ဆောင်းပါး

ဗိုလ်နေဝင်း နဲ့ ကျောင်းသား သမဂ္ဂ အဆောက်အအုံ ဖြိုခွဲမှု

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း စစ်အုပ်စု စတက်တက်ခြင်း ဇူလိုင် ၇ ရက်မှာဖြစ်ပွားခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ထဲက ကျောင်းသား သွေးမြေကျမှုကြီးဟာ မြန်မာ့သမိုင်း စာမျက်နှာမှာ သာမက ကမ္ဘာ့သမိုင်း စာမျက်နှာမှာပါ အရက်စက် ဆုံး၊ အကြမ်းကြုတ် ဆုံး၊ အမိုက်ရိုင်းဆုံး သွေးစွန်းမှုကြီး တခု ဖြစ်ခဲ့ပါတယ်။

သမိုင်းဆိုတာဟာ ဖျောက်ဖျက်လို့ မရစကောင်း၊ မေ့ဖျောက်လို့ မရစကောင်း ပါဘူး။ ဘယ်လိုပဲ ဖျောက်ချင် ဖျောက်ချင်၊ ဘယ်သူက ဖျက်ချင်ဖျက်ချင် ဖျောက်လို့ဖျက်လို့ မရတဲ့ဖြစ်ရပ်ကြီးပါ။

မြန်မာစကားမှာ“အရိုးတွန်တယ်” ဆိုတာ ရှိတယ်။ ဘယ်လိုပဲ ကာကာ၊ ဘယ်လောက်ပဲဖုံးဖုံး တနေ့ အရိုး ကတော့ တွန်မြဲ ပါ။

ဒီနေရာမှာ စဉ်စားစရာက တပ်မတော်နဲ့ ပြည်သူကြား ဘာကြောင့် အမုန်းပွားရသလဲ။ ဘယ်သူတွေကြောင့် လဲ။ တကယ် တော့ တပ်မတော်နဲ့ ပြည်သူကြား အမုန်းပွားစရာရယ်လို့ မရှိခဲ့ပါဘူး။ တပ်မတော်သားတွေ ဟာလည်း ပြည်သူတွေလိုပဲ။ မဝရေစာ စားနေကြရတဲ့ သူတွေပါ။ အဖိနှိပ်ခံနေကြရသူတွေပါ။ မဝရေစာ စားနေရ တဲ့ သူအချင်းချင်း။ အဖိနှိပ်ခံရသူ အချင်းချင်း ဘယ်လိုအကြောင်းနဲ့မှ အမုန်းပွားစရာ အကြောင်း မရှိ ပါဘူး။

တပ်မတော်ဟာ နယ်ချဲ့ဆန့်ကျင်ရေးက ပေါ်ပေါက်လာခဲ့တယ်။ ဖက်ဆစ်ကို တော်လှန်လာခဲ့တယ်။ ပြည်သူနဲ့ တပ်မတော် တပူးတွဲတွဲ တော်လှန်ခဲ့တယ်။ တပ်မတော်နဲ့ ပြည်သူ ဘယ့်ကလောက် ချစ်တယ်ဆိုတာ သာဓက တွေ ရှိတယ်။။

စာရေးဆရာ သာဓု ရေးတဲ့ “တပ်ထဲကမြတ်ကိုကို၊ ထမင်းထုပ်ဖူးစာ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” တို့လို စာအုပ်တွေ တောင် ထွက်တဲ့အထိ တပ်မတော်သားတွေ ရေပန်းစားခဲ့တယ်။ အဲ့ဒီတုံးက တပ်မတော်သား တွေ ကို ပြည်သူလူထု က ချစ်ကြလို့ ထမင်းထုပ်တွေထဲမှာ စာတွေ။ ပိုက်ဆံတွေ။ သီးသန့်စာတွေ လက်ဆောင်တွေ ပို့တဲ့အထိ ဖြစ်တယ်။ ပြည်သူ တွေက တပ်မတော်သားတွေ အပေါ် ချစ်ခဲ့ ခင်ခဲ့ ကြင်နာခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗြီတိသျှ နယ်ချဲ့သမားနဲ့ အပေါင်းအပါတစုက ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ်လို့ ကျဆုံးပြီးတဲ့နောက် လွတ်လပ်ရေးရတယ်။

လွတ်လပ်ရေးနဲ့အတူ ဖွားဖက်တော်အဖြစ် ပြည်တွင်းစစ်က ကပ်ပါလာတယ်။ ပြည်တွင်းစစ် စလာတာနဲ့ ဖဆပလ ဆိုရှယ်လစ် အာဏာရ နိုင်ငံရေးသမားတွေနဲ့ အထူးသဖြင့် ဆိုရှယ်လစ် စစ်ဗိုလ်တွေက ဗိုလ်နေဝင်း ကို သုံးပြီး တပ်မတော်ကို သူတို့အကျိုးစီးပွားအတွက် အသုံးချခဲ့တယ်။

ဗမာပြည်သမိုင်းမှာ သွေးမြေကျခဲ့တာ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ် တော်လှန်ရေးတွေ ကတည်းက စခဲ့တာ လူတိုင်း နီးပါး သိပါတယ်။ ဒါနဲ့တင်ပြီသွားပြီလား ဆိုတော့ မပြီးသေးပါဘူး။

လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာခဲ့တဲ့ ပြည်တွင်းစစ် စဖြစ်ပြီဆိုကတည်းက ပြည်သူတွေ၊ အထူးသဖြင့် ကျေးလက် နေ ပြည်သူတွေ အိုးပျောက်ခွက်ဆုံး။ လူလုံးမလှ ဖြစ်ကြရတယ်။ အိမ်ခြေယာကြော မီးတောထဲမှာ ပြာဖြစ်သွားကြရတယ်။ ပြည်သူတွေအရိုး တောင်ရိုးတောင်တန်းကြီး ဖြစ်သွားခဲ့ရတယ်။

ဗမာ့သမိုင်းမှာ နိုင်ငံရေး လူသတ်မှုတွေဟာ ၁၉၅၂ ခုလောက်ကတည်းက စခဲ့တယ်။ ထင်ထင်ရှားရှား ဆိုရင် ၁၉၅၆ ရွေးကောက်ပွဲမှာ မင်းလှ ၄ လောင်းပြိုင်၊ ဆီတောင်အိုင် လူသတ်မှုနဲ့ ၁၉၆၀ ရွေးကောက်ပွဲ ငါန်းဇွန် ၆ လောင်းပြိုင် လူသတ်မှုတွေဟာ ထင်ရှားတဲ့ သာဓကတွေပဲ။

မင်းလှ ၄ လောင်းပြိုင်အမှုဟာ အခုထိ တရားခံမပေါ်ခဲ့ဘူး။ ဆီထောင်အိုင် အမှုလည်း ဒီလိုပဲ။ အင်းစိန် သတင်း ထောက် စံရှားသတ်မှု အင်းစိန် မြို့လယ်ခေါင်မှာ သတ်တာပဲ။ ဟိုလိုလို ဒီလိုလိုနဲ့ ပြီးသွားခဲ့တယ်။

ငါန်းဇွန် ၆ လောင်းပြိုင် အမှုကတော့ တရားခံမိသွားတယ်။ ပထစ အစိုးရလက်ထက်မှာ မိသွားတာပါ။

တရားခံက တပ်မတော်ရေတပ်က ဗိုလ်မှူး တက်မြင့်နဲ့ အပေါင်းအပါတွေပါ။ ဆိုရှယ်လစ် ပါတီကလို့ သိရပါတယ်။ အဲ့ဒီအမှုတွေကို ကျူးလွန်ခဲ့တာက အာဏာပိုင်အဖွဲ့စည်းက လူတွေဆိုတာ မပြောဘဲနဲ့ သိနေတယ်။

၁၉၅၈ ခုနှစ်မှာ သန့်ရှင်းနဲ့ တည်မြဲကွဲတယ်။ သန့်ရှင်းက ဦးနု၊ သခင်တင်။ တည်မြဲက ဦးကျော်ငြိမ်း၊ ဦးဘဆွေ။ ဆိုရှယ်လစ် ခေါင်းဆောင်တွေ။ သန့်ရှင်းက အစိုးရဖြစ်လာတယ်။ ပမညတ မဲနဲ့ဖြစ်တာ။ ဒါပေမယ့် မကြာပါဘူး။ ၃လနဲ့ ၁၇ရက်ပဲ နန်းသက်ရှည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးနုက ဗိုလ်ချုပ်နေဝင်းကို အာဏာ လွဲှပေးလိုက်ရလို့ပဲ။

တကယ်တော့ အာဏာလွှဲပေးလိုက်တယ် ဆိုတာက လန်ကြုတ်ကြီးပါ။ ဖြစ်ရပ်မှန်က ဆိုရှယ်လစ် စစ်ဗိုလ်တွေ ဖြစ်တဲ့ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေတို့ ဦးနု ဆီက အာဏာသိမ်းလိုက်တာပါ။

သိသာထင်ရှားတဲ့ နောက်တခုက ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲ။ ဒီရွေးကောက်ပွဲမှာ ဆိုရှယ်လစ် စစ်ဗိုလ်တွေ က တပ်မတော်ကို သူတို့ အကျိုးစီးပွား အတွက် အသုံးချခဲ့တယ်။ အဲ့ဒီရွေးကောက်ပွဲမှာ စစ်တပ်ကပြည်သူတွေ ကို သေနတ်နဲ့ တေ့ပြိး တည်မြဲ(ဆိုရှယ်လစ်) ပါတီကို အဓမ္မ မဲထည့်ခိုင်းခဲ့တယ်။

အဲ့ဒီမှာ ပြည်တွင်းစစ် စတယ်ဆိုကတည်းက လူထုနဲ့ တပ်မတော် ဆက်ဆံရေးပျက်ခဲ့တယ် ဆိုပေမယ့် သိပ်မဆိုး သေးဘူး။ ၆၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ စစ်တပ်က ကျေးလက်နေ ပြည်သူတွေကို သေနတ်နဲ့ တေ့ခဲ့တာကိုး။ ဒါပေမယ့် ပြည်သူက သူ့ရဲ့သတ္တိ၊ သူ့ရဲ့ နည်းပရိယာယ်ကို ပြခဲ့တယ်။

သေနတ်မကလို့ အဏုမြူဗုံး နဲ့ပဲ ချိန်ချိန် အဲ့ဒီရွေးကောက်ပွဲမှာ သန့်ရှင်း အပြတ်အသတ် နိုင်ခဲ့တယ်။ ဦးနု ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။

ဦးနု နိုင်တာ ဗိုလ်နေဝင်း အတွက် အချက်ပဲ။ ဗိုလ်နေဝင်းဟာ သူကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့အချိန်ကစပြီး ၆၀ ခုနှစ် ရွေးကောက်ပွဲအထိ ဆိုရှယ်လစ် စစ်ဗိုလ်တွေ ချယ်လှယ်တာ ခံခဲ့ရတယ်။ ဒါကို တလျှောက်လုံး ဗိုလ်နေဝင်း ခံပြင်းခဲ့တယ်။

ဦးနုလည်း အစိိုးရဖြစ်ရော ဦးနုအစိုးရကို အကာအကွယ်ယူပြီး ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုကို ဒေါက်ဖြုတ်လိုက်တယ်။

အဲ့ဒီအချိန်မှာ ဗိုလ်နေဝင်းအတွက် လက်နက်လူသူ ပြည့်စုံနေပြီ။ ဝန်ကြီးချုပ် ဦးနုကိုလည်း အယုံသွင်းထားနိုင်ပြီ။ ဆူးညှောင့် ခလုပ်လည်း ကင်းပြီ။ သူလျှောက်ရမယ့် လမ်းက ဖြောင့်ဖြူးနေပြီ။ အကြောင်းပြချက် တွေကလည်း ရှိနေပြီ။ ပထစတွင်း အကွဲအပြဲတွေကလည်း အစိုးရကို အားနည်းစေခဲ့ပြီ။

ဒါကြောင့် ဖက်ဒရယ်ကို အကြောင်းပြပြီး ဗိုလ်နေဝင်း အာဏာသိမ်းလိုက်တာ ဖြစ်တယ်။ ဆိုရှယ်လစ် ပြယုဂ်နဲ့ ဖက်ဆစ် အလုပ်လုပ်ခဲ့တယ်။ ဗိုလ်နေဝင်းဟာ တပ်မတော်ကို ဆိုရှယ်လစ်တွေဆီက အပြီအပိုင် သိမ်းယူလိုက်ပြီးတဲ့ အခါ တပ်မတော်ကို သူနဲ့သူ့စစ်အုပ်စုပိုင် လုပ်လိုက်ပြန်တယ်။

တပ်မတော်ဟာ ဆိုရှယ်လစ် ခါးပိုက်ဆောင်တပ် အဖြစ်က ဗိုလ်နေဝင်း ခါးပိုက်ဆောင်တပ် အဖြစ် အသွင်ပြောင်း ခံခဲ့ရတယ်။

အဲဒီ ဗိုလ်နေဝင်း အာဏာသိမ်းတဲ့အချိန်မှာ ထိပ်တိုက်တွေ့တာ ကျောင်းသားနဲ့ လူငယ်ပဲ။

ဗိုလ်နေဝင်း အာဏာသိမ်းတာဟာ ဆိုရှယ်လစ် ပျားရည်သုတ်ထားတဲ့ သင်တုံးဓား ဒါမှမဟုတ် စစ်အာဏာရှင် စနစ် ထူထောင်တာပဲလို့ ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့တယ်။ ဗိုလ်နေဝင်း အတွက်တော့ ဆူးညှောင့် ခလုပ်ပဲ။

တဆက်တည်းမှာပဲ ကျောင်းသားတွေက စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး စတဲ့ ကြွေးကြော်သံ လွှင့်တင်လိုက်ကြတယ်။ ဒီကြွေးကြော်သံကြောင့် စစ်အာဏာရှင်စနစ် တည်ဆောက်
ဖို့ ပြင်ဆင်နေတဲ့ ဗိုလ်နေဝင်း အရှိုက်ကို အထိုးခံလိုက်ရသလို ဖြစ်သွားတယ်။

ဒီဆူးညှောင့်ခလုပ်ကို ရှင်းဖို့ ကြံစည် အားထုတ်ခဲ့တယ်။ အကွက်ကျကျ အစီအစဉ်ချခဲ့တယ်။ အဲ့ဒီ အစီအစဉ် တွေ ကတော့ ပါမောက္ခချုပ် ပြောင်းလိုက်တယ်။ အမှားအမှန် ဝေဖန်ပိုင်းခြားခြင်းမပြုဘဲ အထက်အမိန့် ကို တသဝေမတိမ်း လိုက်နာတတ်တဲ့ ပါမောက္ခ ဦးကာ ကို ခန့်လိုက်တယ်။

ဒါထက်ဆိုးတာက ရန်ကုန်တက္ကသိုလ် စတင် တည်ထောင်ကတည်းက ရေးဆွဲတည်ရှိခဲ့တဲ့ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီ ဥပဒေကို ဖျက်သိမ်းလိုက်တယ်။ တရားဝင်ရွေးကောက်ပွဲနဲ့ ရွေးချယ်ခဲ့တဲ့ ကောင်စီဝင်လူကြီးတွေကို ဖြုတ်လိုက်ပြီး စစ်ဗိုလ် ၅ ဦးနဲ့ အစားထိုးခဲ့တယ်။

တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီကို လူဦးရေ ၄၁ ဦးနဲ့ဖွဲ့စည်းခဲ့တယ်။ အဖွဲ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အဓိပတိ၊ ပါမောက္ခချုပ် ဒေါက်တာ သာလှ၊ ဆရာ ဆရာမများ၊ ပညာရေး တာဝန်ရှိသူများ၊ ပညာရှင်များ၊ ကျောင်းသား ကိုယ်စားလှယ်များဖြစ်တဲ့ မစ္စတာ တီပီဝမ်း၊ ဒေါက်တာ မောင်မောင်ကျော် တို့ ပါဝင်ပါတယ်။

စစ်အုပ်စုက ဖွဲ့လိုက်တဲ့ ကောင်စီမှာက အဓိပတိ ဗိုလ်မှူးချုပ် သန်းဖေ၊ ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီး တင်စိုး၊ ပါမောက္ခ ဦးကာတို့ ၅ဦးနဲ့ ဖွဲ့စည်း အစားထိုးခဲ့တယ်။

အဲ့ဒါအပြင် ကျောင်းဆောင် စည်းကမ်းတွေကိုလည်း ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ ပြင်ဆင်ရေးဆွဲလိုက်တဲ့ ကျောင်းဆောင် စည်းကမ်းတွေဟာ ထောင်စည်းကမ်းတွေလို အင်မတန် တင်းကြပ်တဲ့ စည်းကမ်းတွေဖြစ်နေ ပါတယ်။ ဒီစည်းကမ်း တွေ ကိုကျောင်းသားတွေက မနှစ်ခြိုက်ကြပါဘူး။

ဒါကြောင့် အဆောင်စည်းကမ်းတွေ ပြန်ပြင်ပေးစေချင်ကြတယ်။ တကသ ခေါင်းဆောင်တွေဟာ ကျောင်းသား တွေ ဆန္ဒကို မလွန်ဆန်နိုင်ကြပါဘူး။ ဒါကြောင့် အဆောင်စည်းကမ်းတွေ ဖျက်သိမ်းပေးဖို့ စည်းဝေး တောင်းဆိုကြပါတယ်။ ကျောင်းသားထုရဲ့ ဆန္ဒအရ တက္ကသိုလ် ပရဝဏ်အတွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လှည့်လည်ခဲ့တယ်။

ကျောင်းထဲမှာ အေးအေးဆေးဆေး ဆန္ဒပြပြီးသွားလို့ ကျောင်းသားတွေ လူစုကွဲသွားတဲ့ အချိန်မှ ဗိုလ်နေဝင်း ဟာ တပ်မတော်ကို အသုံးချပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅နာရီလောက်မှာ အနားယူ အပမ်းဖြေနေ ကြတဲ့ ကျောင်းသားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ် လိုက်တာပါပဲ။

ဒါ့အပြင် အမျိုးသားပညာရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး ငြိမ်းချမ်းရေး တိုက်ပွဲတွေမှာ ဘူမိနက်သန် နေရာမှန်ဖြစ်ခဲ့တဲ့ သမိုင်းဝင် ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ (တကသ) အဆောက်အအုံကြီးကို ဘာမဆိုင် ညာမဆိုင် မိုင်းခွဲ ဖျက်ဆီးခဲ့ကြတယ်။

အဲ့ဒါဟာ ကျောင်းသား၊ ပြည်သူနဲ့ တပ်မတော် အစဉ်အဆက် ရန်သူ အသွင် ဆောင်ခဲ့ပါတော့တယ်။

အမှန်အတိုင်း ပြောရရင် တပ်မတော်သားတွေနဲ့ ပြည်သူတွေဟာ ရန်သူမဟုတ်ပါဘူး။ စစ်ခေါင်းဆောင် တစုနဲ့ သာ ရန်ဘက်ဖြစ်ခဲ့တာပါ။ ပြည်သူတွေက စစ်ခေါင်းဆောင်တွေပေါ်မှာသာ မကျေနပ်ကြတာပါ။ တပ်မတော် သားတွေ အပေါ်မှာ ညီစ်ကိုမောင်နှမ သားချင်းတွေလိုပါပဲ။

ဒါပေမယ့် ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူနေတာကို မရှုစိမ့်ဘူး။ ဒါကြောင့် ပြည်သူတွေက စစ်ခေါင်းဆောင်တွေ မတရားလုပ်တာ။ ပြည်သူတွေအပေါ် နိုင့်ထက် စီးနင်း လုပ်တာ တွေကို ကြာတော့ မခံမရပ်နိုင်ဖြစ်လာပြီး ပြည်သူတွေက နည်းမျိုးစုံနဲ့ ကန့်ကွက်ခဲ့ကြတယ်။

စစ်အုပ်စုဝင်တွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်၊ နစ်နာချက်၊ စတာတွေကို အေးအေးဆေးဆေး ညှိနိုင်း ဖြေရှင်း ရင် ရနိုင်ပါရက်ကနဲ့ စစ်တပ်ကို ဖြိုခွင်းခိုင်းတယ်။ နှိမ်နင်းခိုင်းတယ်။ စစ်တပ်ဆိုတာက အမိန့် နာခံမှု နဲ့ တည်ဆောက် ခဲ့တာကိုး။ အမိန့်အတိုင်း ပစ်ဆိုရင် ပစ်ရတာပဲပေါ့။ အမိန့်အတိုင်း ပစ်ရတော့ ပြည်သူလူထု နဲ့ တပ်မတော် ထိပ်တိုက် တွေ့တော့တာပေါ့။

တကယ်ကတော့ စစ်အာဏာရှင်အုပ်စုက သူတို့နဲ့ပြည်သူ ထိပ်တိုက်ဖြစ်မယ့်ကိစ္စကို သူတို့ချုပ်ကိုင်ထားတဲ့ စစ်တပ်နဲ့ တေ့ပေးလိုက်တာကအစ ပြည်သူနဲ့ တပ်မတော် အဆင်မပြေတဲ့အဆင့် ရောက်ခဲ့တာပါ။

၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးတော်ပုံ၊ ၆၃-၆၄ ခုနှစ် ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ ၆၇ ခုနှစ် ဆန်ပြဿနာ နဲ့ တရုတ်-ဗမာ အရေးအခင်း၊ ရခိုင် ဆန်ပြဿနာ၊ ၇၄-၇၆ ခုနှစ်အတွင်း မှိုင်းရာပြည့်၊ ဦးသန့် အရေးအခင်း၊ အလုပ်သမား အရေး အခင်း၊ ၈၇ ခုနှစ် ငွေစက္ကူ ကိစ္စ။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံတွေဟာ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ တယ်။

ပေါ်ပေါက်လာတဲ့ အရေးအခင်းတိုင်းကို စစ်အုပ်စု အာဏာပိုင်တွေက တပ်မတော်ကို အသုံးချခဲ့တယ်။ တပ်မတော် ကို အကြမ်းဖက် နှိမ်နင်းစေခဲ့တယ်။ သေနတ် လက်နက်ကို အသုံးပြု ဖြေရှင်းခဲ့တယ်။ တဆိတ်ရှိ စစ်တပ်၊ တဆိတ်ရှိ စစ်တပ် ဆိုတော့ တပ်မတော် နာမည်ပျက်လာတယ်။

နောက်တချက်က ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်ချင်တယ်ဆိုရင် လက်ရှိတာဝန်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီးတွေ တပ်မတော် အာဏာပိုင်တွေကို အကြံပြုလိုပါတယ်။

တပ်နဲ့ပြည်သူ တကယ် ကြည်ဖြူစေချင်တယ် ဆိုရင် တပ်မတော်ကို မူလအတိုင်း ဗိုလ်ချုပ်အောင်ဆန်း မူအတိုင်း သူ့နေရာသူ ပြန်ထားလိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။ တပ်မတော်ဟာ ပြည်သူလူထုအတွက် လိုအပ်ပါတယ်။

ပြည်သူလူထုကို အကျိုးပြုတဲ့ ပြည်သူ့တပ်မတော် ဆိုတာ တကယ့်ကို လိုအပ်ပါတယ်။ အဲ့ဒီလိုမျိုး တပ်မတော် ဖြစ်ဖို့ ပြည်သူကို ချစ်တဲ့၊ တိုင်းပြည်ကိုချစ်တဲ့ တပ်မှူးတပ်သားတွေ ဖြစ်စေချင်ပါတယ်။

တပြိုင်နက်တည်းမှာ မြန်မာ့နိုင်ငံရေးကို ဦးဆောင်ချင်တယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ကြည့်ဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဘယ်နိုင်ငံရေးသမား၊ ဘယ်စစ်ဗိုလ်ကိုမဆို ပြည်သူကရွေးမှာ မုချပါပဲ။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပြစရာသာဓက ရှိခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်လကျ်ာတ့ို့ နိုင်ငံရေး လုပ်တော့ မယ်ဆိုတော့ တပ်က ထွက်လိုက်ကြတာပဲ။ လူတိုင်းသိပါတယ်။

နောက်တခုပြောချင်တာက တဆိတ်ရှိ လက်နက်နဲ့ဖြေရှင်း ဆိုတာက အခု ခေတ်မမီတော့ပါဘူး။ မြန်မာ
မှာ ခေတ်မမီတော့သလို ကမ္ဘာမှာလည်း ခေတ်မမီတော့ပါဘူး။ လက်နက်နဲ့ ဖြေရှင်းတာဟာ ကျောက်ခေတ် က၊ အရိုင်းအစိုင်းတွေ ခေတ်က ဖြေရှင်းနည်းဖြစ်ပါတယ်။ ဒီလို လက်နက်နဲ့ ဖြေရှင်းကြလို့ နှစ်ဖက်ပြည်သူ့ သားကောင်း တွေ ဆုံးရှုံးရတယ်။ ပြည်သူ့ဘဏ္ဍာတွေ ဆုံးပါးပျက်စီးရတယ်။ ချစ်စကိုတိုစေပြီး မုန်းစကို ရှည်စေတယ်။ ရန်မီးကိုပွားစေပါတယ်။

ဒီလိုလက်နက်အားကိုး ဖြေရှင်းလိုက်တဲ့အတွက် ခေတ်ပညာတတ် ကျောင်းသားလူငယ် တော်တာ်များများ တောထဲ ရောက်ကုန်ကြတယ်။ နိုင်ငံရပ်ခြားတွေ ရောက်ကုန်ကြတယ်။ တိုင်းပြည်လည်း အဖတ်ဆယ်မရတဲ့ အခြေ စိုက်ခဲ့ရ တယ်။ တိုင်းပြည်အတွက် အင်မတန် တန်ဖိုးရှိတဲ့ လူငယ်တွေ ဆုံးရှုံးနစ်နာခဲ့ကြရတယ်။ တိုင်းပြည်ရဲ့ အခြေအနေဟာ ကနေအထိ နာလန်မထူနိုင်အောင် ဖြစ်နေခဲ့တယ်။ ဒါတွေဟာ သင်ခန်းစာ ယူသင့်၊ ယူထိုက်တဲ့ ပြဿနာတွေပဲ။

နောက် ဖြစ်ထွန်းလာမယ့် အနာဂတ် မြန်မာနိုင်ငံမှာ ဇူလိုင် ၇ အရေးတော်ပုံလိုမျိုး မဖြစ်သင့်တော့ပါဘူး။ ဒီလို ဖြစ်ရင် လည်း ပြည်သူလူထုက လက်ခံကြမှာ မဟုတ်ပါဘူး။ ပြည်သူလူထုက လက်မခံကြရင် အာရပ်နွေဦး လို ဖြစ်လာမှာ စိုးရိမ်မိပါတယ်။ အာရပ်နွေဦး အဖြစ်မျိုးနဲ့ မကြုံစေချင်ပါဘူး။ အာရပ်နွေဦး မဖြစ်စေချင်သလို နောက်ထပ် ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံမျိုးတွေလည်း မဖြစ်စေချင်တော့ပါဘူး။ နောက်ထပ် ရှစ်လေးလုံး အရေးတော်ပုံ မျိုးတွေလည်း မဖြစ်စေချင်တော့ပါဘူး။

တခုတော့ တောင်းဆိုချင်ပါတယ်။ ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံဖြစ်ရတာ ဘယ်သူ့မှာ တာဝန်ရှိ ပါတယ်။ ဆိုတာလောက်တော့ တရားဝင် ပြောသင့်တယ်လို့ ထင်ပါတယ်။ ဒါမှသမိုင်းရေးတဲ့အခါမှာ ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာသိရမှာပေါ့။

တာဝန်ရှိသူတွေကို တတိုင်းပြည်လုံးက သိပြီးသားပါ။ ဒါပေမယ့် တာဝန်ရှိတဲ့ အစိုးရအဆက်ဆက်က တာဝန် မယူရဲ ကြဘူး။ ရဲရဲ ပြောလိုက်ပါ။ လက်သည်တရားခံ ပေါ်ရုံပါပဲ။ လက်သည် တရားခံတွေ အားလုံးလည်း မရှိကြတော့ပါဘူး။ ဒါပေမယ့် ဒီလိုလုပ်ရင် ဒီလိုတရားခံဖြစ်တတ်တယ်ဆိုတာ သမိုင်းက သာဓကပြမှာ။ သင်ခန်းစာ ပေးမှာဖြစ်တယ်။

ဒီလိုပြောတာဟာ အာဃာတနဲ့ ပြောတာ မဟုတ်ပါဘူး။ သမိုင်း သင်ခန်းစာ ယူနိုင်အောင် ဖြစ်ပါတယ်။

နောက်ထပ် ပြောချင်တာက ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ(တကသ) အဆောက်အအုံကြီး ပြန်ဆောက် ဖို့ အစဦးဆုံး လုပ်ခဲ့တာ ဦးသန်းတင်(ဝတ်လုံတော်ရ)နဲ့ စာရေးသူ အပါအဝင် ကျောင်းသား ခေါင်းဆောင်တချို့ စခဲ့ တာပါ။

ဦးသန်းတင် မွေးနေ့ပွဲ ၂၀၁၂ ခုနှစ်ထဲမှာပါ။

သူက“တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်ချင်တယ်၊ ဒါဟာ သမိုင်းဝင် အဆောက်အအုံပဲ။
ဒီ အဆောက်အအုံပေါ်မှာ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ လုပ်ခဲ့တာ။ ပြန်
ဆောက် ချင်တယ်။ ပြန်ဆောက်မယ်ဆိုရင် ကျုပ် ငွေဆယ်သိန်း မတည်မယ်” လို့ ပြောပါတယ်။

ဦးသာဘန်း၊ စာရေးသူ၊ စောရှားလမိန်းလှ၊ ဦးဖေအောင် အတော်များများ ထည့်ကြပါတယ်။ အဲ့ဒီနေ့မှာတင် ကျပ် သိန်းနှစ်ဆယ် ကျော် ရတယ်ထင်တယ်။ (တချို့ အမည်မမှတ်မိလို့ မဖော်ပြနိုင်တာ ခွင့်လွှတ်ကြပါ)။ အဲ့ဒီ ငွေ ကို ဒေါ်အောင်ဆန်းစုကြည်ကို အပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူအလုပ်များလို့ NLD နာယက
ဦးတင်ဦးကို တာဝန်ပေးပါတယ်။ ဦးတင်ဦးဆီမှာ အဲ့ဒီငွေ အခုထိ ရှိပါတယ်။

နောက်တော့မှ တကသ အဆောက်အအုံ ပြန်ဆောက်ဖို့ ဟိုကပြော ဒီကပြော ပြောလာကြတယ်။ ဒီလိုပြောကြတဲ့အထဲမှာ သွေးရိုးသားရိုး ပါသလို၊ အကြောင်းအမျိုးမျိုးနဲ့ ပြောလာသူတွေလည်း ရှိတယ်။

ဒါပေမယ့် မူလ သမဂ္ဂအဆောက်အအုံဟာ အမျိုးသား ပညာရေး တိုက်ပွဲတွေ၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး တိုက်ပွဲတွေရဲ့ အထိမ်းအမှတ် အဆောက်အ
အုံ ဖြစ်ပါတယ်။

အခုပြန်ဆောက်တဲ့ အခါမှာ အဲ့ဒီအဓိပ္မာယ် သက်ရောက်မှုတွေအပြင် ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံ အထိမ်းအမှတ် အဆောက်အအုံ ဖြစ်သင့်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းသားတွေကို ရက်ရက် စက်စက် စက်သေနတ် တွေနဲ့ ပစ်ခတ် သတ်ဖြတ်ပြီးတဲ့နောက် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ မနက် ၅ နာရီလောက် မှာ သမိုင်းဝင် တကသ အဆောက်အအုံကြီးကို မိုင်းနဲ့ ဖောက်ခွဲ ဖျက်ဆီးပစ်လိုက် ကြလို့ပါပဲ။

ဒါကြောင့် တကသ အဆောက်အအုံ ပြန်ဆောက်ရာမှာ –

၁။ ဖောက်ခွဲခံလိုက်ရတဲ့ တကသ နေရာမှာ ဂျပန်ပြည် ဟီရိုးရှီးမားမြို့မှာရှိတဲ့ ငြိမ်းချမ်းရေး ဗိမာန်လို အ
မှတ်တရ “ဗိမာန်” ကမ္ပည်းကျောက်စာနဲ့တကွ ဆောက်လုပ်ရန်။
၂။ အဲ့ဒါရဲ့ နောက်မှာ တကသ မူလပုံစံအတိုင်း ပြန်ဆောက်ပြီး သမဂ္ဂသမိုင်းပြတိုက် အဖြစ် ထားရှိရန်။
၃။ သင့်တော်တဲ့နေရာမှာ ကျောင်းသားသမဂ္ဂပိုင် သမဂ္ဂအဆောက်အအုံတခု ဆောက်ရန်။
၄။ သမဂ္ဂ အဆောက်အအုံဟာ ကျောင်းသားသမဂ္ဂနဲ့ ဆိုင်တယ်။ပိုင်တယ်။ သမဂ္ဂအဆောက်အအုံကို
လွှဲပြောင်း လက်ခံယူရမှာက ရွေးကောက်ပွဲနဲ့ တက်လာတဲ့ တကသ အမှုဆောင်အဖွဲ့သာ ဖြစ်တယ်။
၅။ ဒါကြောင့် အစဉ်အလာအရ တကသ အမှုဆောင်အဖွဲ့ကို တကသ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ အညီ ရွေး
ကောက် တင်မြှောက်ခံရတဲ့ အမှုဆောင်အဖွဲ့ ဖွဲ့စည်းခွင့်ပြုရမယ်။
၆။ အဲ့ဒီ တကသ အမှုဆောင် အဖွဲ့က အဆောက်အအုံကို လက်ခံယူရမှာ ဖြစ်တယ်။
(ပထမဆုံး သမဂ္ဂ အဆောက်အအုံကို ပထမဆုံး သမဂ္ဂဥက္ကဋ္ဌ ကိုထွန်းစိန်က လက်ခံယူတဲ့ အစဉ်အလာပါ)

ဒီသဘောထားကို ဦးသန်းတင် အပါအဝင် သမဂ္ဂခေါင်းဆောင်ဟောင်းများ လက်ရှိ သမဂ္ဂခေါင်းဆောင်များ ကပါ သဘောကျမယ်လို့ ယုံကြည်ပါတယ်။

ဒါကြောင့် အခုပြန်ဆောက်တော့မယ့်စဲစဲ သမဂ္ဂ အဆောက်အအုံ အတွက် သမဂ္ဂ ခေါင်းဆောင်ဟောင်းများ၊ လက်ရှိ သမဂ္ဂ ခေါင်းဆောင်များနဲ့ ညှိနှိုင်း တိုင်ပင်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။ ။

စာရေးသူ လှကွန့်သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေ သော စာနယ်ဇင်း မီဒီယာများတွင် သမိုင်း ဆိုင်ရာများ နှင့် နိုင်ငံရေး ဆိုင်ရာ စာပေများကို ရေးသား နေသူ ဖြစ်သည်။ ဗကသ ခေါင်းဆောင်ဟောင်း တဦးလည်း ဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading