ဆောင်းပါး

အရပ်သားအစိုးရအောက်က တပ်ကို ဒေါ်အောင်ဆန်းစုကြည် တည်ဆောက်နိုင်ပါဦးမလား

Want create site? Find Free WordPress Themes and plugins.

၁၉၈၀ နှောင်းပိုင်းနှစ်များက မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းများအတွင်း ထိုစဉ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး လှုပ်ရှားတဦး ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က သူခေါင်းဆောင်မည့် မည်သည့် အနာဂတ် အစိုးရ မဆို လွယ်ကူမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးနောက်ပိုင်း ရင်ဆိုင်ရမည့် ပြဿနာ အားလုံးကြောင့် ဖြစ်ကြောင်း နိုင်ငံခြား သတင်းဌာနတခုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြည်သူများ ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြခြင်းက သူမျှော်လင့်ထားသည့် ရွေးကောက်ခံအစိုးရအတွက် အလွန်ပင် သက်တောင့်သက်သာ မရှိသော အခြေအနေတခုကို ပေးလိမ့်မည် ဖြစ်ကြောင်း ထိုစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ကြိုတင် ခန့်မှန်းခဲ့သည်။

နောက်ထပ် ဆယ်စုနှစ် ၃ ခုနီးပါးကြာမြင့်ခဲ့ပြီးနောက် ယခုအခါတွင် တိုင်းပြည်၏ ရွေးကောက်ခံခေါင်းဆောင် ဖြစ်လာသော ဒေါ်အောင်ဆန်းစုကြည်သည် အာဏာလွှဲပြောင်းယူခဲ့ပြီး ၁ နှစ်ကျော်အကြာ သူကြိုတင်မျှော်လင့်ထားသည်ထက် ပိုများပြားသော ပြဿနာများဖြင့် ရင်ဆိုင်နေရသည်။ စီးပွားရေး နှောင့်နှေးနေခြင်းမှသည် နိုင်ငံတော် ကျေထောက်နောက်ခံဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအထိ ပါဝင်သည့် ပြဿနာ ဆူးများ တပုံတပင် အတွက် ပြည်တွင်းကရော နိုင်ငံတကာကပါ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြစ်တင်မှုများဖြင့် ရှိနေသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံ့ခေါင်းဆောင်အနေဖြင့် ယခုအချိန်သည် အလွန် စိတ်မသက်သာဖွယ်ရာ အချိန်တခု ဖြစ်နေကြောင်း သံသယ ရှိစရာ မလိုပါ။

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဦးဆောင်ပြုလုပ်နေပြီး ငြိမ်းချမ်းရေးကို ဦးစားပေးအဖြစ်ထားသော် လည်း ယခုအခါ နိုင်ငံအတွင်းမှ ဒေသအများအပြားတွင် ပဋိပက္ခများအရှိန်တက်နေသဖြင့် ငြိမ်းချမ်းရေးထက် စစ်ပွဲက ပိုများနေသည်။ ကချင်ပြည်နယ် မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များ နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များကြားမှ တိုက်ပွဲများကြောင့် ပြည်သူ တသိန်းကျော် သူတို့၏ နေအိမ်များကို စွန့်ခွာထွက် ပြေး၍ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။

ထို့ပြင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင်များကို သတ်ဖြတ်ခြင်းနှင့် မတရားပြုကျင့်ခြင်း စွပ်စွဲမှုများ အပါအဝင် အစိုးရ လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝေဖန်မှုများကိုလည်း ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည်။ စွပ်စွဲမှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တုန့်ပြန်မှုကလည်း သူသည် လူ့အခွင့်အရေးကို မြှင့်တင်ရန်ထက် စစ်ဘက်နှင့် ဆက်ဆံရေး ခိုင်မြဲစေရန်သာ ဦးစားပေးသည်ဆိုသည့် အမြင်များကို ဖြစ်ပေါ်စေခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း ဒေါ်အောင်ဆန်းစုကြည် စတင် တာဝန်ယူသည့် အချိန်မှစ၍ ကျဆင်းလာခဲ့ပြီး ရွေးကောက် ပွဲနောက်ပိုင်းတွင် တိုးတက်လာမည်ဟု မျှော်လင့်ထားသော စီးပွားရေးကလည်း ယိမ်းယိုင်နေခဲ့သည်။ ယခင် အစိုးရလက်ထက်က ကန့်သတ်ချက်များကို ဖြေလျှော့မှုပြုလုပ်ပေးခဲ့သည့် စာနယ်ဇင်း လွတ်လပ်ခွင့်ကလည်း ယခုအခါ တပ်မတော်ကိုသာမက NLD ထိပ်တန်း အဖွဲ့ဝင်များကို ဝေဖန်ရေးသားသည့် စာနယ်ဇင်းသမားများ ဖမ်းဆီး ထောင်ချခြင်း ခံနေရသဖြင့် ဝေဖန် တိုက်ခိုက်မှုများ ပြန်လည်ပေါ်ထွက်ခဲ့သည်။

နိုင်ငံအတွက် စိတ်မသက်သာစရာများ စာရင်းတိုးလာသည်နှင့် အမျှ မေးစရာ မေးခွန်း ရှိလာသည်။ တပ်မတော်ကို တုန့်ပြန် ရန်နှင့် ပိုမို၍ ဒီမိုကရေစီနည်းကျသော အစီအစဉ်တခုကို ချမှတ်ရန် ဒေါ်အောင်ဆန်းစုကြည်တွင် အာဏာမည်မျှ ရှိပါ သနည်း။

စစ်အစိုးရလက်ထက်တွင်ရေးဆွဲခဲ့၍ ၂၀၀၈ ခုနှစ် မေလက ပြုလုပ်ခဲ့ပြီး လေ့လာစောင့်ကြည့်သူ အများအပြားက အငြင်းပွား ဖွယ်ရာအဖြစ် မြင်ခဲ့ကြသည့် ဆန္ဒခံယူပွဲ၏ နောက်ပိုင်းတွင် ကျင့်သုံးခဲ့သော အခြေခံဥပဒေက လွှတ်တော်တွင် စစ်ဘက်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရယူထားခြင်းမှတဆင့် နိုင်ငံရေးတွင် ဦးဆောင်မှု ကဏ္ဍကို ရယူထားခြင်း အပါအဝင် အပြောင်းအလဲပြုလုပ်ခြင်းအစား တပ်မတော်က နိုင်ငံရေးအာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်ခြင်းအား အာမခံ ထားခဲ့သည်။ ထို့နည်းတူ တပ်မတော်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်ကိုသာ နာခံရန်လည်း အာမခံချက်ပေးထားသည်။

အခြေခံဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးများကို တပ်မတော်က ခန့်အပ်သည်။ ပြည်ထဲရေး ဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့ကို ချုပ်ကိုင်ထားသလို ကျေးရွာအဆင့်မှစ၍ ဗဟိုအုပ်ချုပ်ရေးအထိ အရပ်ဘက်အုပ်ချုပ်ရေး၏ အဆင့် တိုင်းကို ထိန်းချုပ်ထားသည်။ ရွေးကောက်ခံ ကိုယ်စားလှယ်များအတွက် ကျန်နေခဲ့သည်မှာ ဝန်ကြီးများနှင့် လွှတ် တော်ကော်မတီ အကြီးအကဲများကဲ့သို့သော ပြယုဂ် နီးပါးနေရာများ ဖြစ်သည်။

“တခါတလေကျရင် ဒေါ်အောင်ဆန်းစုကြည်က စစ်ဘက်ရဲ့လုပ်ရပ်တွေအတွက် တာဝန်ခံနေရတယ်။ ဒါက ဒီမိုကရေစီကို လမ်းကြောင်းပေါ်မှာ ထိန်းထားနိုင်ဖို့ ရေရှည် ဗျူဟာတခု ဖြစ်တယ်ဆိုတာတော့ ရှင်းပါတယ်။ ဒါပေမယ့် သူက ပြန်ရကောင်းမှ ရနိုင်မယ့် အခြေအနေပေါ်မှာ ကစားနေတာများ ဖြစ်မလား” ဟု မြန်မာ့နိုင်ငံရေးကို အနီးကပ် စောင့်ကြည့် နေသော ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက ပြောသည်။

နောက်လာမည့် ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်တွင် ကျင်းပမည် ဖြစ်ပြီး ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က အသက် ၇၅ နှစ် အရွယ်ရောက်နေပြီ ဖြစ်သလို သူ၏ NLD ပါတီကို တာဝန်ယူ ဦးဆောင်မည့် မျိုးဆက်သစ် ခေါင်းဆောင်များကို လည်း သဲသဲကွဲကွဲ မတွေ့ရသေးပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မရှုံးမီက တိုင်းပြည်ကို အရပ်သားတပိုင်း အသွင်ဖြင့် အုပ်ချုပ်ခဲ့သည့် တပ်ကျောထောက်နောက်ခံရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ရွေးကောက်ပွဲများတွင် အပြည့်အဝ ပြန်လည် အနိုင်ရရန် မဖြစ်နိုင်သည့် အသွင်ရှိသည်။

“ဒါပေမယ့် နောက်လာမည့် အနာဂတ်မှာ အာဏာဆက်ရှိနေဖို့ တပ်မတော်ရဲ့ အစီအစဉ်နဲ့ ကိုက်ညီမယ့် တခြား ဖြစ်နိုင်ချေ တွေလည်း ရှိပါတယ်” ဟု အဆိုပါ လေ့လာသုံးသပ်သူက ပြောသည်။

ပိုမို၍ ဒီမိုကရေစီကျသည့် စနစ်တခုသို့ မြှင့်တင်ရန် ဒေါ်အောင်ဆန်းစုကြည်က အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသည့် အပေါ် ပြည်တွင်းပြည်ပမှ မြန်မာပြည်သူ အများအပြား စိုးရိမ်ကြောင့်ကြခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခု နှစ် ရွေးကောက်ပွဲ မတိုင်မီက ပြောကြားခဲ့သော မိန့်ခွန်းများကဲ့သို့ မဟုတ်ဘဲ လေသံပြောင်းသွားသည်ကို သူတို့ သတိပြု မိခဲ့ကြသည်။ “ဆယ်စုနှစ် များစွာအတွင်း ပထမဆုံး အနေနဲ့ စစ်မှန်တဲ့ အပြောင်းအလဲကို ယူဆောင်ပေးမယ့် စစ်မှန်တဲ့ အခွင့်အရေးတရပ်ကို ကျမတို့ ပြည်သူတွေ ရရှိပါလိမ့်မယ်။ ကျမတို့ လွဲချော်မသွားသင့်တဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းများ အပါအဝင် ဖြစ်သည်။

သို့သော်လည်း အခွင့်အရေး တံခါးက မြန်မြန်ဆန်ဆန်ပင် ပိတ်သွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ အာဏာကို ချိန်ညှိရန် လုပ်နိုင်ခဲ့သည့် တခုတည်းသောကိစ္စမှာ ဝါရင့် သံတမန် တဦး ဖြစ်သော ဦးသောင်းထွန်းကို သူ့အစိုးရ အဖွဲ့၏ လုံခြုံရေး အကြံပေးအဖြစ် ဇန်နဝါရီလ အတွင်းက ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ခန့်အပ်ခြင်း အပေါ် ယခင် အစိုးရ လက်ထက်က ပြန်ကြားရေး ဝန်ကြီး အဖြစ်တာဝန်ယူခဲ့သော ဦးရဲထွဋ်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

ဦးသောင်းထွန်းကို ခန့်အပ်ခဲ့ခြင်းကို စင်ကာပူနိုင်ငံမှ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် Today သတင်းစာမှ ဆောင်းပါး တခုတွင် ဦးရဲထွဋ်က အန္တရာယ်များသော ရွှေ့ကွက်တခုဟု ခေါ်ဝေါ်ခဲ့သည်။ ယခင် အရပ်သား အစိုးရများ ဖြစ်သည့် ဝန် ကြီးချုပ် ဦးနုနှင့် သမ္မတ ဦးသိန်းစိန် တို့လက်ထက်တွင် ပြည်တွင်းလုံခြုံရေးကို မြန်မာ့တပ်မတော်နှင့် ဆိုင်သော နယ်ပယ် အဖြစ် သတ်မှတ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်က အစိုးရအတွက် လုံခြုံရေးဆိုင်ရာ အဓိက အကြံပေးအဖြစ် တာဝန်ယူရန် စီစဉ်ခဲ့ကြောင်း သူက ဆက်လက်ရေးသားခဲ့သည်။

သို့သော်လည်း ဗိုလ်ချုပ်ကြီး ဟောင်းတဦး ဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက်က ဝန်ကြီးချုပ်တာဝန် နှင့် ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီ အာဏာမရမီ အထိ သမ္မတ တာဝန်ယူခဲ့သော ဦးသိန်းစိန်က အရပ်သား အစိုးရတခုကို ဦးဆောင် ခဲ့ခြင်း ဟုတ်မဟုတ်ကို အများစုက မေးခွန်းထုတ်ကြမည် ဖြစ်သည်။ ဦးနုသည် ၁၉၄၈-၅၆၊ ၁၉၅၇-၅၈ နှင့် ၁၉၆၀-၆၂ များ အတွင်းတွင် စစ်မှန်သော အရပ်သား အစိုးရများကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး တပ်မတော်ထံမှ အမိန့်ရယူရန် မလိုအပ်ခဲ့ပါ။

အမှန်တကယ်တွင်လည်း မြန်မာနိုင်ငံ ၏ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေတွင် “ကုန်းတပ်(ကြည်းတပ်)၊ ရေတပ်၊ လေတပ် ဖွဲ့စည်း ထားရှိ သော အခွင့်အရေးသည် ပါလီမန်တွင်သာ ရှိရမည်” ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို့ပြင် “ပါလီမန်က ဖွဲ့စည်းထား သော ကုန်းတပ်၊ ရေတပ်၊ လေတပ်များမှ တပါး မည်သည့် ကုန်းတပ်၊ ရေတပ်၊ လေတပ်ကို မျှ သော်လည်း ကောင်း၊ မည်သည့် စစ်တပ် အစည်းအရုံးကိုမျှသော်လည်းကောင်း၊ စစ်တပ်သဘော အချို့အဝက်ပါသော မည်သည့် အစည်းအရုံးကို မျှသော်လည်းကောင်း၊ မည်သည့် အကြောင်းကိစ္စနှင့်မျှ မဖွဲ့ မစည်း မထားရှိရ” ဟုလည်း ဖော်ပြထားသည်။

သူ့ကို အာဏာမှ ကျဆုံးစေခဲ့သော နောက်ပိုင်းတွင် ကြမ်းတမ်းသော စစ်အုပ်ချုပ်ရေးကို ဆယ်စုနှစ်များစွာ ကြုံတွေ့စေခဲ့ရ သော ဦးနု၏ အဓိကနိုင်ငံရေး အမှားမှာ စစ်တပ်က နိုင်ငံတခုအတွင်းမှ နိုင်ငံတခုသဖွယ် ဖြစ်လာနေခြင်းကို အခြေခံဥပဒေက ပေးအပ်သည့် သူ၏ အာဏာကို အသုံးပြု၍ တားဆီးရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ် အာဏာ သိမ်းယူမှုက တိုင်းပြည်၏ ပထမဆုံးနှင့် တခုတည်းသော ဒီမိုကရေစီနည်းကျု အခြေခံဥပဒေကို ပျက်ပြားစေခဲ့သည်။

တပ်မတော်က အာဏာကို ဆက်လက်ထိန်းချုပ်ရန် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အလားတူပင် ရာထူးမှ ဖယ်ရှားခြင်းခံရမည်ဟု အချို့က ယုံကြည်သော်လည်း နောက်ထပ် အာဏာသိမ်းမှု တခုကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြန်ဖြစ်လာမည်ကို ထိပ်တန်း ဗိုလ်ချုပ်ကြီးများက စိုးရိမ်ကြသည်။ ဦးသိန်းစိန်နှင့် USDP အာဏာရရှိခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို general election (အထွေထွေ ရွေးကောက်ပွဲ) အစား generals’ election (ဗိုလ်ချုပ်ကြီးများ၏ ရွေးကောက်ပွဲ) ဟု ထိုအချိန်က ဟာသသဘောမျိုး ပြောခဲ့ကြသည်။

NLD က အဆိုပါ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ သို့သော်လည်း NLD က မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိခဲ့ ပြီး အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းရယူနိုင်ခဲ့သည့်တိုင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည်လည်း ယခင်ကထက် ပိုမို၍ ဒီမို ကရေစီနှင့် တူလာသော generals’ election (ဗိုလ်ချုပ်ကြီးများ၏ ရွေးကောက်ပွဲ) ဖြစ်လေမည်လားဟု ယခုအခါ မေးခွန်းများ ထွက်ပေါ်လာသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်က လွှမ်းမိုးသည့် အာဏာဖွဲ့စည်းမှုကို ပြောင်းလဲရေး တိုးတက်မှု အနည်းငယ်မျှကိုသာ ပြသနိုင်ခဲ့သည်။ ပြည်တွင်းတွင် ကြီးမားသော ထောက်ခံမှုနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ နိုင်ငံရေး အာဏာကို စိန်မခေါ်လျှင် မည်သူက စိန်ခေါ်မည်နည်းဟု မြန်မာပြည်သူ အများစုက စူးစမ်းနေကြသည်။

သို့မဟုတ်ပါက စိုးရိမ်စရာ ရှိသည်မှာ ၂၀၂၀ ရွေးကောက်ပွဲ နောက်ပိုင်းနှင့် အသက် ၇၀ ကျော် ၈၀ နီးပါး ရှိပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် အချိန်တွင် မြန်မာနိုင်ငံသည် တပ်က ဦးဆောင်သော ဒီမိုကရေစီ တစိတ်တပိုင်း နိုင်ငံတခု အဖြစ်သာ ဆက်လက်တည်ရှိနေမည့် အရေးပင် ဖြစ်ပါသည်။

(Asia Times ပါ ဘာတေးလင့်တနာ၏ When will Suu Kyi challenge the military? ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading