ဆောင်းပါး

ကမ္ဘာကျော်ခဲ့သည့် ဈေးချိုတော် ညဈေးတန်း ပျောက်ဆုံးတော့မည်လော

Want create site? Find Free WordPress Themes and plugins.

တကယ်တော့ ဈေးချိုညဈေးတန်းဆိုတာ အခုမြင်ရတဲ့ မြင်ကွင်းက မူလသန္ဓေ၊ မူလအခင်းအကျင်း မဟုတ်ပါဘူး။ အခုမြင်ကွင်းက မြို့လယ်လမ်းမကြီးဘေး တဖက်တချက်က စားသောက်ဆိုင်ဈေးတန်းပဲ ဖြစ်နေတယ်။

မန္တလေးရဲ့ ဘုရားပွဲ၊ ပွဲဈေးတန်းသာသာပဲ ရှိတော့တာပေါ့။ သြော် ဈေးချိုညဈေးတန်းရဲ့ ဖြတ်သန်းခဲ့ရတဲ့ လောကဓံလှိုင်း လုံးကလည်း ပြင်းထန်ခဲ့ပေသကိုး။

အသက်ပျောက်မတတ်ချည်းပါပဲ။ အခုတော့ ခေတ်အဆက်ဆက် အလံမလှဲ ဦးမညွတ် ရှင်သန်ခဲ့တဲ့ နာမည်ကျော် ရှေးဟောင်း ဈေးချိုညဈေးတန်း ကယ်သူမဲ့နေပါလားဆိုကာ မန္တလေးသားများ စိတ်မကောင်း ဖြစ်ကြရပါတော့တယ်။

ဒီလိုနဲ့ အစဉ်အလာကြီးမားသော ဈေးချိုတော်ပုံရိပ်တွေသာမက နာမည်မျှပင် ကျန်ရစ်ပါ့မလားလို့လည်း စိုးရိမ်ကြပါတယ်။

မန္တလေးဈေးချိုတော်ဆိုတာ မြန်မာမင်းလက်ထက်ကတည်းက တည်ရှိခဲ့ပါတယ်။ တကယ်တမ်း ထင်ရှားလာတာကတော့ ကိုလိုနီခေတ်ရောက်လာမှပါ။ မန္တလေးရဲ့ ဓာတ်ရထားလမ်းတွေကလည်း ဈေးချိုတော်ကိုပဲ ဦးတည်ကြ၊ ဖြတ်သန်းကြတယ်။

မန္တလေးဈေးကွက်ရဲ့အဓိကလိုအပ်တဲ့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း မတ္တရာနယ်တဝိုက်က အဓိက တင် ပို့နေရလေတော့ ဘိုးတော်ဘုရားလက်ထက်ကတည်းက ဖောက်လုပ်ခဲ့တဲ့ ရွှေတချောင်းမြောင်းကနေ ဈေးချိုအရောက် ဒုတ် ဒုတ်ထိ လှေသမ္ဗန်တွေနဲ့ တင်ပို့နိုင်တယ်။

ဒါတင်မက ဈေးချိုနဲ့မတ္တရာကိုလည်း မီးရထားလမ်း သီးသန့် ဖောက်ပြီး ခရီးသည်နဲ့ကုန်ပစ္စည်းတွေ သယ်ပို့ပေးခဲ့တယ်။

ဈေးချိုဆိုတာလည်း ၂၆(ပေ၁၂၀၀နီးပါး) ပတ်လည် အကျယ်အဝန်းအတွင်းမှာ အုတ်ကာသွပ်မိုး ဈေးရုံကြီး ၁၂ ရုံကို ပင်မ ထား ဖွဲ့စည်းထားတာအပြင် ပတ်လည်မှာလည်း သံဖြူတန်း၊ ထိုးမုန့်တန်း၊ မွေ့ယာတန်း၊ မုန့်စုံတန်း၊ လင်းရောင်ခြည်ဈေး တန်း၊ အောင်ဈေးတန်း၊ ဝက်သားရုံ၊ ဆိတ်သားရုံ၊ ငါးတန်း၊ ပန်းတန်း၊ ထီးတိုင်ဈေး၊ ကိုင်တန်းဈေး၊ မန်းသီရီဈေး စတဲ့ ဈေး တန်းဈေးရုံတွေကလည်း တဆက်စပ်တည်း ဝန်းရံထားသေးတာကိုး။

ဒီတော့ အထက်မြန်မာပြည်သာမက မြန်မာတပြည်လုံးရဲ့အရောင်းအဝယ်ဆိုင်ရာ ပင်မဈေးကွက် အချာအချာဒေသကြီး ဖြစ်ခဲ့တာပါ။

အနယ်နယ် အရပ်ရပ်က လာကြတဲ့ ဧည့်သည်တွေက ဈေးချိုအနီးအနားက ပွဲရုံကြီးတွေမှာ၊ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုကြပြီး ဈေးဝယ်ကြတယ်။ ဒီလိုဝယ်ခြမ်းကြရတာ အများအားဖြင့် တနေ့နဲ့မပြီးဘူး၊ မစုံလင်ဘူး။ ဒီတော့ ညပိုင်းမှာ လည်း ဝယ်ချင်ခြမ်းချင်တာတွေရှိတယ်။

မြို့ပေါ်ပရိသတ်ကလည်း အလှူမင်္ဂလာပွဲလမ်းအတွက်၊ ဘုရားသွား ကျောင်းတက်အတွက် အဝတ်အထည်၊ အလှကုန် ပစ္စည်းကအစ အိမ်သုံးကုန်၊ လူသုံးကုန်ပစ္စည်းတွေကို တနေရာတည်းမှာ စုစုစည်းစည်း ဝယ်ချင်တယ်။ အဲဒီနေရာမှာပဲ အပန်းဖြေကာ စားသောက်ဖွယ်ရာတွေ စားသောက်ချင်တယ်။

ဒါကြောင့် လွတ်လပ်ရေးရပြီးနောက် ၁၀ နှစ်ကျော်လ ၁၉၅၉ ခုနှစ် ညဈေးတန်းကို ဖွင့်လှစ်ခဲ့ပါတယ်။ အတိအကျပြောရရင် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ နေရာက ဈေးချိုတော်ရုံကြီး ၁၂ရုံ မျက်နှာစာနဲ့ ဈေးချို တိုက်တန်းကြီးတွေကြား၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်မှာပါ။ “ဈေးချိုတော် ညဈေးတန်း”လို့ သုံးနှုန်းခေါ်ဆိုကြ တယ်။

ညဈေးတန်းရဲ့မြောက်ထိပ်မှာ ဈေးချိုနာရီစင်ကြီးက မားမားစွင့်စွင့် မိုးကြည့်နေတယ်။ တနေ့လုံး ပျားပန်းခတ်မျှ စည်ကား လှတဲ့ ဈေးချိုတော်ကြီးနှင့် မြင်းရထား၊ ဆိုက်ကား၊ စက်ဘီး၊ မော်တော်ကား၊ ခြေကျင် ပရိသတ်တွေနဲ့ စည်ကားလှတဲ့ လမ်းမကြီးတို့ မြင်ကွင်းက ညနေစောင်းတာနဲ့ ချက်ချင်းပြောင်းလဲသွားတယ်။

ဈေးချိုရုံကြီး ၁၂ရုံနှင့် တိုက်တန်းကြီး၊ တိုက်တန်းလေးပေါ်က ဆိုင်ခန်းတွေ၊ ဈေးရုံဈေးတန်းက ဆိုင်ခန်းတွေ ပိတ်သိမ်း လိုက်တာနဲ့ လမ်းမကြီးပေါ်က ယာဉ်ရထား အသွားအလာတွေ ရပ်နားသွားပြီး လမ်းမကြီးပေါ်မှာ ဈေးဆိုင်ဈေးတန်းတွေ ချက်ချင်း ခင်းကျင်းကြတယ်။

နေအလင်းရောင်ပျက်တာနှင့် ဆိုင်ပေါက်စေ့ အောက်လင်းဓာတ်မီးတွေ ထွန်းညှိကြတယ်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ညဈေးတန်းကို စဖွင့်တော့ အစားအသောက်ဆိုင်အဖြစ် အိန္ဒိယလူမျိုး (၃၁)ဆိုင်၊ တရုတ်ဆိုင်(၃၁)ဆိုင်၊ ဂေါ်ရင် ဂျီဆိုင်(၂)ဆိုင်၊ မြန်မာဆိုင်(၈၅)ဆိုင်အပါအဝင် အဝတ်အထည်၊ လူသုံးကုန်၊ အလှကုန်နှင့် အထွေထွေ ကုန်ပစ္စည်းရောင်း ချတဲ့ ဆိုင်ပေါင်း (၅၃၄)ဆိုင် ဖွင့်လှစ်ပါသတဲ့။

ဆိုင်ခန်းတခန်းစီရဲ့အကျယ်အဝန်းက ၆ပေx ၈ပေရှိတယ်။ ဖွင့်ပွဲမှာ ၂၆ ဘီလမ်း(အာဇာနည်လမ်း)ပေါ်က ဟုတ်စုန်စတိုး (ယခု အင်းဝဘဏ်နေရာ)နှင့် တိုက်တန်းကြီးကို သွယ်တန်းထားတဲ့ ဖဲကြိုးကို မန္တလေးမြူနီစပယ် ဥက္ကဋ္ဌ မင်းဘူးဦးမောင် မောင်က ဖြတ်ပြီး ဖွင့်လှစ်ပေးခဲ့တယ်။

ဒီညဈေးတန်းဟာ တလျှောက်လုံး စည်ကားခဲ့တယ်။ ပြည်တွင်းသာမက ပြည်ပဧည့်သည်များအထိ “ဈေးချိုညဈေးတန်း” ရဲ့ ထူးခြားတဲ့ မြင်ကွင်းနှင့် ရောင်းဝယ်မှုပုံစံကို ထူးခြားမှုတခုအနေနှင့် မှတ်တမ်းတင်ကြတယ်။ ပြည်ပဧည့်သည်များရဲ့ ပြည်တွင်း အလည်အပတ်ခရီးစဉ်မှာ ဈေးချိုညဈေးတန်းဟာ မပါမဖြစ် နေရာတနေရာပါပဲ။

၁၉၆၂ ခုနှစ်နောက်ပိုင်း စီမံကိန်းစီးပွားရေးစနစ်အောက်မှာ ညဈေးတန်းကလည်း အခြားဈေးများနည်းတူ “မှောင်ခိုပစ္စည်း” ဆိုတဲ့ ကန့်သတ်မှုအောက် အလူးအလဲ ခံရပြန်တယ်။ ဒါပေမယ့် မှောင်ခိုပစ္စည်းမှ မရောင်းမဝယ်ရင်လည်း စားစရာ၊ နေစ ရာ၊ ဝတ်စရာ၊ သုံးစွဲစရာမရှိလေတော့ ဒီလိုပဲ “ဒီကွေ့ဒီတက်နဲ့ လှော်၊ ဟိုကွေ့ ဟိုတက်နဲ့လှော်တဲ့ ပုံစံနဲ့ပဲ ညဈေးတန်းဟာ စည်ကားမြဲပါပဲ။

နေ့ခင်းမှာ ရောင်းချတဲ့ ပစ္စည်းတွေကိုပဲ “ပစ္စည်းမှန်၊ ဈေးမှန်နဲ့ ညဈေးတန်းမှာ ဝယ်ယူနိုင်ကြတယ်။ လမ်းဘေးမှာပဲ မတ် တတ်ရပ်သောက်ရတဲ့ သုံးမတ်(၇၅ပြား)တန် သံပုရာရည်ကနေ စားပွဲနဲ့ ကုလားထိုင်နဲ့ သောက်ရတဲ့ သုံးကျပ်တန် ဖွာလူ ဒါအထိ ညဈေးတန်းမှာရတယ်။ မလိုင်ကူလ်ဖီးရတယ်။ မုန့်တွန်ဇန်ရတယ်။ အကြော်ကောက်ညှင်းပေါင်းရတယ်။ အလင်း ထိဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ရှိတယ်။ ဆီချက်ခေါက်ဆွဲ၊ ဆန်ပြားခေါက်ဆွဲရတယ်။ ဆန်ပြုတ်၊ ကြာဇံဟင်းရတယ်။ (အဲဒီ ကာလ ဝက်သားတုတ်ထိုးတို့၊ အကင်စုံတို့တော့ မရှိသေးဘူး)၊ သစ်သီးစုံရတယ်။ အိန္ဒိယဖြစ်၊ ယိုးဒယားဖြစ်၊ တရုတ် ဖြစ် ပစ္စည်းစုံရတယ်။

ညဈေးတန်းမြင်ကွင်း (ဓာတ်ပုံ -ဆူးငှက် ပေ့)

နာရီစင်အောက်မှာ အအေးသောက်ရင်း “အကိုင်း ရီကော်ဒါ”ကြီးတွေက ဖွင့်တဲ့ လားရှိုးသိန်းအောင်တို့၊ မင်းမင်းလတ်တို့၊ ပုလဲတို့ရဲ့ခေတ်ပေါ်သီချင်းတွေ နားထောင်နိုင်တယ်။ အအေးမသောက်ချင်ရင်လည်း ခန်းမ(၂ ) အောက်ထပ် ဝရန်တာမှာ ထိုင်ရင်း နားထောင်နိုင်တယ်။ (တောင်ပြုန်းပွဲကာလရောက်ရင် ရွှေမန်းတင်မောင်ရဲ့တောင်ပြုန်းမင်းညီနောင်ကို ဖွင့်တယ်။

ကျနော်တို့ လူငယ်တွေအဖို့ ညဈေးတန်းမှာ စွဲမက်စရာတခုက ထိုးမုန့်ဆိုင်တွေပါပဲ။ ၂၈ လမ်းဘက်အဝင်နဲ့ ၂၆ ဘီလမ်းပေါ် ညဈေးတန်းအဆုံးတွေမှာ ထိုးမုန့်ဆိုင်တွေရှိတယ်။ ရောင်းချကြတာ ဈေးချိုသူ အပျိုဖြန်းလေးတွေ။

လှလှပပ …ယဉ်ယဉ်ကျေးကျေးလေးတွေ။ ညဈေးလာသူတွေကို ချိုသာတဲ့အပြုံး၊ ဖွယ်ရာတဲ့ စကားလုံးတွေနှင့် “ထိုးမုန့် လေးများ လက်ဆောင်ဝယ်ကြပါဦးရှင့်၊ ထိုးမုန့်အမြည်းလေးလည်း သုံးဆောင်ကြပါရှင့်။ မဝယ်ပေမယ့်လည်း အမြည်းလေး များ သုံးဆောင်ကြပါဦးရှင်”စတဲ့ စကားလုံးတွေ၊ အပြုံးတွေနဲ့ ဖိတ်ခေါ်တယ်။ လူငယ်တွေကလည်း ယဉ်ယဉ်ကျေးကျေးနဲ့ ထိုးမုန့်အမြည်းစားကြတယ်။ ထိုးမုန့်ဝယ်ကြတယ်။

နောက် လူငယ်တွေ စွဲမက်တာတခုက စာအုပ်ဈေးတန်းပါပဲ။ ရွှေမြို့တော်၊ ဒေါင်းအိုးဝေ၊ သုံးရောင်ခြယ် စတဲ့ စာအုပ်ဆိုင် တွေနှင့်အခြားအခြားစာအုပ်ဆိုင်များပါပဲ။ လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ စာအုပ်အသစ်တွေ၊ ဂန္ထဝင်စာဟောင်း စာကောင်းတွေ အစုံအလင်ပါပဲ။ စာအုပ်ဆိုင်တွေမှာ စာအုပ်ချစ်သူ၊ ဝယ်သူတွေ အမြဲလိုစည်ကားနေတတ်တယ်။

ဈေးချိုညဈေးတန်းဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်း(၈၄)လမ်းတလျှောက် ၈၃ လမ်းကနေ ၈၆ လမ်းအထိ အရှေ့ အနောက်ရှိပါတယ်။ အင်္ဂလိပ် အ က္ခရာ (T)ပုံစံပါ။

ဒီလိုစည်ကားတဲ့ ညဈေးတန်းက ၁၉၈၁ ဆိုင်းတန်းမီးကြီးနှင့် ၁၉၈၄ ဦးကျားကြီးဝင်း မီးဘေးတွေအပြီး မီးသတ်ကား အဝင် အထွက်ရှင်းဖို့ဆိုကာ ဖျက်သိမ်းလိုက်တယ်။ ဘူတာကြီးအနောက်ဘက် ၇၉ လမ်းပေါ် ၂၉လမ်းနဲ့ ၃၄ လမ်းအကြား ပြောင်း ရွှေ့လိုက်တယ်။

ဒီကတည်းက ဈေးချိုညဈေးတန်းရဲ့သန္ဓေပျက်သွားတာပါပဲ။ ၁၉၉၀ ကျော်ကာလမှာ ၇၀ လမ်းက ညဈေးတန်းကို မူလ နေ ရာ ပြန်ရွှေ့ပေမယ့် ပြောင်းလဲသွားတဲ့ ဈေးကွက်အခြေအနေရော၊ ဈေးချိုတော်ကြီး ဖျက်သိမ်းလိုက်တာရော၊ လူမှုစနစ်အ ပြောင်းအလဲရောကြောင့် ပျက်စီးဆုံးရှုံးသွားပါပြီ။

နှစ်ပေါင်း ၆၀နီးပါးအတွင်း ကမ္ဘာသိ ထင်ရှားခဲ့တဲ ဈေးချိုညဈေးတန်းအစား၊ ၃၄လမ်း ဒိုင်းမွန်းပလာဇာအနီးက “တရုတ် ဈေး”ကတော့ အခု လေး၊ ငါး၊ ခြောက်နှစ်အတွင်း တဟုန်ထိုး ထင်ရှားစည်ကားလာလေရဲ့။

အဲဒီ “တရုတ်ညဈေးတန်း”မှာ တရုတ်အစားအသောက်၊ တရုတ်ကြိုက်အသီးအနှံ၊ တရုတ်ကြိုက် အသုံးအဆောင်ပစ္စည်း တွေ ရောင်းချတာ။

အခုလည်း မန္တလေးတောင်ခြေမှာ ရတနာပုံ ဘန်ကောက်ညဈေးဆိုလား လာချေပြီ။ ကမ္ဘာကျော်ခဲ့သည့် ဈေးချိုတော် ည ဈေးတန်းကတော့ ကယ်သူမဲ့နေရှာလေရဲ့။

(ဆူးငှက်သည် မန္တလေးအခြေစိုက် စာရေးဆရာတဦးဖြစ်ပြီး ယဉ်ကျေးမှုနှင့် အနုပညာသမိုင်းသုတေသီတဦးလည်း ဖြစ် သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading