ဆောင်းပါး

ကျနော် မမုန်းဘူး

Want create site? Find Free WordPress Themes and plugins.

ဒေါက်တာအီဇယ်ဒင် အဘူလေးရှ် အကြောင်းကို စဉ်းစားမိသမျှ ကတော့ သူဟာ ဆေးပညာရှင်ပီသသူ တယောက်၊ ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်နေသူ၊ ပါလက်စတိုင်း ဒုက္ခသည် စခန်းထဲကနေ ထူးချွန်လာတဲ့ လူငယ်တယောက်၊ လူတယောက် မကောင်းတာဟာ လူမျိုးတခုလုံး မကောင်းတာ မဟုတ်ဘူးလို့ စွဲစွဲမြဲမြဲ ယုံကြည်သူ၊ ကျန်းမာရေး လုပ်ငန်းဟာ ငြိမ်းချမ်းရေးအတွက် ပေါင်းကူးတံတား ဖြစ်တယ်လို့ ယုံကြည်အပ်နှံသူ၊ သမီး ၃ ယောက် အစ္စရေး လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရသော်လည်း မှန်သော အယူကို မစွန့်သူ၊ အစ္စရေး ဆေးရုံမှာ အလုပ်လုပ်ခွင့်ရတဲ့ ပထမဆုံး ပါလက်စတိုင်း ဆရာဝန် စသည်ဖြင့် ဂုဏ်ဒြပ်များ များပြားလွန်းသည်။

သူ့ဇာတ်လမ်းက ဒီလိုပါ။ ပါလက်စတိုင်း ဒုက္ခသည်စခန်းထဲမှာ ဒုက္ခပေါင်းစုံ ခံစားရင် ပညာကိုသာ ကြိုးစာသင်သည်။ တကယ်တော့ ဒုက္ခသည် စခန်းဆိုတာကိုက ဒုက္ခတွေ စုပြုံထည့်ထားသည့် နေရာမျိုး မဟုတ်လား။ ဝမ်းရေးအတွက် ကြုံရာကျပန်း အလုပ်လုပ်ရင်း ကျောင်းမှာ စာကို ကြိုးစားသည်။ ပညာသည်သာ ဆင်းရဲတွင်းက ထွက်လမ်းဟု ခံယူထားသည်။ ခက်ခက်ခဲခဲ ရုန်းကန်ရင်း ဉာဏ်တံခွန် လွှင့်ခွင့်ရစေဖို့ ကံကူပေးပြန်တော့ အီဂျစ်အစိုးရပေးသည့် ပညာသင်ဆု ရပြီး ဆရာဝန်ဘွဲ့ရ ဖြစ်လာသည်။ နိုင်ငံရပ်ခြား တော်တော်များများမှာ အလုပ်လုပ်ခွင့်ရကာ နောက်ဆုံး ဟားဘတ်မှာ လူထု ဆေးပညာမာစတာ တက်ခွင့်ရခဲ့သည်အထိ ပညာရေး ခရီး ပေါက်မြောက်ခဲ့သူတစ်ယောက် ဖြစ်ခဲ့သည်။

သို့သော် မူရင်းအလုပ်အဖြစ် ပါလက်စတိုင်းမှာ ဆေးခန်းလေး ဖွင့်ပြီး အလုပ်လုပ်သည်။ ဆေးပညာကို စိတ်ဝင်စားလွန်းပြီး ပရော်ဖက်ရှင်နယ် ပီသသည့် သူနဲ့ အစ္စရေး ဆရာဝန်များ ချိန်ဆက်မိကာ အစ္စရေး ဆေးရုံမှာ အလုပ်လုပ်ခွင့်ရသည်။ လွယ်တော့မလွယ်။ နေ့စဉ် အစစ်အဆေး များလွန်းလှသည့် နယ်ခြားဂိတ်ကို ဖြတ်ကာ သွားလာရသည်က အန္တရာယ်များလွန်းပြီး ဆေးရုံရောက်ပြန်တော့ သူလို ပါလက်စတိုင်းသားဆီမှာ ဆေးမကုချင်သည့် လူနာတချို့နဲ့ တွေ့ရသေးသည်။

သူူက တကယ့်ကို အဲလိုလူက တချို့ပါပဲလို့ ထပ်တလဲလဲ ပြောပြနိုင်အောင် အကောင်းမြင်သမား။ ဆေးပညာရှင် လုပ်ဖော်ကိုင်ဖက်များကတော့ ညီရင်းအစ်ကို မောင်ရင်းတမျှ ရင်းနှီး ချစ်ကြည်စွာ ဆက်ဆံ။ လူနာတော်တော် များများကလည်း သူတို့ ဝေဒနာ ပျောက်ခြင်းက အဓိက၊ ဆရာဝန် ဘာလူမျိုးလဲက သာမညဆိုတာကို သူတွေ့လာရတဲ့နောက် ဆေးပညာရဲ့ ငြိမ်းချမ်းရေးပေါင်းကူးခြင်းကို ပိုမိုလက်ခံလာခဲ့သည်။ သူ့ဘက်ကလည်း လူနာနဲ့ ပေါင်းကူးဆက်ဆံရေးသည် ဘာသာစကား အရေးကြီးသည်ဟု ခံယူကာ ရန်ဘက်ဟု အများမြင်ကြသူများ၏ ဘာသာစကားကိုပင် မရမက သင်ယူကြိုးပမ်းသည်။

သူပြောတဲ့ လက်ကိုင်သုံးသည့် စကားတခွန်းက အစ္စရေးမှာလည်း မကောင်းတဲ့လူ ရှိတယ်။ ပါလက်စတိုင်းမှာလည်း မကောင်းတဲ့လူရှိတယ်။ မကောင်းတဲ့လူရှိလို့ အားလုံး မကောင်းဘူးလို့ ကျနော် မပြောနိုင်ဘူး။ ပါလက်စတိုင်းတွေကို အကြမ်းဖက်သမားတွေလို့ ပြောတာကို ကျနော် လုံးဝ လက်မခံနိုင်ဘူး။ လူတိုင်းကို သိမ်းကြုံးပြီး မမုန်းနိုင်ဘူး။

နောက်ဆုံး အစ္စရေး ဒုံးကျည်မှန်ကာ သူ့သမီးအရင်း ၃ ယောက် သေဆုံးသွားရသည်ကိုပင် အမုန်းစိတ် မပွားပဲ ဒါဟာ ငြိမ်းချမ်းရေး မရှိလို့ဆိုတာကို နက်နက်နဲနဲ သဘောပေါက်ကာ ဖောင်ဒေးရှင်း တခုထောင်ပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက် လုပ်ကိုင်ဆဲဖြစ်သည်။

သူပြောတာက ဒီလို။ “မုန်းတီးမှုဟာ အကန်းပါ။ ဒီကတဆင့် ကျိုးကြောင်းမညီတဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်ဆီကို ဦးတည်သွားပါလိမ့်မယ်။ မုန်းတီးမှုဟာ အန္တရာယ်ကြီးတဲ့ နာတာရှည် ရောဂါတမျိုးပါ။ မုန်းတီးမှုနဲ့ လက်စားချေလိုမူတွေဟာ အသိဉာဏ်ပညာကို အဝေးကို မောင်းထုတ်တတ်ပြီး ဝမ်းနည်းကြေကွဲမှုတွေကိုပဲ ထပ်တလဲလဲ မွေးဖွားပေးစေပါတယ်။” တဲ့။ ပြောတဲ့အတိုင်းလည်း လက်တွေ့ ကျင့်သုံးခဲ့သူ။ ပြောရရင် သူဟာ မုန်းပစ်လိုက်ဖို့ကို ဆန့်ကျင်လိုက်သူ။ ဒီအကြောင်းကိုပင် ကျနော် မမုန်းဘူး (I shall not hate) ဟု စာအုပ်ရေးသား ထုတ်ဝေခဲ့သူ။

ကျနော်တို့ ဆီမှာရော ဒေါက်တာအီဇယ်ဒင်တွေ မရှိဘူးလားလို့ တွေးမိသည်။ သူ့ဇာတ်လမ်းလေး ဖတ်မိတော့ ကိုယ်တွေ့ခဲ့ရဖူးသည့် ဆရာမလေး တယောက်အကြောင်းကိုလည်း ပြန်ပြောပြချင်သည်။

ရခိုင်ပြည်မှာ ပဋိပက္ခတွေ ဖြစ်ပြီးတဲ့ နောက် ဒုက္ခသည်စခန်းများစွာ ပေါ်ပေါက်လာသည်။ ဒုက္ခသည်စခန်းများ ကာလတိုတခု နေထိုင်ပြီးတဲ့နောက် အစစအရာရာ ရှားပါးခက်ခဲမှုကြောင့် (နဂိုကတည်းကလည်း ရှိနှင့်နေသော) အာဟာရချို့တဲ့မှုက များပြားလာသည်။ ကလေးငယ်များကို အာဟာရချို့တဲ့ခြင်းကြောင့် အသက်မဆုံးရှုံးရအောင် ကုသမှု အထူးပြုပေးသည့် အဖွဲ့တဖွဲ့နှင့် အလုပ်လုပ်ခွင့်ရခဲ့ပါသည်။ ထိုအဖွဲ့မှာပင် ယခုပြောပြချင်သည့် ဆရာမလေးနှင့် ဆုံမိခြင်း ဖြစ်ပါသည်။

ကလေးငယ်ပေါင်းများစွာဟာ အကြောင်းကြောင်းကြောင့် အာဟာရချို့တဲ့လာတဲ့အခါ ကုသမှုက လချီကြာပါသည်။ တခါတရံ ကလေးသာမက အမေလုပ်သူကိုပါ အမူအကျင့် ပြောင်းလဲလာအောင် လုပ်ဆောင်ရသည်။ တချို့အမေတွေက ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ တော်တော်ကြီးကို စနစ်တကျ မရှိကြဘူးကိုး။

စိတ်ရှည်ရသည့် အလုပ်။ ထိုအထဲမှာ အမိမဲ့သားများက မကြာခဏ ပါတတ်သည်။ တခါတော့ စွန့်ပစ်ခံထားရသည့် မွေးကင်းစ ကလေးလေးတယောက်ကို အမျိုးသမီးတယောက်က ကောက်ရလာသည်။ သူကလည်း ဘာမျှ မလုပ်တတ်။ ကျနော်တို့ ဆေးခန်းမှာလည်း အဲဒီလို ကလေးများအတွက် ကုသရန် နည်းလမ်းမရှိ။

အဖွဲ့၏ ပေါ်လစီအရ မိခင်နို့် အစားထိုးပစ္စည်းများကို အားပေးခွင့် မပြု။ အမျိုးမျိုး စဉ်းစားပြီးကြတဲ့ အခါ နောက်ဆုံးနည်းလမ်းအဖြစ် မွေးစားမိခင်ရော ကလေးကိုပါ နေ့စဉ်ဆေးခန်းကို လာရန်။ အခြား နို့တိုက်မိခင်များထံမှ နို့အလှုခံကာ တိုက်ကျွေးရန်။ အန္တရာယ် မကင်းသော လုပ်ဆောင်မှု။ သို့သော် ကလေးအသက်အတွက် ရင်းနှီးစရာက ဒါပဲရှိသည်။ သို့သော် အချို့သော ကလေးမိခင်များက မတိုက်ချင်။ ဒီအတွက် ဒိုင်ခံစည်းရုံးသည်က မတိုးလို့ ကျနော်တို့ ခေါ်ကြတဲ့ သူနာပြု ဆရာမလေး။ သူက မွတ်စလင် ဘာသာစကားလည်း တတ်ကျွမ်းသည်။ တခါကဆိုရင် နို့တိုက်မယ့်လူ မရှိတော့ ငိုတော့မလို ဖြစ်လာသည်အထိ စိတ်အပင်ပန်းခံကာ ပြုစုသည်။ ဆေးခန်းကို မနက်ပိုင်း ရောက်ပြီဆိုလျှင် ကလေးနာမည်ကို ခေါ်ကာ အရင်ဆုံး နှုတ်ဆက်ရမှ ကျေနပ်သည်။

အဲဒီနောက်တော့ ဇာတ်လမ်းက ဘာမျှ ဆက်ပြောစရာ လိုမည်မထင်။ ဆေးပညာရှင်တယောက်၊ တတ်ကျွမ်းသည့် ဆေးပညာ၊ ထားအပ်သည့် စိတ်ထားဖြင့်၊ ကိုယ့်လူမျိုး၊ သူ့လူမျိုး ပဋိပက္ခတွေကို မေ့ကာ ကြိုးစားပမ်းစား လုပ်ဆောင်ချက်များက ဘယ်တော့မှ မမေ့အပ်စရာ။ သူနဲ့ ထိတွေ့ခဲ့ရသည့် လူအများကလည်း သူ့ကို အခုထိ မှတ်မှတ်ရရရှိနေကြမည်သာ။ အဲဒီကလေးလေး အပါအဝင် ရေတွက်မယ်ဆိုရင် ကလေးပေါင်း ထောင်ပေါင်းများစွာရဲ့ အသက်ကို တာဝန်ဆိုတာထက်လွန်ကာ ကုသမှု ပေးနိုင်ခဲ့သည်။

နှစ်ဖက်အသိုက်အဝန်း အမုန်းတရားများဖြင့် ပိတ်ပိတ်မှောင်နေစဉ်မှာတောင် ချစ်ခြင်းမေတ္တာ အလင်းရောင်ကို ထွန်းညှိခဲ့သည့် သူနာပြု ဆရာမတယောက်၏ လုပ်ရပ်အဖြစ် ကျနော်ကတော့ မြင်မိခဲ့သည်။

တကယ်တော့ သူလည်း ကြောက်တတ်သည့် လူသား၊ မုန်းတတ်သည့် လူသားသာဖြစ်သည်။ ဒုက္ခသည်စခန်းများကို ဖြတ်သန်းကာ နေ့စဉ်ဆေးခန်းရှိရာလာတိုင်း သူမျက်ဝန်းထဲမှာ အကြောက်တရားက အထင်သားမြင်ရသည်။ ဆေးခန်းထဲ ရောက်ပြီဆိုတော့လည်း လမ်းမှာ ကြောက်သည့်သူ မဟုတ်တော့ပြန်။ သူဘယ်သူတွေကို မုန်းခဲ့လဲဆိုတာ ကျနော် သိပါသည်။

သို့သော် သူက လူတိုင်းကို မုန်းရန် ငြင်းဆန်ခဲ့သည်ဆိုတာကလည်း စေတနာပါသော လုပ်ဆောင်မှုများဖြင့် လူမသိသူမသိ သက်သေပြခဲ့သည်ဟု ယုံကြည်ပါသည်။ ဒါကြောင့်လည်း သူရဲ့ မွတ်စလင် လုပ်ဖော်ကိုင်ဖက်များ၏ ချစ်ကြည်လေးမြတ်ခြင်းကို ခံယူနိုင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

ဒီနေ့ ကမ္ဘာကြီးမှာ အဓိက လိုအပ်ချက် သုံးခု ရှိနေသည်ဟု ဆိုပါသည်။ အခြေခံ ရုပ်ဝတ္ထု လိုအပ်ချက်ဟာ လူသားတော်တော် များများဟာ မပြည့်စုံကြပါ။ တဆင့်ပိုမြင့်လာတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုအပ်ချက်၊ နောက်ဆုံး အမြင့်ဆုံး အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ဟု ဆိုပါသည်။

ဒေါက်တာ အီဇယ်ဒင်ဟာ ဆရာဝန်တယောက်အနေနဲ့ လူတွေနဲ့ အရေးကြီးဆုံး ရှင်သန်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့အပြင် ခေတ်ရဲ့ စံထားအတုယူစရာ ဖြစ်စေခြင်းဖြင့် ကျင့်ဝတ်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ လိုအပ်ချက် ကွက်လပ်များ အားလုံးကို ဖြည့်ဆည်းနိုင်သူ တယောက်ဖြစ်ပါသည်။

ကျနော် ကြုံခဲ့ရဖူးသည့် ဆရာမလေးကရော ဘယ်လို ကွက်လပ်မျိုးကို ဖြည့်ဆည်းခဲ့သလဲ။ ကျနော် အဖြေမထုတ်ချင်ပါ။ သို့သော် သူမသည်လည်း အားလုံးကို သိမ်းကြုံးကာ မမုန်းခဲ့သူ တနည်းအားဖြင့် အမုန်းတရားကို အသိစိတ်ရှိစွာဖြင့် ငြင်းဆန်ခဲ့သူတယောက်တော့ ဖြစ်ခဲ့သည်မှာ သေချာပါသည်။

(လင်းငယ်သည် ပြည်တွင်းအခြေစိုက် ဆရာဝန်တဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading