မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ အာဏာ လွဲပြောင်း ရယူပြီးနောက် ၁ နှစ်ကျော် အကြာမှာ ရခိုင်အရေးဟာ NLD အစိုးရ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တခု ဖြစ်လာပါတယ်။
ရခိုင်ပြည်နယ်မှာ နေထိုင်ကြပြီး သူတို့ကိုယ် သူတို့ “ ရိုဟင်ဂျာ” လို့ ခေါ်တဲ့ ဘင်္ဂါလီတွေရဲ့ ပြသနာရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ မြန်မာ အစိုးရ အဆက်ဆက်က သူတို့ဟာ ဘင်္ဂလားဒေ့ရှ်က တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေ လို့သာ သတ်မှတ်ပြီး မြန်မာနိုင်ငံသား အဖြစ် အသိအမှတ် မပြုသလို လွတ်လပ်စွာ သွားလာခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။
၂၀၁၂ ခုနှစ် အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖြစ်ပွားခဲ့ပြီးတဲ့ နောက် ရိုဟင်ဂျာ ဘင်္ဂါလီနဲ့ ရခိုင် ဒေသခံတို့ ကြား ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး သေကြေပျက်စီးမှုတွေ၊ နေအိမ်တွေ အပြန်အလှန် မီးရှို့တာတွေ၊ သိန်းနဲ့ ချီတဲ့ ဘင်္ဂါလီတွေဟာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ အဲဒီပြဿနာကို အရင်သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်လည်း ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာတော့ ရခိုင်အရေး ဖြေရှင်းနိုင်မယ်လို့ ပြည်သူတွေက ယုံကြည် မျှော်လင့်ကြပါတယ်။ တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှာ ဥက္ကဋ္ဌ တာဝန်ယူပြီး ဆောင်ရွက် နေသလို၊ ရခိုင်အရေး အတွက် ဘက်ပေါင်းစုံမှ အကြံဉာဏ်တွေ ရယူဖို့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အထူး အကြံပေး ကော်မရှင်ကိုလည်း ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါတယ်။
မကြာသေးခင် ရက်ပိုင်းက ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အထူး အကြံကော်မရှင်က အချက် ၁၂ ချက်ပါတဲ့ ကြားဖြတ် အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပြီး အဲဒီ အကြံပြုချက်ထဲက တချို့အချက်တွေ ကိုလည်း NLD အစိုးရက စတင် အကောင်အထည် ဖော်နေတာကို တွေ့ရပါတယ်။
အစိုးရက နိုင်ငံသား စီစစ်ရေး လုပ်ငန်းတွေကို စတင် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပေမယ့် ဘဂါၤလီတွေက နိုင်ငံသားစီစစ်ရေး ကတ်ပြားမှာ “ရိုဟင်ဂျာ” ဆိုတဲ့ နာမည်ကို ရွေးခွင့် မရှိတာကြောင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းမှာ မပါဝင်ဘဲ ဖြစ်နေတာလည်း တွေ့ရပါတယ်။
တဖက်မှာလည်း မြန်မာပြည်သူတွေ အပါအဝင် တပ်မတော်၊ နိုင်ငံရေးပါတီတွေက ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရားမဝင် ဝင်ရောက်လာသူတွေ၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအရ စစ်မေးပြီး ဥပဒေနဲ့ ညီညွတ်သူကို ရသင့် ရထိုက်တဲ့ အခွင့်အရေး ပေးတာတွေ၊ ဥပဒေနဲ့ မကိုက်ညီတာတွေကိုလည်း UNHCR ရဲ့ အစီအစဉ်နဲ့ ဖြေရှင်းတာတွေ လုပ်ဆောင်ရမှာလို့ ခိုင်ခိုင်မာမာ ကိုင်စွဲထားကြ ပါတယ်။ ဒါပေမယ့် UNHCR အပါအဝင် လူ့ အခွင့်အရေး လှုပ်ရှားသူတွေက ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသား အဖြစ် လက်ခံ အသိအမှတ် ပြုပေးဖို့ အစိုးရကို ဖိအား ပေးနေတာလည်း ရှိနေပါတယ်။
တဖန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရက ရခိုင်အရေး ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ ဘင်္ဂါလီတွေက နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ အကြမ်းဖက်မှုတွေ ပြုလုပ်လာတာလည်း တွေ့ရပြန်ပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တော ဒေသ မေယုတောင်ကြောပေါ်မှာ အကြမ်းဖက် သင်တန်းတွေ ရှိနေတယ် ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ ဇွန်လ ၂၀ ရက်နေ့က သွားရောက် ရှင်းလင်းရာမှာ လိုဏ်ခေါင်းတွေ၊ သေနတ်တွေ၊ ကျည်ဆံတွေ၊ ယာယီ လူနေတဲ စတာတွေ တွေ့ရှိပြီး၊ မျက်နှာဖုံးစွပ် အမျိုးသား အလောင်း ၃ လောင်းကို အသေ ရရှိခဲ့တယ်လို့ သမ္မတရုံးက ဇွန်လ ၂၁ ရက် နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီ တနေ့တည်းမှာပဲ ကျွန်းဂေါင်းကျေးရွာမှာ Arakan Rohinja Salvation Army (ARSA) အဖွဲ့ရဲ့ ဘဏ္ဍာရေး တာဝန်ခံ မော်လဝီ ဂျီရာဘူရာမန် ကို သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ အဲဒီ ARSA အဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရဲတပ်ရင်းတွေကို တိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ် လို့ ထုတ်ဖော်ပြောဆိုထားတဲ့ Aqua Mul Mujahidin (AMM) နဲ့ Rohingya National Security Committee (RNSA) ၂ ဖွဲ့ကို ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ အကြမ်းဖက်မှုတွေ ဆက်တိုက်ပြစ်ပေါ်လာခဲ့ပြီးတဲ့ နောက် အခုလို ပွင့်ပွင့်လင်းလင်း တရားဝင် ပြောဆိုလာပေမယ့် “ဘယ်သူတွေ” အကြမ်းဖက်မှုတွေ လုပ်တယ် ဆိုတာတော့ တိတိကျကျ ပြောဆိုတာ မတွေ့ရသေး ပါဘူး။
တဖက်မှာလည်း နိုင်ငံရေးပါတီတွေက ရခိုင်အရေးနဲ့ပတ်သက်ပြီးအစိုးရရဲ့ လက်ရှိ ကိုင်တွယ်ဖြေရှင်းနေပုံကို အားမလို အားမရ တာတွေ၊ ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်မှုဟာ နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်တယ် လို့ စိုးရိမ်မှုတွေ တိုးလာပြီး အဲဒါဟာ အစိုးရရဲ့ အားနည်းချက် တခုသဖွယ် ဖြစ်လာပါတယ်။ အဲဒီ အပြင် အစိုးရဟာ အမျိုးသားအကျိုးစီးပွားထက် နိုင်ငံတကာ အသိုင်းအဝန်းကို အထူးအလေးပေး ဦးစားပေး လုပ်ဆောင်တာတွေကြောင့် ဝေဖန်မှုတွေလည်း ထွက်ပေါ်လာ ပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှု အန္တရယ်ဟာ နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး ကို ခြိမ်းခြောက်ခံနေရပြီး အစိုးရက နိုင်ငံလုံခြုံရေး အတွက် လုပ်သင့် လုပ်ထိုက်တာကို ပြည့်ပြည့်၀၀ လုပ်သင့်တာကို လုပ်၊ ကန့်ကွက်သင့်တဲ့ဟာ ကန့်ကွက်ရမယ် လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းက ဝေဖန်ထောက်ပြ ပါတယ်။
ပြီးတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေကလည်း ရခိုင်ပြည်နယ်မှာ ဒေသတချို့ကို စစ်အုပ်ချုပ်ရေး ကြေညာဖို့ အစိုးရကို ဖိအားပေးလာ ပါတယ်။ အဲဒီလို ပြည်တွင်း နိုင်ငံရေးပါတီများက ဖိအားပေးမှုတွေကြောင့် ရခိုင်အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်ပြီး အထူးအစည်းအဝေး တရပ် ကျင်းပပါတယ်။ သို့ပေမယ့် ရခိုင်အရေးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ တရားဝင် ပြောကြားခြင်းတော့ မရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် အစိုးရ အာဏာလွဲပြောင်း ရယူပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခပြသနာကို ဦးစားပေး ဆောင်ရွက် နေချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်က လွတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း နေရာယူထားသလို အစိုးရရဲ့ အုပ်ချုပ်ရေးမှာ အရေးပါတဲ့ ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေးစတဲ့ ဝန်ကြီးဌာန ၃ ကိုလည်း တပ်မတော်က ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်ရဲ့ အဲဒီလို ထိန်းချုပ်မှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ ရခိုင်အရေး ဖြေရှင်းဖို့ လုပ်ကိုင်ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိနေသလို တဖက်မှာလည်း တပ်မတော်နဲ့ ထိပ်တိုက် တွေ့နိုင်တယ် လို့ ပညာရှင်တွေ သုံးသပ် ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်မတော်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရနဲ့ ဆွေးနွေးတာ၊ ညှိနှိုင်းတာတွေ ရှိပြီး လက်ရှိ အစိုးရဟာ တပ်မတော်ရဲ့ အပြည့်အ၀ ပူးပေါင်းမှု ရရှိတယ် လို့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
တဖက်မှာလည်း ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ ၁ နှစ်ကျော် အတွင်း ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေက တဖက်သတ် ဖိအားပေးမှုတွေ ပိုမို ပြင်းထန်လာပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းက အစိုးရရဲ့ ရခိုင်အရေး ဖြေရှင်းရေး မူဝါဒ လုပ်ငန်းစဉ်တွေမှာ နည်းအမျိုးမျိုးနဲ့ လွမ်းမိုးဖို့ ကြိုးစားနေကြတာလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က “ဘင်္ဂါလီ အကြမ်းဖက်သမား” တွေဟာ မြန်မာ အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ကို အကြမ်းဖက် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ ပြီးနောက် စစ်တပ်က ပြန်လည်ပြီး နယ်မြေ ရှင်းလင်းမှုတွေ ပြုလုပ်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ် လို့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စွပ်စွဲ မှုတွေ ရှိလာတာပါ။
ဒါပေမယ့် အဲဒီ စွပ်စွဲမှုတွေဟာ ဘင်္ဂါလီ အရေး လှုပ်ရှားသူတွေက မဟုတ်မမှန် လုပ်ကြံဖန်တီးတဲ့ သတင်းတွေသာ ဖြစ်တယ်၊ တကယ်လို့ သက်သေ အထောက်အထား အပြည့်အစုံနဲ့ တင်ပြနိုင်ရင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အရေးယူမယ်လို့ အစိုးရက ပြန်လည်တုံ့ပြန်ပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ မတ်လက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အဲဒီ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို စုံစမ်းဖို့ အချက်အလက် ရှာဖွေရေးအဖွဲ့ (Fact-Finding Mission) တဖွဲ့ကို မြန်မာနိုင်ငံကို စေလွတ်ဖို့ ဆုံးဖြတ် ချက်ချခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အချက်အလက် ရှာဖွေရေး အဖွဲ့ဟာ ရခိုင်ဒေသရဲ့ အခြေအနေကို ပိုပြီး ဆိုးရွားစေနိုင်တာ ကြောင့် မြန်မာ အစိုးရအနေနဲ့ လုံး၀ လက်မခံနိုင်ဘူး လို့ ပယ်ချလိုက်ပြီး ပြည်ဝင်ခွင့် ဗီဇာကိုလည်း ပိတ်ပင်ထားလိုက် ပါတယ်။
ကုလသမဂ္ဂနဲ့နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေဟာ “သူတို့ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်၊ ဦးတည်ချက်နဲ့ သူတို့ အကျိုးစီးပွား အတွက် လုပ်ဆောင်နေကြပြီး ကျနော်တို့ နိုင်ငံ အစစ အရာရာ ချို့တဲ့ နေတဲ့ အချိန်မှာ တခြားကနေ ဝင်လာတဲ့ အကြမ်းဖက်မှုတွေ မဖြစ်အောင်လို့ နိုင်ငံတကာ ဖိအားပဲ ဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံ အကျိုးစီးပွား အတွက် လုပ်တဲ့ ဆုံးဖြတ်ချက်” လို့ မြန်မာအရေး သုံးသပ်သူ ဒေါက်တာတင့်ဆွေက အစိုးရဆုံးဖြတ်ချက်ကို ထောက်ခံသုံးသပ်ပါတယ်။
တဖက်မှာလည်း ပြည်သူတွေက ရခိုင်အရေးကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက နည်းအမျိုးမျိုးနဲ့ ဖိအား ပေးနေတာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာ ဖြစ်တယ်လို့ လက်ခံ ယုံကြည်ထားပါတယ်။
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်ဒေသ မတည်ငြိမ်မှုနဲ့ တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားအောင် ဘင်္ဂါလီ အကြမ်းဖက် သမားတွေက နည်းအမျိုးမျိုးနဲ့ ဖန်းတီးလာတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသ အတွင်း ဘင်္ဂါလီကျေးရွာတွေမှာ လုံခြုံရေး ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးပိုင်းနဲ့ အဆက်အသွယ် ရှိသူ၊ သတင်းပေးသူတွေကို ဘင်္ဂါလီ အကြမ်းဖက်သမားတွေက အချင်းချင်း သတ်ဖြတ်တာတွေ ရှိလာပါတယ်။ အဲဒါကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဟာ အရင်ကလို သတင်း အချက်အလက်တွေ ရယူဖို့ အခက်အခဲတွေ ရှိလာသလို ဘင်္ဂါလီတွေဟာ ဥပဒေ လိုက်နာမှုလည်း ကင်းမဲ့လာပါတယ်။
ရခိုင်ပြည်နယ် မောင်တော ဒေသမှာ နယ်ခြားစောင့် တပ်ဖွဲ့တွေရဲ့ ကင်းစခန်းတွေကို စီးနင်း တိုက်ခိုက်ခံရတဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် ဇွန် ၂၀ ရက်နေ့အထိ ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ လက်နက်ကိုင် အကြမ်းဖက်မှုတွေကြောင့် ကျေးရွာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ အပါအဝင် အပြစ်မဲ့ ပြည်သူ ၃၄ ဦး သတ်ဖြတ် ခံခဲ့ရကြောင်း၊ ပြည်သူ ၂၂ ဦး ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီရဲ့ သတင်း ထုတ်ပြန်ချက်က ဆိုပါတယ်။ အခုလို ဆိုးရွားလာနေတဲ့ အခြေအနေတွေကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသခံတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေး နေရတာလည်း တွေ့ရပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး တာဝန်ယူ ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာပဲ ရခိုင်အရေးမှာ ဘင်္ဂါလီတွေက အကြမ်းဖက်မှုတွေ ဆက်တိုက် ပြုလုပ်လာပြီး ပြည်တွင်း ပြည်ပ နိုင်ငံရေး ထိုးနက်မှုတွေနဲ့ ဖိအားပေးမှုတွေကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ အနေအထား ဖြစ်ပါတယ်။ ရခိုင်အရေးကလည်း တနေ့ထက် တနေ့ ပိုမိုရှုပ်ထွေး လာနေပါတယ်။
ရခိုင်အရေးဟာ အရင် စစ်အစိုးရ အဆက်ဆက်ရဲ့ မှားယွင်းတဲ့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတချို့ရဲ့ လာဘ်ပေးလာဘ်ယူတွေကြောင့် ဘင်္ဂါလီတွေ သိန်းပေါင်းများစွာ ရောက်ရှိနေထိုင်နေကြပါပြီ။
ဒါကြောင့် ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းရာမှာ ခိုင်မာတဲ့ မူဝါဒ တခု ချမှတ်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်သလို အဲဒီ မူဝါဒချမှတ်ရေး လုပ်ငန်းစဉ် တွေမှာလည်း အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေ အားလုံး အတူတကွ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။
(ထွန်းထွန်းနိုင်သည် ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာစီမံကိန်းရေးဆွဲရေးနှင့် ပြည်သူ့မူဝါဒရေးရာ မဟာဘွဲ့ကိုရရှိခဲ့ပြီး ရခိုင်နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာသုံးသပ်ချက် ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။)