ဆောင်းပါး

ပြည်တော်ပြန် အလုပ်သမားများ အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မလား

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ၌ အလုပ်သမား ဥပဒေသစ်တရပ် ပြဌာန်းပြီးနောက် ထိုင်းရောက် တရားမဝင် မြန်မာနိုင်ငံသား ၃ သောင်း ကျော် ပြည်တော် ပြန်လာခဲ့ကြရသည်။

ထိုင်းနိုင်ငံ၌ အလုပ်သမား ဥပဒေသစ် တရပ်အား ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်၍ ဖမ်းဆီးမှုများ လုပ်ဆောင်ပြီး နောက် တရားမဝင် အလုပ်သမားပေါင်း ၆ သောင်းကျော်သည်လည်း သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်သွားကြသည်ဟု ထိုင်းအာဏာ ပိုင်များ က ပြောဆိုထားသည်။

ထိုလူ ၆ သောင်းကျော်တွင် မြန်မာနိုင်ငံသား ၃ သောင်းကျော် ပါဝင်ပြီး နေ့စဉ် ထောင်ချီ၍ ပြန်လာနေကြဆဲ ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများ က ဧရာဝတီ ကို ပြောပြသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်းက “နှစ်နိုင်ငံအစိုးရတွေရဲ့ ညှိနှိုင်းမှု အရ ဥပဒေသစ်ကို ကျင့်သုံးဖို့ ရက်ပေါင်း ၁၂၀ ဆိုင်းငံ့လိုက်ပေမယ့် ဖမ်းဆီးမှုတွေက ရှိနေဆဲပါ၊ မြန်မာနိုင်ငံသား ထောင်ပေါင်း များစွာဟာလည်းပဲ ကိုယ့်နိုင်ငံကို ပြန်နေကြတုန်းပါ” ဟု ပြောသည်။

မိခင်နိုင်ငံသို့ ပြန်လာကြသည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံအတွင်း၌ လစ်လပ်နေသည့် လုပ်ငန်းများတွင် ပါဝင် လုပ်ကိုင် နိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ က နေပြည်တော်၌ ဇူလိုင်လ ၅ ရက်နေ့ က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဝန်ကြီး ဦးသိန်းဆွေ က “ထိုင်းကပြန်လာတဲ့သူတွေထဲမှာ တချို့ကတော့ ပြည်တွင်းက လစ်လပ်နေတဲ့ အလုပ်တွေမှာ ဝင်ရောက် လုပ်ကိုင်ကြမယ်လို့ သိရတယ်၊ တချို့ကတော့ တရားဝင် အထောက်အထားတွေ ပြုလုပ်ပြီးတော့ ထိုင်းကို ပြန်သွားမယ့်သူတွေ ရှိတယ်လို့လည်း သိရပါတယ်” ဟု ဆိုသည်။

ထို့အတူ ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် မြန်မာနိုင်ငံသားများကိုလည်း ဖမ်းဆီးမှုများ မပြုလုပ်ဘဲ မြန်မာနိုင်ငံသို့ လွတ်လပ်စွာ ပြန်လာခွင့်ပြုရန် ထိုင်းအစိုးရနှင့် ဆွေးနွေးထားကြောင်း ဦးသိန်းဆွေက ဆက်ပြောသည်။

ထိုင်းနိုင်ငံ၌ တရားမဝင် ကျန် ရှိနေသေးသည့် မြန်မာများ အားလုံး တရားဝင် အထောက်အထားများဖြင့် နေထိုင်ခွင့် ရရန် ထိုင်းနိုင်ငံ အစိုးရနှင့် ဆွေးနွေးနေဆဲ ဖြစ်ကြောင်းလည်း ဝန်ကြီး က ဆိုသည်။

ပြည်တော်ပြန် အလုပ်သမားများ အနေဖြင့် ပြည်တွင်းတွင် လုပ်ကိုင်နိုင်သည်ဟု အစိုးရက ပြောဆိုနေသော်လည်း၊ ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးနေခြင်း၊ လုပ်အားခ အလွန်နည်းပါးခြင်း၊ ကုန်းဈေးနှုန်း ကြီးမြင့်ခြင်းတို့ကြောင့် စားဝတ်နေရေး ရပ်တည်မှုအတွက် အခက်အခဲများရှိကြောင်း ပြည်တော်ပြန် အလုပ်သမားများ က ပြောဆိုကြသည်။

အလားတူ ထိုင်းနိုင်ငံမှ ပြန်လာသူများ အတွက် မြန်မာနိုင်ငံတွင်း၌ အလုပ်အကိုင်များ အချိန်မီ ဖန်တီးမပေးနိုင်ပါက ဒုစရိုက်မှုများ ထူပြောလာနိုင်သည်ဟု အလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောသည်။

မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဌ ဦးမိုးကြိုး ကလည်း “ထိုင်းက ပြန်လာသူတွေဟာ ထောင်သောင်းချီ ရှိတယ်၊ ဒီလူတွေက ရေရှည်မှာ အလုပ်မရှိဘူးဆိုရင် ဒေါသတွေ ဖြစ်လာပြီးတော့ ခိုးဆိုး လုယက် မှုတွေ၊ ဒုစရိုက်မှုတွေကို အလွယ်တကူ ကျူးလွန်လာနိုင်တယ်၊ ဒါကြောင့် အဲဒီလို မဖြစ်လာရအောင် အလုပ်အကိုင်တွေ ရရှိဖို့ အရေးကြီးတယ်” ဟု ဧရာဝတီ ကို ပြောသည်။

ဝန်ကြီး ဦးသိန်းဆွေကလည်း ပြည်ပမှ ပြန်လာကြသည့် မိမိနိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် ရေတို၊ ရေရှည် စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်နေကြောင်း၊ ထို့အတူ ပြည် တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ နိုင်ငံသားများအား အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှု ဥပဒေ တချို့ကိုလည်း ပြင်ဆင် ရေးဆွဲနေကြကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ထိုင်းအလုပ်သမား ဥပဒေသစ်ကြောင့် ရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံအတွင်းမှ နေ့စဉ် ထွက်ခွာနေကြ၍ ထိုင်း နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ အပြင် ရေလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သစ်သီးဝလံ ထုတ်လုပ် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ စသည်တို့ အတွက် အလုပ်သမား ရှားပါးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ပြည်ပ ရွှေ့ပြောင်း လုပ်သားများကိုသာ အားကိုးအားထားပြု၍ လည်ပတ်နေသည့် ထိုင်းနိုင်ငံ၏ စီးပွားရေး လုပ်ငန်း များ သည် ယခုအခါ ရပ်ဆိုင်းလုနီးပါး ဖြစ်နေခြင်းကြောင့် စီးပွားရေး လုပ်ငန်းရှင်များကလည်း အစိုးရ၏ လုပ်ဆောင်မှု များအား ကန့်ကွက်မှုများ ရှိနေသည်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ၏ ကန့်ကွက်မှုများကြောင့် လုပ်ငန်းခွင် ကန့်သတ်ထားမှု တချိူ့အား ဖြေလျှော့ ပေးနေ သော်လည်း သက်ဆိုင်ရာ နိုင်ငံများသို့ ထွက်ခွာသွားသည့် အလုပ်သမားများအား ပြန်လည်ခေါ်ယူမှု မရှိသေးဟု သိရ သည်။

သို့သော် နိုင်ငံတွင်း ကျန်ရှိနေသေးသည့် အလုပ်သမားများကိုမူ လုပ်ငန်းခွင်တခုမှ နောက်တခုသို့ ပြောင်းရွှေ့ လုပ်ကိုင် ခွင့်ပြုကြောင်း ထိုင်းရောက် မြန်မာများက ပြောသည်။

ပြည်တော်ပြန် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာမည်ဆိုပါက ထိုင်းဘတ်ငွေ ၃၅၀၀ မှ ၄၀၀၀ အ တွင်း ကုန်ကျသည်။

တချို့ကမူ ကူညီထောက်ပံ့ပေးမည့် လူမှုအဖွဲ့များက ကူညီ၍ အဆင်ပြေကြပြီး၊ တချို့ကမူ အခက်အခဲ များရှိနေ ကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများ က ပြောပြသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက် ပင်လယ်ကမ်းခြေ တလျှောက်တွင် လုပ်ကိုင်နေကြသော ထောင်ချီသည့် မြန်မာနိုင်ငံ သားများသည် ထိုင်းအလုပ်ရှင်များက ၎င်းတို့၏ အလုပ်သမားတန်းလျား များတွင် နေထိုင်ခွင့် မပေးတော့၍ နေထိုင် စားသောက်ရေး အခက်အခဲ ဖြစ်နေကြောင်း ဖူးခက်ရောက် မြန်မာတချို့က ဧရာဝတီ ကို ပြောသည်။

ထိုင်းနိုင်ငံ၌ အသစ်ပြဌာန်းလိုက်သည့် အလုပ်သမား ဥပဒေသစ်တွင် မရားမဝင်နေထိုင်သူများအတွက် ကြီးလေးသည့် ပြစ်ဒဏ်များ ထည့်သွင်းထားပြီး ငွေဒဏ် ထိုင်းဘတ်ငွေ ၄ သိန်းနှင့် ထောင်ဒဏ် ၅ နှစ်အထိ သတ်မှတ်လိုက်သည်။

ထို့အတူ တရားမဝင် အလုပ်သမားအား လက်ခံထားသည့် အလုပ်ရှင်များအတွက် ပြစ်ဒဏ်ကိုပါ တိုးမြှင့်ထားပြီး အကယ်၍ တရားမဝင် အလုပ်သမားအား လက်ခံအလုပ်ပေးထားပါက ထိုအလုပ်ရှင်သည် အလုပ်သမားတဦးစီ အတွက် ထိုင်းဘတ် ငွေ ၄ သိန်းမှ ၈ သိန်း အထိ ပေးဆောင်ရမည်ဟုလည်း ထိုင်းအလုပ်သမား ဥပဒေသစ်က ဆိုထားသည်။

ထိုင်းအစိုးရ အနေဖြင့် အလုပ်သမား ဥပဒေအား ပြင်ဆင်ပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဘက်စလုံးအတွက် ကြီးလေးသည့် ပြစ်ဒဏ်များ ပြဌာန်းလိုက်ခြင်းသည် ၎င်းတို့နိုင်ငံ၏ ရွှေ့ပြောင်း အလုပ်သမားများအား ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၊ ဥရောပ နိုင်ငံများ၏ ဝေဖန်ရှုတ်ချမှုများအား လျော့ကျစေရန် အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူ များ က ပြောသည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသူ အားလုံးသည် ၂၀၁၈ ခုနှစ်တွင် တရားဝင် MOU အလုပ်သမားများ ဖြစ်ရမည်ဟု အာဏာသိမ်း ထိုင်းစစ်အစိုးရက သတ်မှတ်ထားသည်။

ထိုင်းနိုင်ငံ၌ တရားမဝင် နေထိုင် လုပ်ကိုင်နေသည့် အလုပ်သမားများသည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများမှ ဖြစ်ပြီး၊ အများဆုံးသည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း သိရသည်။
ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထိုင်းရောက် မြန်မာ ၃ သန်းဝန်းကျင် ရှိပြီး တရားဝင် အထောက်အထား ရှိသူ ၂ သန်း ၂ သိန်း ကျော် ရှိကြောင်း ဝန်ကြီး ဦးသိန်းဆွေ က ပြောဆိုခဲ့သည်။

အလုပ်သမားအရေး ဆောင်ရွက်သူများကမူ ထိုင်းရောက် မြန်မာ ၄ သန်းကျော်ရှိကြောင်း ပြောဆိုကြသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading