၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၏ နည်းပညာဆိုင်ရာ အချက်အချုာ နေရာတခု ဖြစ်သော Bonifacio Global City တွင် အဖွဲ့ နှင့် အတူ ကျနော် ရောက်ရှိနေခဲ့သည်။
အစည်းအဝေးတခုသို့ မသွားမီ ၁၉ ရာစုစတိုင် ကော်ဖီဆိုင်တခု ဖြစ်သည့် Wildflour တွင် ကျနော်တို့ မနက်စာနှင့် နေ့လည်စာ ပေါင်းပြီး စားနေကြစဉ် ငွေလဲကောင်တာသို့သွားသော ကျနော်တို့ မလေးရှားအဖွဲ့မှ အဖွဲ့ဝင်တယောက် စိတ်မသက်သာသည့် မျက်နှာဖြင့် ပြန်ရောက်လာပြီး“ ရင်းဂစ်(မလေးရှားငွေ) က ပီဆို(ဖိလစ်ပိုင်ငွေ) ထက် ၁၀ ရာခိုင် နှုန်းဈေးကျသွားတယ်” ဟု ပြောလိုက်သည်။
အခြားသူများကလည်း ဝင်ပြောတော့သည်။
“ဟုတ်တယ် ရူပီးယား(အင်ဒိုနီးရှား ငွေ) နဲ့ ဆိုရင်လည်း ကျသွားတယ်။”
“နောက်ပြီးတော့ ဒေါင်(ဗီယက်နမ်ငွေ) နဲ့ ယှဉ်ရင်လည်း ကျတယ်။”
သတင်း အချက်အလက်တွေကို ပြန်စဉ်းစားရင်း ကျနော်တို့ ခေတ္တငြိမ်သက်သွားပါသည်။
“တော်တော်ဆိုးတဲ့ အချိန်ပဲ။ ကွာလာလမ်ပူမှာ လူတိုင်း ပြောကုန်ကြပြီ”
၂၀၁၇ ခုနှစ် Hari Raya Aidilfitri ပွဲတော် (Ramadan ဥပုသ်လ ဆုံးသည့် အထိမ်းအမှတ် အဖြစ်ပြုလုပ်သော ပွဲတော်) အချိန်တွင် ငွေကြေးအခြေအနေက ပြောင်းလဲခဲ့ပြီး ဖြစ်သည်။
မလေးရှား ရင်းဂစ်က ဒေသတွင်း စွမ်းဆောင်ရည် အကောင်းဆုံး ငွေကြေးများထဲမှ တခု ဖြစ်ခဲ့သည်။ ယခုနှစ်သည် အာရှငွေကြေး အကျပ်အတည်း ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ တိတိကြာမြင့်ခဲ့သည့် အချိန် ဖြစ်ပါသည်။
ထို့ပြင် နှစ်ပေါင်းများစွာ အတွင်းတွင် ပထမဦးဆုံး အနေဖြင့် Raya ပွဲတော်တွင် ပါဝင်ဆင်နွဲရန် ကျနော် ကွာလာ လမ်ပူတွင် ရှိနေခဲ့သည်။
Raya ပွဲတော်က လေးလေးနက်နက် စဉ်းစားဆင်ခြင်စရာ အချိန်တခုလည်း ဖြစ်သည်ဆိုသည်။
ယခုနှစ်၏ ပွဲတော်များက တိတ်ဆိတ်နေသယောင်ရှိသည်။
မလေးရှားနိုင်ငံများသည် မြင့်တက်လာသည့် ကုန်ဈေးနှုန်းများ၊ အခွန်အသစ်များ၊ နှေးကွေး လေးလံသော စီးပွားရေးနှင့် မဆုံးနိုင်အောင် ဆက်တိုက် ပေါ်ထွက်နေသော နိုင်ငံရေး အရှုပ်အထွေး ပြဿနာများဖြင့် ရုန်းကန်နေကြရသည်။
ကျနော်ကတော့ ကလေးဘဝက နေထိုင်ခဲ့သည့် အိမ်နှင့် ခဲတပစ်အကွာမှာ ရှိပြီး မြို့ကို အပေါ်စီးမှ မြင်ရသည့် တောင်ကုန်းပေါ်မှ အိမ်တလုံးတွင် ခေတ္တနေထိုင်ရင်း စက်ဝိုင်းတပတ်ပြည့်သွားသလို ခံစားရသည်။ ယခုအချိန်အထိ ခရီးတွေသွားနေခဲ့သော်လည်း ဘယ်ကိုမှ လုံးဝ မသွားခဲ့သလိုပင်။
လက်ရှိ အနေအထားမျိုးကို ယခင်ကလည်း ကြုံတွေ့ခဲ့ဖူးသလိုလို ခံစားရသည်။ သမိုင်းက (အနည်းဆုံးတော့ ကျနော့် ကိုယ်ရေးကိုယ်တာ သမိုင်း) က သူ့ဖာသာ ထပ်ကာထပ်ကာ ဖြစ်နေသည်။
ကျနော်က သောမတ်စ်ဖရိုင်းမန်း Thomas Friedman နှင့် ဖရန်စစ် ဖူကူးယာမား Francis Fukuyama တို့ကဲ့သို့ စာရေးဆရာများ သမိုင်းပညာရှင်များ၏ အမာခံ ပရိတ်သတ် ဖြစ်ခဲ့ပါသည်။ သူတို့က လစ်ဘရယ်ဒီမိုကရေစီနိုင်ငံ၊ သည်းခံခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နည်းပညာတို့၏ ရှောင်လွှဲ၍ မရနိုင်သော အကြောင်းများကို ပြောခဲ့ကြသည်။ ယခုအချိန်မှာတော့ ထိုစာအုပ်များက ဖုန်တက်နေကြပြီ ဖြစ်သည်။
ကျနော့် နေ့ရက်များကို စာဖတ်မည့်အစား အိမ်ပတ်ဝန်းကျင်မှ သစ်ပင်များပေါ်ရှိ ရှဉ့်များ နှင့် ငှက်များကို စောင့်ကြည့်ရင်း အချိန်ဖြုန်းခဲ့သည်။ ရံဖန်ရံခါ မျောက်များလည်း အုပ်စုလိုက်ရောက်လာသည်။
ကျေးငှက် တိရိစ္ဆာန်များကို စောင့်ကြည့်မိခြင်းက ကျနော့် အတိတ်ကို ပြန်သတိရစေပါသည်။
သေချာပါသည်။ မလေးရှားနိုင်ငံသားတို့ ဘဝက အနည်းငယ် ပြောင်းလဲခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ဒေါက်တာ မဟာသီယာ မိုဟာမက်ဆိုသူက ရေပေါ်ဆီ အထက်တန်းလွှာတစုကို ကလိခဲ့သည်။ ဆွခဲ့သည်။ အကျင့်ပျက်ခြစားမှုနှင့် မှားယွင်းသော စီမံခန့်ခွဲမှု အတွက် သူတို့ကို စွပ်စွဲခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ က ကမ္ဘာ့ငွေကြေးဈေးကွက်နှင့် ရည်ရွယ်ချက်ကြီးသော သူ၏ လက်ထောက်တို့ကို တွန်းလှန်ခဲ့သည်။
ယနေ့အချိန်တွင် သူက နှစ်ပေါင်း ၂၃ နှစ်နီးပါး ဝန်ကြီးချုပ် လုပ်ခဲ့စဉ်အတွင်း ပါလီမန်မှသည် တရားစီရင်ရေး နှင့် ရဲအဖွဲ့ အထိ ပြိုင်ဘက်အဖွဲ့ အစည်းများကို ထိုးနှက်ခဲ့ခြင်းများကို အလွယ်တကူပင် မေ့ဖျောက်၍ စင်ပေါ်တွင် ဝင့်ဝင့်ကြွား ကြွား ရှိနေဆဲ ဖြစ်သည်။
ကွာလာလမ်ပူကို မည်သို့ခံစားရပါမည်နည်း။
ဘူတာများက ဘယ်နားမှာမှန်း မသိသည့် MRT (Mass Rapid Transit ) ရထား လိုင်းသစ်များ၊ မိုးထိုးနေသော တိုက်တာ အဆောက်အဦးများနှင့် ဖောချင်းသောချင်း ဖြစ်လာသည့် အခပေး လမ်းများဖြင့် အားလုံးက အသားတကျ မရှိသလို ခံစားရသည်။ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် လူတိုင်းက စောဒက တက်နေကြသည်။
မလေးရှားနိုင်ငံသားတို့၏ ရက်ရောမှုနှင့် ဧည့်ဝတ် ကျေပွန်မှုက အားကောင်းဆဲ ဖြစ်သော်လည်း Raya ပွဲတော် အစားအစာများက အစဉ်အလာအတိုင်း rending (အသားဟင်း)၊ lemang (ဝါးကျည်တောက်ထဲတွင် ချက်သည့် အုန်း ထမင်း တမျိုး) နှင့် အခြားစားစရာများဖြင့် တော်ရုံ သင့်ရုံသာ ဖြစ်သည်။
အရာရာက ငွေကြေးအကျပ်အတည်းကို ဖော်ပြနေပြီး တက်ကြွမှု မရှိပါ။
1MDB (မလေးရှားဝန်ကြီးချုပ်၏ ဘဏ်စာရင်းသို့ ဝင်ရောက်သွားသော 1Malaysia Development Berhad ရံပုံငွေများ ကိစ္စ) နှင့် ပတ်သက်သော စွပ်စွဲချက်များနှင့် ပြည်သူတို့၏ အတွေးကို လွှမ်းမိုးထားသော ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ နိုင်ငံရေး အနာဂတ်တို့ကြောင့် သက်သက်ဖြင့် ယခုကဲ့သို့ ဖြစ်ရခြင်း မဟုတ်ပါ။
ရင်းဂစ် ကိစ္စသို့ ရောက်သွားတိုင်း သက်ပြင်းချကြသည်။ အပြန်အလှန် စွပ်စွဲကြသည်။
ကျနော်က ကြားဖြတ်ဝင်၍ “ငွေတန်ဖိုးက တက်လာပါပြီ။ အခြေအနေတွေလည်း တိုးတက်လာတဲ့ပုံ ရှိပါတယ်” ဟု ပြောလျှင် ကျနော့် မှတ်ချက်ကို ပယ်ချကြခြင်းက ကနဦးတန်ဖိုး လျော့ကျခြင်းသည် အရေးအကြီးဆုံး အကြောင်း ဖြစ်သည်ကို သတိပြုမိစေပါသည်။
နောက်ပိုင်းတွင် ပြန်တက်လာသည်ကို မည်သူမျှ သတိမပြုမိကြပါ။
အမှန်တကယ်အားဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းမှာ ငွေတန်ဖိုးလျော့ကျမှုကို ပြန်လည် မချိန်ညှိရ သေးသောကြောင့် ဖြစ်ပါသည်။
ပြည်သူများက (ဆက်တိုက် ဖြစ်ပေါ်နေသော လူသတ်မှုများအပြင် ရာဇဝတ် စွပ်စွဲမှုများဖြင့် လူငယ်များကို အသက်အန္တရာယ် ဖြစ်သည်အထိ ရိုက်နှက်ခြင်း ကဲ့သို့သော) အနိဌာရုံများမှ မျက်နှာ မလွှဲနိုင်ဘဲ ကောင်းသည့် နေရာများကို ကြည့်ရန် ငြင်းပယ်နေကြခြင်း ဖြစ်ပါသည်။
ကျနော် အလုပ်စ လုပ်သည့် ၁၉၈၀ နှစ်များအတွင်းတွင် အရာရာတိုင်းက အဆင်ပြေခဲ့သည်ဟု ကျနော် ပြောချင် ပါသည်။
၁၉၈၀ ကျော် နှစ်များက ရွှေခေတ်တခု မဟုတ်ခဲ့ပါ။ သို့သော်လည်း မျှော်လင့်ချက်များနှင့် အချိန်ဖြစ်သည်။
စာနယ်ဇင်းသမားများက တင်းကျပ်သော ကန့်သတ်မှုများ အောက်တွင် အလုပ်လုပ်ကြရသည်။ အကျင့်ပျက်ခြစား မှုများ၊ အာဏာ အလွဲသုံးစားလုပ်မှုများကို သူတို့ မြင်တွေ့ကြရသည်။ သို့သော်လည်း သူတို့ အချို့သော အကြောင်း များကို ရေးခွင့် မရခဲ့ကြပါ။ အထက်တန်းစား လူတစုက ပြည်သူနှင့် သီးခြား ဖြစ်နေသည်။ အခွင့်အရေးများ ရရှိနေ ကြသည်။
ထိုသို့ ဖြစ်နေသော်လည်း လူတိုင်းက အနာဂတ်က ယူဆောင်လာမည့် အလားအလာများအတွက် ရင်ခုန်မျှော် လင့် နေခဲ့ကြသည်။
လူလတ်တန်းစားများက မလေးရှားနိုင်ငံ၏ ပြောင်းလဲလာသောအခြေအနေ အတွက် ကျေနပ်နှစ်သိမ့်ခဲ့ကြသည်။ ပြည် တွင်းတွင် အရာရာတိုင်းက လျှင်လျှင်မြန်မြန် ဖွံ့ဖြိုးလာပြီး ကိုယ်ရေးကိုယ်တာနှင့် နိုင်ငံရေး လွတ်လပ်ခွင့် ထိန်းချုပ် မှု များက တိုးတက်ချမ်းသာမှုအတွက် ပေးဆပ်ရသည့် သေးငယ်သော တန်ဖိုးတခုဖြစ်ခဲ့သည်။
ယနေ့ခေတ်တွင် ထိုအမြင်မျိုးကို မည်သူကမျှ ဝေမျှခြင်းမပြုဟု ကျနော်ထင်ပါသည်။
ဘာမှားနေပါသနည်း။
မလေးရှားနိုင်ငံသည် အကောင်းမြင်ဝါဒ ကျရှုံးမှုနှင့် ရင်ဆိုင်နေရသည်။ အတိတ်ကဆိုလျှင် ပို၍ ကောင်းလာလိမ့်မည်။ ကောင်းလာနိုင်သည်ဟု ကျနော်တို့ခံစားခဲ့ရသည်။ လက်ရှိအချိန်တွင် ကျနော်တို့က ထိုသို့ မတွေးကြပါ။ ဤသည်ပင် ကွာခြားချက် ဖြစ်ပါသည်။ အကောင်းမြင်ဝါဒ ပျောက်ဆုံး သွားခဲ့သည်။
မလေးရှားနိုင်ငံက အနာဂတ်ကို ပေးသည့် နိုင်ငံတခုအဖြစ် ကာလကြာရှည်စွာ ရှိခဲ့သည်။ ကြီးမားသော စည်းစိမ် ချမ်းသာနှင့် ကြွယ်ဝသော သဘာဝ သယံဇာတများကို ပြည်သူများ အတွက်ပေးနိုင်ခဲ့သည်။ သို့သော်လည်း ယခုအခါတွင် ထိုအနာဂတ် မှုန်ဝါးသွားခဲ့သည်။
မည်သို့ ဖြစ်ခဲ့သနည်းဟု တွေးရင်း မလေးရှားနိုင်ငံသားများ စိတ်ရှုပ်ထွေးခဲ့ရသည်။ ကျနော်တို့ များစွာ မျှော်လင့်ခဲ့သော်လည်း နေရာတိုင်းတွင် စိတ်မကျေနပ်မှုများ ပိုများလာသည်။
အတိတ်က မျိုးဆက်များနှင့် နှိုင်းယှဉ်မည် ဆိုလျှင် ကျနော်တို့ ကောင်းစွာ ပညာသင်ကြားခဲ့ရသည်၊ အသက် ရှည်ရှည် နေရသည်၊ ကျနော်တို့ ပိုပြီး ငွေကြေးချမ်းသာခဲ့ရသည် ဆိုသည်ကတော့ မှန်ပါသည်။
သို့သော်လည်း ထိုအချက်များက သတင်းဟောင်းများ(အတိတ်က ရွှေထီးများ)သာ ဖြစ်ပြီး အိမ်နီးချင်းများက ကျနော်တို့ကို ကျော်တက်သွားခဲ့ကြပြီ ဖြစ်သည်။
အလုပ်အကိုင်များ ရှားပါးနေသည်။ ကမ္ဘာအဆင့်ကို ထား၍ ဒေသတွင်းတွင် ယှဉ်ပြိုင်နိုင်သော လူငယ် အလုပ် သမားများကို ကျနော်တို့ မထုတ်လုပ်နိုင်ခြင်း မရှိတော့ပါ။ လူငယ်များက တသက်တာဆပ်ရမည့် အကြွေးနှင့် ဆိုးရွားသော အလားအလာများကို ရင်ဆိုင်နေကြသည်။
ဆင်ခြင်ဉာဏ်မရှိသော၊ စိတ်လိုက်မာန်ပါလုပ်တတ်သော၊ မယဉ်ကျေးသော၊ မရိုးသားသော ခေါင်းဆောင်များက ကျနော်တို့ကို ဝိုင်းရံထားသည်။ ကျနော်တို့၏ နိုင်ငံရေးက အလားတူနာမည်များ၊ အကြောင်းအရာများထဲတွင်သာ မဆုံးနိုင်အောင် အဖန်ဖန် လှည့်ပတ် နေသည့် အသွင် ဖြစ်နေသည်။
ကျနော်တို့၏ အကန့်အသတ်ဖြင့် ရှိနေသော မွေးကင်းစ ဒီမိုကရေစီ အကြောင်းကို အမှန်အတိုင်းသိလာခြင်း၊ သည်း မခံနိုင်ခြင်းများရှိနေသည်။
ကျနော်တို့ ဘာတွေ ဖြစ်ခဲ့ပါသနည်း။
စီးပွားရေးတိုးတက်မှုက ကျနော်တို့ကို ပိုမိုညီမျှအောင် သို့မဟုတ် ပိုမို ပျော်ရွှင်ရအောင် လုပ်မပေးနိုင်ခဲ့ပါ။ စမတ်ဖုန်းများ၏ အံ့သြလောက်စရာ စွမ်းဆောင်ရည် နှင့် ဆိုရှယ်မီဒီယာကလည်း ကျနော်တို့ အချင်းချင်း ပိုမိုဆက် သွယ်မိလာစေရန် နှင့် သည်းခံတတ်စေရန် လုပ်မပေးနိုင်ခဲ့ပါ။
လက်တွေ့တွင် ကျနော်တို့ကို အတူတကွဖြစ်စေနိုင်သော အမျိုးသားရေး အကြောင်းအရာများ၏ ရည်ရွယ်ချက်ကို ခံစားနိုင်သည့် အာရုံများလည်း ကျနော်တို့ ပျောက်ဆုံးခဲ့ရသည့် အသွင်ရှိပါသည်။
လွတ်လပ်ရေး၊ မလေးရှားနိုင်ငံတည်ထောင်ခြင်း၊ စီးပွားရေး မူဝါဒသစ်(NEP) နှင့် ၂၀၂၀ ရည်မှန်းချက် စသည်တို့မှာ ကျနော်တို့၏ ကွဲပြားစုံလင်သော နောက်ခံအကြောင်းများကို မခွဲခြားဘဲ ကျနော်တို့ကို စုစည်းပေးနိုင်သည့် အရာများ ဖြစ်ကြပါသည်။ ကျနော်တို့ ရှေ့ဆက်သွားရန် အတွက် ထိုနေရာများတွင် အစားထိုးနိုင်မည့် တစုံတရာကို ကျနော်တို့ ခေါင်းဆောင်များက မပေးခဲ့ကြပါ။
အခြေအနေများက ထင်ရသည်ထက် ပိုမိုကောင်းမွန်ကြောင်း ပြသနိုင်မည့် ကိန်းဂဏန်း အချက်အလက်များကို ဆွဲ ထုတ်နိုင်သည်မှာကတော့ သေချာပါသည်။ သို့သော်လည်း စဉ်းစားရာတွင် မကောင်းသော အချက်များနှင့် အထက်တွင် ကျနော်ဖော်ပြခဲ့သော အရေးအကြီး အချက်များလည်း ပါဝင်ရမည် ဖြစ်သည်။
ပြီးခဲ့သည့် နှစ်အတွင်းတွင် အနောက်တိုင်းမှ လစ်ဘရယ်များ တွေ့ရှိခဲ့သည့်အတိုင်း (ပြည်သူတို့၏) စိတ်နေစိတ်ထား များကို ထည့်သွင်း စဉ်းစားခြင်း မရှိဘဲ အုပ်ချုပ် စီမံ၍ မရနိုင်ပါ။
ကျနော်တို့ လမ်းပျောက်ခဲ့သည်မှာလည်း ထိုနည်းအတိုင်း ဖြစ်သည်။ ကျနော်တို့က သူများထက် အရင်တိုးတက်ခဲ့သည့် အချိန်များကို ကျနော်တို့ ဖြုန်းတီးပစ်ခဲ့သည်။ တီထွင်ဖန်တီးမှုကို အလေးပေးရမည့် နောက်ထပ်အဆင့်တခုက ရရှိရန် အလွန်ခက်ခဲမည် ဖြစ်သည်။
အဆိုပါ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်ရန် အတွက် ကျနော်တို့က ပညာရေး၊ အသိပညာ ဗဟုသုတနှင့် ပရော်ဖက်ရှင်နယ် ဖြစ်မှုကို အလေးထားရန် လိုအပ်ပါသည်။ ၎င်းတို့မှာ လွန်ခဲ့သော နှစ်များစွာကထဲက ကျနော်တို့ ပစ်ပယ်ထား သည့် အရာများ ဖြစ်ကြပါသည်။
ထို့ကြောင့် သူများတွေက rendang နှင့် lemang တို့ဖြင့် အလုပ်ရှုပ်နေချိန်တွင် ကျနော်ကတော့ ငှက်တွေကို စောင့် ကြည့်ရင်း မျှော်လင့်ချက်အတွက် နေရာရှိနေသေးသလားဟု စဉ်းစားနေပါသည်။
(ကာရင်မ်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှားစာရေးဆရာတဦး ဖြစ်သည်)