ဆောင်းပါး

ရှော့တိုက်ငါးဖမ်းခြင်းနှင့် ဧရာဝတီလင်းပိုင်တို့အနာဂတ် (နိဂုံး)

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီလင်းပိုင်များနှင့် ပူးပေါင်း၍ ငါးဖမ်းခြင်းက ပြည်တွင်းနှင့် နိုင်ငံတကာမှ စိတ်ဝင်စားမှုများ ရရှိ ထားပြီး ဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အထောက်အကူ ဖြစ်စေခဲ့သည်။ လင်းပိုင်နှင့် ပူးပေါင်း၍ ငါးဖမ်းသည့် ကျေးရွာများသို့ တနှစ်လျှင် ဧည့်သည် ၂၃၀၀ ခန့်လာရောက်သည်ဟု ခန့်မှန်းရသည်။

“ဒီနေရာမှ သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို ကျနော်ထောက်ခံတယ်။ ရပ်တည်ဖို့နဲ့ ဝင်ငွေရဖို့ နည်းလမ်းတခု ကျနော်တို့ အားလုံးရှာရပါတော့မယ်။ အထူးသဖြင့် လင်းပိုင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး လုပ်တဲ့အတွက် အစိုးရက လစာ ပေးမှာ မဟုတ်တဲ့ အချိန်မျိုးမှာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်အတွင်းမှာ လင်းပိုင်တွေ ရှိတယ်ဆိုတာကိုလည်း မြန်မာနိုင်ငံမှာ လူတိုင်း မသိပါဘူး။ ဒါကြောင့် အစိုးရအနေနဲ့ ပြည်သူတွေကို ပညာပေးတဲ့နေရာမှာ ပိုကောင်းအောင် လုပ်ဖို့လိုတယ်လို့ ကျ နော်ထင်ပါတယ်” ဟု ဦးဌေးဝင်းက ပြောသည်။

ရိုးရာအစဉ်အလာအတိုင်း ငါးဖမ်းခြင်းကို ပိုမို၍ အကျိုးအမြတ်ရှိလာအောင် ပြုလုပ်ပေးခြင်းအားဖြင့် ရှော့တိုက် ငါးဖမ်းခြင်း ကို ခရီးသွားလုပ်ငန်းကြောင့် အင်အားနည်းသွားစေမည် ဖြစ်သည်။ ဦးနေမျိုးအောင်ကလည်း သဘာဝအခြေခံ ခရီးသွား လုပ်ငန်းကို ကြိုဆိုသည်။ အဘယ်ကြောင့်ဆိုသော် သူ့မိသားစု၏ ဝင်ငွေကို တိုးတက်စေသောကြောင့် ဖြစ်သည်။ ခရီးသွား အဖွဲ့တခုကို လိုက်လံပြသပေးလျှင် ငွေ ၄၀၀၀ ကျပ်အထိ သူရရှိနိုင်သည်။ တလလျှင် အနည်းဆုံး ၃ ဖွဲ့အထိ လိုက်ပို့ပေး နေရပြီး အချိန် ၆၀ ရာခိုင်နှုန်းခန့်အထိ လင်းပိုင်များကို မြင်ရသည်။

သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းက လင်းပိုင်များကို ထိခိုက်စေမည် မဟုတ်ဟု ဦးနေမျိုးအောင်က ယုံကြည်ထားသည်။ အထူးသဖြင့် ရှော့တိုက်ငါးဖမ်းခြင်း၏ဆိုးကျိုးများနှင့် နှိုင်းစာကြည့်လျှင် ဖြစ်သည်။

Photos- Alex Diment

“ဒေသခံ အသိုင်းအဝိုင်းက ထိထိရောက်ရောက် ပါဝင်ပြီး စနစ်တကျ စီမံခန့်ခွဲပေးမယ်ဆိုရင် ခရီးသွားလုပ်ငန်းက ဒေသခံ အသိုင်းအဝိုင်းအတွက် တိုက်ရိုက်ဝင်ငွေ ရရှိစေပါလိမ့်မယ်။ လင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ ပါဝင်ဖို့အတွက် အ ပေါင်းလက္ခဏာဖြစ်စေတဲ့ မက်လုံးတခု ပေးပါတယ်။ ဥပဒေမဲ့ ငါးဖမ်းခြင်းလိုမျိုး ခြိမ်းခြောက်မှုတွေကို လျှော့ချဖို့လည်း အ ထောက်အကူ ဖြစ်စေပါတယ်” ဟု Alex Diment က ပြောသည်။

သို့သော်လည်း ခရီးသွားလုပ်ငန်း တိုးတက်ရေးတွင် တိုးပွားလာသည့် ဧည့်သည်များကို နေရာနှင့် အစားအစာ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဟိုတယ်နှင့် စားသောက်ဆိုင်များကိုလည်း တည်ဆောက်ရမည် ဖြစ်သည်။ ယခုအခါတွင် ကမ္ဘာလှည့် ခရီးသည် အများစုက ဒေသခံဘုန်းတော်ကြီးကျောင်းများတွင် ညအိပ်နေကြရသည်။ ဖြစ်နိုင်လျှင် ခရီးသွားလုပ်ငန်းကို အ ချိန်ပြည့် လုပ်နိုင်ရန် စဉ်းစားမည်ဟု ဦးနေမျိုးအောင်က ပြောသည်။ သို့သော်လည်း ယခုအချိန်တွင် ငါးဖမ်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေရသည်။

NLD အစိုးရက သူတို့ ကျေးရွာ အပါအဝင် ကျေးရွာ ၄ ခုတွင် ၂၀၁၈ မတိုင်မီ တရားဝင် လင်းပိုင်ကြည့် စခန်းများ တည် ဆောက်ရန်နှင့် ဟိုတယ်များတည်ဆောက်ရန် စီစဉ်နေကြောင်း ကြားသိရသည်ဟု ဦးနေမျိုးအောင်က ပြောသည်။ သို့ သော် လည်း ထိုအစီအစဉ်ကို အတည်မပြုနိုင်သေးပါ။

အခြေခံအဆောက်အဦ တိုးတက်လာရေးတွင် ပေးဆပ်ရသည့် တန်ဖိုးများလည်း ရှိနေသည်။ အဆောက်အဦများတည် ဆောက်ရန်အတွက် တရားမဝင် သဲထုတ်ယူမှုများပြုလုပ်နေကြောင်း သတင်းများလည်း ပေါ်ထွက်နေသည်။ သို့သော် လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများကို ရှောင်ရှားနိုင်ရန် WCS က ဒေသခံများနှင့် ပူးပေါင်း၍ အသေး စား အခြေခံအဆောက်အဦများ ပေးနိုင်ရန်နှင့် လူမှုအသိုင်းအဝိုင်း အခြေပြု သဘာဝခရီးသွားလုပ်ငန်း စီမံကိန်းများတွင် လေ့ကျင့်သင်တန်းပေးခြင်းများ ပြုလုပ်နေသည်။

“သဘာဝအခြေပြု ခရီးသွားလုပ်ငန်းက ကျန်ရှိနေသေးတဲ့ ဧရာဝတီ လင်းပိုင်တွေကို ကာကွယ်ပေးနိုင်မှာလား ဆိုတာက ဘယ်လို စီမံခန့်ခွဲ ဆောင်ရွက်ပေးမလဲဆိုတာနဲ့ လင်းပိုင်တွေဟာ သေသွားတာထက်စာရင် အသက်ရှင်နေတာက ပိုပြီး တန် ဖိုးရှိတယ်ဆိုတာကို ဒေသခံတွေ နားလည်အောင် သူတို့ ပြသနိုင်ခြင်း ရှိ မရှိ ပေါ်မှာ မူတည်နေပါတယ်” ဟု မြန်မာ့စီးပွား ရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၏ ဒါရိုက်တာ Vicky Bowman ကပြောသည်။ “ကာကွယ် ထိန်းသိမ်းရေးအတွက် လူမှုအသိုင်းအဝိုင်းရဲ့ဖိအားပေးမှုအပြင် ရှော့တိုက်တဲ့နည်းနဲ့ ငါးဖမ်းတဲ့ ဂိုဏ်းတွေကို တားဆီးရေး အတွက် ဥပဒေအရ လုံလုံလောက်လောက် ဆောင်ရွက်မှုတွေတွေလည်း လိုအပ်ပါတယ်” ဟု သူက ထပ်ပြောသည်။

စနစ်တကျ စီမံခန့်ခွဲမှု မရှိသည့် ခရီးသွားလုပ်ငန်းက လင်းပိုင်များကိုရော ဒေသခံ ပြည်သူများကိုပါ ထိခိုက်စေနိုင်ပါသည်။ လင်းပိုင်များနောက်သို့ လိုက်သည့် လှေတွေပိုများလာခြင်းက သူတို့ အပေါ်ဖိအားမြင့်တက်လာစေနိုင်ပြီး သူတို့မှီခိုနေရ သည့် ငါးများနှင့် ဝေးရာသို့ ရောက်ရှိသွားစေနိုင်ပါသည်။ စီးပွားဖြစ် အကြီးစားခရီးသွားလုပ်ငန်းများက ရိုးရာအစဉ်အလာ အတိုင်း လင်းပိုင်နှင့် ပူးပေါင်းငါးဖမ်းသည့် တံငါသည်များ၏ အလေ့အထနှင့်လည်း လုံလုံး မအပ်စပ်ပါ။

သဘာဝအခြေခံ ခရီးသွားလုပ်ငန် တိုးတက်ရေးတွင် ဒေသခံ အသိုင်းအဝိုင်း၏ ပါဝင်ဆောင်ရွက်မှု လိုအပ်ကြောင်း ကျွမ်း ကျင်သူများက ပြောကြသည်။

“တကယ်လို့ ခရီးသွားလုပ်ငန်းက ရတဲ့ဝင်ငွေက ဒေသခံပြည်သူတွေကို အကျိုးမဖြစ်စေဘဲ အားလုံးက လှေစီးတဲ့ ခရီးစဉ် လုပ်တဲ့ ကုမ္ပဏီတွေလိုမျိုး တခြားကို ရောက်သွားမယ်ဆိုရင် ဒေသခံတွေရဲ့အပြုအမူပေါ်မှာ ကောင်းကျိုးသက်ရောက်စေ နိုင်မယ့် အခွင့်အရေးတရပ် ဆုံးရှုံးရမှာ သေချာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ယုံကြည်မှုမရှိတော့တာတွေ ပူးပေါင်းဆောင် ရွက်မှု မရှိတော့တာတွေတောင် ဖြစ်လာနိုင်ပါတယ်” ဟု WCS မှ Alex Diment ကပြောသည်။

Photos- Alex Diment

ကိုလိုနီခေတ် အကြွင်းအကျန်

မြန်မာနိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးသို့ တံခါးဖွင့်လာသည့်အချိန်တွင် မြန်မာနိုင်ငံ၏ အသစ်ဖွင့်လှစ်လိုက်သော အရင်းအ မြစ်များ (ရေနံ၊ တွင်းထွက်နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း စသည်တို့) အတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ အလျင်အမြန် ဝင်ရောက်လာချိန်တွင် ဒေသခံတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့်ထုံးတမ်းအစဉ်အလာတို့ကို ထိန်းသိမ်း စောင့်ရှောက်ရေးက ဖိအားတခု ဖြစ်လာပါလိမ့်မည်။

မြန်မာနိုင်ငံ၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုက သဘာဝသယံဇာတများ၏ အနာဂတ်အပေါ် ခြိမ်းခြောက်မှု ဖြစ်လာသည်။ ဆိပ်ကမ်းများက ကျယ်ပြန့်လာသည်။ ဟိုတယ်များက ကောင်းကင်သို့ ထိုးထွက်လာသည်။ ကမ်းလွန်ဓာတ်ငွေ့ ရှာဖွေရေး ကလည်း ဆက်လက်အရှိန် မြင့်လာနေသည်။

“အခုအခါမှာ မြန်မာနိုင်ငံရဲ့ပင်လယ်ဇီဝမျိုးကွဲတွေရဲ့အရေးပါမှုကို မြှင့်တင်နိုင်ဖို့အတွက် NGO အမျိုးမျိုးက ဆောင်ရွက်နေ ကြပါတယ်။ အဲဒါတွေကို ကာကွယ်ခြင်းက ကမ်းခြေနေ ပြည်သူတွေနဲ့ ဒေသခံတွေရဲ့စားဝတ်နေရေးကို အကျိုးဖြစ်စေနိုင် ပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ငါးလုပ်ငန်းကဏ္ဍအတွက် အရေးပါတဲ့ အကြောင်းတခု၊ မြန်မာနိုင်ငံရဲ့ပင်လယ်ဇီဝမျိုးကွဲတွေ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုနဲ့ သက်ဆိုင်နေပါတယ်” ဟု WCS ၏ မြန်မာနိုင်ငံဆိုင်ရာ နည်းပညာအကြံပေးတဦး အဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် Martin Callow က ပြောသည်။

ဧရာဝတီမြစ်ကြီးက အဆိုပါ ဖွံ့ဖြိုးတိုးတက်မှု၏ အချက်အချာနေရာတွင် ရှိပြီး ဧရာဝတီမြစ်ကို သယ်ယူပို့ဆောင်ရေး၊ သောက် သုံးရေ၊ ရေသွင်းစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းတို့အတွက် ထောက်ကူပေးသည့် နိုင်ငံ၏အသက်သွေးကြောအဖြစ်ပင် ရည် ညွှန်းလေ့ရှိကြပါသည်။

ကီလိုမီတာ ၂၁၀၀ ကျော်ရှည်လျားသည့် ဧရာဝတီမြစ်က မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် အရေး အပါဆုံးသော ရေကြောင်းလမ်း ဖြစ်ပါသည်။

ကျယ်ပြန့်သည့် မြစ်ဝကျွန်းပေါ်ဒေသက ကမ္ဘာပေါ်တွင် အနယ်ကျမှုအများဆုံး အဓိက မြစ်များထဲတွင် နံပါတ်၅ နေရာတွင်ရှိနေပြီး ရာသီအလိုက်ရေလွှမ်းမိုးခြင်းက မြစ်ကမ်းပါးများတွင် စိုက်ပျိုးရေး အ တွက် နုန်းမြေနုများ ကြွယ်ဝစေသည်။ သို့သော်လည်း ရာသီဥတုပြောင်းလဲခြင်းက မုတ်သုံလေ၏ပုံစံကို ပြောင်းလဲစေခဲ့ သည့်အတွက် ဧရာဝတီကို ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းနှင့် ရေခန်းခြောက်ခြင်းများ ဖြစ်လွယ်စေခဲ့သည်။

“လက်ရှိအချိန်မှာ မြန်မာနိုင်ငံက စိန်ခေါ်မှု အများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။ ရွေးချယ်စရာတွေ အများအပြားရှိပါတယ်။ အဲဒီထဲမှာ ငြိမ်းချမ်းရေးက လူတိုင်းနီးပါးရဲ့အစီအစဉ်ထဲမှာ အမြင့်ဆုံးမှာ ရှိပါတယ်။ ပင်လယ်ပြင်ဆိုင်ရာ ထိန်းသိမ်းစောင့် ရှောက်ရေးက လုပ်ရမယ့်ကိစ္စတခုလို့တော့ သတ်မှတ်ခံရပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်အားနည်းမှု၊ အခြေခံ အ ဆောက်အဦ အားနည်းမှု၊ ဝန်ထမ်းအခက်အခဲနဲ့ လူဦးရေ ထူထပ်ပြီး လူတတ်ကြီးလုပ်ချင်တဲ့ အိမ်နီးချင်းနိုင်ငံတွေကြောင့် စိန်ခေါ်မှုတွေ သိသိသာသာရှိနေပါတယ်” ဟု Alex Diment က ပြောသည်။

ဒေသခံတို့၏ အသိပညာဗဟုသုတနှင့် ဈေးကွက်ဖွံ့ဖြိုးရေးတို့ ဆုံရာတွင် Marine Spatial Planning Strategy (MSP) ရှိ နေသည်။ MSP ကို မြန်မာနိုင်ငံမှ ငါးလုပ်ငန်းဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာ နတို့က WCS၊ Exeter တက္ကသိုလ်နှင့် British Council ၏ မြန်မာနိုင်ငံမှ ဖွံ့ဖြိုးရေး အစီအစဉ်တခု ဖြစ်သည့် ပျိုးပင်တို့၏ အကူအညီဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

MSP ၏ ရည်မှန်းချက်မှာ မူဝါဒ ချမှတ်သူများအတွက် ရေရှည်အကျိုးရှိစေမည့် ပင်လယ်ပြင်စီမံခန့်ခွဲရေး လမ်းပြမြေပုံတခု ရရှိစေရန် ဖြစ်သည်။ ရေကြောင်းလမ်းများ၏ အကျိုးစီးပွား၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးဇုန်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်ယူရေး၊ ငါးဖမ်းဇုန်များနှင့် ကာကွယ်ထားသောနေရာများကို ဟန်ချက်ညီမျှစေရေးအတွက် မူဘောင်တခုကို ချမှတ်ထားသည်။

“MSP က ဧရာဝတီလင်းပိုင်တွေနဲ့ ပတ်သက်လို့ အတိအလင်းဖော်ပြထားတာ မရှိပါဘူး။ ဒါပေမယ့် ဧရာဝတီလင်းပိုင်တွေနဲ့ အခြားဇီဝမျိုးကွဲတွေနဲ့ ပတ်သက်လို့ ခြိမ်းခြောက်မှုတွေကို ဖော်ထုတ်ဖို့နဲ့ စီမံခန့်ခွဲ အဖြေရှာဖို့ မြန်မာနိုင်ငံအတွက် လမ်းပြ မြေပုံတခု ပေးပါတယ်” ဟု WCF ၏ Conservation Science and Solutions မှ ဒေါက်တာ Hedley Grantham က ပြော သည်။

WCS နှင့် အခြား NGO များက ငါးများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် Myanmar Fisheries Partnership (MFP) ကိုလည်း ဖွဲ့စည်းခဲ့သည်။ တံငါသည်များနှင့် လင်းပိုင်များ ဆက်လက်၍ တဖက်ကို တဖက် မှီခိုအားထားသွားနိုင်ရန် ဖြစ် သည်။

Hydrology and Earth System Sciences ဂျာနယ်တွင် ၂၀၁၆ ခုနှစ်က ဖော်ပြခဲ့သော ဆောင်းပါးတခု အဆိုအရ မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးသော ရေလုပ်ငန်းများ အများဆုံးရှိနေသည့်နေရာ ဖြစ်သည်ဟု သိရသည်။ သို့ သော်လည်း ရေလုပ်ငန်းနှင့် ပတ်သက်၍ စီမံခန့်ခွဲမှု အားနည်းသော သမိုင်းကြောင်းကလည်း ရှိနေသည်။ ရှော့တိုက်ငါးဖမ်း ခြင်းက စီမံခန့်ခွဲရေးဆိုင်ရာ စိန်ခေါ်မှုများထဲမှ ဥပမာတခုသာဖြစ်သည်။

NLD အစိုးရကို မဲပေးခဲ့သော်လည်း သူတို့၏ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ စိတ်ပျက်မှုကို ခံစားရသည်ဟု ဦးဌေးဝင်းက ပြောသည်။

“အရင်ကဆိုရင် တကယ်လို့ ခင်ဗျားက ရှော့တိုက်ပြီး ငါးဖမ်းနေတုန်း ဖမ်းမိတယ် ဆိုပါတော့၊ ခင်ဗျားရဲ့လှေနဲ့ လှေပေါ်မှာ ရှိတာ အားလုံး အသိမ်းခံရမယ်။ ထောင် ၃ နှစ်ကျမယ် ဒဏ်ငွေ ဒေါ်လာ ၂၀၀၀ လောက်ပေးရမယ်။ ဒါပေမယ့် အခုဆိုရင် ခင်ဗျားက ကိုယ့်ဆန္ဒနဲ့ကိုယ် ပစ္စည်းတွေကို လွှဲပြောင်းပေးမယ်ဆိုရင် ထောင်မကျတော့ဘူး။ အရင်အစိုးရတုန်းက သူတို့ အရာရှိတွေကို ကင်းလှည့်တဲ့အခါ သေနတ်ကိုင်ခွင့် ပေးထားတယ်။ အခုတော့ မပေးတော့ဘူး။ အဲဒါကြောင့် ကင်းလှည့် ရတဲ့ အရာရှိတွေအတွက် အန္တရာယ်ပိုများလာတယ်” ဟု ဦးဌေးဝင်းက ပြောသည်။

လင်းပိုင်များ ကာကွယ်စောင့်ရှောက်ရေးအတွက် ဦဌေးဝင်းက အစိုးရထံတွင် ရန်ပုံငွေ လျှောက်ထားခဲ့သော်လည်း အတည် ပြုချက် ရရှိလိမ့်မည်ဟု သူက မယုံကြည်ပါ။
“မြန်မာနိုင်ငံရဲ့ရေလုပ်ငန်းက ထိန်းသိမ်းကြပ်မတ်မှု ဆက်ပြီး အားနည်းနေဖို့ ရှိတယ်။ လုပ်ပိုင်ခွင့်ချထားပေးတဲ့ စနစ်က ရေ ရှည် အကျိုးစီးပွားဖြစ်စေမယ့်အလေ့အထတွေကို သိသိသာသာကို ထိခိုက်စေတယ်။ ဥပဒေတွေက ကိုလိုနီခေတ်က ဥပ ဒေတွေ ဖြစ်တဲ့အတွက် အရေးတကြီး ပြုပြင်ပြောင်းလဲဖို့ လိုနေပါတယ်” ဟု Alex Diment က ရှင်းပြသည်။

MSPနှင့် Fisheries Partnership တို့ကဲ့သို့သော ထိန်းသိမ်းစောင့်ရှောက်ရေး အားထုတ်မှုများက မြန်မာနိုင်ငံ၏ အရင်းအ မြစ်အပေါ်တွင်မှီခိုနေရခြင်းမှ ကင်းလွတ်ရေးနှင့် အနာဂတ်တွင် ရေရှည်အကျိုးဖြစ်ထွန်းရေးကို ဟန်ချက်ညီမျှအောင် ပြု လုပ်ရာတွင် အခြေခံအုတ်မြစ်များ ဖြစ်လာပါလိမ့်မည်။ MSP နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကဲ့သို့သော အစီအစဉ် များက နောက်လာမည့် မျိုးဆက်များအတွင် လင်းပိုင်များ၏ အပြုံးနှင့် တံငါသည်များကို ဆက်လက်ထိန်းထားနိုင်မည်လား ဆိုသည်ကို အချိန်က ပြောပြသွားမည် ဖြစ်သည်။

ဧရာဝတီလင်းပိုင်များကို ကယ်တင်နိုင်မည်လားဟု မေးသည့်အခါ “ရတာပေါ့” ဟု ဦးဌေးဝင်းက ပြောသည်။ သို့သော် လည်း သူတို့ကို လွတ်လပ်စွာ ထားရှိရမည် ဖြစ်သည်။
“တိရိစ္ဆာန်တွေက သဘာဝအတိုင်း ရှိဖို့လိုတယ်။ လင်းပိုင်တွေ လွတ်လွတ်လပ်လပ် ရေကူးခွင့် ရှိဖို့လိုတယ်။”

(သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝက်ဘ်ဆိုက်တခု ဖြစ်သည့် mongabay.com တွင် ဖော်ပြခဲ့သော “‘The Ones We Named Are All Dead Now’: Dolphins and Fishers Struggle to Survive in Myanmar” ဆောင်းပါးကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading