သက်ပြည့်အငြိမ်းစားယူခဲ့တဲ့ ပညာရှင် ပါမောက္ခ တယောက် အသက် ၈၀ ကျော်ရင် ဘဝကို ဘယ်လို ဖြတ်သန်းသင့် သလဲ။ မြန်မာ့ဆိုရိုးအတိုင်း ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊တတိယ အရွယ်မှာ တရားရှာနေဖို့ လိုပြီလား။ မန္တလေးတက္ကသိုလ်က အငြိမ်းစား ဘူမိဗေဒ ပါမောက္ခ ဆရာဦးဘမော်က ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ သုတေသနအလုပ် လုပ်၊ တတိယအရွယ်မှာ ပညာတွေဖြန့်နေတယ်။ သူ အနှစ်နှစ် အလလက လေ့လာခဲ့တဲ့ ပညာတွေကို Science ဂျာနယ် ၊ Nature ဂျာနယ်တို့မှာ ပညာရပ်ဆိုင်ရာ စာတမ်းတွေ ရေးနေတယ်။
ကျနော်တို့ သတင်းသမားတွေကို ဟောင်ကောင်တက္ကသိုလ်က ပညာရပ်ဆိုင်ရာ ဂျာနယ် တစောင်မှာ ပို့ထားတဲ့ စာတမ်း တစောင်ကို အမှတ်တရ အဖြစ်ပေးတယ်။ စာတမ်းအမည်က “THE FIRST DISCOVERY OF AN EARLY MAN’S FOSSILIZED MAXILLARY BONE FRAGMENT IN MYANMAR” ဖြစ်တယ်။ အမှန်အတိုင်းပြောရရင် ဆရာဦးဘမော်ရဲ့ စာတမ်းကို ကျနော် နားမလည်ပါဘူး။ ပညာရှင်တယောက်ရဲ့ စာတမ်းကို အမှတ်တရ အဖြစ် သိမ်းဆည်းချင်လို့သာ လက်ခံခဲ့တာပါ။
ဆရာဦးဘမော်ရဲ့ ၁၉၇၈ ခုနှစ် ဧပြီလက ပုံတောင်မှာ တွေ့ခဲ့တဲ့ ပရိုင်းမိတ်ဟာ ပြည်တွင်းက ဘူမိဗေဒ နယ်ပယ်မှာ ဆွေးနွေး ငြင်းခုံစရာ ဖြစ်ခဲ့တယ်။ ဆရာဦးဘမော်ကို တွေ့ပြီးသား ပြန်တွေ့သူလို့ ပြောတဲ့ သူရှိခဲ့တယ်။ ဆရာဦးဘမော် ကတော့ Rediscovery is better than none discover. (ပြန်တွေ့တာက ဘာမှ မတွေ့ တာထက် အများကြီး ပိုကောင်းတယ်) လို့ ပြန်ပြောခဲ့ကြောင်း စာရေးဆရာ မောင်သစ်ဆင်းက သင့်ဘ၀ မဂ္ဂဇင်းမှာ မှတ်တမ်းတင် ခဲ့တယ်။
ပုံတောင်မှာ ပရိုင်းမိတ် တွေ့ခဲ့ရတာကြောင့် ၁၉၇၉ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းကြီးက “လူ၏ မူလ ဇစ်မြစ်ကို အာဖရိကမှ အရှေ့တောင်အာရှသို့ ပြောင်းရွှေ့စိုက်ထူလိုက်ခြင်း” ဆိုပြီး သတင်း ဆောင်းပါးရေးခဲ့တယ်။ ၁၉၇၉ ခုနှစ် မေလ ၈ ရက်နေ့ထုတ် The Boston Globe သတင်းစာကြီးကလည်း “လူ၏ ဇာတိချက်မြှုပ်နေရာ အာရှမှာ တွေ့ပြီ” လို့ သတင်းခေါင်းစဉ် တပ်ခဲ့တယ်။ Asia week မဂ္ဂဇင်းကြီးကလည်း “မြန်မာ့မေးရိုးများက လာရာလမ်းကို ညွှန်ပြပြီ”ဆိုပြီး ၁၉၇၉ ခုနှစ် သြဂုတ်လထုတ်မှာ တခမ်းတနား ဖော်ပြခဲ့ကြတယ်။ Nature မဂ္ဂဇင်း ကလည်း ၁၉၇၉ ခုနှစ် နိုဝင်ဘာလ ထုတ်မှာ ပုံတောင်က တွေ့ရှိခဲ့တဲ့ ပရိုင်းမိတ်က အဆင့်မြင့် ပရိုင်းမိတ်တွေထဲမှာ အစောဆုံး ဖြစ်တဲ့ အကြောင်း အတည်ပြုချက်ပေးခဲ့တယ်။
ဆရာဦးဘမော်က သူ့အကြောင်းကို ပြောရိုးပြောစဉ် ပြောသလို ခပ်အေးအေး ပြောနေတာပါ။ အပိုဆာဒါး မပါဘူး။ ကြွားလုံးထုတ်တာ မပါဘူး။ “ကျနော့် တွေ့ရှိမှုကြောင့် အမေရိကန်၊ အင်္ဂလန်၊ ရုရှ၊ပြင်သစ်၊ ဂျပန် စတဲ့ နိုင်ငံတွေက တက္ကသိုလ်တွေနဲ့ သုတေသန အဖွဲ့အစည်းတွေက ဂုဏ်ပြုလက်မှတ်တွေ ပို့ပေးကြတယ်။ အားလုံး ၂၁ ခုတိတိ ရှိတယ်။ စမစ်ဆိုနီယမ်အင်စတီကျူ (Smithsonian Institute) ကတော့ 50 Great Man of 21 Century လို့ သတ်မှတ်ပြီး ရွှေတံဆိပ် ချီးမြှင့်တာပေါ့” လို့ ဆရာက ပြောပြောဆိုဆို ထင်းရှုး သေတ္တာထဲ ထည့်သိမ်းထားတဲ့ ရွှေတံဆိပ်ကို ထုတ်ပြတယ်။ ကျနော်တို့ သတင်းသမားတွေ ဆရာ့ကို ရွှေတံဆိပ်နဲ့အတူ ဓာတ်ပုံရိုက်ကြ ပြန်တယ်။
ဆရာ ရှာဖွေတွေ့ရှိခဲ့တဲ့ ပရိုင်းမိတ်အကြောင်း ကမ္ဘာက သိသွားတော့ ပုံတောင်ဒေသကို လေ့လာဖို့ အမေရိကန်နဲ့ ပြင်သစ်က ပညာရှင်တွေက အစိုးရဆီ ကမ်းလှမ်းတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်း မလှစွာပဲ ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီခေတ် (မဆလခေတ်) က ချမှတ်ခဲ့တဲ့ သုတေသနလုပ်ငန်းများ ဆိုင်ရာမူဝါဒက မြန်မာနိုင်ငံအတွင်း ရုပ်ကြွင်းများ ဆိုင်ရာ ရှာဖွေလေ့လာခြင်းကို မြန်မာနိုင်ငံကသာ ဆောင်ရွက်မည် တဲ့။ ဒါကြောင့် ပုံတောင်ဒေသကို နိုင်ငံတကာ ပညာရှင်တွေ လာရောက်လေ့လာဖို့ အခွင့် မသာခဲ့ဘူး။
ပညာရေးနဲ့နိုင်ငံရေး ရောထွေးပစ်လိုက်တာ ကြောင့် မနုဿဗေဒနယ်မှာ လက်မထောင်နိုင်မယ့် အခွင့်အရေး မြန်မာတွေ လက်လွတ်ခဲ့ရတယ်။ ပညာနဲ့ပတ်သတ်ပြီး သဘောထား မကြီးနိုင်ခဲ့ကြဘူး။ ပညာနဲ့ပတ်သတ်ပြီး မရင့်ကျက်နိုင်ခဲ့ကြဘူး။ အရာရာကို အာဏာနိုင်ငံရေး လို့ သဘောထားပြီး ပညာအပေါ် သေးသိမ်အောင် လုပ်ခဲ့ကြတာ။
မြန်မာနိုင်ငံက အဲဒီအချိန်က တံခါးပိတ်ထားချိန် ဖြစ်တယ်။ ပြည်ပနဲ့ အဆက်အသွယ် လုံး၀ မလုပ်ဘူး။ ပြည်ပက လူတွေလည်း အလည်အပတ် ခဏတဖြုတ်သာ လာခွင့်ပေးထားတဲ့ ကာလတွေ ဖြစ်တယ်။ ပညာရှင်တွေက ပညာရှင်ဗီဇာ မရတော့ တိုးရစ်ဗီဇာနဲ့ ပြည်တွင်းကို ဖြစ်သလို လာခဲ့ကြရတယ်။ ခဏတဖြုတ် လာရောက် လည်ပတ်တဲ့ သဘောနဲ့သာ လာကြရတာပါ။ ရန်ကုန်-မန္တလေး-ပုံတောင်ဒေသ သွားဖို့ ရက်သတ္တ ၁ ပတ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ရန်ကုန်တက္ကသိုလ်က ဘူမိဗေဒ ဘွဲ့ရခဲ့တဲ့ စာရေးဆရာ သင့်နော်က “အဲဒီတုန်းက ကွင်းဆင်းတယ် ဆိုတာ လွယ်တာ မဟုတ်ဘူး။ မြေပုံကလည်း ရှားမှ ရှား။ အခုခေတ်လို လက်ကိုင်ဖုန်းတွေထဲ ဂျီပီအက်စ် ထည့်ထားလို့ လည်းရတာ မဟုတ်ဘူး။ နယ်မြေဒေသ အခြေအနေ ကြည့်ပြီး ကွင်းဆင်း လေ့လာမှုကို လုပ်ခဲ့ကြရတာ။ ခွင့်ပြုချက် ရလို့ သတ်ဆိုင်ရာ က နယ်နမိတ်မျဉ်း သတ်မှတ်ပေးခဲ့ရင် အဲဒီ နယ်နမိတ်မျဉ်း ဖြတ်ကျော်ခွင့် မရှိဘူး။ ပြည်ပက ဘူမိဗေဒပညာရှင်တွေက လာချင်လိုက်တာမှ လွန်လို့။ ခုနှစ်ရက် တပတ်ပဲ ခွင့်ပြုတော့ ဘာလုပ်လို့ ရမှာလဲ။ လေကြောင်းခရီးစဉ်တွေ ကလည်း ယူဘီအေ တခုရှိတာ။ အမြဲ (waiting list) စောင့်ဆိုင်း ခရီးသည်က အပြည့်။ အိပ်စ်ပရက်စ် (အဝေးပြေး) ကား ဆိုတာ ဘယ်နေမှန်း မသိသေးဘူး။ ရထားလက်မှတ်က သုံးရက်လောက် တန်းစီဝယ်မှ ရတယ်” လို့ အဲဒီခေတ်ကာလ အခြေအနေကို ပြောပြတယ်။
ဒါပေမယ့် ဇွဲကောင်းကောင်းနဲ့ လာတဲ့ ပြည်ပက ပရိုင်းမိတ် ပညာရှင် တချို့လည်း ရှိခဲ့တယ်။ ပြင်သစ်လူမျိုး ပညာရှင် တယောက်ဆို မန္တလေး-ပြင်ဦးလွင် ရထားလမ်းတလျှောက် လမ်းလျှောက်ပြီး လေ့လာခဲ့တာ ရှိတယ်။ စာရေးဆရာ မောင်သစ်ဆင်းက ပြည်ပပညာရှင်တွေ ရောက်လာတာနဲ့ ပတ်သတ်ပြီး ၁၉၉၅ ခုနှစ် စက်တင်ဘာလထုတ် သင့်ဘ၀ မဂ္ဂဇင်းမှာ အခုလို မှတ်တမ်းတင်ခဲ့တယ်။
“၁၉၇၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမေရိကန်က မနုသဗေဒပညာရှင် ၂ ယောက် ဆရာဦးဘမော် ဆီ တိုးရစ်ဗီဇာနဲ့ ရောက်ချလာကြတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်က ပါမောက္ခဒေါက်တာ Donald Savage နဲ့ မြောက်ကာရိုလိုင်းနား တက္ကသိုလ်က ဒေါက်တာ Russel Ciochon တို့နှစ်ဦး၊ မန္တလေးကို ရောက်ပြီး ဆရာဦးဘမော် နဲ့ တွေ့ဆုံကြတယ်။ ပုံတောင်ပရိုင်းမိတ်ကို လေ့လာကြတယ်။ ပုံတောင်ဒေသကိုလည်း ရက်အနည်းငယ်လောက် သွားခဲ့ကြတယ်။ ပရိုင်းမိတ် ရုပ်ကြွင်း ထပ်မတွေ့တော့ပေမယ့် ဆရာဦးဘမော် နဲ့ အတူ စာတမ်းပြုစုနိုင်ခဲ့ကြတယ်။ အဲဒီစာတမ်းက ၁၉၇၉ ခုနှစ် နိုဝင်ဘာလ ထုတ် Nature စာစောင်မှာ ပါခဲ့တယ်။ ဒါပေမယ့် အထက်ရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပပညာရှင်တွေနဲ့ တွေ့ဆုံ လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတော်က ချမှတ်တဲ့ မူဝါဒနဲ့ ငြိစွန်းပါသတဲ့။ ဆရာဦးဘမော် လည်း ၄ လလောက် ခေတ္တ ရာထူးချ ခံရပြီး သက်ဆိုင်ရာရဲ့ စုံစမ်းစစ်ဆေးခြင်း ခံခဲ့ရပါတယ်” ဆရာဦးဘမော် ကတော့ သူ အစစ်ဆေးခံခဲ့ရပုံကို အခုလို ပြန်ပြောင်း ပြောပြတယ်။ “အစစ်ဆေးခံရတဲ့ အကြိမ်ပေါင်း မနည်းဘူး။ နိုင်ငံခြားသားနဲ့ ဆက်သွယ်လို့ တဲ့။ National Geographic မဂ္ဂဇင်းက R.L Ciochon ဆိုရင် ၇၅ ခေါက်တိတိ လာတယ်။ ပရိုင်းမိတ် တွေ့မသွားဘူး။ ၇ ရက်လာလိုက်၊ ရက်စေ့လို့ ပြန်သွားလိုက်ပဲ” ကျနော်တို့က ဆရာနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ဖို့ ရီကော်ဒါတွေ ထိုးပေးချိန်မှာ ဆရာက အတိတ်ကို ပြန်အမှတ်ရဟန် တူတယ်။ “ရေးရင်လည်း ထိန်းထိန်းသိမ်းသိမ်း ရေးကြပေါ့ဗျာ။ ဒီအသက်အရွယ်မှ ထောင်ထဲနေရရင်လည်း ကြာကြာခံမယ် မထင်ဘူးဗျ” လို့ အရွှန်းဖောက်တယ်။
အမေရိကန် ပညာရှင် ၂ ဦး သူတို့နိုင်ငံကို ပြန်ရောက်တော့ စာနယ်ဇင်းတွေ ရုပ်သံအစီအစဉ်တွေက မြန်မာ့ပုံတောင် ပရိုင်းမိတ် အကြောင်း ဝိုင်းမေးကြမြန်းကြတယ်။ ဆရာဦးဘမော် တွေ့ခဲ့တဲ့ ပရိုင်းမိတ်က ကမ္ဘာမှာ တွေ့ခဲ့ရသမျှ ရုပ်ကြွင်းတွေထဲမှာ အစောဆုံး ဖြစ်တယ်။ လူမျိုးနွယ်စုဟာ မြန်မာနိုင်ငံက စတင်ပြီး အာရှအနောက်ပိုင်းက တဆင့် အာဖရိကကို ရောက်သွားတာ ဖြစ်နိုင်တယ်။မြန်မာပညာရှင်တွေနဲ့ ၄ နှစ်လောက် အလုပ် လုပ်ချင်ကြတယ်။ ဒါပေမယ့် အဲဒီခေတ်က မူဝါဒကြောင့် ပြည်ပက ပညာရှင်တွေနဲ့ လက်တွဲ အလုပ် မလုပ်နိုင်ခဲ့ကြဘူး။
ပုံတောင်ဒေသကလည်း အကြောင်းပြချက် မယ်မယ်ရရ မရှိပါဘဲ ပြည်ပပညာရှင်တွေ သာမက ပြည်တွင်းပညာရှင်တွေပါ လေ့လာဖို့ အခွင့်မသာ ဖြစ်ရပြန်တယ်။ ဒါပေမယ့် ဆရာဦးဘမော် ဒုတိယအကြိမ် ကံထပ်ကောင်းပြန်တယ်။ ၁၉၈၁ ခုနှစ်မှာ မုံရွာခရိုင် ရွှေမြင်တင် တောင်တန်းနားမှာ ရှေးဦးလူလို့ ယူဆရတဲ့ မေးရိုးတခုတွေ့ခဲ့ပြန်တယ်။ စတုထ္ထနှစ်ဘူမိဗေဒ ကျောင်းသားတွေနဲ့ ဆရာဦးဘမော် ကွင်းဆင်းရင်း နွယ်ခွေရွာရဲ့ အနောက်မြောက်ဘက် ၁ မိုင်အကွာ ဒင်္ဂါးကုန်းလို့ခေါ်တဲ့ ယာကွက်ထဲကနေ ရှေးဦးလူရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း မေးရိုး တွေ့ခဲ့ရတာပါ။ စမ်းသပ်ချက်အရ နှစ် ၂ သိန်း လောက် ရှိနိုင်တဲ့ မေးရိုးခွံဖြစ်နိုင်တယ် လို့ တွက်တယ်။ ပုံတောင်မှာ တွေ့ခဲ့ရတဲ့ ပရိုင်းမိတ်က လူအဖြစ် မကူးပြောင်းသေးဘူး။ နွယ်ခွေမှာ တွေ့တဲ့ မေးရိုးက လူအဖြစ် ကူးပြောင်းပြီး ဖြစ်နေပြီ။
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း မကွယ်လွန်မီက ဆရာဦးဘမော် မေးရိုးခွံတွေ့ခဲ့တဲ့ နွယ်ခွေရွာကို သွားရှာဖွေရာမှာ ကျောက်လက်နတ်အချို့တွေ့ခဲ့တယ်။ ရေလှောင်တမံကြီး ဆောက်တော့မှာမို့ အပြေးအလွှား သွားကြည့်ခဲ့တာပါ တဲ့။ ဆရာဦးဘမော် ကို ဒေါက်တာသန်းထွန်း နဲ့ ဘယ်လောက်ထိရင်းနှီးကြသလဲ လို့ ကျနော်မေးခွန်း ထုတ်တယ်။ ဆရာဦးဘမော်က တိုတိုတုတ်တုတ်ပဲ ဖြေတယ်။
“ဒေါက်တာသန်းထွန်းနဲ့ ကျနော်က သားအဖ လိုနေကြတာ။ သူက (ဒေါက်တာသန်းထွန်း) ကြက်ဥစားရင် အမြဲ ၂ လုံး စားတယ်။ လူထုဒေါ်အမာ့ မွေးနေ့လာရင်း မန္တလေးမှာပဲ ဆုံးသွားတာ”
ဆရာဦးဘမော်က မြင်းတွေရဲ့ မေးရိုးကိုလည်း လေ့လာတွေ့ရှိခဲ့တဲ့ အကြောင်း ပြောတယ်။ “Bioseen horse ပေါ့။ သာစည်နယ်ဘက်မှာ လွန်ခဲ့တဲ့ နှစ် ၁၄ သန်းလောက်က မြင်းရဲ့ မေးရိုးခွံကို တွေ့ခဲ့ရတာ။ ကျနော် မြင်းရဲ့ မေးရိုးခွံ မတွေ့ခင်က ဥရောပမှာသာ မြင်းတွေ ရှိခဲ့တာလို့ ယူဆခဲ့ကြတယ်။ ကျနော့် တွေ့ရှိချက်ကြောင့် အဲဒီအဆိုလည်း ပျက်သွားခဲ့ရတယ်။”
“ဆရာတွေ့ခဲ့တဲ့ ပရိုင်းမိတ်နဲ့ မေးရိုးခွံတွေကရော ဗျ” လို့ ကျနော်က မေးတော့ ဆရာဦးဘမော် ကိုယ်တိုင်လည်း ဝေေ၀ဝါးဝါးသာ ဖြေနိုင်တယ်။ ဘယ်သူ သိမ်းထားမှန်း မသိဘူး။ ဘယ်ဌာနက သိမ်းသွားမှန်းလည်း မသိဘူး။ တက္ကသိုလ်ဆရာဘ၀ အမှတ်ရချက်တွေ အကြောင်း ဆရာဦးဘမော်က အခုလိုဖြေတယ်။
“မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှာ ၃၅ နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့တယ်။ ဘူမိဗေဒ ပညာရပ်နဲ့ ပတ်သက်ပြီး မုံရွာတက္ကသိုလ်မှာလည်း တာဝန် ထမ်းဆောင်ခဲ့တယ်။ ဌာနတွင်း ပြခန်းကို ကျနော် ဦးစီးပြီး လုပ်ခဲ့တာပေါ့။ မုံရွာတက္ကသိုလ်က ဘူမိဗေဒဌာနမှာ ရှိတဲ့ ပရိုင်းမိတ် အများစုက ကျနော် ရှာဖွေတွေ့ရှိခဲ့တာတွေပဲ” သက်ပြည့်ပင်စင်စား ပညာရှင်တယောက်ရဲ့ အနာဂတ်နိုင်ငံ အပေါ် မျှော်လင့်ချက်ကို ကျနော်သိချင်တယ်။ “တိုင်းပြည်အပေါ် တကယ်အကျိုးရှိတဲ့ အလုပ်တွေ ခင်ဗျားတို့ လုပ်ကြ။ ကျနော်တို့ တိုင်းပြည်က ရွှေ၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ယူရေနီယံ အကုန်ထွက်တယ်။ တရုတ်ပြည်ကို ဓာတ်ငွေ့တွေ ရောင်းနေရတာ သာကြည့်တော့။ အမေရိကန်နိုင်ငံက ကာလီဖိုးနီးယားဆိုတာ ဓာတ်ငွေ့ထွက်တဲ့နေရာပေါ့။ အဲဒီလို ဓာတ်ငွေ့သိုက် ကျနော်တို့ဆီမှာ ၃ နေရာလောက် ရှိတယ်။ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ကြ။ သူများနောက်လိုက်ထက် သေတာက ကောင်းသေးတယ်” ဆရာဦးဘမော်ရဲ့ စကားသံတွေထဲမှာ စေတနာတွေကို အတိုင်းသား တွေ့နေရတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေ နိုင်ငံတကာ အဆင့်မီဖို့ ဘယ်လောက် ကြာနိုင်သလဆရာ။
“နှစ် ၅၀ ဆယ်လောက် ကုန်း ရုန်း လုပ်နိုင်မှ ကံကောင်းရင် နိုင်ငံတကာ အဆင့်မီမယ်” ဆရာဦးဘမော်ကို ကျေးဇူးတင် နှုတ်ဆက်စကား ပြောပြီး ပြန်ခဲ့တယ်။ ဆရာတို့အိမ်က အထွက် မန္တလေးမြို့ရဲ့ မင်္ဂလာလမ်း သို့မဟုတ် ၇၃ လမ်းက ခါတိုင်းထက် မင်္ဂလာပိုရှိနေတယ်လို့ ခံစားနေမိပါတော့တယ်။
ဆက်စပ်ဖတ်ရှုရန် – ကမ္ဘာကျော် မြန်မာပညာရှင်