ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံအတွင်း၌ “အောင်လ” “အောင်လ”ဟူသော ကြွေးကြော်သံများ ဆူညံနေသည်။ အကြောင်းရင်းကတော့ အောင်လအန်ဆန်းဟူသည့် မြန်မာပြည်ဖွား ကချင်လူမျိုး ဖြစ်သည့် ဖိုက်တာ တယောက် က ကိုယ်ခံပညာ ဘက်စုံသုံး သိုင်းပြိုင်ပွဲ – Mix Martial Art ပြိုင်ပွဲတွင် လက်ရှိ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့၍ ဖြစ်သည်။
အောင်လအန်ဆန်းအနေဖြင့် ယခုနိုင်ပွဲကြောင့် ယခုနှစ် ဇန်နဝါရီလက အင်ဒိုနီးရှားတွင် ကျင်းပသည့်ပွဲစဉ်၌ဘစ်ဒက်ရှ်ကို ရှုံးနိမ့်ခဲ့သည့် ရှုံးကြွေးကို မြန်မာ့မြေ မြန်မာ့ရေ မြန်မာပရိတ်သတ်ရှေ့တွင် ပြန်လည်ပေးဆပ် နိုင်ခဲ့သလို ပထမဦးဆုံးသော မြန်မာပြည်ဖွား ကမ္ဘာ့ချန်ပီယံအဖြစ် သမိုင်းမှတ်တိုင်သစ်တခု စိုက်ထူနိုင်ခဲ့သည်။
အောင်လအန်ဆန်း အနေဖြင့် ယခုလို ကမ္ဘာ့ချန်ပီယံဂုဏ်ပုဒ်ကို လွယ်လွယ်ဖြင့် ရခဲ့ခြင်းတော့ မဟုတ်ပါ။ သူရင်ဆိုင်
တိုက်ခိုက်ခဲ့သူ ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်က MMA သက်တမ်းတလျှောက် ရှုံးပွဲမရှိသူ၊ ပြင်းထန်သည့် ဒူးတိုက်ချက်၊ လက်ဖျံ၊ တံတောင်၊ လက်သီးချက်များဖြင့် ပြိုင်ဘက်ကို သွေးအလိမ်းလိမ်းဖြင့် အမြဲလိုလို ပွဲသိမ်းခဲ့သူဖြစ်သည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၌ ထိုးသတ်ခဲ့သောပွဲစဉ်တွင်လည်း အောင်လအန်ဆန်းကို သွေးအလိမ်းလိမ်း ဖြစ်စေခဲ့သူ ဖြစ်သည်။ သို့သော် မြန်မာ့စပါးအုံးမြွေဟု တင်စားခေါ်ဝေါ်သည့် အောင်လအန်ဆန်းကို ကြမ်းပြင်ပေါ် လှဲသိပ်တဲ့အထိတော့ ဘစ်ဒက်ရှ်တယောက် မစွမ်းနိုင်ခဲ့ပါ။ ထိုပွဲတွင် မြန်မာပရိတ်သတ်များက အောင်လအန်ဆန်း၏ ဇွဲနှင့် သတ္တိကို လေးစား သဘောကျခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာ့ချန်ပီယံ ဘစ်ဒက်ရှ်နှင့် ထိုးမည့်သူက ပြိုင်ပွဲမှ နှုတ်ထွက်သွား၍ အောင်လအန်ဆန်းကို အစားထိုး စီစဉ်လိုက်ရာ အောင်လအတွက် ပြင်ဆင်ချိန် ၁၀ ရက်သာ ရခဲ့သည်။ ပြင်ဆင်မှု အားနည်းသည့် အလျောက် ပြိုင်ပွဲတွင် ဘစ်ဒက်ရှ်၏ ထိုးနှက်တိုက်ခိုက်မှုများကြောင့် အောင်လ တယောက် သွေးအလိမ်းလိမ်း ဖြင့် ခံနေရသော်လည်း အရှုံးမပေးဘဲ ၅ ချီပြည့်သည်အထိ ခုခံထိုးသတ်သွားခဲ့သည်။ ဘစ်ဒက်ရှ် အနေဖြင့် မစ်ဒယ်ဝိတ်ချန်ပီယံ အိုင်ဂေါ စဗီဘစ်ကိုပင် နှစ်ချီတည်းနှင့် အလဲထိုး အနိုင်ယူ၍ စဗီဘစ်၏ ချန်ပီယံခါးပတ်ကို လွဲှပြောင်းရယူ သိမ်းပိုက်နိုင်ခဲ့သော်လည်း မြန်မာ့စပါးအုံးမြွေကိုတော့ ၅ ချီပြည့်သည်အထိ ထိုးသတ်ခဲ့ရပြီး အမှတ်ဖြင့်သာ အနိုင်ရခဲ့သည်။
မိမိကို အနိုင်ယူသွားသော ဘစ်ဒက်ရှ်ကို မြန်မာ့မြေပေါ်တွင် ပြန်လည်ထိုးသတ်ဖို့ အောင်လအန်ဆန်းက စိန်ခေါ်ခဲ့သည်။ ချန်ပီယံ ဘစ်ဒက်ရှ်ကလည်း လက်ခံခဲ့သည့်အတွက် Light of a Nation ဆိုသည့်ပွဲကို One Championship အဖွဲ့က ရန်ကုန်မြို့တွင် စီစဉ်ခဲ့သည်။ ပွဲမစမီကပင် မြန်မာပရိတ်သတ်တွေက အောင်လ အန်ဆန်းနှင့် ဘစ်ဒက်ရှ်ပွဲကို အထူးစိတ်ဝင်စားခဲ့ကြသည်။
ထိုးသတ်မှုအတွေ့အကြုံအရ ဘစ်ဒက်ရှ်က ၉ ပွဲထိုး ၉ ပွဲနိုင်ဖြင့် ရှုံးပွဲမရှိ မှတ်တမ်းစိုက်ထူထားသူဖြစ်ပြီး အောင်လက ၂၉ ပွဲထိုး ၁၉ ပွဲနိုင် ၁၀ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသည့်အတွက် ပြိုင်ပွဲအတွေ့အကြုံတွင် အောင်လက အားသာနေခဲ့သည်။ သို့သော် ဘစ်ဒက်ရှ်ဆိုသူက လျှင်မြန်ပြီး သန်မာ ဖျတ်လတ်သည့် ဖိုက်တာတယောက်ဖြစ်ကာ ပထမပွဲစဉ်တွင်လည်း အောင်လကို သွေးသံရဲရဲဖြစ်အောင် ထိုးသတ်၍ နိုင်ထားသူဖြစ်သည့်အလျောက် ပွဲမစမီ အချိန်တွင် မည်သူက အသာစီးရကာ နိုင်မလဲ ဆိုသည်မှာ ပရိသတ်များအတွက် ခန့်မှန်းရခက်သည့်အနေအထား ဖြစ်ခဲ့သည်။
အားလုံးမျှော်လင့်ခဲ့ကြသလိုပင် ယမန်နေ့ညပိုင်း၌ သုဝဏ္ဏအားကစားရုံတွင် လက်ရှိ ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်နှင့် စိန်ခေါ်သူ အောင်လအန်ဆန်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှုက ပရိတ်သတ်များ အတွက် စိတ်လှုပ်ရှားဖွယ်ကောင်းခဲ့သည်။
ပထမအချီ စတင်သည်နှင့် အောင်လအန်ဆန်းက သူအသုံးပြုနေကျ ဂျူဂျစ်ဆု (ပြိုင်ဘက်ကို မလှုပ်နိုင်အောင် ချုပ်ကိုင်သည့်ပညာ) ကို လုံးဝမသုံးဘဲ လက်သီးကိုသာ အားပြု ထိုးနှက်ခဲ့ရာ ဘစ်ဒက်ရှ်တယောက်
အငိုက်မိသွားခဲ့သည်။ အောင်လ၏လက်သီးချက်များက ဘစ်ဒက်ရှ်၏ မျက်နှာပေါ်သို့ တရစပ်ကျရောက်ခဲ့ရာ ဘစ်ဒက်ရှ်အနေဖြင့် ထိုးချက်များကို ပြန်လည်တုန့်ပြန်နိုင်ခြင်းမရှိဘဲ ချက်ကောင်းမထိစေဖို့အတွက် လက် ၂ ဖက်ဖြင့် အသည်းအသန် ကာကွယ်ခဲ့ရသည်။ ထို့ကြောင့် ပထမအချီတွင် အောင်လအန်ဆန်းက အသာစီးရခဲ့သည်။
ပထမအချီထိုးသတ်မှုအရ မြန်မာပြည်တွင် ပြန်လည်ယှဉ်ပြိုင်မည့် မကျေပွဲစဉ်အတွက် အောင်လအန်ဆန်း တိုက်ကွက်ဗျူဟာ ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံပွဲစဉ်တွင် အောင်လအနေဖြင့် သူအားသန်သည့် ဂျူဂျစ်ဆုနည်းဖြင့် ဘစ်ဒက်ရှ်ကို ချုပ်ရန် ကြိုးစားခဲ့သော်လည်း သန်မာပြီး လျှင်မြန်သည့် ဘစ်ဒက်ရှ်က အချုပ်မခံဘဲ ရုန်းထွက်ကာ အပေါ်စီးမှနေ၍ ပြင်းထန်သည့် အနီးကပ်တံတောင်ရိုက်ချက်နှင့် လက်သီးချက်များဖြင့် အောင်လကို သွေးများဖြင့် ရဲစေခဲ့တာ ဖြစ်သည်။
နောက်ဆုံးတော့ အမှတ်ဖြင့် အရှုံးပေးခဲ့ရသည်ကို အောင်လတယောက် သင်ခန်းစာ ယူခဲ့ပုံရသည်။ ထို့ကြောင့် ယခုပွဲစဉ်တွင် အောင်လ အနေဖြင့် ဘစ်ဒက်ရှ်ကို လုံးဝချုပ်ဖို့ မကြိုးစားပဲ ဘယ်ညာလက်သီး ထိုးချက် တွဲလုံးများဖြင့် အမှတ်ရအောင် ယူခဲ့သည်ကို တွေ့ရသည်။
အောင်လနှင့် လက်သီးချင်းယှဉ်ထိုးရန် အလုပ်မဖြစ်တော့သည့်အခါ ချန်ပီယံ ဘစ်ဒက်ရှ်အနေဖြင့် ဒုတိယအချီတွင် တိုက်ကွက်ဗျူဟာ ပြောင်းလဲခဲ့သည်။ ခါးကိုကိုင်း၍ အောင်လဆီ တဟုန်ထိုးပြေးဝင်ပြီး အပေါ်စီးမှ မလှုပ်နိုင်အောင်ဖိကာ သူအသုံးပြုနေကျ တိုက်ကွက်အတိုင်း အနီးကပ်တံတောင်၊ လက်ဖျံနှင့် လက်သီးချက် များဖြင့် ထုထောင်း၍ ပွဲသိမ်းထိုးနှက်ဖို့ ဖြစ်သည်။
ဘစ်ဒက်ရှက်၏ တဟုန်ထိုး ပြေးဝင်တွန်းလှဲမှုကြောင့် အောင်လ လဲကျခဲ့ပြီး ဘစ်ဒက်ရှ်က အပေါ်စီးမှဖိကာ ထိုးသတ်ဖို့ကြိုးစားချိန်တွင် အဆိုပါ တိုက်ကွက်ကို ကောင်းကောင်းသိနေသည့် အောင်လက ဘစ်ဒက်ရှ်၏ လက်များကို အလွတ်မခံဘဲ ရအောင် ချုပ်ကိုင်ထားနိုင်ခဲ့သည်။ အကယ်၍ ထိုအချိန်တွင် ဘစ်ဒက်ရှ်၏ လက်များကိုသာ အောင်လမချုပ်နိုင်ဘဲ လွှတ်ပေးခဲ့ရပါက ပြင်းထန်သည့် လက်ဖျံ၊ လက်သီးချက်များဖြင့် စိန်ခေါ်သူ အောင်လအန်ဆန်းကို ချန်ပီယံ ဘစ်ဒက်ရှ်က ပွဲသိမ်းပေးလိုက်မည် ဖြစ်သည်။
သို့သော် ဘစ်ဒက်ရှ်၏ လက်များကို ချုပ်ထားနိုင်ခဲ့သည့်အတွက် ထိခိုက်မှု အနည်းငယ်သာရှိခဲ့ပြီး ဘစ်ဒက်ရှ်၏ ထောင်ချောက်အတွင်းမှ အောင်လအန်ဆန်း ရုန်းထွက်နိုင်ခဲ့သည်။ ဘစ်ဒက်ရှ်အနေဖြင့် ဒုတိယအချီနှင့် တတိယ အချီများတွင် အဆိုပါတိုက်ကွက်ကို အသုံးပြုခဲ့သည့်အတွက် အသာရခဲ့သည်။ စတုတ္ထအချီနှင့် နောက်ဆုံးအချီများတွင် ဘစ်ဒက်ရှ်အနေဖြင့် သက်လုံကျဆင်းလာသည့်အတွက် အောင်လကို မချုပ်နိုင်တော့သလို အောင်လ၏ လျင်မြန်သည့် လက်သီးချက်များကိုလည်း ကာကွယ်နိုင်စွမ်း မရှိတော့ဘဲ မကြာခဏ ဆိုသလို မျက်နှာကို ထိုးနှက်ခြင်းခံခဲ့ရသည်။
ဘစ်ဒက်ရှ်နှင့် အောင်လတို့၏ ထိုးသတ်မှုမှာ ၅ ချီပြည့်သည်အထိ အနိုင်အရှုံး မပေါ်သဖြင့် အမှတ်ဖြင့် ဆုံးဖြတ်ခဲ့ရာ အမှတ်ပေး ဒိုင်လူကြီး ၃ ဦးစလုံးက စိန်ခေါ်သူ အောင်လအန်ဆန်းကို အနိုင်ပေးခဲ့ကြသည့် အတွက် မြစ်ကြီးနားမြို့သား အောင်လအန်ဆန်းမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ကမ္ဘာ့ချန်ပီယံအဖြစ် သမိုင်းမှတ်တမ်း ဝင်သွားခဲ့သည်။
“အားလုံးကို အရမ်းကျေးဇူးတင်တယ်။ ကျနော့်ပရိတ်သတ်တွေ မရှိရင်၊ ကျနော့်အဖွဲ့သားတွေသာ မရှိရင်၊ မြန်မာဆိုတာလည်း မရှိရင် ကျနော် ဒီလို လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျနော့်အနေနဲ့ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။ စိန်ခေါ်သူတွေကို ဆက်လက်ရှာဖွေသွားမှာဖြစ်တယ်” ဟု ကမ္ဘာ့ချန်ပီယံ အသစ်စက်စက် အောင်လအန်ဆန်းက ပြိုင်ပွဲအပြီးတွင် ပြောဆိုခဲ့သည်။
အောင်လအန်ဆန်းအနေဖြင့် ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပရိတ်သတ်ရှေ့တွင် ကိုယ်ရှုံးနိမ့်ထားဖူးသူ တယောက်ကို ပြန်လည်စိန်ခေါ်ထိုးသတ်ရသည့်ကိစ္စက တကယ်တော့ အရင်းအနှီး များလွန်းသည့် အနေအထား ဖြစ်သည်။ အစွမ်းမပြနိုင်ဘဲ ရှုံးနိမ့်ခဲ့လျှင် မြန်မာပရိတ်သတ်တချို့၏ ဝေဖန်ပြစ်တင်မှု ခံရနိုင်သလို ဘစ်တာလီ ဘစ်ဒက်ရှ်အပေါ် နှစ်ခါပြန် ရှုံးကြွေးတင်မည်ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ချန်ပီယံဆုကို ထပ်မံ စိန်ခေါ်ဖို့ အလှမ်းဝေးသွားနိုင်သည်။
သို့သော် ထိုအခြေအနေဆိုးများကို အောင်လအန်ဆန်းက အကောင်းဆုံးသော ကြိုးစားအားထုတ်မှုများဖြင့် ကျော်ဖြတ်ပြနိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်ကစတင်၍ MMA လောကထဲသို့ ဝင်ရောက်လာခဲ့သည့် အောင်လ အန်ဆန်း အနေဖြင့် ခက်ထန်ကြမ်းတမ်းသည့် MMA လောကတွင် ၁၂ နှစ်ကြာ ကျင်လည်ပြီးနောက် ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ရှုံးပွဲမရှိသူ ကမ္ဘာ့ချန်ပီယံဟောင်း ဘစ်တာလီ ဘစ်ဒက်ရှ်အတွက်တော့ သူ၏ MMA ဖိုက်တာဘ၀ ရှုံးနိမ့်သူအမည် စာရင်းတွင် မြန်မာနိုင်ငံမှ အောင်လအန်ဆန်းက ထိပ်ဆုံးမှ ပါဝင်သွားခဲ့ပြီ ဖြစ်သည်။