အမေရိကန် အစိုးရက မူးယစ်ရာဇဝတ်မှုနဲ့ ဆုကြေးအမြင့်ဆုံး ထုတ်ခံထားရတဲ့ ဘိန်းဘုရင်တို့ရဲ့ လွတ်မြောက်ရာ နယ်မြေ တစိတ်တပိုင်းဖြစ်တဲ့ ဝ တောင်ပိုင်း စစ်ဒေသထဲမှာ ဘိန်းစိုက်၊ မူးယစ်ဆေး ထုတ်တာတွေ လုံးဝ မလုပ်တော့ ဘူးလို့ ဝ အကြီးအကဲတွေက အာမခံလိုက်ပါတယ်။
‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ဝ တောင်ပိုင်း ၁၇၁ စစ်ဒေသရဲ့ ဒုနိုင်ငံရေးမှူး ဦးညီကပ်က “ ကျနော်တို့ မူးယစ်ဆေးဝါး မလုပ်ဘူး။ မူးယစ်ဆေးဝါးကို အရမ်းပဲ တိုက်ဖျက်နေတယ်။ ကျေးရွာတွေ အိမ်တွေအထိ ဆင်းပြီး တိုက်ဖျက်နေတယ်” လို့ဆိုပြီး ယုံကြည်မှု အပြည့်ရှိတဲ့ မျက်နှာထားမျိုးနဲ့ ပြောဆိုပါတယ်။
၁၇၁ စစ်ဒေသကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ထိုင်း-မြန်မာနယ်စပ် တကြောမှာ တည်ရှိတာပါ။
၁၇၁ စစ်ဒေသ မူးယစ်တိုက်ဖျက်ရေး အဖွဲ့ရဲ့ ဦးဆောင်သူ ဦးရန်ကော်ကျုံးကလည်း ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေး ထုတ် လုပ်မှု မရှိတော့တာကို ထပ်လောင်း အာမခံတဲ့ အနေနဲ့ “ကျနော်တို့ ဝ နယ် တောင်ပိုင်းကို လာရောက် စစ်ဆေးပါ” လို့ လည်း ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေကို ဖိတ်ခေါ် လိုက် ပြန် ပါတယ်။
ရှမ်းပြည်နယ်အတွင်းက ဘိန်းနဲ့ မူးယစ်ဆေး အကြီးအကျယ် ထုတ်လုပ်နေမှုတွေကို စုံစမ်း ထောက်လှမ်းပြီး အစီရင်ခံ စာ တွေ ရေးသားနေတဲ့ လားဟူ အမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့ (LNDO) ဥက္ကဌ ဦးဂျဖတ်ကတော့ UWSA ပြောဆိုတာတွေ က မမှန်ကန်ဘူးလို့ ဆိုပါတယ်။
“ဝတောင်ပိုင်း UWSA ထိန်းချုပ်နယ်မြေထဲမှာ ဘိန်းတွေ စိတ်ကြွဆေးပြားတွေ Ice တွေ အများအပြားကို ထုတ်လုပ် နေ တယ်။ ဘယ်သူက လုပ်နေတယ်ဆိုတာတော့ နာမည်တပ်ပြီး ကျနော် မပြောလိုဘူး။ UWSA နယ်မြေထဲမှာ မူးယစ် ဆေး ထုတ်လုပ် ကုန်ကူးတာတွေ တချိန်လုံးလုပ်နေတယ်။ ဘယ်တုန်းကမှ လျော့ကျ မသွားဘူး”လို့ ဦးဂျဖတ်က ပြောပါ တယ်။
ဝတောင်ပိုင်းနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် အာဏာပိုင်တွေကလည်း ၎င်းတို့နိုင်ငံထဲထိ ဝင်ရောက် ဖြန့်ချိနေတဲ့ မူးယစ်ဆေးပြားတွေရဲ့ ပင်ရင်းပိုင်ရှင်က UWSA ဖြစ်တယ်လို့ စွဲချက် တင်ထားပါတယ်။
အမေရိကန် အစိုးရက ဆိုရင်လည်း လက်ရှိ UWSA ထိန်းချုပ်နယ်မြေထဲမှာ နေထိုင်နေပြီး ၁၇၁ စစ်ဒေသ အကြီးအကဲ ဟောင်းဖြစ်တဲ့ ဦးဝေရှောက်ခမ် ကို မူးယစ်ဆေး ထုတ်လုပ် ရောင်းချတဲ့ ဂိုဏ်းရာဇာကြီး ဖြစ်တာကြောင့် ဖမ်းဆီးဖို့ အမေရိကန် ဒေါ်လာ ၂သန်း ဆုကြေးငွေ ထုတ်ထားတာ ယနေ့ အထိ ဖြစ်ပါတယ်။
UWSA ပြောရေးဆိုခွင့် ရှိသူတွေကတော့ နိုင်ငံတကာက စွပ်စွဲပြောဆိုချက်တွေကို မမှန်ကန်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆို နေကြပါတယ်။

ဦးဂျဖတ်ကတော့ UWSA က မူးယစ်ဆေးတွေ တကယ်မထုတ်တော့ဘူး ဆိုရင် ရှမ်းပြည်နယ် အတွင်းမှာ မူးယစ်ဆေး တွေ အကုန်ပျောက်သွားရမယ်။ ထုတ်လုပ်မှုကြောင့် ရှိကို ရှိနေတာ လို့ ပြောပါတယ်။
ဦးဂျဖတ်က ၁၉၉၇ ခုနှစ် မတ်လမှာ LNDO ကို ထိုင်းနိုင်ငံမှာ တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းက ဘိန်းစိုက်ပျိုး မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို သူ့အဖွဲ့တွေနဲ့ စုံစမ်းထောက်လှမ်းပြီး အစီရင်ခံစာတွေ ရေးသားနေသူပါ။
ဦးဂျဖတ်ဟာ ဆယ်ကျော်သက် ကတည်းက ဘိန်းဘုရင်ကြီးခွန်ဆာရဲ့ ဘိန်းကုန်သယ်တဲ့ လမ်းကြောင်းတွေကို နောက်ယောင်ခံ လိုက်ဖူးတဲ့ အတွေ့အကြုံတွေရှိသူလည်း ဖြစ်ပါတယ်။
မူးယစ်ဆေး တိုက်ဖျက်နေကြောင်း သက်သေထူတဲ့ UWSA ၁၇၁ စစ်ဒေသမှာ မူးယစ်ဆေးဝါး တိုက်ဖျက်နေတာကို သက်သေထူတဲ့ အနေနဲ့ UWSA အကြီးအကဲတွေက ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ ဝ တောင်ပိုင်းနယ်မြေ ပုံပါကျင် မြို့မှာ သတင်းထောက် တွေကို ဖိတ်ခေါ်ပြီး သူတို့ဖမ်းမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး ပြပါတယ်။
အဲဒီ မူးယစ်ဆေးတွေက ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဖမ်းမိထားတဲ့ စိတ်ကြွဆေး ၃သန်းနီးပါး၊ ဘိန်းဖြူ ၄ ကီလိုဂရမ် နဲ့ ဘိန်းမည်း ၁၄ ကီလို လို့ ပြောပါတယ်။
၁၇၁ စစ်ဒေသ မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၆ ရက်က စတင်ဖွဲ့စည်းပြီး ဒေသတွင်း မူးယစ် ဆေး ထုတ်လုပ်မှုတွေကို ပိတ်ပင်သလို သုံးစွဲသူတွေကိုလည်း လိုက်လံဖမ်းဆီး အရေးယူနေတယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ထိ ဒေသခံအိမ်တွေဝင်ကာ ရှာဖွေ ဖမ်းဆီးမှုကို ၄ကြိမ် ပြုလုပ်ထားပြီး ပထမ အကြိမ် မိသူတွေကို စစ်သင်တန်းတက်ခိုင်းပါတယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ် မိသူတွေကိုတော့ ပြစ်ဒဏ်ပေး ထောင်ချ တာတွေ လုပ်တယ်လို့ UWSA အကြီးအကဲတွေက ပြောပါတယ်။
ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့တာ ၃ကြိမ်မြောက် ရှိပြီဖြစ်ပေမယ့် ၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်မှာ ကျင်းပတဲ့ ပွဲက သတင်းထောက်တွေကို ပထမဆုံးအကြိမ် ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
ဆေးပြားတွေကို မီးမရှို့ခင် နာရီပိုင်းအလိုမှာ “အတုတွေ မဟုတ်ဘူး၊ အစစ်တွေဆိုတာ စစ်ဆေး ကြည့်ပါ” လို့ ၁၇၁ စစ်ဒေသ အကြီးအကဲတွေက ပြောရင်း ဝ စစ်သားတွေကို စက္ကူအဝါဖျော့ဖျော့နဲ့ ထုပ်ထားတဲ့ စိတ်ကြွဆေးပြား တွေကို မီးရှို့မယ့် မိုးပြဲဒယ်အိုးထဲ ဖောက်ထည့်ခိုင်းပါတယ်။
မိးရှို့ဖျက်ဆီးဖို့ မိုးပြဲဒယ်စုစုပေါင်း ၁၀အိုး ချထားပြီး အိုး တအိုးစီရဲ့ ဘေးမှာ ဝ ရဲဘော်တဦး၊ ဝ ရဲတပ်သား တဦးစီ အပြင် ဝရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ် တဦးစီ ရပ်နေပါတယ်။
သူတို့နဲ့ ၁၅ပေခန့်အကွာမှာ ဝ ရဲတပ်သားတွေက လုံခြုံရေးစည်း ယူထားပြီး ရဲတပ်သားတွေနောက်မှာတော့ ဝ ဒေသခံ လူကြီးလူငယ် ကလေး တထောင်ဝန်းကျင်လောက်က စီစီရီရီ မတ်တပ်ရပ်သူက ရပ်၊ ခုံတန်းလျားတွေမှာ ထိုင်သူက ထိုင်နေကြပါတယ်။

ဒေသခံ လူကြီး လူငယ် ကလေးတွေ ဝတ်ဆင်ထားတဲ့ ခပ်နွမ်းနွမ်းအဝတ်အထည်၊ သူတို့ရဲ့ ကြမ်းတမ်းနေတဲ့ ခြေလက် တွေက ကြမ်းတမ်းတဲ့အလုပ်တွေ လုပ်ကိုင်နေရတယ် ဆိုရတာကို ပြောပြနေသလိုပါပဲ။
ခဏအကြာမှာ မိုးပြဲဒယ်ထဲက ဆေးပြားတွေအပေါ် ဝ ရဲတပ်သားက ဓာတ်ဆီတွေလောင်းပြီး မီးရှို့လိုက်ပါတယ်။ ဆေးပြား တွေ မီးလောင်လို့ ထွက်လာတဲ့ ချိုမွှေးမွှေးအနံ့တွေက ပတ်ဝန်းကျင်တခုလုံး ဖုံးလွှမ်းသွားပါတယ်။
ဘိန်းအစားထိုး ရာဘာခင်းတွေကြားက ဒေသခံတွေရဲ့ ဘဝ
မီးရှို့အခမ်းအနားပြီးတဲ့အခါမှာ ပွဲတက်လာတဲ့ သတင်းထောက်တွေကို ပုံပါကျင်မြို့နယ် ဟွေ့အော်ရွာကနေ အသွား အပြန် ၄ နာရီလောက် ကားမောင်းပြီး သူတို့ဒေသကို လှည့်ပတ် ပြပါတယ်။ ကားမောင်းသွားတဲ့ လမ်းတလျှောက်မှာ မျက်စိတဆုံးမြင်ရတာကတော့ ရာဘာပင်တွေပါ။
၁၇၁ စစ်ဒေသ စီးပွားရေး တာဝန်ခံတဦးဖြစ်တဲ့ ဦးအားစီက “ဟိုးဘက်က ထိုင်း နယ်စပ်ပဲ”လို့ တောင်တန်းတွေ ကြား မှာ အဆောက်အအုံငယ် တချို့ရှိတဲ့ မှုန်ပြပြမြင်ရတဲ့ နေရာကို လက်ညှိုးထိုးပြီး ပြောပါတယ်။
ယခင်က ဘိန်းစိုက်ခဲ့တဲ့ နယ်မြေမှာ ရာဘာပင်တွေ စိုက်ထားတယ်ဆိုတာကို UWSA က မျက်မြင်သက်သေ ပြတာပါ။
ဦးရန်ကော်ကျုံးကတော့ “အစားထိုးသီးနှံ စိုက်ပျိုးမှု အနေနဲ့ (၁၇၁ စစ်ဒေသထဲမှာ) လက်ရှိမှာတော့ ရာဘာ ပင်ပေါင်း ၉ သန်းကျော်၊ စိုက်ဧက အနေနဲ့ ဧကပေါင်း ၅ သောင်းကျော် ရှိပါတယ်”လု့ိ ဆိုပါတယ်။
UWSA က ဘိန်းအစားထိုး သီးနှံတွေကို စိုက်ပျိုးနိုင်ဖို့အတွက် ၂၀၀၀ ပြည့်နှစ်မှာ မြောက်ပိုင်း ဝ တောင်တန်းတွေပေါ် က ဝ လူမျိုး တသိန်းကျော်ကို တောင်ပိုင်းကို ရွှေ့ပြောင်းစေခဲ့တယ်လို့ သိရပါတယ်။
တောင်ပိုင်း ၁၇၁ စစ်ဒေသထဲ ရောက်လာတဲ့ ဝ လူမျိုးတွေကို UWSA ရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းခွင်တွေမှာ တာဝန်ပေးလိုက်ပါတယ်။
ရာဘာပင် စိုက်တဲ့သူတွေ အစေးခြစ်တဲ့ သူတွေက တလမှာ ထိုင်းဘတ်ငွေ ၄,၀၀၀ ကနေ ၁၀,၀၀၀ အထိ လုပ်အား အလိုက် ရသူတွေ ရှိတယ်လို့ ဦးအားစီက ပြောပါတယ်။
ဦးအားစီက ထပ်ပြီး ရာဘာအကြမ်းထည် ထုတ်တဲ့ စက်ရုံဟောင်းတခုနဲ့ ရာဘာအချောထည် ထုတ်လုပ်တဲ့ စက်ရုံ သစ် ကြီး တခုကိုလည်း လိုက်ပြပါတယ်။ ရာဘာ အချောထည်ထုတ်တဲ့ စက်ရုံကြီက အတော်အသင့်ကြီးမားပြီး စက်ယန္တရား တွေ အားလုံးက အသစ်တွေပါ။
“ဒီစက်ရုံကို ၂၀၁၄ ခုနှစ်က စတည်ဆောက်တာ။ စက်ရုံက တနှစ်ကို ရာဘာတန် တသောင်း ထုတ်နိုင်တယ်။ ကျနော် တို့ ကတော့ မနှစ်က တန် ၅၀၀ ပဲ ထုတ်ဖြစ်တယ်။ ဒီက ရာဘာတွေကို တာချီလိတ် ဝမ်ဟုန်ဆိပ် ကနေ တရုတ်ကို ရောင်းတယ်”လို့ ဦးအားစီက ဆိုပါတယ်။

ရာဘာအချောထည် တတန်ကို ဒေါ်လာ ၁၇၀၀ ခန့် အနည်းဆုံးပေးပြီး တရုတ်က ဝယ်ယူတယ်လို့လည်း ဦးအားစီက ပြောပြပါတယ်။
စက်ရုံရဲ့ နည်းပညာအရာရှိတွေက တရုတ်လူမျိုးပညာရှင်တွေ ဖြစ်ပြီး ဝ ဒေသခံ စက်ကိုင်ဆရာတွေကိုလည်း ခန့်အပ် ထားတယ်လို့ သိရပါတယ်။
ဝ ဒေသခံ ၂သောင်းကျော်ကို ရာဘာခြစ်လုပ်ငန်းတွေမှာ ခန့်အပ်ထားပြီး ရာဘာအကြမ်းထည်နဲ့ အချောထည်ထုတ် လုပ်တဲ့ စက်ရုံတွေမှာတော့ အလုပ်သမား ၁၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ဒီအလုပ်သမား အများစု ကိုယ်တိုင် ဒါမှမဟုတ် သူတို့ရဲ့ ဘိုးဘေးတွေ မိဘတွေက ဘိန်းစိုက် တောင်သူတွေပါ။
UWSA ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒအောက်မှာ မြောက်မှတောင် နေရာထိုင်ခင်း ရွှေ့ပြောင်းပြီး ဘိန်းစိုက် တောင်သူ ဘဝကနေ ရာဘာစေးခြစ်သူတွေ စက်ရုံအလုပ်သမားတွေ ဖြစ်လာကြတာပါ။
ဝ တောင်ပိုင်းမှာ ရာဘာအပြင် ဆန်စပါး၊ လိမ္မော်၊ ပြောင်းနဲ့ ကြက်၊ ဝက် မွေးမြူရေးတွေလည်း လုပ်တယ် လို့ ဆိုပေ မယ့် ရာဘာထုတ်လုပ်ရေးကိုပဲ တွေ့မြင်ခဲ့ရပါတယ်။
ဒေသခံတွေက တရားမဝင် ဘိန်း စိုက်သည်ဖြစ်စေ၊ တရားဝင်တဲ့ ရာဘာခြံ စိုက်သည်ဖြစ်စေ ဆင်းရဲ မွဲတေမှုနဲ့ ပင်ပန်း တဲ့ ဒဏ်ကိုတော့ ခံနေရဆဲပါပဲ။
မူးယစ်ဆေး မီးရှို့ပွဲကို မယုံကြည်ကြသူများ
UWSA ရဲ့ မူးယစ်ဆေး မီးရှို့အခမ်းအနား ကျင်းပရာ ပုံပါကျင်မြို့နယ်နဲ့ ၂၄ မိုင်သာ ဝေးတဲ့ အစိုးရထိန်းချုပ် နယ်မြေ မိုင်းတုံမြို့က ဒေသခံတွေကတော့ မီးရှို့ပွဲက ဟန်ပြပါလို့ ပြောဆိုကြပါတယ်။
၁၉၇၀ ခုနှစ်ကတည်းက မိုင်းတုံမြို့မှာ အခြေချနေပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ဦးမောင်က “လဝ တွေရဲ့ မီးရှို့ပွဲကို သွားတဲ့ သူက ငအပဲ။ သူတို့က ဘိန်းမစိုက်ဘူး။ ဘိန်းစိုက်တဲ့ လားဟူတွေဆီက ဝယ်တယ်လေ။ ဒီတောင် ကြားမှာ စိုက်တဲ့ လားဟူဘိန်းခင်းတွေက ထွက်တဲ့ဘိန်းတွေ ဘယ်ရောက်မလဲ။ လဝတွေ ဆီပဲ ရောက်တယ်”လို့ ပြောပါတယ်။
ဦးမောင်က မိုင်းတုံမြို့ထဲမှာ မက်သာအဖက်တမင်း စိတ်ကြွဆေးပြားတွေကို တထောင်ဖိုး ၃ပြားအထိ ဈေးပေါပေါနဲ့ ရနိုင် တယ်လို့လည်း ပြောပါတယ်။
“သူတို့ မီးရှို့တာ ၂ဘတ် တန် (၃၀၀ ကျပ်) ဆေးပြားလေးတွေပါ”လို့လည်း ဦးမောင်က ဆိုပါတယ်။
အစိုးရကျောင်းဆရာမတဦး ဖြစ်တဲ့ ဒေါ်နန်းခမ်း ကလည်း “ပြီးခဲ့တဲ့နှစ်တွေက သူတို့ ဆေးပြားတွေ မီးရှို့တာ အတုတွေ လို့ အားလုံးက ပြောနေကြတယ်လေ။ အဲ့ဒါကြောင့် ဒီနှစ်မှာ သတင်းထောက်တွေကို ခေါ်တာ နေမှာ။ ဒီနယ်မှာ သူတို့ မလုပ်ရင် ဆေးပြားတွေက ဘယ်က ရောက်လာမလဲ စဉ်းစားကြည့်ပေါ့”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ အပါအဝင် ရှမ်းပြည်နယ်ကနေတဆင့် မြန်မာနိုင်ငံအနှံ့အပြားကို စီးဆင်း သွားတဲ့ မူးယစ်ဆေးဝါး ကုန်ကူး သူတွေရဲ့ ပင်ရင်းက UWSA တပ်ဖွဲ့ဖြစ်တယ်လို့ မိုင်းတုံ ဒေသခံတွေက ယုံကြည်နေကြပါတယ်။

ဘိန်းစားကြသူများ
မိုင်းတုံမြို့နယ် မြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သက်ခိုင်မင်းကတော့ မူးယစ်ဆေး ရောင်းချ တာတွေနဲ့ ပတ်သက်လို့ မှတ်ချက်တစုံတရာ မပေးလိုပေမယ့် ဘိန်းမည်းစားပြီး အစာအိမ်နဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်တဲ့ သူတွေကို လတိုင်းလိုလို ဆေးကုပေးနေရတယ်လို့ ပြောပါတယ်။
“ဒီဒေသက လူတွေက ပုံမှန်စားတာတွေကတော့ ရှိတာပေါ့။ အဲ့ဒီတော့ နောက်ဆက်တွဲ အနေနဲ့ ချောင်းဆိုးတာတွေ ဗိုက်အောင့်တာတွေ နောက် ဝမ်းလျှောဝမ်းပျက်တာတွေနဲ့ ရောက်လာတော့ ကုပေးရတာပါ”လို့ ဒေါက်တာ သက်ခိုင်မင်း က ပြောပြပါတယ်။
မိုင်းတုံဆေးရုံကို မူးယစ်ဆေးစားလို့ ကျန်းမာရေး ချို့တဲ့ပြီး ရောက်လာကြသူတွေက လားဟူ၊ အခါနဲ့ ဝ တိုင်းရင်းသား ဒေသခံတွေ ဖြစ်သလို တရုတ်လူမျိုးတွေလည်း ကြုံဖူးတယ်လို့ သိရပါတယ်။
လားဟူ တိုင်းရင်းသားတချို့ကတော့ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ရင်း ပင်ပန်းလို့ ဘိန်းပင်က ခြစ်ယူထားတဲ့ ဘိန်း စိမ်း ကို လုံးပြီး စားကြရင်း စားပါများတော့ အူထဲက အစာချေတဲ့ အကျိအချွဲတွေ မထွက်တော့ဘဲ အစာအိမ်ပါးတာတွေ ဖြစ်ပြီး ဆေးရုံကို ရောက်လာကြတာလို့ ဒေါက်တာ သက်ခိုင်မင်း က ဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက “တော်တော်များများ လာကြတာကတော့ မူးယစ်ဆေးဝါး သုံးလို့ ပြဿနာဝင်လာတော့မှ သက် သာ ဖို့ အတွက် လာကြတာများတယ်။ ဗိုက်အောင့်ဗိုက်နာ၊ သွေးအားနည်း၊ မောကြပ်တာတွေ ဖြစ်လာမှ လာကြတာ” လို့လည်း ပြောဆိုပါတယ်။
မူးယစ်ဆေးသုံးလို့ ကျန်းမာရေးချို့တဲ့တာ အပြင် ကျန်းမာရေးအသိ အားနည်းတာကြောင့် ဗိုက်အောင့် နေမကောင်း တာကို ကတ္တရာစေး လုံးပြီးမျိုချလို့ မသက်သာဘဲ ဆေးရုံရောက်လာတဲ့ ဝ တိုင်းရင်းသား တချို့ကိုလည်း ဆေးကုသ ပေးဖူးတယ်လို့ ဒေါက်တာ သက်ခိုင်မင်းက ဆိုပါတယ်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ စုံစမ်းပြုစုထားတဲ့ လားဟူ အမျိုးသား ဖွံံ့ဖြိုးတိုးတက်ရေး အဖွဲ့ချုပ် (LNDO) ရဲ့ စာရင်းတွေအရ ဝ တောင်ပိုင်း ဒေသ အပါအဝင် ရှမ်းအရှေ့မှာ ဘိန်းစားသူတွေ မူးယစ်ဆေးပြား သုံးစွဲသူတွေ ပိုမို များပြားလာတယ်လို့ သိရပါတယ်။
ကမ္ဘာ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၁၇ ခုနှစ် မတ်လမှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ရာခိုင်နှုန်းတွေကို တွက်ချက်ပြရာမှာ ရှမ်း အရှေ့ ဒေသက စိုက်ပျိုးဧက ၄၂ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။
ဒါပေမယ့် ဘိန်းစိုက်တောင်သူတွေရဲ့ ဝင်ငွေကတော့ အခြားဘိန်းစိုက်ဒေသက တောင်သူတွေထက် အလွန် နည်းပါး နေတာ တွေ့ရပါတယ်။
ဒါ့အပြင် ဘိန်းကရရှိတဲ့ ဝင်ငွေကို ဒေသဖွံံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲရာမှာလည်း အနည်းဆုံး ဖြစ်နေတာ တွေ့ရပါ တယ်။ ရှမ်းအရှေ့ဒေသအတွင်းက ဘိန်းစိုက်ပျိုးတဲ့ ရွာတွေရှိတဲ့ လမ်းတွေအနက် ၅၈ ရာခိုင်နှုန်းက သွားလာဖို့ ခက်ခဲ တဲ့ မြေသား ကျောက်ခင်းလမ်းသာ ဖြစ်တယ်လို့ UNODC က ဆိုပါတယ်။

ဘိန်းစိုက်ခင်းမှသည် မူးယစ်ဆေး စက်ရုံများဆီသို့
၂၀၁၆ ခုနှစ် LNDO ရဲ့ မူးယစ်ဆေးမှ အာဏာ အမည်ရှိ အစီရင်ခံစာမှာ ရှမ်းအရှေ့ ဘိန်းစိုက် တောင်သူတွေကို အခွန် စည်းကြပ်ပြီး ကုန်ကြမ်း ဝယ်ကြသူတွေက လားဟူ ပြည်သူ့စစ်တွေလို့ ဆိုထားပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ် ၊ မိုင်းဖြတ် ဒေသထဲမှာ ဘိန်းပင်တွေကို နှစ်စဉ် အောက်တိုဘာ လ ထဲမှာ စတင်စိုက်ပျိုးကြပြီး ဧပြီလမှာ ဘိန်းစေး ခြစ်ယူကြပါတယ်။
UNODC ရဲ့ ၂၀၁၇ ခုနှစ် မတ်လမှာ ထုတ်ပြန်တဲ့ အစီရင်ခံမှာ ရှမ်းပြည်နယ်တခုလုံးအနက် ရှမ်းအရှေ့က ထွက်တဲ့ ဘိန်းစေးတွေက ဈေးနှုန်းအမြင့်မားဆုံး ရရှိတယ်လို့ ဖော်ပြထားပါတယ်။
ဘိန်းစိုက် ဧရိယာဇယား ဖော်ပြချက်အရ ရှမ်းပြည်နယ် အရှေ့ပိုင်းက ဘိန်းစိုက်သူ ၆၇ ရာခိုင်နှုန်းဟာ အစိုးရ၊ တပ်မတော်နဲ့ ပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့ နယ်မြေထဲမှာ ရှိနေတာပါ။
ဒါ့အပြင် ဘိန်းစိုက်တောင်သူတွေက အမြဲတစေ လူရင်းဖောက်သည်တွေကိုသာ အဓိကထား ရောင်းချနေတာလို့ အစီရင်ခံစာက တွေ့ရှိထားပါတယ်။
LNDO ကတော့ ၂၀၁၇ ခုနှစ် မေလမှာ ဘိန်းစေး တပိဿာကို မြန်မာကျပ်ငွေ ၇ သိန်း ၅ သောင်းကနေ ၉ သိန်း ၅ သောင်း အထိ ပေါက်ဈေးရှိပြီး စိတ်ကြွဆေးပြားတွေကတော့ အရည်အသွေးအလိုက် ကျပ် ၁၀၀၀ ဖိုးကို ၂ ပြားကနေ ၃ ပြားအထိ လွယ်လွယ် ကူကူ ဝယ်ယူရရှိနိုင်တယ်လို့ ပြောပါတယ်။
လားဟူ ပြည်သူ့စစ်တွေ ဝယ်ယူထားတဲ့ ကုန်ကြမ်းတွေက UWSA ရဲ့ မူးယစ်ဆေးချက် စက်ရုံတွေဆီကို ရောက်သွား တာလို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
LNDO ဥက္ကဌ ဦးဂျဖတ်ကလည်း “လားဟူ လက်နက်ကိုင် အဖွဲ့တွေက UWSA ရဲ့ အရိပ်အောက်မှာပဲ ရှိတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး ဦးဂျဖတ်က အမေရိကန်က ဆုကြေးငွေ ၂ သန်းထုတ်ထားတဲ့ ဦးဝေရှောက်ခမ်ရဲ့ ၁၇၁ စစ်ဒေသထဲ မှာ လားဟူ တိုင်းရင်းသား ဦးကျလောဘိုက အကြီးအကဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဝ ဒေသအပိုင်ဖြစ်တဲ့ မိုင်းယောင်း မှာဆိုလည်း လားဟူတိုင်းရင်းသား ဦးဟဲလူက တပ်မှူးတယောက်အဖြစ် တာဝန် ယူ ထားတာတွေက လားဟူ လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ UWSA ရဲ့ ဆက်စပ်မှုပဲလို့လည်း ဦးဂျဖတ်က ပြောပါ သေး တယ်။
ဦးကျလောဘိုက လက်ရှိ ၁၇၁ စစ်ဒေသရဲ့ ဒုစစ်ဦးစီးမှူး အဖြစ် တာဝန်ယူထားပါတယ်။ သူဟာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုကနေရတဲ့ ဦးဝေရှောက်ခမ် ရဲ့ ငွေကြေးစီးဆင်းမှု ဇယားမှာလည်း တဦးအပါအဝင် ဖြစ်ပါတယ်။
ဦးဟဲလူကတော့ လက်ရှိမှာ ဦးကျလောဘိုရဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးခံထားရသူပါ။
၂၀၁၆ ခုနှစ် မတ်လ ၄ ရက်တုန်းကလည်း ကျိုင်းတုံကို သွားတဲ့လမ်း မိုင်းခွန် စစ်ဆေးရေးဂိတ်မှာ လားဟူပြည်သူ့စစ် ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအိုက်ထောကို လက်နက်တွေ စိတ်ကြွဆေးပြား အများအပြားတွေနဲ့ ဖမ်းမိခဲ့ပါတယ်။
ဒါပေမယ့် အစိုးရက အရေးယူ ထောင်ချတာမျိုး မရှိဘဲ ၅ လအကြာမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဧရာဝတီက နိုင်ငံတကာ စွပ်စွဲချက်တွေအပေါ် မေးမြန်းတဲ့အခါ ဦးဟဲလူက “ကမ္ဘာက ထုတ်ပြန်တာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်တို့ လက်ရှိ ထိန်းချုပ်နေတဲ့ နေရာမှာ ဘိန်းမရှိ ပါဘူးလို့ ကျနော်ခံယူတယ်။ မူးယစ် ဆေးဝါး တိုက်ဖျက်ရေးကို မူဝါဒ ၃ရပ်ချပြီး ကျနော်တို့ တိုက်ဖျက်နေတယ်” လို့ ပြောဆိုပါတယ်။
ဦးဟဲလူကို ဝ တောင်ပိုင်းအပြင် UWSA ဌာနချုပ် စိုက်တဲ့ ဝ မြောက်ပိုင်းမှာရော ဘိန်းနဲ့ မူးယစ်ဆေးတွေ ကင်းစင်ပြီ လား လို့ မေးမြန်းတဲ့အခါမှာတော့ ၎င်းက “ဒါက ဗဟိုက ဖြေဆိုရမယ့် မေးခွန်းပါ”လို့ ပြောပါတယ်။

UWSA နဲ့ မူးယစ်ရာဇာကြီး ရဲ့ ဆက်စပ်မှု
မူးယစ်ရာဇာကြီးဖြစ်တဲ့ ဦးဝေရှောက်ခမ်ကတော့ UWSA ထိန်းချုပ်နယ်မြေ ဝမြောက်ပိုင်းဒေသထဲမှာ နေထိုင်နေဆဲ လို့ သိရပါတယ်။
၁၇၁ စစ်ဒေသကိုတော့ သူ့ရဲ့ ညီငယ်တော်စပ်သူက အကြီးအကဲအဖြစ် ဆက်ခံထားပါတယ်။ ဦးဝေရှောက်ခမ်က ဝ မြောက်ပိုင်း ဒေသထဲကနေပြီး မူးယစ်ဆေး ထုတ်လုပ်ရောင်းချမှုတွေကို ညွှန်ကြားနေဆဲ ဖြစ်တယ်လို့ UWSA နဲ့ နီးစပ် သူတွေက ဆိုပါတယ်။
UWSA နဲ့ နီးစပ်သူ တဦးက “ဦးဝေရှောက်ခမ်က ဝမြို့ထဲမှာ နေပါတယ်။ သူက လက်ရှိမှာ ဘာရာထူးမှ ထင်ထင် ပေါ်ပေါ် မယူထားတော့ သူ့မူးယစ်ဆေးတွေက UWSA လုပ်တာ မဟုတ်ဘူးလို့ ငြင်းလို့ ရနိုင်တာပေါ့။ အမှန်မှာတော့ မဟုတ်ပါဘူး။ သူ့ပိုင်ဆိုင်မှုတွေက UWSA ပိုင်ဆိုင်မှုတွေနဲ့ အတူတူလိုပါပဲ”လို့ ပြောပါတယ်။
ထိုင်း- မြန်မာ နယ်စပ်တကြောမှာ ၁၉၉၇ ဝန်းကျင်ကတည်းက တည်ဆောက်ထားတဲ့ ဦးဝေရှောက်ခမ်ရဲ့ မူးယစ် ဆေးဝါး ထုတ် စက်ရုံတွေနဲ့ မူးယစ်ဆေးရောင်းဝယ်မှု ချိတ်ဆက်တွေက တကယ်မရှိတော့ဘူး၊ ပျောက်ကွယ်သွားပြီ လား ဆိုတာ ကို တော့ ဘယ်သူကမှ သက်သေမပြနိုင်သေးပါဘူး။
ဦးဝေရှောက်ခမ်ဟာ ၂၀၁၅ ခုနှစ် Global Witness က ထုတ်ပြန်လိုက်တဲ့ ကျောက်စိမ်း အစီရင်ခံစာထဲမှာ မြန်မာ စစ်ဗိုလ်ချုပ်တွေက UWSA အမည်ပေါက်နဲ့ ပေးထားတဲ့ ကျောက်စိမ်းလုပ်ကွက်တွေထဲက လုပ်ပိုင်ခွင့် အများအပြား ရရှိထားသူ စာရင်းမှာ ပါဝင်နေပါတယ်။
လက်ရှိ UWSA ခေါင်းဆောင် ဦးပေါက်ယူချန်းရဲ့ သားမက်ဖြစ်တဲ့ ဦးအိုက်မြင့်က ဦးဝေရှောက်ခမ်ရဲ့ ကျောက်စိမ်း ကုမ္ပဏီတွေမှာ ဦးဆောင်သူတဦး ဖြစ်တယ်လို့လည်း Global Witness က ရေးသားထားပါတယ်။ ဦးအိုက်မြင့်ကလည်း အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့ခံထားရသူတဦး ဖြစ်ပါတယ်။
ဒီအချက်အလက်တွေအရ ဦးဝေရှောက်ခမ်ဟာ လက်ရှိမှာ တရားဝင်ရာထူးရာခံ မယူထားပေမယ့် UWSA ထဲမှာတော့ သြဇာရှိနေသေးတယ် တသားတည်း ဖြစ်နေသေးတယ် ဆိုတာကို ဖော်ပြနေတာပါ။
ဝ အကြီးအကဲဖြစ်တဲ့ ဦးရန်ကော်ကျုံးကတော့ မူးယစ်ဆေးဝါး မထုတ်လုပ်ဘူးလို့ ငြင်းချက်ထုတ်ရင်း UWSA ရဲ့ မူးယစ် တိုက်ဖျက်ရေး လုပ်ငန်းကို အားလုံးက အားပေး ထောက်ခံပေးဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီးသူက “ဒါမှ (အားပေးထောက်ခံမှ)သာ ကျနော်တို့ လုပ်နေတဲ့ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းတွေကို အပြီးသတ် ဆောင်ရွက်နိုင်မှာ”လို့ မူးယစ်ဆေးဝါး မီးရှို့တဲ့ အခမ်းအနားမှာ သတင်းထောက်တွေကို အမှာစကား ပါးပါ တယ်။

၂၀၀၅ ခုနှစ်မှာ ဝပြည်နယ်ဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေး ထုတ်လုပ်တာတွေ မလုပ်တော့ဘူးလို့ UWSA ဥက္ကဌ ဦးပေါက်ယူချန်းက အာမခံထားပေမယ့် အမေရိကန် အစိုးရကတော့ ယနေ့အထိ UWSA ကို မူးယစ်ဆေး တရားမဝင် ရောင်းဝယ်တဲ့ အဖွဲ့ဖြစ်တယ်လို့ပဲ သတ်မှတ်ထားပါတယ်။ ဦးပေါက်ယူချန်းကိုလည်း အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့ထားဆဲပါ။
UWSA ရဲ့ ၁၇၁ စစ်ဒေသ အတွင်းမှာ မူးယစ်ဆေး တိုက်ဖျက်နေတာ ၆ နှစ်ရှိပြီလို့ UWSA ခေါင်းဆောင်တွေက ဆိုပေမယ့် ရှမ်းပြည်နယ် အရှေ့ပိုင်းမှာတော့ မူးယစ်ဆေး သုံးစွဲသူတွေ ဖမ်းဆီးရမိတာတွေက တနှစ်ထက် တနှစ် မြင့်တက် လာနေဆဲ ဆိုတာ အစီရင်ခံစာတွေက သက်သေပြနေပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် စိတ်ကယောင်ခြောက်ခြား ဖြစ်ပြီး မိသားစုတွေကို သတ်ဖြတ်ပစ်တာ၊ မိမိကိုယ်ကို သေကြောင်းကြံတာ၊ အဝတ်အစားမပါဘဲ လမ်းမတွေပေါ်မှာ သွားလာနေတာတွေ၊ အနီးနားရှိသူတွေကို အန္တရာယ် ပြုတာတွေက ၂၀၁၆ ခုနှစ်အတွင်းမှာပဲ အမှု ၂၀ ထက် မနည်း ဖြစ်ပွားထားပါတယ်။
ဧရာဝတီက ရရှိထားတဲ့ အချက်အလက်တွေအရ မူးယစ်ဆေး သုံးစွဲတာကြောင့် သေဆုံး သွားတဲ့သူ အရေအတွက်က ၂၀၁၆ ခုနှစ်ထဲမှာပဲ ၆၀ အထိ ရှိနေပါတယ်။
ဦးဂျဖတ်က “နိုင်ငံရေးသမားတိုင်းက အပြောင်းအလဲမှာ ပြည်သူလူထုက အရေးကြီးဆုံးလို့ ပြောကြတယ်။ စစ်ပွဲတွေ မူးယစ်ဆေးတွေကြောင့် ပြည်သူတွေ အများကြီး သေဆုံးနေရတယ်ဆိုတာ ကျနော်တို့ သိကို သိရမယ်။ ဒါကို NLD အစိုးရကလည်း သတိပြုသင့်တယ်” လို့ ပြောပါတယ်။
အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ မူးယစ်ဆေး ရောင်းချသူတွေကို ဖမ်းဆီးမှုတွေ ရှိနေပေမယ့် နှစ်စဉ် ဖမ်းဆီးရမိတဲ့သူ တွေက ပင်မ မူးယစ်ဂိုဏ်း ရာဇာကြီးတွေ မဟုတ်ဘဲ တဆင့်ခံရောင်းချတဲ့ အသေးစား မူးယစ်ကုန်သည် အငယ်လေး တွေသာ ဖြစ်ပါတယ်။
ဒီ့အပြင် ရှမ်းပြည်နယ်ကနေ ရန်ကုန်၊ မန္တလေး နဲ့ အခြား မြို့ကြီးတွေဆီကို မူးယစ်ဆေးဝါးတွေ အများအပြား စီးဆင်း နေသေးတာက ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ရှိနေတယ်ဆိုတာကို ဘယ်သူက ငြင်းချက် ထုတ်နိုင်မှာပါလဲ။
ရှမ်းပြည်နယ်အတွင်းက မူးယစ်ဆေး ထုတ်လုပ်သူတွေက သူတို့ရဲ့ မူးယစ်ဆေးချက် စက်ရုံတွေ ဆေးပြားဖြန့်ချိရေး ကွန်ရက်တွေကို လက်နက်အင်အားနဲ့ ကာကွယ်ထားတာကြောင့် အစိုးရကတောင် ဖြေရှင်းဖို့ တတ်နိုင်မယ့် အခြေ အနေ မရှိဘူးလို့ ဦးဂျဖတ်က ကောက်ချက်ချပါတယ်။
လက်နက်အင်အားသာလျှင် ဘုရားသခင်အဖြစ် ကိုးကွယ်ရာဖြစ်နေတဲ့ တောတောင်ဒေသထဲမှာ အစိုးရရဲ့ သက်မဲ့ ဥပဒေ တွေက ဘယ်လိုမှ အသုံးမဝင်နိုင်ပါဘူး။
ဦးဂျဖတ်ကတော့ “UWSA သာ မူးယစ်ဆေး တကယ်မလုပ်တော့ဘူးဆိုရင် ရှမ်းပြည်နယ်မှာ မူးယစ်ဆေးတွေ အကုန် ရှင်းသွားပါလိမ့်မယ်”လို့ ပြောဆိုလိုက်ပါတယ်။ ။