အသက် ၄၃ နှစ် အရွယ်ရှိ ဒေါ်ဇေညွယ်သည် ခင်ပွန်းသည် ဖမ်းဆီးနှိပ်စက်ခံရပုံများကို တခုချင်း
အသေးစိတ် မှတ်မိနေပြီး လွန်ခဲ့သော ၅ နှစ်က ဖြစ်သော်လည်း မနေ့တနေ့က ဖြစ်သလိုမျိုး မျက်ရည်စက်လက်နှင့် ပြန်ပြောပြနေသည်။
ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန်တွင် တနင်္လာနေ့က ကျင်းပသည့် “အပြည်ပြည်ဆိုင်ရာ
ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားတွင် “ကျမ အရမ်းစိတ်ထိခိုက်ရ
တယ်” ဟု သူမက ပြောပြသည်။
သူမ၏ ခင်ပွန်းဖြစ်သူ လထော် ဘရန်ရှောင်သည် ထိုစဉ်က အသက် ၂၆ နှစ်အရွယ် ကချင်အမျိုးသားတဦး ဖြစ်ပြီး စစ်ဘက် လုံခြုံရေးဌာနက သူ့ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ထိုစဉ်က သူတို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပြင်ရှိ ဂျန်မိုင်ကောင် စစ်ဘေးရှေုာင်စခန်းတွင်
နေထိုင်နေကြစဉ် သူ့ကို ဗုံးပေါက်ကွဲမှုပါဝင်သည်ဟု စွပ်စွဲပြီးနောက် ကချင်လွတ်မြောက်ရေး
တပ်မတော် ဗိုလ်ကြီးတဦးအဖြစ် မတရားသင်း ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုသည်။
စစ်ကြောရေး ပြုလုပ်စဉ် အတွင်း ခင်ပွန်းဖြစ်သူသည် မျက်နှာ၊ ဝမ်းဗိုက်နှင့် မျက်လုံးများကို မီးလောင် ဒဏ်ရာများရရှိခဲ့ပြီး ပေါင်နှစ်ဖက်လုံးကို ဓါးဖြင့် အကြိမ်ကြိမ် အထိုးခံရပြီး ဦးခေါင်းနှင့် ခြေထောက်
တွင်ဒဏ်ရာများရနေသည့် သူ့ကို မမှတ်မိနိုင် လောက်အောင်ပင် ဖြစ်သွားသည် ဟု ဒေါ်ဇေညွယ်က ပြောသည်။
ခင်ပွန်းဖြစ်သူ ထိန်းသိမ်းခံရစဉ် ၁ နှစ် အတွင်း စစ်ဘေးရှောင် စခန်းမှ တရားရုံးသို့ ရုံးချိန်း ၆၄ ကြိမ် သွားခဲ့ရပြီးနောက် သူ့ကိုအတင်းအကျပ် ဝန်ခံခိုင်းကာ ဇူလိုင်လတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည်။
ထို့နောက် တပတ်ခန့် အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။
“သူများတွေ စားသလို၊ အိပ်သလို ကျမ မစားနိုင် မအိပ်နိုင်ခဲ့ဘူး။ ကျမ ငါး ရောင်းစားရပြီး ငါး ရှာရခက်ရင် ဟင်းသီးဟင်း ရွက်တွေ ရောင်းရတယ်။ ကျမဘဝက အရမ်းခက်ခဲခဲ့တယ်” ဟု သူမက ဆက်ပြောသည်။
ခင်ပွန်းဖြစ်သူသည် ကျန်းမာရေး မကောင်းတော့ရာ အလုပ် မလုပ်နိုင်တော့သဖြင့် တပတ်လျှင်
ဆေးဖိုး ကျပ်ငွေ ၄၀၀၀၀ ကုန်ကျ နေသည် ဟုဆိုသည်။
လွှတ်တော်အမတ်များ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ ညှဉ်းပန်းနှိပ်စက်မှုများမှ လွတ်မြောက်လာသူများနှင့် ၎င်းတို့၏ မိသားစုများ တက်ရောက်ကြသည့် ထိုအခမ်းအနားတွင် “ညှဉ်းပန်း နှိပ်စက်ခံရသူ မိသားစုတွေ အတွက် အကူအညီ တောင်းဆိုလိုပါတယ်” ဟု ပရိတ်သတ်များကို သူမက ပြောသည်။
ထိုအခမ်းအနားကို ဝိမုတ္တိ အမျိုးသမီးအသင်း (VWO)၊ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်
ရေးအသင်း (AAPP)၊အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေး အဖွဲ့ (AJAR) နှင့် လူ့အခွင့်အရေး မှတ်တမ်းတင်ရေး အဖွဲ့-မြန်မာ တို့က ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထို အဖွဲ့အစည်း ၅ ခုတို့က ညှဉ်းပန်းနှိပ်စက်မှု အဆုံးသတ်ရေး၊ အသက်ရှင် လွတ်မြောက်လာသူများကို ပြည်လည် ထူထောင်ပေးရေးနှင့် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်စွာ ရက်စက်မှု သို့မဟုတ် ဂုဏ်သိက္ခာနှင့် မလျော်ညီစွာ ပြုကျင့်ခံရမှု သို့မဟုတ် အပြစ်ပေးမှုများ ဆန့်ကျင်ရေး ကုလသမဂ္ဂ သဘောတူညီချက်(UNCAT)ကို လက်မှတ် ရေးထိုးရေးတို့ကို တနင်္လာနေ့က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် တောင်းဆိုခဲ့ကြသည်။
“အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့” အခမ်းအနားများကို ဧရာဝတီတိုင်း
ဘိုကလေးမြို့နှင့် စစ်ကိုင်းတိုင်း မုံရွာမြို့များတွင်လည်း ကျင်းပခဲ့သည်။
“ညှဉ်းပန်းနှိပ်စက်မှုကို အတိတ်မှာ သာမက အခုထိလည်း မြန်မာနိုင်ငံမှာ ဆက်လက် အသုံးပြုနေသေးတယ်” ဟု AAPP မှ ကိုအောင်မျိုးကျော်က ပြောပြီး ယခု အခမ်းအနားကို ကျင်းပရခြင်းမှာ လက်ရှိ
ဖြစ်ပေါ်နေသော ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန်နှင့် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသူများ၏ လိုအပ်
ချက်များကို ဖြည့်ဆည်းပေးရန် ကျင်းပသည် ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ညှဉ်းပန်းနှိပ်စက်မှုများကို အစိုးရနှင့် အစိုးရမဟုတ်သော သူများက ကျူးလွန်နေကြသော်လည်း ကျူးလွန်သူများကို အရေးယူမှုမှာ နည်းပါးလှသည် ဟုလည်း ၎င်းက ဆိုသည်။
ထို အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအဝင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသူများက ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး ညှဉ်းပန်းနှိပ်စက်ခံရသူများ အတွက် တရားမျှတမှု
ဆောင်ကြဉ်းပေးရေး၊ ညှဉ်းပန်းနှိပ်စက်သော အလေ့အထ ရပ်တန့်ရန် နှင့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လွတ်ပေးရေး တို့ကို တောင်းဆိုခဲ့ကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် တင်ပြထားသည့် စမ်းယမင်းအောင်၏ Local Organizations Address Ongoing Practice of Torture and Needs of Survivors ကို ဘာသာပြန်သည်။)