၂၀၁၆ ခုနှစ် ဇန်နဝါရီလက ကချင်လွတ်မြောက်ရေးအဖွဲ့KIO တွင် အဓိကကျသော ရာထူးအပြောင်းအလဲများ ဖြစ်ပေါ်ပြီး နောက် ထိပ်တန်းခေါင်းဆောင်များအကြား အာဏာလွန်ဆွဲပွဲသည် တဖြည်းဖြည်း ပိုမိုမြင်သာလာသည်။
KIO သည် ရာထူး ၇ ခုကို အပြောင်းအလဲလုပ်ခဲ့သည်။ KIO ဒုဥက္ကဌ၊ ကချင်လွတ်မြောက်ရေးကောင်စီ ဥက္ကဌ ၁ နှင့် ၂၊ ဒု-တပ်ချုပ် ၁ နှင့် ၂၊ စစ်ဦးစီးအရာရှိနှင့် နိုင်ငံခြားရေးရာ ဆက်ဆံရေးအရာရှိတို့ဖြစ်သည်။
သံသယသမားများ၏ အဆိုအရ ထိုအပြောင်းအလဲကို သဘောထားတင်းမာသူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက တိတ်ဆိတ်စွာ အာဏာသိမ်းပြီး နိုင်ငံရေးအခင်းအကျင်းသစ် ဖန်တီးရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စိတ်မကောင်းစရာကောင်းသည်မှာ ဝါရင့်ဗိုလ်ချုပ် ၃ ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် ဗိုလ်ချုပ်ဂွမ်မော်တို့အကြား သဘောထားကွဲလွဲမှုများ မကြာသေးမီက ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထို့ကြောင့် မေးခွန်းများ ပေါ်ပေါက်လာသည်။ မည်သည့်အတွက် အာဏာလွန်ဆွဲပွဲသည် ပိုမိုမြင်သာလာသနည်း။ လက်ရှိ အဓိကအငြင်းပွားမှုများသည် မည်သည်တို့နည်း။ အဖွဲ့အစည်းအတွက် မည်သည့်ရလဒ်ဖြစ်ပေါ်လာမည်နည်းတို့ဖြစ်သည်။
သမိုင်းဝင်ကယ်တင်ရှင် ဗိုလ်ချုပ်ကြီး အင်ဘန်လ
ဗိုလ်ချုပ်ကြီး အင်ဘန်လသည် KIO ဒုဥက္ကဌနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဒု-တပ်ချုပ် ရာထူး ၂ ခုကိုင် ထားသည်။ သူသည် လူမျိုးစု တပ်ပေါင်းစုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC၏ ဥက္ကဌဟောင်းလည်း ဖြစ်ခဲ့သည်။
သမိုင်းအရပြောရလျှင် ဗိုလ်ချုပ်ကြီး အင်ဘန်လကို KIA အတွင်း စစ်အာဏာသိမ်းမှုများကို ဖြိုခွင်းသူအဖြစ် သိကြသည်။ ပထမဆုံးအကြိမ် ဖြိုခွင်းမှုသည် ၂၀၀၁ ခုနှစ်ကဖြစ်သည်။
သူသည် ထိုစဉ်က KIO ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး မလိဇွပ်ဇော်မိုင်ကို ဖြုတ်ချပြီး ဗိုလ်ချုပ်ကြီး လမုန်တူးဂျာကို ဥက္ကဌအဖြစ် ခန့် အပ်ခံရသည်။
ဒုတိယအကြိမ် ဖြိုခွင်းမှုသည် တရုတ်နယ်စပ် KIO/KIA ဌာနချုပ်ဟောင်း ပါဂျောင်၌ ၂၀၀၄ ခု ဇန်နဝါရီလ ၇ ရက်နေ့ တွင် ဖြစ်သည်။ ထိုစဉ်က KIA ဒု-တပ်ချုပ် ဗိုလ်ချုပ်ကြီး အင်ဘန်လသည် သူ့ကို ဖြုတ်ချရန် ကြံစည်သော KIA အဆင့်မြင့် အရာရှိများကို ဖြိုခွဲလိုက်သည်။ ထိုအစီအစဉ်မှာ KIO ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီး လဆန်အောင်ဝါကို သူ့ နေရာတွင် အစားထိုးရန်ဖြစ်သည်။
ထိုအာဏာသိမ်းမှု မအောင်မြင်ဘဲ KIA အတွင်း အဓိက အကွဲအပြဲဖြစ်ပြီး လဆန်အောင်ဝါသည် KIA စစ်သား ၁၀၀ ခန့် ကိုခေါ်ပြီး ပန်ဝါရှိ အမျိုးသားဒီမိုကရေစီ တပ်မတော် – NDA-K ပိုင်နက်သို့ ထွက်ပြေးရသည်။ သူသည် နောင်တွင် ဝိုင်းမော် မြို့နယ်ရှိ ဂွေထူတွင် စခန်းချကာ သူ့ကိုယ်ပိုင် ပြည်သူ့စစ်အုပ်စု ထူထောင်သည်။ ထိုအချိန်မှစ၍ ဗိုလ်ချုပ်ကြီး အင်ဘန်လ သည် စစ်အရာရှိ အများအပြားကို ဖြုတ်ချပြီး KIO/KIA ၏ အရေးပါသော ရာထူးအများအပြားတွင် သူကိုယ်တိုင် ဆောင်ရွက်သည်။
နာမည်ဆိုးဖြင့် ကျော်ကြားသော မူးယစ်ဆေးဝါးနှိမ်နင်းသူ
ဒု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်သည် KIA စစ်ဦးစီးချုပ်နှင့် KIC ဒု ဥက္ကဌ စသည့် ဩဇာကြီးသော ရာထူးနှစ်ခုကို ကိုင်ထားသည်။ ဖားကန့်ရှိတပ်ရင်း ၆ တပ်ရင်းမှူး တာဝန်ယူစဉ် ၁၉၉၀ ခုနှစ်က မူးယစ်ဆေးဝါးသုံးစွဲသူ အများအပြားကို ပစ်သတ်ရန် အမိန့်ပေးသောကြောင့် သမိုင်းတွင် အမည်ဆိုး ကျန်ရစ်သည်။
သူသည် KIO/KIA တွင် တဖြည်းဖြည်း ရာထူးတက်လာကာ တပ်မဟာ (၁) တပ်မဟာမှူး၊ မြစ်ကြီးနားရှိ KIO ဆက်ဆံရေး ရုံး အကြီးအကဲနှင့် KIO ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဖြစ်လာသည်။ ၂၀၀၄ ခုနှစ်တွင် လဆန်အောင်ဝါ ပုန်ကန်မှု ကျဆုံးပြီးနောက် သူ စစ်ဦးစီးချုပ်ဖြစ်လာသည်။ ဒု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၏ခေါင်းဆောင်မှုအောက်တွင် KIA သည် တပ်မဟာ ၆၊ ၇၊ ၈ တပ်မဟာ ၃ ခုနှင့် တပ်ရင်းအများအပြား တိုးချဲ့နိုင်ခဲ့သည်။
KIA ၏ လက်ရှိ အကြီးဆုံးအောင်မြင်မှုမှာ လူငယ်ခေါင်းဆောင်များ၊ အမျိုးမျိုးသော လူမျိုးစု ဗိုလ်လောင်းများကို လေ့ကျင့် ပေးနိုင်သည့် စစ်တက္ကသိုလ် ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်။
လူချစ်လူခင်များသော ဗိုလ်ချုပ် ဂွမ်မော်
ဗိုလ်ချုပ် ဂွမ်မော်သည် KIO/KIA တွင် ရာထူးအတက်အမြန်ဆုံး အရာရှိဖြစ်သည်။ ကချင်လူထုအကြား အထူးသဖြင့် လူ ငယ်များကြား သူ့ကို လူချစ်လူခင်များပြီး သူသည် စွဲဆောင်နှိုးဆော် နိုင်သော ခေါင်းဆောင်ဖြစ်သည်။
သူသည် တခါက KIO စေ့စပ်ညှိုနှိုင်းရေး အဖွဲ့ကို ခေါင်းဆောင်ခဲ့ပြီး သူ၏ သံတမန်ပီသမှုအတွက် ပြည်တွင်းပြည်ပ ထောက် ခံမှုရသည်။ သူ့ဘဝတလျှောက် အဓိက အောင်မြင်မှုများမှာ KIO က လူငယ်များအတွက် မူးယစ်ဆေးဝါးပညာပေးမှု၊ ကချင် ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ် သင်တန်းများပို့ချပေးသည့် လူငယ်များ ပညာရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုအစီအစဉ်ကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ဂွမ်မော်သည် စစ်သေနင်္ဂဗျူဟာ လေ့လာရေးရုံးကို အကြီးအကဲ ဗိုလ်မှူးကြီးဘဝဖြင့် ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဇော်နန် ရုတ်တရက် ကွယ်လွန်သောအခါ ဂွမ်မော်သည် ဗိုလ်မှူးချုပ် ဖြစ်လာပြီး ထိုနေရာတွင် ခန့်အပ်ခံရသည်။ ၂၀၁၆ ဇန်နဝါရီလတွင် သူကို KIC ဒု ဥက္ကဌ -၂ အဖြစ် ပြောင်းရွှေ့ခန့်ထားလိုက်သည်။
မည်သည့်အတွက် အာဏာလွန်ဆွဲပွဲဖြစ်ရသနည်း
ပြင်ပအမြင်အရ ထိုဗိုလ်ချုပ်များအကြား သဘောထားကွဲလွဲမှုဖြစ်စေနိုင်သော အကြောင်း ၃ ခုရှိသည်။ ပထမ အကြောင်းရင်းမှာ ခေါင်းဆောင်မှုတွင်း ဆက်သွယ်ရေး အားနည်းခြင်း ဖြစ်သည်။ UNFC ၏ ဥက္ကဌ အဖြစ်လည်း တာဝန်ယူသော ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ထိုလူမျိုးစု မဟာမိတ်အဖွဲ့က ချမှတ်သော မူဝါဒများနှင့် အသေးစိတ်သတင်းများကို KIO ဗဟို ကော်မတီသို့ အစီရင်ခံခြင်းမရှိဟု ကျော်ကြားသည်။
သူနှင့် UNFC အကြား ဆက်ဆံရေးများကြောင့် ထိုင်းနိုင်ငံတွင် အနေများပြီး အခြား KIA ခေါင်းဆောင်များနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမှုနည်းသည်ဟု သိကြသည်။ ဗိုလ်ချုပ်ကြီး အင်ဘန်လ မေလတွင် ၂၁ ရာစုပင်လုံ ညီလာခံတက်ခြင်းမှာ ဆက်သွယ်မှု မှားသောကြောင့်ဟု သတင်းများ ထွက်နေသည်။
KIO သည် အဖွဲ့အစည်းတခုအနေဖြင့် ပါဝင်ခြင်းမပြုရန် ရွေးချယ်သော်လည်း တရုတ်အထူးသံတမန် ဆွန်ကော့ရှန်က နောက်ဆုံးအချိန်မှ ညီလာခံတက်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တက်ရောက်စေရန် စီစဉ်ခဲ့သည်ဟု သတင်းများက ဖော်ပြပြီး ထိုညီလာခံကို ဗိုလ်ချုပ်ကြီး အင်ဘန်လ တက်ရောက်ခဲ့သည်။
ဖြစ်နိုင်ခြေရှိ အခြား ပြဿနာတခုတွင် ဗိုလ်ချုပ်ဂွမ်မော်၏ အခန်းကဏ္ဍ ပါဝင်သည်။ သူသည် ယခင်က UNFC ၏ နိုင်ငံရေး ဆွေးနွေးပွဲ အောက်ရှိညှိုနှိုင်းမှုအများအပြားတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် သူ၏ နိုင်ငံရေး ရုပ်ပုံလွှာမှာ မြင့်မားသော်လည်း မြန်မာစစ်တပ်က UNFC ၏ အချက် ၉ ချက်ပါ တောင်းဆိုချက်ကို ပယ်ချပြီးနောက် သူ့ အခန်းကဏ္ဍမှာ မှေးမှိန်လာသည်။
ထိုဖြစ်ရပ်များနောက်တွင် ဗိုလ်ချုပ်ဂွမ်မော်သည် လွိုင်ဇာရှိ KIA ဌာနချုပ်သို့ ပြန်ရသည်။ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံသောကြောင့် ဗိုလ်ချုပ် ဂွမ်မော် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် အခွင့်အလမ်း နည်းလာပြီး အကန့်အသတ် ဖြစ်လာသည်။
ထိုသူ ၃ ဦးသည် တဦးနှင့် တဦး မူဝါဒ ချဉ်းကပ်မှုနှင့် ခေါင်းဆောင်မှု ပုံစံမတူသည်ကို သိရှိကောင်း သိရှိနိုင်ပေသည်။ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ အမြင်နှင့်နီးစပ်သူများကို ဒု ဗိုလ်ချုပ်ကြီးဂမ်ရှောင်က တရုတ်နှင့် နီးစပ်သူများဟု စိတ်မသက်မသာ မြင်မည်။ ဂမ်ရှောင်သည် KIO ၏ စီးပွားရေး ကော်မရှင်ဥက္ကဌ ဖြစ်လာပြီးနောက် သူ့ကို ကချင်ပြည်နယ်မှ သဘာဝ သယံ ဇာတ ထုတ်ယူလိုသူ တရုတ်စီးပွားရေးသမားများက ချဉ်းကပ်သည်ဟု ကြားရသည်။
KIO စီးပွားရေးဌာန၏အဆိုအရ တရုတ်လုပ်ငန်းရှင် သူဌေးမကြီး မစ္စ အလီချေးသည် တူညီ သော ဘာသာရေးယုံကြည်မှုကို အခြေခံပြီး ဒု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် ရင်းနှီးမှု ရယူကာ အထူးခွင့်ပြုချက်များကို ညှိုနှိုင်းကြသည်ဆိုသည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လသည် သူ၏တင်းကျပ်မှုများအတွက် ဝေဖန်ခံရစဉ် သူ့ထက်ငယ်ရွယ်သော ဗိုလ်ချုပ်ဂွမ်မော်ကို ပိုမို လူကြိုက်များမှု၊ သူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် KIO နောက်ဆုံးသတင်းများတင်ခြင်းအပါအဝင် လူငယ်များ၏ ဆက်သွယ်ရေးကိရိယာဖြစ်သော လူမှုကွန်ရက်မီဒီယာကို အသုံးပြုမှုတို့ကို အဖွဲ့အစည်းမှ သမားရိုးကျသမား သက်ကြီးပိုင်းများ က ခြိမ်းခြောက်မှုအဖြစ် မြင်ကောင်းမြင်နိုင်သည်။
အာဏာ အားပြိုင်ပွဲတွင် ဤဗိုလ်ချုပ် ၃ ဦးတို့ကို ထောက်ခံသူ အသီးသီး ရှိနေသည်။ ဗိုလ်ချုပ်ကြီး အင်ဘန်လကို ထောက်ခံသူများတွင် သူသည် KIO/KIA ကို အာဏာသိမ်းမှုများမှ ကယ်တင်ရှင်ဟုမြင်သူ အရာရှိငယ်များ ပါသည်။ ဒုဗိုလ်ချုပ်ကြီး ဂမ်ရှောင်သည်လည်း KIA စစ်ဘက် အမိန့်ပေးမှုကို အပြည့်အဝ ချုပ်ကိုင်ထားနိုင်သဖြင့် ယုံကြည်အားထားကြသည်။ ဗိုလ်ချုပ်ဂွမ်မော်ကိုမူ ဗဟိုကော်မတီတွင်းမှ အဆင့်တူများနှင့် ပိုမိုကျယ်ပြန့်သည့် ကချင်လူထုက ထောက်ခံကြသည်။
သို့သော် သမိုင်းအရကြည့်လျှင် အဖွဲ့တွင်း အာဏာအားပြိုင်ပွဲသည် အကွဲအပြဲသို့ ဦးတည်သွားနိုင်သည်။ မူးယစ်ရာဇာဟု သိကြသူ စခုန်တိန်ယိမ်းသည် ၁၉၈၉ တွင် ဒီမိုကရေစီသစ်တပ်မတော် ကချင်ကို ထူထောင်ပြီး ၁၉၉၀ တွင် မထုနော်က တပ်မဟာ ၄ ၏ တစိတ်တပိုင်းကို ခွဲထုတ်ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် ကချင်ကာကွယ်ရေးတပ်မတော်ကို ထူထောင်သည်။
၂၀၀၄ ခုနှစ်တွင် လဆန်အောင်ဝါက ဂွေထူတွင် လူ ၁၀၀ ဖြင့် ပြည်သူ့စစ်ကို ထူထောင်သည်။ ခေါင်းဆောင်မှုအကြား လက်ရှိအကွဲအပြဲများ မည်သို့မည်ပုံဖြစ်လာမည်နှင့် ကချင်လှုပ်ရှားမှုကို ထိခိုက်မည်ကို စာရေးသူအပါအဝင် လေ့လာ သူများက စိုးရိမ်နေသည်။
အကွဲအပြဲများကို ကုစားခြင်း
ကချင်ဘာသာရေး ခေါင်းဆောင်အချို့က ကြားဝင်ပြီး အကွဲအပြဲကို ရှောင်ရှားရန် KIO ကို အကြံပေးသည်ဟု ယုံကြည်ရသည်။ အဖွဲ့တွင်းတွင် မည်သည့် KIO အကွဲအပြဲကိုမဆို တားဆီးရန် နည်းလမ်း ၂ ခုရှိပုံ ရသည်။
အဆိုးဆုံးဖြစ်နိုင်ခြေအရ KIO သည် စစ်အရာရှိများ တာဝန်ထမ်းဆောင်သည့်သက်တမ်းကို အများဆုံး အသက် ၆၀ အထိ ကန့်သတ်သည့် ဥပဒေပြဌာန်းနိုင်သည်။ ထို ဥပဒေ အသက်ဝင်လျှင် အသက် ၆၀ ကျော်သော ဗိုလ်ချုပ်များ ၎င်းတို့ရာထူး အသီးသီးမှ နှုတ်ထွက်ရပြီး ဗိုလ်ချုပ်ငယ်များကို အာဏာလွှဲပေးရမည်။ ဤနည်းသည် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းသော ယန္တရားအဖြစ် အသုံးဝင်သည်။
အကောင်းဆုံး ဖြစ်ပုံရသောနည်းမှာ ဗဟိုကော်မတီများ မျက်နှာချင်းဆိုင်တွေ့ပြီး ကွဲလွဲမှုများကို ဖြေရှင်းခြင်းဖြစ်သည်။ ထို့ အပြင် သက်တမ်းပိုမိုငယ်သော အရာရှိများဖြစ်သည့် ဗိုလ်မှူးချုပ်ခေါင်လွမ်း(ဒု-စစ်ဦးစီးချုပ်-၁)၊ ဗိုလ်မှူးချုပ် အောင်ဆိုင်းလာ (ဒု-စစ်ဦးစီးချုပ်-၂)၊ ဗိုလ်မှူးချုပ် ဇော်တောင်( စစ်ဦးစီး အရာရှိ)၊ ဗိုလ်မှူးကြီး ဘရန်နန်၊ ဗိုလ်မှူးကြီး တောင်လ၊ ဗိုလ်မှူးကြီး ခွန်ဆိုင်း၊ ဗိုလ်မှူးကြီး နော်ခမ်းတို့က စုပေါင်းအင်အားဖြင့် ကြားဝင်ဖြေရှင်းပေးရမည်။
ထိုသို့ အချိန်မီ ကြားမဝင်ပါက ဝါရင့်ဗိုလ်ချုပ်များအကြား လက်ရှိ အကွဲအပြဲတွင် KIO သည် မည်သည့်ကချင်လူမျိုးကမျှ မလိုလားသည့် ကြီးမားသည့် အကွဲအပြဲ အပါအဝင် ရလဒ်များ ဖြစ်သွားစေနိုင်သည်။
(ပြင်ဆင်ချက် – KIO ဥက္ကဌဟောင်းတဦးဖြစ်သော ဒု ဗိုလ်ချုပ်ကြီး မလိဇွပ်ဇော်မိုင်ကို ထိုစဉ်က မြန်မာ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် လျှို့ဝှက်သဘော တူညီမှုုပြုလုပ်ပြီး KIA ကို လက်နက်ဖြုတ်ရန် ကြိုးစားသောကြောင့် ဖြုတ်ချခံရသည်ဟု မှားယွင်းစွာ ဖော်ပြမိ၍ ထိုအချက်အစား KIO ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး မလိဇွပ်ဇော်မိုင်ကို ဖြုတ်ချပြီး ဗိုလ်ချုပ်ကြီး လမုန်တူးဂျာကို ဥက္ကဌအဖြစ် ခန့် အပ်ခံရသည်ဟု ပြင်ဆင်ထား ပြီးဖြစ်သည်။)
(Joe Kumbun သည် ကချင်ပြည်နယ်အခြေစိုက် သုတေသီ စာရေးဆရာတဦး ဖြစ်သည်။ ၎င်း၏ The Tripartite Power Struggle in the KIO ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)