ဆောင်းပါး

ရင်မအေးနိုင်တဲ့ ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားအရေး

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့က ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးထဲကို မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ ပုံစံမျိုးစုံနဲ့ အဆက်မပြတ် ဝင်လာနေကြပါတယ်။ ပီနံအိတ်ထုပ်တွေ၊ ကျောပိုးအိတ်တွေ ထမ်းပြီး အစုလိုက်၊ အဖွဲ့လိုက် အလျှိုလျှို ဝင်လာ နေသူတွေ တွေ့ရသလို လူ ၅၀ လောက် ဆန့်တဲ့ ၆ ဘီးကားကြီး တွေနဲ့ တစီးပြီး တစီး သယ်လာတာတွေလည်း ရှိပါတယ်။

ကလေးတဖက်၊ အထုပ်အပိုးတွေ တဖက် မနိုင်မနင်းဖြစ်နေတဲ့ အမျိုးသမီးပါသလို နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်သည်တွေ ကိုလည်း တွေ့ရပါတယ်။ တချို့ကတော့ အိပ်ယာလိပ်တွေ၊ လေပန်ကာတွေအပြင် မီးဖိုချောင်သုံး ပစ္စည်းတွေကိုပါ သယ်လာကြ ကြလို့ ထိုင်းရဲတွေက “မင်းတို့ အပြီးပြန်တာလား၊ ပြန်မလာတော့ဘူးလား” လို့တောင် မေးတာတွေရှိပါတယ်။

ရောက်လာသူတွေထဲက အများစုဟာ အသက် ၂၀ ဝန်းကျင် လူငယ်တွေပါ။ အားလုံးရဲ့ မျက်ဝန်းတွေကတော့ တောက်ပမှုတွေ ကင်းနေသလို ညှိုးငယ်နေတဲ့ မျက်နှာထားတွေနဲ့ သက်တောင့်သက်သာ မရှိကြပါဘူး။

သူတို့တွေအားလုံးဟာ ထိုင်းနိုင်ငံ နိုင်ငံအဝန်းမှာရှိတဲ့ ဆောက်လုပ်ရေး၊ ဈေး၊ ဥယာဉ်ခြံ၊ အိမ်အကူလုပ်ငန်း၊ စားသောက်ဆိုင်၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့ လယ်ယာမြေလုပ်ငန်းတွေမှာ အလုပ်လုပ်ခဲ့ကြတဲ့သူတွေပါ။

ခုလို မြန်မာနိုင်ငံသားတွေ ရုတ်တရက်၊ အစုလိုက် အပြုံလိုက် အိမ်ပြန်စေခဲ့တဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေး ဥပဒေသစ်တရပ် ထုတ်ပြန်လိုက်ခြင်းကြောင့် ဖြစ်ပါတယ်။

အဲဒီ ဥပဒေ အရ အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့် အထောက်အထားမဲ့နေသူတွေ၊ နေထိုင်ခွင့် ရှိပေမယ့် အလုပ်လုပ်ခွင့် Work Permit မရှိတဲ့သူ၊ Work Permit ရှိပေမယ့်လည်း စာအုပ်ထဲမှာ ခွင့်ပြုထားတဲ့ အလုပ်နဲ့ လက်ရှိ အလုပ်နဲ့ ကွာခြားနေတဲ့သူတွေနဲ့ အဲဒီအလုပ်သမားတွေကို လက်ခံထားတဲ့ အလုပ်ရှင်တွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးမယ်လို့ ပါရှိပါတယ်။

ဒီအချက်အလက်တွေနဲ့ ငြိစွန်းနေတဲ့ အလုပ်သမားတွေကို ဖမ်းမိရင် အလုပ်ရှင်အနေနဲ့ အလုပ်သမားတဦး အတွက် ဘတ် ၄ သိန်း (ကျပ် သိန်း ၁၄၀) ခန့် သို့မဟုတ် ဘတ် ၈ သိန်း (ကျပ်သိန်း ၃၀၀ ခန့်) ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေကြောင့် အလုပ်ရှင်တွေ အနေနဲ့လည်း အထောက်အထားမပြည့်စုံတဲ့ အလုပ်သမားတွေကို ဆက်မထိန်းထားရဲ တော့ဘဲ ပြန်လွှတ်ကြပါတော့တယ်။

ဒီလို ပြစ်ဒဏ်တွေဟာ အလုပ်ရှင်ပဲ ခံရမှာမဟုတ်ပါဘူး။ သူပြဌာန်းလိုက်တဲ့ ဥပဒေအရ နေထိုင်၊ လုပ်ကိုင်ခွင့် အထောက် အထား မပြည့်စုံမှုတွေနဲ့ ပတ်သက်ပြီး ငြိစွန်းနေရင် လုပ်သား အနေနဲ့လည်း ဒဏ်ငွေအားဖြင့် ဘတ် ၂၀၀၀ ကနေ ဘတ် ၁ သိန်း သို့မဟုတ် ထောင်ဒဏ် ၅ နှစ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမယ်လို့ဆိုပါတယ်။ ဒါကြောင့် အထောက်အထား မပြည့်စုံတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့လည်း ဆက်လက်နေထိုင်ဖို့ အခွင့်မသာတော့တာကြောင့် ပြန်လာနေကြတာ ဖြစ်ပါတယ်။

“ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်အရ ပြစ်မှု၊ ပြစ်ဒဏ် အရမ်းများတဲ့အတွက် အလုပ်ရှင်က မခိုင်းရဲတာပါသလို၊ အလုပ်သမားတွေက မလုပ်ရဲတာပါတယ်။ ပြန်လာပြီးတော့ တရားဝင်လမ်းကြောင်းနဲ့ ပြန်သွားမယ်ဆိုရင်တော့ သူတို့ရဲ့ ဥပဒေ အရ အကာအကွယ် ကောင်းကောင်းတော့ ရသွားမယ်လို့ မျှော်လင့်ရပါတယ်” လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ မဲဆောက်မြို့ အခြေစိုက် အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်း က ဆိုပါတယ်။

ဒီဥပဒေ ပြဌာန်းပြီးနောက် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးပြီး အတင်းအကြပ် ပြန်ပို့တာမျိုးမလုပ်ဖို့၊ ကောင်းကောင်းမွန်မွန် ပြန်ပို့ဖို့ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့အကြား ဆွေးနွေးပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က ဒီဥပဒေကို ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ကြောင်း ကြေညာလိုက်ပါတယ်။

ဒါပေမယ့်လည်း စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရှိနေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်း-မြန်မာ နယ်စပ် ဂိတ်ပေါက်တွေက တဆင့် အဆက်မပြတ် ပြန်နေကြပါတယ်။ ဇွန်လကုန်ရက်က စတင် ပြန်နေကြပြီဖြစ်တဲ့ အလုပ်သမားတွေဟာ မဲဆောက်-မြဝတီ နယ်စပ်ဂိတ်တခုတည်းမှာဘဲ တပတ်အတွင်း လူဦးရေ ၃ သောင်းကျော်ပြန်ခဲ့ပြီး အခြားဂိတ်ပေါက်တွေက ပြန်သူတွေနဲ့ဆိုရင် စုစုပေါင်း ၄ သောင်းကျော်ရှိနေပါပြီ။

ဒီလို တရက်ကို ထောင်နဲ့ချီပြန်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းဘက်ကလည်း ဖမ်းဆီးခြင်းမပြုဘဲ ပြန်ဆင်း လာကြတဲ့ အလုပ်သမားတွေကို နယ်စပ် အခြေစိုက် ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ စုပေါင်းပြီး မြန်မာ အစိုးရထံကို စနစ်တကျ လွှဲပြောင်း ပေးနေတာတွေ့ရပါတယ်။

မြန်မာအစိုးရဘက် အခြမ်းမှာလည်း အစိုးရ၊ တပ်မတော်နဲ့ လူမှုအဖွဲ့အစည်းတွေက နွေးနွေးထွေးထွေးကြိုဆိုကြပြီး နေရပ်ရင်း တွေကို ပြန်ဖို့ ကားတွေစီစဉ်ပြီး အခမဲ့ ပြန်ပို့နေကြသလို အဆင့်ဆင့် ပြန်ရမယ့် လုပ်သား တချို့ကိုတော့ တဦးကို ကျပ်ငွေ ၁ သောင်း စရိတ်ထောက်ပံ့ပါတယ်။

မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က “ရွှေ့ပြောင်း အလုပ်သမားတွေကြားထဲမှာ ဝရုန်းသုံးကားဖြစ်သွားတယ်။ ကစဉ့်ကလျားဖြစ်သွားတယ်။ တနည်းအားဖြင့် ကျွဲကူးရေပါ ဆိုသလိုပဲ အလုပ်ရှင်တွေမှာလည်း ကစဉ့်ကလျားဖြစ်သွားတယ်။ တပ်ပျက်သွားတယ်။ မိမိတို့ အလုပ်သမားတွေ၊ လက်လွှွတ်ရမယ့် သဘော၊ ဆုံးရှုံးရတော့မယ့် သဘောမျိုးတွေဖြစ်သွားတယ်။ အဲဒီတော့ အလုပ်သမားအတွက်လည်း မကောင်းဘူး။ အလုပ်ရှင်အတွက်လည်း ဆိုးတယ်” လို့ ဆိုပါတယ်။

အခုလို အလုပ်သမားတွေ အစုလိုက်အပြုံလိုက် ဒုက္ခ၊ သောကတွေနဲ့ ပြန်နေရတာဟာ နှစ်နိုင်ငံ အစိုးရရဲ့အားနည်းတဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်တယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြစ်တင် ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေး အဆင်မပြေခြင်း၊ တိုင်းရင်းသားဒေသတွေမှာ စစ်ပဋိပက္ခတွေ ဖြစ်ပွားခြင်း ကြောင့် မြန်မာနိုင်ငံသားတွေဟာ ရေကြည်ရာ မြက်နုရာရှာရင်း အနီးဆုံး အိမ်နီးချင်း ထိုင်းနိုင်ငံကို ပုံစံမျိုးစုံနဲ့ ကူးသန်း ရောက်ရှိ လာခဲ့ကြပါတယ်။

ဒီလိုရောက်ရှိလာတဲ့သူတွေကို ထိုင်းနိုင်ငံမှာ နေထိုင်၊ လုပ်ကိုင်ခွင့် အထောက်အထားတွေ လုပ်ဖို့ တိုက်တွန်းပြီး ဆောင်ရွက် ပေးတဲ့ နေရာမှာ နှစ်နိုင်ငံအစိုးရအနေနဲ့ ထိရောက်တဲ့ စနစ်တကျလုပ်ဆောင်မှုတွေ မပေးနိုင်ဘဲ လုပ်ဆောင်ပေးခဲ့တဲ့ စာအုပ်တွေဟာလည်း အလုပ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေပဲ ဖြစ်ခဲ့ပြီး အဆုံးသတ်မှာတော့ ရွှေ့ပြောင်း အလုပ်သမားတွေဘဲ နွံနစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ပန်းရောင်ကတ်ဆိုလည်း လုပ်ခဲ့ရတယ်။ ရှေ့က ကတ်ဖိုးက မကျေသေးဘူး။ နောက်တမျိုး ထပ်လုပ်ခိုင်းတယ်။ ခရမ်းရောင် ဆိုလည်း ခရမ်းရောင် စာအုပ်ပြောင်းလုပ်ခဲ့ရတယ်။ စာအုပ်ကြီးဆိုလည်း စာအုပ်ကြီး လုပ်ခဲ့တယ်။ နောက်ဆုံးတော့လည်း အေဂျင်စီတွေနဲ့ သံရုံးကလူတွေပဲ ချမ်းသာသွားတာ။ ကျနော်တို့က သူတို့ကို လာလုပ်ကျွေး သလို ဖြစ်နေတယ်” လို့ ပြည်တော်ပြန် အလုပ်သမား ကိုဇော်မျိုးဦးက ပြောဆိုပါတယ်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ အလုပ်သမားညွှန်ကြားရေးမှူး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်း ကတော့ ရွှေ့ပြောင်း အလုပ်သမားတွေ နောက်နောင်ဒီလို အခက်အခဲတွေ မကြုံရလေအောင် နှစ်နိုင်ငံ အစိုးရအနေနဲ့ ပြင်ဆင်မှုတွေ သေချာလုပ်သွားမယ်လို့ ဆိုပါတယ်။

“အခု ကျနော်တို့ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေလုပ်ဖို့ ရှိပါတယ်။ နှစ်နိုင်ငံ အကောင်းဆုံးဆွေးနွေးပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေ အခုလို မဖြစ်အောင် ကျနော်တို့ နဂိုကတည်းက ပြောပါတယ်။ တရားဝင်သွားကြပါ ဆိုတာ” လို့ အလုပ်သမားညွှန်ကြားရေးမှူး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်း က ရှင်းပြပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ခရိုင် ၇၇ ခုရှိပြီး အဲဒီဒေသတွေအားလုံးမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၃ သန်းကျော် ရှိတယ်လို့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအရေး လှုပ်ရှားနေကြသူတွေက ဆိုပါတယ်။ ဒီဒေသတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ အလုပ်ကြမ်း ၂၄ မျိုးမှာ လုပ်ကိုင်နေကြရပါတယ်။

မြန်မာအစိုးရရဲ့ စာရင်းဇယား မှတ်တမ်းတွေအရ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေထဲမှာ တရားဝင် လက်မှတ် ကိုင်ဆောင်သူ အရေအတွက်ဟာ သိန်းဂဏန်းသာ ရှိတဲ့ အတွက် နောက်ရက်တွေမှာ ထိုင်းနိုင်ငံထဲမှာ ရှိတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ သိန်းနဲ့ချီပြီး ပြန်လာကြမယ့် အနေအထားရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းနေကြ ပါတယ်။

အခုလို အလုပ်သမားတွေ ဆက်တိုက်ပြန်နေတဲ့ အတွက် ထိုင်းအလုပ်ရှင်တွေမှာလည်း အလုပ်သမားပြဿနာနဲ့ ရင်ဆိုင် နေကြရပြီး အလုပ်သမားရှားပါးမှုနဲ့ ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းတွေကိုပါ ရိုက်ခတ်မှု ရှိသွားနိုင်တယ်လို့ လည်း ခန့်မှန်း ပြောဆိုနေကြပါတယ်။

“ထိုင်းလုပ်ငန်းရှင်တွေ အနေနဲ့ကလည်း လောလောဆယ် သူတို့ရဲ့လုပ်ငန်းခွင် အခက်အခဲတော့ဖြစ်သွားပြီ။ သူတို့ရဲ့ လုပ်သား လိုအပ်ချက် များသွားလိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီအတွက် သူတို့ရဲ့ ကုန်ထုတ်စွမ်းအားကတော့ လျော့သွားနိုင်တာပေါ့” ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ မဲဆောက်မြို့ အခြေစိုက် အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်း က ဆိုပါတယ်။

မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး ကလည်း “နိုင်ငံက သူ့ရဲ့ ရှပ်နီ၊ ရှပ်ဝါ သဘောတရား ဘယ်လောက်ပဲကွဲကွဲ သူ့ရဲ့ ပင်မ မဏ္ဍိုင် အကျိုးစီးပွားဖြစ်တဲ့ ကုန်သွယ်စီးပွား အင်အားစုကြီးကို အဓိက ပံ့ပိုးပေးနေတာ၊ လုပ်အားဖြင့် အကျိုးပြုနေတာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လုပ်အားက မလွဲမသွေ လိုတယ်။ ဒီအတွက်ကြောင့် ရွှေ့ပြောင်းအလုပ်သမားမရှိရင် ထိုင်းနိုင်ငံရဲ့ အလုပ်ကြမ်း ၂၄ မျိုးက လုပ်ပေးမယ့်လူရှိမှာ မဟုတ်ဘူး။ အဲဒီလို ပြန်နေတာ အလုပ်ရှင်တော်တော်များများ စိုးရိမ်နေတယ်” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ရင်းပြန်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကြိုဆိုရေးစခန်းတွေမှာနဲ့ လူမှုဆက်သွယ်ရေးကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာထက်တွင် ကရုဏာ ဒေါသနဲ့ အားပေးပြောဆိုနေမှုတွေ အများကြီး ရှိနေတာ တွေ့ရပါတယ်။

အများစုက “ထိုင်းမှာ ဒုက္ခမခံကြပါနဲ့ မြန်မာနိုင်ငံကို ပြန်လာကြပါ”၊ “အခုလို ပြန်လာမှ ထိုင်းတွေမှတ်မှာ မြန်မာပြည်ကို အကုန်ပြန်လာကြ” စသဖြင့် ကရုဏာဒေါသတွေနဲ့ ရေးပြောနေကြတာ တွေ့မြင်ရပါတယ်။

ဒါပေမယ့် အခုပြန်လာနေတဲ့ သောင်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းမှာ ရနေတဲ့ လစာအတိုင်း ပေးနိုင်မယ့် အလုပ်တွေ ဘယ်လိုပေးနိုင်မလဲဆိုတာ အစိုးရကတောင် အာမခံချက်မပေးနိုင်ပါဘူး။ ဒီလိုအခြေအနေမျိုး မဖန်တီးပေးနိုင်လို့လည်း အန္တရာယ်တွေကြားကနေ ဒုက္ခဆင်းရဲခံပြီး ခိုးကြောင်ခိုးဝှက်သွားခဲ့ကြရတာဖြစ်ပါတယ်။

အခုပြန်လာတဲ့သူတွေအထဲမှာ အများစုက နှစ်နိုင်ငံ သဘောတူစာချုပ် (MOU) နဲ့ ထိုင်းကို ပြန်သွားပြီး အလုပ်လုပ်ကြမယ့် သူတွေ များပါတယ်။ ထိုင်းကို ပြန်မသွားတော့ဘူး လို့ပြောတဲ့သူတွေရှိပေမယ့် ပြန်မသွားရင် မြန်မာပြည်မှာ ထိုင်းမှာမလို ပုံမှန် ဝင်ငွေ ရအောင် ဘာအလုပ်လုပ်မှာလဲလို့မေးတော့ တော်တော်များများမှာ အဖြေမရှိကြပါဘူး။

ဒါကြောင့် တကယ်တိုက်တွန်းချင်တယ်ဆိုရင် သူတို့တွေ တိုင်းတပါးကို တကူးတက သွားလုပ်စရာ မလိုအောင် မြန်မာနိုင်ငံမှာ ထိုက်သင့်တဲ့ လုပ်ခနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ အစိုးရကို ထိရောက်တဲ့ တိုက်တွန်းမှုတွေပြုလုပ်သင့်ပါတယ်။ ပြန်လာတဲ့ လုပ်သားတွေကို နယ်စပ်မှာ အားသက်သရောကြိုပြရုံ၊ ဖေ့စ်ဘုတ်ပေါ်က ကရုဏာဒေါသထွက်ပြရုံနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရေရှည်ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။

အဲဒီအပြင် ထိုင်းကို ပြန်ပြီးအလုပ်သွားလုပ်မယ့် အလုပ်သမားတွေ အတွက်လည်း ခုလို အခက်အခဲတွေ မကြုံရလေအောင် မြန်မာ အစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အရေး ဂရုစိုက်လုပ်ဆောင်ပေးဖို့နဲ့ အပြောတမျိုး၊ အလုပ်တမျိုး လုပ်နေကြတဲ့ အလုပ်သမားအေဂျင်စီတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။

ဒီလိုမှ မဟုတ်ရင် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကနေ ရုန်းထွက်နိုင်မှာမဟုတ်သလို ထိုင်းက ပြန်လာနေကြတဲ့ အလုပ် သမားတွေ အနေနဲ့လည်း မြန်မာပြည်မှာ ပုံမှန်အလုပ်နဲ့ ပုံမှန်ဝင်ငွေရတဲ့ အလုပ်တခုရဖို့ တွေးရင် ရင်လေးနေမိမှာ အမှန်ပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading