးချုပ် ကျော်ဇော)ပါ။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရေးတဲ့ “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” စာမျက်နှာ ၁၄၅ ဒုတိယ ကော်လံ အောက်ဆုံး အပိုဒ်မှာ –

“ဗိုလ်ချုပ်သည် ဖက်ဆစ်တော်လှန်ရေးပြီးနောက် သူစစ်တပ်က ထွက်ပြီး နိုင်ငံရေးဘက် ကူးပြောင်းလိုက်ရန် ဆုံးဖြတ် ပြီးနောက် တပ်မတော်သို့ သူ့ကိုယ်စား ထိန်းသိမ်း အုပ်ချုပ်ရန် လွှဲအပ်ခဲ့ဖို့ ပုဂ္ဂိုလ်ကို စဉ်းစားရှာဖွေခဲ့သည်။

သူတည်ထောင်လာခဲ့သော တပ်မတော် အင်္ဂလိပ်တို့နှင့် ပေါင်းစည်းရသည့် နောက်တွင် ဖောက်ဖောက်ပြားပြား တွေ ဖြစ်လာမှာ အင်မတန် စိုးရိမ်ပုံရသည်။

ရာထူးစဉ်လာ ဝါစဉ်အရ ထိုစဉ် သူ့လက်အောက် ဒုစစ်သေနာပတိဖြစ်နေသော ဗိုလ်လက်ျာကိုသာ လွှဲရမည် ဖြစ်ရာ ဗိုလ်လက်ျာအပေါ် နိုင်ငံရေးအရ စိတ်ချရမည်ဖြစ်သော်လည်း ကျန်းမာရေးအရ ရေရှည်အတွက် စိတ်မချရဟု ထင်မြင်ပုံ ရသည်။

ထို့ကြောင့် နိုင်ငံရေးအရ မဖောက်မပြန် စိတ်ချရပြီး အများလေးစားခြင်းလည်း ခံရကာ ပါတီအများနှင့် ဆက်ဆံရေး လည်း ကောင်းမွန်သော ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် သခင်ဘဟိန်းကို သူ့ကိုယ်စား စစ်တပ်ကို လွှဲအပ်ရန် စိတ်ကူးဆန္ဒနှင့် ဆုံးဖြတ်ခဲ့ပါသည်။

ခန့်မှန်းခြေ ၁၉၄၅ ဇူလိုင်လ အတွင်းလောက်ထင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျနော့်ကိုခေါ်ပြီး သခင်ဘဟိန်း ကိစ္စ သူ့ဆန္ဒနှင့် ဆုံးဖြတ်ချက်ကို ပြောပြကာ သခင်သန်းထွန်းထံ စေလွှတ်၍ သခင်ဗဟိန်းအား စစ်တပ်ကို လွှဲရန်ပေးဖို့ရန် သွားတောင်းခိုင်းပါသည်” လို့ ရေးထားပါတယ်။

ဒါပေမယ့် သခင်ဘဟိန်းကို ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ရန် တောင်းဆိုမှုကို ကွန်မြူနစ်ပါတီက ခွင့်မပြုခဲ့ပါ။

အကြောင်းကတော့ တပ်မတော်က ကွန်မြူနစ် ပါတီ အပေါ် အထင်မှားအမြင်မှား ဖြစ်မှာကို စိုးရိမ်ခြင်း၊ အများအမြင်မှာ အစဉ်အလာ တပ်မတော် ခေါင်းဆောင်မဟုတ်ခဲ့ဘဲ လက်သင့်ရာ စားတော်ခေါ် အဖြစ်မျိုးနဲ့ အထင်လွဲ အမြင်လွဲ ဖြစ် မည် ကို စိုးရိမ်ခြင်းနဲ့ အဲဒီ အချိန်က ကွန်မြူနစ် ပါတီမှာ ဘရောက်ဒါ ဝါဒ ဝင်နေခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ဘရောက်ဒါ ဝါဒ ဆိုတာ ဆိုရှယ်လစ် စနစ်၊ ကွန်မြုနစ် စနစ်နဲ့ လူ့ဘောင်ကို ထူထောင်ရာမှာ လက်နက်ကိုင် တော်လှန် ရေး နည်းနဲ့သာ မဟုတ်ဘဲ ရွေးကောက်ပွဲနည်း (ပါလီမန် နည်း) နဲ့လည်း ကွန်မြူနစ် နိုင်ငံ၊ ဆိုရှယ်လစ် နိုင်ငံ ထူထောင် လို့ ရတယ် ဆိုတဲ့ သဘောတရားပဲ။

ဒီသဘောတရား အရ ကြည့်မယ် ဆိုရင်၊ လက်ခံ ကျင့်သုံးမယ် ဆိုရင် စစ်တက်ဆိုတာဟာ အရေးပါတဲ့ အဖွဲ့အစည်း မဟုတ်ဘူး၊ တကယ် အရေးပါတာက လူထု လူတန်းစားတွေကို စည်းရုံးသိမ်းသွင်းပြီး လူထု လူတန်းစား အဖွဲ့အစည်း တွေနဲ့ ကွန်မြူနစ် ပါတီ အင်အားကြီးဖို့က အရေးကြီးတယ်။

သခင် ဘဟိန်း ဟာ ပြည်သူလူထုထဲမှာ၊ အလုပ်သမားထု ထဲမှာ၊ တောင်သူ လယ်သမားထု ထဲမှာ သြဇာ ကြီးမားသူ ဖြစ်တယ်။ စည်းရုံးရေး စွမ်းပကား ကြီးမားသူ ဖြစ်တယ်။

အခုအချိန်မှာ တပ်မတော် ဦးစီးချုပ် အဖြစ် တာဝန်ပေးလိုက်ရင် စည်းရုံးရေး လုပ်ငန်းတွေမှာ လစ်ဟင်း သွားမှာ ဖြစ်တယ်။

ဒါကြောင့် အဲဒီအချိန်မှာ စစ်တပ်ထက် စည်းရုံးရေး တာဝန်က ပိုအရေးကြီးတယ်လို့ ယူဆတဲ့အတွက် တပ်မတော်မှာ တာဝန်မပေးဘဲ စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဖို့ လိုအပ်နေသေးလို့ သခင်ဘဟိန်းကို ကာကွယ်ရေး ဦးစီးချုပ် ခန့်တာ ကွန်မြူနစ် ပါတီ ကရော၊ သခင်သန်းထွန်း ကရော၊ သခင်ဘဟိန်း ကပါ လက်မခံဘဲ ငြင်းဆန် လိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းက သခင်ဘဟိန်းကို ဘာဖြစ်လို့ ကာကွယ်ရေး ဦးစီးချုပ် ခန့်ချင်ရသလဲ။ ကာကွယ်ရေး ဦးစီးချုပ် ဆိုတာ အစဉ်အလာအတိုင်း ဆိုရင် တပ်ထဲမှာ လက်ရှိရာထူးရှိသူနဲ့ ဆက်ခံနိုင်သူကိုသာ ပေးရစမြဲ မဟုတ်လား။

စစ်တပ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ တိုက်ရည်ခိုက်ရည် ရှိတဲ့သူတွေကိုပဲ ပေးတာ မဟုတ်လား။ လားပေါင်း မြောက် များစွာ နဲ့ မေးခွန်းထုတ်စရာတွေ အများအပြားပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ သခင်ဘဟိန်းဟာ ဘီအိုင်အေ မှာလည်းမပါ၊ ဘီဒီအေ မှာလည်းမပါ၊ စစ်ရေး အတွေ့အကြုံ လည်း မရှိ၊ စစ်ရေးစစ်ရာလည်း နားမလည်၊ စစ်ဘက်ရာထူးခံ အဆင့်အတန်းလည်း မရှိ၊ ဗိုလ်ချုပ်က ဘယ်လိုဖြစ်လို့ သခင်ဘဟိန်းလို သာမန်အရပ်သား တယောက်ကို ကာကွယ်ရေး အတွက် အင်မတန် အရေးကြီးတဲ့ ကာကွယ်ရေး ဦးစီးချုပ် ရွေးပါလိမ့်လို့ တွေးကြမေးကြ ပါလိမ့်မယ်။

ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေ အတွက် ကျရောက်လာမယ့် အန္တရာယ်မှန်သမျှကို ကာကွယ်ပေးသူဖြစ်တယ်။ တိုင်းပြည်နဲ့ပြည်သူပြည်သားတွေပေါ် သစ္စာစောင့်သိ ရိုသေသူဖြစ်ရမယ်။ တိုင်းပြည်နဲ့ ပြည်သူ ပြည်သားတွေ အကျိုးကို သယ်ပိုး ထမ်းရွက်သူဖြစ်မယ်။

စည်းရုံးရေး စွမ်းရည်ရှိရမယ်၊ နာယကဂုံ ၆ ပါးနဲ့ ပြည့်စုံ ညီညွတ်ရမယ်။ ဆက်ဆံရေး ကောင်းမွန်ရမယ်၊ နိုင်ငံရေး အမြင် ရှင်သန် ထက်မြက်ရမယ်။ တွေးခေါ်မြော်မြင် တတ်ရမယ်။ စစ်မှုရေးရာ အဖြာဖြာကို တတ်သိလိမ်မာ ကျွမ်းကျင် ရမယ်။ အထူးသဖြင့် တိုင်းပြည်နဲ့ ပြည်သူပြည်သားအပေါ် သစ္စာရှိဖို့ပဲ။ ရိုးသားရမယ်။

ဗိုလ်ချုပ်အောင်ဆန်းက သခင်ဘဟိန်းကို ရွေးချယ်တာဟာ အဲ့ဒီအချက်တွေ အားလုံးနဲ့ ကိုက်ညီလို့ ရွေးတာဖြစ်လိမ့် မယ်လို့ ဆိုချင်တယ်။

သခင် ဘဟိန်းဟာ ပင်ကိုဗီဇအရ ရိုးသားတယ်၊ တည်ကြည်တယ်၊ ဖြောင့်မတ်တယ်၊ နာယက ဂုဏ် ၆ ပါးနဲ့ ညီညွတ် တယ်၊ လူမှုဆက်ဆံရေး ကောင်းမွန်တယ်။ လူတိုင်းနဲ့ သင့်တင့် မျှတအောင် ဆက်ဆံတယ်၊ ကြီးသူကိုရိုသေ၊ ရွယ်သူ ကိုလေးစား၊ ငယ်သူကို သနားတတ်တယ်။

နိုင်ငံရေးအယူအဆ မတူသူနဲ့ဘဲ ရင်းနှီးချစ်ခင်အောင် နေတတ်တယ်။ ဆိုရှယ်လစ်ပါတီနဲ့ ကွန်မြူနစ်ပါတီဆိုတာ တကယ်ပြောရရင် တစောင်းစေးနဲ့မျက်ချေးပဲ၊ ဆိုရှယ်လစ်ပါတီရယ်လို့မဖြစ်လာခင်ကတည်းက ကွန်မြူနစ်တွေနဲ့ အစည်း မကပ်ခဲ့ဘူး။ သခင်ဘဟိန်းကိုတော့ ဆိုရှယ်လစ်တချို့က ၂ ပါတီရဲ့ခေါင်းဆောင်လို့တောင် အသိအမှတ် ပြုကြတယ်။

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ သခင်ဘဟိန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားဘဝ ကတည်းက ကျောင်းသား တိုက်ပွဲတွေ၊ ပညာရေးတိုက်ပွဲတွေမှာ အတူတကွ၊ လက်ပွန်းတတီးနေခဲ့ လုပ်ခဲ့ကိုင်ခဲ့ကြတယ်။ တို့ဗမာ အစည်းအရုံးမှာလည်း အတူတူ နောက်ဆုံး ဗမာပြည် ကွန်မြူနစ်ပါတီကို ထူထောင်တော့လည်း အတူတူ၊ နိုင်ငံရေး ခံယူချက်လည်း တူ၊ လက်ခံယုံကြည်တဲ့ ဝါဒလည်း အတူတူပဲ။

နိုင်ငံရေးတိုက်ပွဲတွေမှာ သခင်ဘဟိန်းဟာ တွန့်ဆုတ်သူမဟုတ်၊ ရန်သူကို ဒူးထောက် လက်မြှောက်သူမဟုတ်၊ ရန်သူနဲ့ ပူးပေါင်းသူ မဟုတ်၊ ရန်သူသတင်းပေး မဟုတ်၊ နိုင်ငံရေးပေါ်မှာ သစ္စာမဖောက်၊ ပြည်သူပေါ် သစ္စာမဖောက်၊ ဒါကို ဗိုလ်ချုပ် ကောင်းကောင်း သဘောပေါက်တယ်။

နောက်တခုက သခင်ဘဟိန်းကို ကာကွယ်ရေး ဦးစီးချုပ် ခန့်လိုက်ခြင်းအားဖြင့် ဆိုရှယ်လစ်ပါတီ ကလည်း ကန့်ကွက် မှာ မဟုတ်။ ကန့်ကွက်ချင်တဲ့ တိုင်အောင် ဗိုလ်ချုပ်က ခန့်အပ်တဲ့ အတွက် အငြင်းပွားစရာပေါ်လာမှာ မဟုတ်။ အားလုံး က နာခံကြမှာ သေချာတယ်။

ကိုဘဟိန်းကို ဦးစီးချုပ် ခန့်လိုက်တဲ့အတွက် ဆိုရှယ်လစ်ပါတီနဲ့ ကွန်မြူနစ်ပါတီကို ထိန်းညှိထားနိုင်ပြီး ညီညွတ်ရေး ရအောင် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ဗိုလ်ချုပ် ယုံကြည်ပုံရတယ်။

စစ်ရေးနဲ့ပတ်သက်ပြီး သခင်ဘဟိန်းဟာ ဘာမှမသိ မတတ်ဘူးလို့ တချို့ကထင်ကြတယ်။

တကယ်တော့ သခင်ဘဟိန်းဟာ သူသူငါငါ ထင်သလိုမဟုတ်ပါဘူး။ နယ်ချဲ့ကို တော်လှန်မယ် လုပ်စဉ် မြေအောက် တော်လှန်ရေး အဖွဲ့ U.G ခေါ် (Under Ground Uint) (အရေးတော်ပုံပါတီ မဟုတ်၊ နယ်ချဲ့ကို လက်နက်ကိုင် တော်လှန် ရေး လုပ်ဖို့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ကျောင်းသား၊ တို့ဗမာ အကုန်ပါတဲ့အဖွဲ့) ကို ဖွဲ့တယ်။

အဲ့ဒီမြေအောက် တော်လှန်ရေးအဖွဲ့မှာ နိုင်ငံရေး၊ စစ်ရေး သင်တန်းတွေပေးစဉ် ၁၉၄၀-၄၁ လောက်ကတည်းက စစ်ကျမ်းတွေ အထူးသဖြင့် ပြောက်ကျားစစ်နဲ့ ပတ်သက်ပြီး လေ့လာထားခဲ့ပြီး ဖြစ်တယ်။ လေ့လာရုံ သက်သက် မဟုတ်ဘူး၊ အဖွဲ့ဝင် လူငယ်တွေကို သင်တန်းပို့ချပေးခဲ့တယ်။

ဖက်ဆစ် တော်လှန်ရေး ကာလကြတော့ တိုင်း (၁)ရဲ့ နိုင်ငံရေးမှူး၊ စစ်ရေးခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း၊ တိုင်း (၁) ကို ဗိုလ်မောင်မောင် လက်လွှဲပေးလိုက်တဲ့အခါ သခင်ဘဟိန်းကို တောင်ငူ ပြောက်ကျားဒေသမှာ သခင်သန်းထွန်း၊ သခင်သန်းဖေ တို့နဲ့အတူ တာဝန် ထမ်းဆောင်ရတယ်။

ဖက်ဆစ်တော်လှန်ရေး ပြောက်ကျား စစ်ဒေသမှာ တောင်ငူခရိုင် တောင်ပိုင်းမြို့နယ်များနဲ့ ပဲခူးခရိုင် ညောင်လေးပင် မြို့နယ် အတွင်း ပဲခူးရိုးမနဲ့ စစ်တောင်းမြစ်ကြား လှည့်လည်လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်တယ်။

သခင်သန်းထွန်းက ရိုးမပေါ်မှာ စခန်းချပြီး မဟာမိတ်တို့နဲ့ ဆက်သွယ်၊ လေထီး ဆင်းမယ့်နေရာ၊ လေထီး တပ်သား တွေကို နေရာချပေးတာ၊ တပ်မတော်နဲ့ ဆက်ပေးတာ၊ ရန်သူအခြေအနေ သတင်းပို့တာတွေ လုပ်တယ်။

သခင်ဘဟိန်းက ပြောက်ကျား စစ်ဆင်တိုက်ခိုက်ရေး၊ ရန်သူ့သတင်း ထောက်လှန်ရေး၊ ထောက်လှန်းရရှိတဲ့ သတင်း တွေကို သခင်သန်းထွန်း ဌာနချုပ်ကို ပို့ရတယ်၊ ခင်သန်းထွန်းက ဝါယာလက်နဲ့ သက်ဆိုင်ရာတွေဆီ ဖြန့်ရတယ်။

တော်လှန်ရေးအစမှာ စည်းကမ်းစနစ်တကျ သင်ကြားပို့ချထားတဲ့ ပြောက်ကျား အင်အားက နည်းသေးတယ်။ ရွာသူ ရွာသားတွေက တုတ်၊ ဓား၊ လံှ၊ လေးမြား စတာတွေနဲ့ သင်းကွဲဂျပန်တွေကို သုတ်သင်တယ်။ ဒါပေမယ့် ဂျပန် တယောက် သေဖို့ကို ရပ်သူရွာသား ပြောက်ကျား လေးငါးဆယ်ယောက် သေတယ်။

အကြောင်းကတော့ ပရိယာယ်များတဲ့ ဂျပန်က လူစုစုမြင်လို့ မလွတ်သာဘူးထင်ရင် လက်ပစ်ဗုံးကို ပင်ဖြုတ် ဒူးကောက် ကွေးကြား ညှပ်ပြီး ဒူးထောက်လက်မြှောက်တယ်။ ရွာသားတွေ အနားရောက်တာနဲ့ ညှပ်ထားတဲ့ ဒူးကောက်ကွေးကို လျှော့ချပေးလိုက်တယ်။ လက်ပစ်ဗုံးထပေါက်ပြီး သေကျေ ဒဏ်ရာရကြတယ်။

ဒီလိုအဖြစ်တွေများလာတော့ သခင်ဘဟိန်းတို့ ဦးစီးတဲ့ ပြောက်ကျားအဖွဲ့တွေက ရွားသားပြောက်ကျားတွေကို သင်တန်း ပေးကြတယ်။ နောက်တော့ ပြောက်ကျားတွေရဲ့ ဓားဟာ ဘယ်လောက်ထက်သလဲဆိုရင် စစ်တောင်းမြစ် ရေပြင်ကို ဂျပန်အလောင်းတွေက ဖုံးသွားပါတယ်။

ဒါကြောင့် မလေးပြောက်ကျားများနဲ့ ဗမာပြောက်ကျားများကို နှိုင်းယှဉ်ပြောဆိုခဲ့တဲ့ မလေးပြောက်ကျား ခေါင်းဆောင် ဟိမဝန္တာ တိုက်ပွဲများနဲ့ ဟိမဝန္တာ တောင်တက်ရာမှာ အာတိတ်သမုဒ္ဒရာ ရေခဲတောင်များဆီ သွားရောက်ခဲ့တဲ့ နာမည် ကျော် လက်ဖတင်နင် ကာနယ် ချက်(ပ)မင်းက –

“မြန်မာပြည် ပြောက်ကျားတပ်များ၏ ထူးခြားသောအချက်မှာ ဒေါက်တာ ဘမော် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အဖြစ် ဂျပန်ကို ကူညီနေသည်ဟု အပြင်ဗန်းအားဖြင့် ထင်စရာရှိသော ဝန်ကြီးများက ထိုပြောက်ကျား တပ်များကို ဖေးမ ကူညီခြင်း ကိုယ်တိုင် ညွှန်ကြားခြင်း စသည်တို့ပင် ဖြစ်ကြောင်း” လို့ ချီးကျူး ပြောဆိုပါတယ်။

၁၃၇၀ ပြည့်နှစ် တန်ဆောင်မုန်းလဆန်း ၁၁ ရက် (၁၉၄၅ နိုဝင်ဘာ ၁၅ ရက်) နေ့ထုတ် မီးချစ်ထုတ်တဲ့ စက္ကူ အပြာ ပေါ်မှာ ပုံနှိပ်ထားတဲ့ လူထုဂျာနယ် ခေါင်းကြီးပိုင်းမှာ လူထုဂျာနယ် အယ်ဒီတာချုပ် လူထုဦးလှက ရေးလိုက်တဲ့ ခေါင်းကြီး မှာလည်း အခုလို ထည့်သွင်းရေးသား ဖော်ပြခဲ့ပါတယ်။ (မှတ်ချက် – အဲ့ဒီကာလက စက္ကူရှားလို့ မီးချစ်ထုပ် တဲ့ စက္ကူပြာနဲ့ လူထုဂျာနယ်ကို ပုံနှိပ်ရတယ်)

“တော်လှန်ရေးလုပ်ငန်းများ မည်မျှအောင်မြင်သည်ကို လုံးလုံး မပတ်သက်ခဲ့သူတို့ သဘောပေါက်နိုင်ကြမည် မဟုတ် ကြောင်း။ သို့သော် ထိုပုဂ္ဂိုလ်များသည် တောင်ငူနယ်သို့ ရောက်သောအခါ အံ့သြကြလိမ့်မည် ဖြစ်ကြောင်း၊ မဟာမိတ် တို့နှင့် ဆက်သွယ်မှုများတွင် ချောမော၍ ဗြိတိသျှ စစ်ဗိုလ်များ ၎င်းတို့စခန်းတွင် လေထီးနှင့်ဆင်းကာ ပူးပေါင်း ဆောင်ရွက် ကြောင်း၊ ၎င်းဗိုလ်မှူးများသည် ဗမာတို့ ပြောက်ကျားတိုက်ပုံကို ကောင်းစွာတွေ့မြင် သွားကြကြောင်း၊ သုတ်သင်လိုက်သော ဂျပန် ဦးရေမှာ မရေတွက်နိုင်အောင်ပင် ဖြစ်ကြောင်း၊ ခန့်မှန်းခြေအားဖြင့် ၅၀၀၀ ထက် မလျော့ နိုင်ကြောင်း၊ လက်ရ ဖမ်းမိသော သုံ့ပန်းမှာ ၅၇၆ ယောက်ဖြစ်ကြောင်း။

သတ်ဖြတ်လိုက်သော ဖက်ဆစ်ဂျပန်တို့အထဲတွင် မေဂျာများ၊ ကာနယ်များ၊ မေဂျာ ဂျင်နရယ်များမှစ၍ အစုံပါကြောင်း ကို သိမ်းဆည်းရရှိလိုက်သော အဆင့်အတန်းတံဆိပ်များက သက်သေပြလျက်ရှိကြောင်း။

၎င်းနည်းတူ မြစ်ဝကျွန်းပေါ်နှင့် ဗမာနိုင်ငံ အနှံ့အပြားတွင်လည်း ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းများကို ဖိဖိစီးစီး လုပ်ပြ နိုင်၍သာ အလုပ်ကိုကြည့်၍ ဗမာကို ကမ္ဘာက လေးစားရိုသေ လာခြင်းဖြစ်ကြောင်း၊ ကမ္ဘာတခုလုံးက ဗမာကို စူးစိုက် လာသည်မှာလည်း ဤလုပ်ငန်းကြီး အောင်မြင်မှု သတင်းကောင်းများကြောင့်သာ ဖြစ်သည်ကို မည်သူငြင်းဆို နိုင်ပါမည်နည်း” လို့ ရေးထားပါတယ်။

ဒါဟာ ဖက်ဆစ်တော်လှန်ရေးမှာ အထူးအရေးပါတဲ့ တောင်ငူနယ်နဲ့ ပဲခူး၊ ညောင်လေးပင် ဒေသတွေမှာ ပြောက်ကျား လှုပ်ရှား တော်လှန်ခဲ့တဲ့ သခင်သန်းထွန်း၊ သခင်းဘဟိန်း၊ သခင်သန်းဖေ တို့ရဲ့အရေးပါမှု စစ်ဗျူဟာ ကျွမ်းကျင်မှု၊ ပြောက်ကျားစစ်ရဲ့ အရေးပါမှုတို့ကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သခင်ဘဟိန်းဟာ စစ်ရေးမှာလည်း ထူးချွန် ထက်မြက်သူတဦး အဖြစ် ဗိုလ်ချုပ်က ယူဆတဲ့အတွက် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ထားရန် ရွေးချယ်တယ်လို့ ထင်ရပါတယ်။

ဗိုလ်ချုပ် ရွေးချယ်ခဲ့တဲ့အတိုင်း သခင်ဘဟိန်းသာ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ရင် ဗမာပြည် သမိုင်းကြောင်းဟာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေနဲ့ “ပြောင်းပြန်” ဖြစ်သွားလေမလားလို့ မှန်းဆကြည့်မိပါတယ်။ ။

စာရေးသူ လှကွန့်သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသော စာနယ်ဇင်း မီဒီယာများတွင် သမိုင်း ဆိုင်ရာများ နှင့် နိုင်ငံရေး ဆိုင်ရာ စာပေများကို ရေးသားနေသူလည်း ဖြစ်ပါသည်။

ဤဆောင်းပါးကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်တွင် ကျရောက်သည့် သခင်ဘဟိန်း နှစ် ၁၀၀ ပြည့် အမှတ်တရ အဖြစ် ဖော်ပြပါသည်။

Loading