အလုပ်သမားများ၏ တနေ့ အလုပ်ချိန် ၈နာရီ အတွက် အနိမ့်ဆုံး လုပ်အားခ ကျပ် ၃၆၀၀ အစား နှုန်းထားသစ် တရပ် သတ်မှတ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး အစိုးရအဖွဲ့ထံ တင်ပြရန် ဆောင် ရွက်နေကြောင်း သိရသည်။
အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က “အစိုးရ ဝန်ထမ်းတွေဆီမှာလည်း နေ့စား တွေ ပါတယ်။ ပုဂ္ဂလိကကဏ္ဍမှာပဲ တက်ပြီးတော့ ဒီဘက်မှာ မတက်ဘူး ဆိုရင်လည်း မဖြစ်သင့်ဘူးလေ။ အဲဒီလိုတင်လိုက်မှ အစိုးရ အဖွဲ့က နိုင်ငံ့ဝန်ထမ်းတွေနဲ့ ချိန်ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ တွက်ချက်လို့ ရမှာ” ဟု မီဒီယာများကို ပြောသည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို စတင် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယခုလ ၇ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာနတွင် ကျင်းပခဲ့စဉ် ယခုကဲ့သို့ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်က အစိုးရ၏ အသုံးစရိတ်များ စတင်စိစစ်မည့် မတ်လမတိုင်မီ အဆိုပြုနှုန်းထား တင်ပြနိုင်ရေးအတွက် သက် ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ကော်မတီများက ယခုကတည်းက စတင် ဆောင်ရွက်ရန်နှင့် အနည်းဆုံး အခကြေးငွေ အတည် ပြု နှုန်းထားကို ၂၀၁၈ ခုနှစ်အတွင်း မဖြစ်မနေ သတ်မှတ်သွားမည်ဖြစ်ပြီး လစာတိုးခြင်း၊ မတိုးခြင်းကိုလည်း ထိုအချိန်မှ သိရမည်ဟု အထက်ပါကော်မတီ၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးမျိုးအောင်က ဆိုသည်။
လစာတိုးခြင်း၊ မတိုးခြင်းမှာ နိုင်ငံ၏ စီးပွားရေးအခြေအနေပေါ် မူတည်ပြီး အမျိုးအမည် ၂၀ ခန့်ရှိသည့် လုပ်ငန်းအမျိုး အစား၊ တိုင်းနှင့် ပြည်နယ်တို့ကို ခွဲခြား သတ်မှတ်မည်ဆိုပါက ရှုပ်ထွေးနိုင်သောကြောင့် တပြေးညီ သတ်မှတ် သွား မည်ဖြစ်ကြောင်း၊ အလုပ်အကိုင် ပေါများပြီး နေထိုင် စားသောက်စရိတ် မြင့်မားသည့် ရန်ကုန် ၊ မန္တလေး မြို့ကြီးများရှိ အလုပ်သမားများ၏ တနေ့တာ ကုန်ကျစရိတ်ကို တိုင်းနှင့်ပြည်နယ်အဆင့် အနည်းဆုံး အခကြေး ငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီများက စနစ်တကျ စာရင်းကောက်ယူရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
အနည်းဆုံး အခကြေးငွေဆိုင်ရာ ဥပဒေအရ နှုန်းထားတခု သတ်မှတ်ပြီး ၂နှစ်တကြိမ် ပြန်လည် ပြင်ဆင်ရန် စိစစ်ပေးရ မည်ဖြစ်ကာ လက်ရှိနှုန်းထား ၃၆၀၀ ကျပ်ကို ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေး၊ ပြောင်းလဲလာသည့် ကုန်ကျစရိတ်များ ၊ အလုပ်ရှင်၏ ပေးနိုင်စွမ်း၊ အလုပ်သမားများ၏ လူနေမှုဘ၀ အဆင့် အတန်း စသည်တို့ကို တွက်ချက်ပြီး ပြောင်းလဲပေးရမည် ဖြစ်သည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီဝင် ဦးနော်အောင် (အလုပ်သမား အဖွဲ့အစည်း ကိုယ်စားလှယ်)က အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ပြဿနာအများစုသည် လုပ်ခလစာကြောင့်သာဖြစ်ပြီး အလုပ် သမားများကလည်း နှုန်းထားအသစ်ကို မျှော်နေသည့်အတွက် အမြန်ဆုံး သတ်မှတ်သင့်ကြောင်း၊ လက်ရှိ ကုန်ဈေးနှုန်းနှင့် ပြီးခဲ့သည့် တနှစ်ကျော်က ကုန်ဈေးနှုန်းမှာ အလွန်ပင် ကွာခြားသွားကြောင်း အစည်းအဝေးတွင် တင်ပြသည်။
အိမ်နီးချင်းနိုင်ငံ အများစု၏ လုပ်ခလစာ စံချိန်စံညွှန်း သတ်မှတ်ချက်မှာ အလုပ်သမားတဦး တနေ့ နေထိုင် စားသောက် စရိတ်၏ ၆၀ ရာခိုင်နှုန်း အနည်းဆုံး ရှိရမည်ဟု သတ်မှတ်ထားသည်။ ပြည်တွင်းမှ ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကြသည့် အလုပ်သမားများ လျှော့ချနိုင်ရန်လည်း ထိုက်သင့်သည့် အနည်းဆုံး အခကြေးငွေ တခု သတ်မှတ်ပေးရမည် ဖြစ်သည်။ လက်ရှိ ကာလတွင်လည်း ထိုင်းအစိုးရဘက်က ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းကြောင့် မြန်မာလုပ်သားအများစု ပြည် တော်ပြန်၍ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေရကြောင်း သိရသည်။
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က “လာမယ့် ကာလမှာ ဒီဥစ္စာကို ပြင်ဆင် သတ်မှတ် တဲ့ အခါ အကြံပြုချင်တာကတော့ လက်ရှိ သတ်မှတ်ထားတဲ့ နေ့စားလုပ်ခ ၃၆၀၀ ကတော့ မဖြစ်တော့ဘူး။ ဒီထက်မက အကြမ်းဖျင်း မှန်းထားတာတော့ ၄၀၀၀ ဖြစ်မလား ၊ ၄၄၀၀ ဖြစ်မလား မှန်းထားတာပေါ့” ဟု အစည်းအဝေးတွင် တင်ပြခဲ့ သည် ။
လစာ နှုန်းထားသစ် သတ်မှတ်ရာတွင် အလုပ်ရှင်များ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အခြားကုန်ကျစရိတ်၊ အလုပ်သမား ၏ ကုန်ထုတ်စွမ်းအား၊ အလုပ်ရှင်၏ ပေးစွမ်းနိုင်မှုတို့ကို ထည့်သွင်း တွက်ချက်ပေးရန်၊ ယခင် တနေ့လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ခဲ့စဉ်က ထိုသို့ တွက်ချက်ခြင်း မရှိခဲ့ဘဲ ဥပဒေအရ ယခုကဲ့သို့ သတ်မှတ်ခြင်းကို တိုင်းနှင့်ပြည်နယ် အားလုံးက လိုက်နာ အောင် ဆောင်ရွက်သင့်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီဝင် ဒေါ်ခိုင်ခိုင်နွယ် ( အလုပ်ရှင် အဖွဲ့အစည်းများ ကိုယ်စားလှယ်) က အထက်ပါ ကော်မတီ အစည်းအဝေးတွင် ပြောသည်။
ယခင် လစာနှုန်းထား သတ်မှတ်ခဲ့စဉ်က လုပ်ငန်းရပ်ဆိုင်းခဲ့သည့် အလုပ်ရှင်တချို့ ရှိပြီး အလုပ်သမားများအား ထိုနှုန်းထား အတိုင်း ပေးနိုင်ရေးအတွက် အခွန်များနှင့် ၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးရန် အစိုးရထံ တောင်းဆိုခဲ့ကြသေးသည်။ ကျပ် ၃၆၀၀ ပေးရသည့်အတွက် အခြားခံစားခွင့်များ ဖြတ်တောက်လိုက်သောကြောင့် နဂိုလစာထက် ပိုမို လျော့နည်းသွား သည့် အထည်ချုပ် လုပ်သားများလည်း ရှိခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်မှ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင် ဦးအောင်ကျော်ဝင်းက “ကုန်ဈေးနှုန်းဒဏ်နဲ့ အလုပ်သမားတွေလည်း နာလန်မထူဘူး။ ပြည်တွင်း လုပ်ငန်းရှင်တွေလည်း လုပ်ငန်း တော်တော်များများ ရပ်ထားတယ်။ FDI ဆိုတာလည်း ထင် သလောက် မဝင်သေးဘူး။ လက်ရှိ တိုင်းပြည် စီးပွားရေးကလည်း အားရစရာ မကောင်းသေးတော့ ဒီကိစ္စကို အစိုးရ တော်တော် အကျပ်ရိုက်လိမ့်မယ်” ဟု ဆိုသည် ။
နှုန်းထားအသစ် သတ်မှတ်ရာတွင် တိုင်းနှင့်ပြည်နယ်အလိုက် ခွဲခြားသတ်မှတ်ရန် ၊ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ရန် လျာထားခဲ့သော်လည်း ကော်မတီ ဖွဲ့စည်းချိန် ကြန့်ကြာခဲ့၍ ထိုသို့ သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း၊ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကျပ် ၃၆၀၀ ကျပ် သတ်မှတ်ပေးနိုင်ခဲ့သော်လည်း လက်ရှိအစိုးရလက်ထက် ၊ လက်ရှိ ကုန်ဈေးနှုန်းများနှင့် နှိုင်းယှဉ်လျှင် မဖြစ်မနေ တိုးမြှင့်ရန် လိုအပ်ကြောင်း အလုပ်သမား ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောသည်။
မည်သို့ပင်ဆိုစေကာမူ ကုန်ဈေးနှုန်း ကြီးမြင့်မှု ၊ အလုပ်သမားထု၏ မျှော်လင့်တကြီး တောင်းဆိုမှု ၊ အလုပ်ရှင်များ၏ အခက်အခဲ နှင့် တောင်းဆိုမှု ၊ တိုးတက်မှု နှေးနေသေးသည့် လက်ရှိ တိုင်းပြည်စီးပွားရေးတို့ ကြားတွင် သတ်မှတ်ရမည့် အနည်းဆုံး အခကြေးငွေ နှုန်းထားသစ်က အစိုးရအတွက် အကျပ်ရိုက်မည့် လုပ်ငန်းစဉ် တခုပင် ဖြစ်သည်။