ဆောင်းပါး

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် အမျိုးသမီးတွေ သေကြောင်းကြံမှု နောက်ကွယ်

Want create site? Find Free WordPress Themes and plugins.

“ကူးစက်ရောဂါ” ဟုဆိုလျှင် ကာလဝမ်းရောဂါ၊ ငှက်ဖျားရောဂါနှင့် ပလိပ်ရောဂါတို့ကိုသာ ပြေးမြင်ကြမည် ဖြစ်သည်။ မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း ကို ထည့်သွင်းစဉ်းစားမိမည် မဟုတ်ပေ။ သို့သော် ထိုင်း-မြန်မာနယ်စပ်မှ နှစ်ပေါင်း ၃၀ သက်တမ်းရှိ မယ်လဒုက္ခသည် စခန်းတွင် မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်းမှာ ကူးစက်ရောဂါ သဖွယ် ဖြစ်လာ နေသည် ဟု ရှော့ကလို ငှက်ဖျားသုတေသနဌာန (SMRU) ၏ အပူပိုင်းဒေသမိခင်နှင့် ကလေး ကျန်းမာရေး ပါမောက္ခ Rose McGready က ပြောသည်။

လွန်ခဲ့သောနှစ်က မယ်လစခန်းတွင် မိမိကိုယ်မိမိ စေကြောင်းကြံစည်မှု ၅၇ မှု ဖြစ်ပွားခဲ့သည်။ အကြောင်းရင်းမှာ လူမှုဝန်းကျင်တွင် ဝင်ဆံ့မှု မရှိဘဲ အရေးအရာ မရောက် ဟု (ကိုယ့်ကိုယ်ကို) အထင်ရှိနေခြင်း၊ လူမှုစီးပွားရေး အကျပ်အတည်း ဖိအားနှင့် မရေရာသော အနာဂတ် စသည်တို့က လူအများစုအား ၎င်းတို့၏ ထိန်းချုပ်နိုင်စွမ်းကို ကင်းမဲ့စေခြင်းတို့ ဖြစ်သည်မှာ ထင်ရှားသည် ဟု Rose McGready က ပြောသည်။

မယ်လတွင် နေထိုင်သူ ၄၀၀၀၀ တို့သည် နိုင်ငံသား အဆင့်အတန်း မရကြသကဲ့သို့ လူမှုဖူလုံရေး စောင့်ရှောက်မှုလည်း မရကြသည့် အပြင် အစားအသောက်မှာ လည်း မသေရုံတမည် စားသောက် ရှင်သန်နေကြသည်။ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရန်မှာလည်း အကန့်အသတ်များ ရှိသောကြောင့် အကူအညီ အထောက်အပံ့များကိုသာ မှီခိုနေကြရသည်။

လူသားရင်းမြစ်နှင့် ငွေကြေးရင်းမြစ် နည်းပါးရှားပါးသည့် ဒုက္ခသည် စခန်းတွင် နယ်စပ်ဒေသမှ အကူအညီပေးရေး အဖွဲ့များ အတွက် အထက်ပါ အခြေအနေမှာ စိတ်ပျက်စရာ ဖြစ်နေသည်။ ထို အခက်အခဲကို ပိုမိုဆိုးရွားစေသော အချက်များမှာ စိတ်ကျန်းမာရေးသည် ပြည်သူ့ကျန်းမာရေး ကဏ္ဍ၏ နယ်ပယ်တရပ် ဖြစ်ကြောင်း ရပ်ရွာက နားမလည်ကြခြင်း နှင့် မူဝါဒ ချမှတ်သူများက ဦးစားပေးမှုအဆင့် နိမ့်ခြင်း တို့ ဖြစ်သည်။

ပြဿနာ၏ အဖြေမှာ ထိုပြဿနာကို ထုတ်ဖော် ဆွေးနွေးရန် ဖြစ်သည် ဟု Rose McGready က ပြောသည်။ “မိမိကိုယ်မိမိ သေကြောင်း ကြံစည်ခြင်းကို ထုတ်ဖော် ဆွေးနွေးတဲ့ ယဉ်ကျေးမှုတခုကို ကျမတို့ ဖော်ထုတ်ရမယ်။ ဒါပေမယ့် လောလောဆယ်တော့ ရွေးချယ် ဆွေးနွေးရမယ့် လူငယ်ပရိသတ်ကို ရှာတွေ့နိုင်ဖို့ကိုတောင် တော်တော် ကြိုးစားနေရတယ်” ဟု သူက ဆက်ပြောသည်။

“မိမိကိုယ်မိမိ သေကြောင်းကြံစည်တဲ့ ကူးစက်ရောဂါဟာ ဘာကြောင့် ဒီစခန်းမှာ အရမ်း ဖြစ်နေတယ် လို့ထင်လဲ၊ တားဆီးကာကွယ်ရေး အစီအစဉ်တွေ ဘာကြောင့် မထိရောက်တာလဲ ဆိုတာကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ရွှေ့ပြောင်းလုပ်သား ကျောင်းက ကျောင်းသားတွေနဲ့ ကျမ ဆွေးနွေးခဲ့တယ်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ပဋိပက္ခ ဒေသ ကရင်ပြည်နယ်က ကရင်ဒုက္ခသည် ၄ ယောက်က မယ်လဒုက္ခသည် စခန်း အတွင်းက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သူ၊ ကြံစည်ဖို့ ကြိုးစားသူ တဦး ဒါမှ မဟုတ် တဦးမကကို သိကြောင်း ဝန်ခံကြတယ်”

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး တိုင်းရင်းသား လူမျိုးစုနေထိုင်ရာဒေသ ဖြစ်သလို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြေား နှစ်ပေါင်း ၅၀ ကြာ တိုက်ပွဲများ၏ စစ်မြေပြင်ဖြစ်သည်။

“သူက ပထမဆုံး အကြိမ် သေကြောင်းကြံစည်ဖို့ ကြိုးစားပြီး နောက်ပိုင်းမှာ ကျမ တယောက်တည်းကိုပဲ အဲဒီ အကြောင်း သူ ပြန်ပြောတယ်။ သူက ပိုးသတ်ဆေးတွေ သောက်လိုက်တာ။ ဘာလို့ ဒီလိုလုပ်ရတာလဲ လို့ မေးတော့ သူ့ကောင်လေးက နောက်တယောက်နဲ့ ကြိုက်နေလို့ လို့ ဖြေတယ်” ဟု အသသက် ၂၀ အရွယ် လင်နန်နာ က ပြောပြသည်။

အသက် ၂၁ နှစ်အရွယ် လော်ရာက နေ့မြင် ညပျောက် ဖြစ်ခဲ့ရသော သူငယ်ချင်း တယောက်အကြောင်း ပြောပြသည်။ “ကျောင်းက အဆောင်မှာ သူ ဘာလို့ မရှိတော့တာလဲ ဆိုတာကို ကျမက သိချင်နေတာ။ ဘယ်သူကမှ ဘာအကြောင်းမှ မပြောကြဘူး။ သင်္ဂြိုဟ်တဲ့နေ့ ရောက်မှ သူ သူ့ကိုယ်သူ သတ်သေသွားတာလို့ အမေက ကျမကို ပြောပြတယ်။ ဒါပဲ သိရတာ။ အမေက ဘာမှ ဆက်မပြောဘူး။ ကျောင်းမှာလည်း ဘာဖြစ်လို့ ဘာမှ မပြောကြတာလဲ။ ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ကူးနေတဲ့ တခြားလူငယ်တွေကို အကူအညီပေးနိုင်ဖို့ အခွင့်အလမ်းက ဘယ်မှာလဲ” ဟု လော်ရာ ပြောသည်။

အသက် ၂၃ နှစ် အရွယ် ဗမာတဦး ဖြစ်တဲ့ မင်းမင်းက ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းတခုကို ထုတ်ပြောသည်။

“ကျနော်တို့ ဘိုးဘွားတွေ သေကြောင်းကြံစည်တာကို ရှက်စရာလို့ ထင်ကြတော့ ကျနော်တို့ကလည်း အဲဒီလိုဘဲ ထင်နေတာ။ ပြီးတော့ မြန်မာတွေက အရှက်အကြောက် ကြီးတယ်။ ကိုယ့်ပြဿနာကို သူများကို ထုတ်ဖော်ပြောလေ့ မရှိဘူး။ အထူးသဖြင့် အမှားတွေ ကျူးလွန်မိရင်ပေါ့” ဟု သူက ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မှ ရွှေ့ပြောင်းအခြေချလာသူ စန်းသီတာ၏ အမြင်မှာ သူနှင့် မတူပေ။

“လူတွေ ကိုယ့်ကိုယ်ကို သတ်သေလောက်အောင် ဖြစ်စေတဲ့ စည်းကမ်းချက် ကန့်သတ်ချက်တွေ၊ ရောဂါသည်တွေကို ခွဲခြား ဆက်ဆံမှု တွေက ကျမတို့ရဲ့ ဘာသာတရားနဲ့ လူ့အဖွဲ့အစည်းမှာ အရမ်းများတယ်။ အထူးသဖြင့် ကျမတို့ မိန်းကလေးတွေ သိမ်ငယ် ကြရတယ်။ ဥပမာ အိမ်ထောင်မပြုဘဲ ကိုယ်ဝန်ဆောင်ရင် ကျမတို့ ယဉ်ကျေးမှုက ချမှတ်ထားတဲ့ အရှက်ကွဲမှုကို ရင်ဆိုင်ဖို့သာ စဉ်းစားပေတော့” ဟု သူက ပြောသည်။

လူမှုစီးပွားရေး ဖိအား၊ ရောဂါသည်များကို ခွဲခြားဆက်ဆံခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်သော ထိခိုက်မှုများ (လူရာမဝင် သိမ်ငယ်စိတ်) နှင့် အနာဂတ် မရေရာမှု အခြေခံများ ပေါ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ယဉ်ကျေးမှု အစဉ်အလာများသည် မယ်လစခန်းမှ ထိခိုက်လွယ်သူများ အကြား တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် စိတ်ကျန်းမာရေး အထောက်အကူ ပေးသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်မှု ကင်းမဲ့စေသည်ဟု ထို လူငယ်များက ဖော်ပြခဲ့ကြသည်။

ခင်ပွန်းသည်နှင့်သာ လိင်ဆက်ဆံရန် နှင့် မိသားစု ဘဝတွင် မြှုပ်နှံရန် ကဲ့သို့သော အမျိုးသမီးများအပေါ် ယဉ်ကျေးမှု အရ တားမြစ် ပိတ်ပင်ထားခြင်းနှင့် ထို တားမြစ်ချက်အတိုင်း နေထိုင်ခြင်း မရှိပါက အရှက်ရခြင်း၊ ကိုယ်စွမ်းကိုယ်စ ဆုံးရှုံး သကဲ့သို့ ခံစားရခြင်းများကိုလည်း ပြောဆို ဆွေးနွေးခဲ့ကြသည်။ ထိုအခြေအနေသည် ဟိုမုန်း အပြောင်းအလဲနှင့် ကိုယ်ဝန် ဆောင်ရခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဖိအားတို့နှင့် ပေါင်းစပ်မိသော အခါ မယ်လတွင် ကလေးမမွေးဖွားမီနှင့် မွေးဖွားပြီး နောက်ပိုင်း မိခင်များ မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်းကို ဖြစ်သည်။ လွန်ခဲ့သော နှစ်က ကိုယ်ဝန်ဆောင်နှင့် မွေးဖွားပြီးစ မိခင်များအကြား သေဆုံးမှု အကြောင်းရင်းများတွင် မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်းသည် ထက်ဝက် ပါဝင်သည်။

“ကိုယ်ဝန်ဆောင်စဉ်နဲ့ မီးဖွားပြီးစ ကာလတွေမှာ အမျိုးသမီးတွေဟာ ခန္ဓာကိုယ်အတွင်း ဇီဝအပြောင်းအလဲတွေကို ရင်ဆိုင် ရပြီး အဲဒီ အပြောင်းအလဲတွေကြောင့် သူတို့တွေဟာ သောကတွေ၊ စိတ်ဖိစီးမှုတွေ ပိုမို ခံစားရနိုင်တယ်” ဟု အောက်စဖို့ တက္ကသိုလ်မှ နပ်ဖီးလ် ကျန်းမာရေးဌာနမှ ပါရဂူကျောင်းသူ Gracia Fellmeth က ပြောသည်။

သူမသည် ၂၀၁၅ ခုနှစ်မှ စတင်ကာ မယ်လစခန်းတွင် မမွေးဖွားမီနှင့် မီးဖွားပြီးစ ကာလ စိတ်ပိုင်းကျန်းမာရေးကို သုတေသနပြု လေ့လာနေသူ ဖြစ်သည်။

သူမ၏ စစ်တမ်းအရ မယ်လစခန်းမှ မမွေးဖွားမီနှင့် မီးဖွားပြီးစကာလ အမျိုးသမီးများ၏ ၁၇ ရာခိုင်နှုန်းသည် တချိန်ချိန်တွင် စိတ် ကမောက်ကမ ဝေဒနာကို ခံစားကြရသည် ဟု ဆိုသည်။ အင်္ဂလန်နိုင်ငံ၏ နှုန်းဖြစ်သော ၁၅ မှ ၂၀ ရာခိုင်နှုန်းနှင့် အလားတူသော်လည်း အဓိက ကွဲလွဲချက်မှာ ထိုဝေဒနာ၏ သက်ရောက်မှုဖြစ်သည် ဟု ဆိုသည်။

အင်္ဂလန်နိုင်ငံတွင် မွေးဖွားမှု ၁ သိန်းတွင် သုည ဒသမ ၈၀ သာ ရှိပြီး မယ်လတွင်မူ အဆ ၂၀ ပိုမို မြင့်မားပြီး ၁၆ ဒသမ ၄ ရာခိုင်နှုန်း ရှိနေသည် ဟု ဆိုသည်။

ထိုအချက်ကြောင့်ပင် SMRU သည် နယ်စပ်ဒေသတွင် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှု တားဆီးရေး အားထုတ်မှုများ တွင် မိခင်နှင့် မိခင်လောင်းများ အရေးကို အဓိက ထားသည်။

၂၀၀၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အစီရင်ခံစာ အရ အမျိုးသမီးငယ်များ အကြား မိမိကိုယ်မိမိ သေကြောင်းကြံစည်နှုန်းသည် အမျိုးသားငယ်များ၏ နှုန်းထက် ၂၅ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်။ ထိုသို့ ဖြစ်ရခြင်းသည် ပညာရေး အခွင့်အလမ်း အကန့်အသတ် ရှိခြင်း၊ ဘဏ္ဍာရေး ရင်းမြစ်များ အသုံးပြုခွင့် နည်းခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အကန့်အသတ် ရှိခြင်းနှင့် အကြမ်းဖက် ခံရနိုင်ခြေ ပိုမိုများပြားခြင်း စသည့် နောက်ခံအခြေအနေများနှင့် နက်ရှိုင်းစွာ ဆက်စပ်နေသည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်းနှင့် ပတ်သက်၍ ထိုအစီရင်ခံစာက တောင်နှင့် အရှေ့အာရှမှ အမျိုးသမီးများနှင့် အနောက်တိုင်းမှ အမျိုးသမီးများအကြား မျိုးဆက်ခြား ကျန်းမာရေး ရွေးချယ်မှုများကို နှိုင်းယှဉ်ခဲ့သည်။

အနောက်တိုင်းတွင် ကိုယ်ဝန်ဆောင်စဉ် မိမိကိုယ်မိမိ သေကြောင်း ကြံစည်ခြင်းသည် လွန်ခဲ့သော နှစ် ၅၀ အတွင်း သိသိသာသာ ကျဆင်းသွားသည်။ ထိုသို့ ပြောင်းလဲလာရခြင်းမှာ သန္ဓေတားဆေး လွယ်ကူစွာ ရရှိလာခြင်း၊ ကိုယ်ဝန် ဖျက်ချခြင်း၊ ဝန်ဆောင်မှုကို အကုန်အကျ သက်သာစွာ ရရှိခြင်း၊ လက်မထပ်ဘဲ မီးဖွားသော အမျိုးသမီးများကို ခွဲခြားဆက်ဆံမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။

အကူအညီရရန် မျှော်လင့်ချက် မရှိဘဲ မိခင်များသည် စိတ်ခံစားမှုပိုင်း၊ စိတ်ပိုင်း အန္တရာယ် ကျရောက်နေရပါက ပျော်ရွှင်ကျန်းမာသော လူ့အဖွဲ့အစည်း တခုကိုလည်း တည်ဆောက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်မျိုးဆက် အတွက် မိမိတို့၏ ခံစားမှုများကို ထုတ်ဖော် ပြောဆိုတတ်ရန် အကောင်းဆုံးနည်းကို စိတ်ကျန်းမာရေး၏ အရေးပါမှုကို တန်ဖိုးထားသော မိခင်များက မြေတောင်မြှောက်ပေးရပါမည်။

“မိခင်တွေရဲ့ စိတ်ကျန်းမာရေးဟာ တဦးချင်း စိတ်ဖိစီးမှု သာမက ကျယ်ပြန့်တဲ့ အကျိုးဆက်တွေလည်း ရှိတယ်။ ကလေးတွေ အပေါ် ထိခိုက်မှုတွေမှာ အရွယ်ရောက်ချိန် အထိ ဆက်ဖြစ်တတ်တဲ့ အပြုအမူ ဆိုင်ရာ ပုံပန်းမကျတာ၊ မူမမှန်တာတွေလည်း ပါတယ်” ဟု Gracia Fellmeth က ပြောသည်။ ထို နောက်ဆက်တွဲ သက်ရောက်မှုများကို မယ်လတွင် တွေ့နေရပြီး မယ်လ အတွက် အလွန်အရေးပါသော မေးခွန်းမှာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်မှုများကို မည်သို့ တားဆီးမည်နည်း ဟူသော မေးခွန်းပင် ဖြစ်သည်။
တားဆီးကာကွယ်ရေး အကူအညီပေးရန် အတွက် ကုသမှုများကြောင့် အရှက်ရခြင်း မဖြစ်စေနိုင်သော၊ ဝေဖန်ပြစ်တင်မှု မရှိသော၊ လုံလောက်သော ဆေးဝါးရင်းမြစ်များ ရှိသည့် စိတ်ကျန်းမာရေး ဆေးခန်း သို့မဟုတ် ပတ်ဝန်းကျင်တခု လိုအပ်သည်။

ထိုဒေသမှ အမျိုးသမီး ထောင်ပေါင်းများစွာ အတွက် ဝန်ဆောင်မှုပေးနေသော SMRU မိခင်နှင့် မိခင်လောင်း ဆေးခန်း ၂ ခုသာ ရှိသည်။ အမျိုးသမီးများသည် နယ်စပ်ဖြတ်ကျော်မှု ဗီဇာပြရန် မလိုသော ထိုဆေးခန်းများသို့ စက်ဘီးဆိုင်ကယ်များ၊ ထရပ်ကားများ၊ လှေများဖြင့် ရောက်လာကြသည်။ လူနာစောင့်ခန်း၏ နောက်ဘက်တွင် လူနာဆောင်များကို ကန့်လန့်ကာများဖြင့် အခန်း ဖွဲ့ထားပြီး သစ်သားကုတင်များ၊ မြန်မာနှင့် ထိုင်းနိုင်ငံ နေရာတိုင်းတွင် တွေ့ရသော ပုဆိုးကြမ်းအခင်းများသာ ရှိနေသည်။

အမျိုးသမီး ကြီးငယ်များသည် ခုံတန်းရှည်များတွင် ရှိနေကြပြီး အချို့မှာ အရောင်စုံ အနှီးထုတ်လေးများကို စောင့်ရှောက် နေကြသည်။ အချို့မှာ ဝမ်းဗိုက်ပူပူကလေးများကို တပွတ်ပွတ်လုပ်နေကြသည်။ မိသားစု အပြင်ထွက် လည်သည့် ပုံမျိုး ဖြစ်နေပြီး အစားအစာ ဗူးများကို ဖွင့်ကာဝေမျှ စားသောက်ကြ၊ ရောက်တတ်ရာရာ ပြောဆိုနေကြသည်။

စိတ်ကျန်းမာရေး အတိုင်ပင်ခံ ဒေါ်အေးမိ၊ အသက် ၁၉ နှစ်အရွယ် မိခင်ငယ်နှင့် သူမ၏ မွေးကင်းစ ကလေးတို့ ထိုင်နေသော တံခါးပိတ်ထားသည့် အခန်းတွင်းသို့ ဝင်ရောက်ခွင့်ရခဲ့သည်။ ဒေါ်အေးမိက Gracia Fellmeth ပေးထားသည့် စိတ်ပညာ မေးခွန်းများကို ဘာသာပြန် မေးမြန်းနေပြီး ၁၉ နှစ်အရွယ် မိခင်က အစအဆုံး နှောင့်နှေးခြင်း မရှိဘဲ ပြန်လည် ဖြေကြားနေသည်။ “ကိုယ့်ကိုယ်ကို သတ်သေဖို့ အတွေးပေါ်ဖူးလား” စသည့် မေးခွန်းလည်း ပါဝင်သည်။ မေးမြန်း ဆွေးနွေးမှု ပြီးသော အခါ ထိုမိခင်ငယ်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်လည် ထွက်ခွာသွားသည်။

“လာတဲ့အမျိုးသမီး စကားပြောရတာ တော်တော် ပွင့်လင်းကြတယ်” ဟု ဒေါ်အေးမိက ရှင်းပြသည်။ ကိုယ်တိုင်လည်း ရွှေ့ပြောင်း အခြေချတဦး ဖြစ်ပြီး သူသည် ထိုဆေးခန်းတွင် လုပ်ကိုင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီ ဖြစ်သည်။ မူလက တီဘီရောဂါ အတွက် နှစ်သိမ့်ဆွေးနွေး အကြံပေး လုပ်ခဲ့ပြီး လွန်ခဲ့သော နှစ်ကမှ Gracia Fellmeth ၏ အစီအစဉ်အရ စိတ်ကျန်းမာရေးပိုင်းသို့ ကူးပြောင်းလာခဲ့သည်။ “ဒီ အလုပ်မှာ ပျော်တယ်၊ ဒါပေမယ့် ခက်တော့ ခက်ခဲပြီး အားလုံး ပြီးပြည့်စုံအောင်တော့ မလုပ်နိုင်သေးဘူး။ ရောဂါ ရှာဖွေရေး အတွက် ကျမ လေ့ကျင့်သင်ကြားဖို့ လိုနေသေးတယ်” ဟု သူက ပြောသည်။

အထက်ပါ မိခင်နှင့် မိခင်လောင်း စိတ်ပိုင်း ကျန်းမာရေး နှစ်သိမ့်ဆွေးနွေး ပညာပေးသူများထံမှ ထောက်ကူပံ့ပိုးမှု ကင်းမဲ့သည် ဆိုသည့် စကားကို ကြားသိခဲ့ရသည်။ ကရင် ဒုက္ခသည် တဦးဖြစ်သူ အသက် ၃၀ အရွယ် မဌေးဌေး သည် မယ်လတွင် နေထိုင်သည်မှာ ၁၀ နှစ်ခန့် ရှိပြီ ဖြစ်ပြီး မိခင်နှင့် မိခင်လောင်း အာဟာရ ပညာရှင် အဖြစ် စတင် လုပ်ကိုင်ခဲ့ပြီး မယ်လ စခန်းတွင် မိခင်နှင့် မိခင်လောင်း စိတ်ပိုင်းကျန်းမာရေး နှစ်သိမ့်ဆွေးနွေး ပညာပေးသူ ဖြစ်သည်။ နေ့စဉ် အမျိုးသမီး ၁၂ ဦး အထိ တွေ့ဆုံရလေ့ရှိပြီး တခါတွေ့လျှင် အနည်းဆုံး ၁ နာရီကြာသည်။

“နှစ်သိမ့်ဆွေးနွေး ပညာပေးမှု ကောင်းကောင်းလုပ်နိုင်ဖို့ အချိန် ယူရတယ်။ လူတိုင်းအတွက် လုပ်ပေးနိုင်ပါစေ လို့ ကျမ ဆုတောင်းတယ်။ ပါဝင်ကူညီလိုသူတွေကို ကျမ လေ့ကျင့်ပေးနိုင်ရင် လေ့ကျင့်ပေးချင်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ကျမ ကိုယ့်ကိုယ်ကို အဲဒီလောက်အထိ ယုံကြည်မှု မရှိသေးဘူး” ဟု သူက ပြောပြသည်။
ကြီးကြပ်သင်ကြား ပေးနိုင်မှု ချို့တဲ့ နေသည်မှာ ထင်ရှားသည်။ ယခင်က အဖွဲ့အစည်းပေါင်း များစွာ မယ်တော် ဆေးခန်း အပါအဝင် တခြား အဖွဲ့အစည်း များက နယ်စပ်ဒေသ အတွက် စိတ်ကျန်းမာရေး အစီအစဉ်များကို ထောက်ပံ့ ပေးခဲ့ကြ သော်လည်း ယဉ်ကျေးမှု အတားအဆီးများနှင့် ရန်ပုံငွေ မရှိခြင်းကြောင့် ထိုအစီအစဉ်များကို သိသိသာသာ လျှော့ချ ဖြတ်တောက်ခဲ့ကြသည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကမ္ဘာ့ လူသားချင်း စာနာမှု ရန်ပုံငွေမှာ လျော့ကျသွားသဖြင့် သင်တန်းပေးခြင်း အပါအဝင် စိတ်ကျန်းမာရေး ဆေးခန်း အစီအစဉ်များကို ငွေကြေး ထောက်ပံ့ရန် ခက်ခဲလာသည်။ Gracia Fellmeth ၏ အစီအစဉ်မှာ အများအားဖြင့် ထောက်ပံ့ငွေ မရပေ။ ထို့ကြောင့် ဒေသခံ နှစ်သိမ့်ဆွေးနွေး ပညာပေးသူများမှာ လစာ နိမ့်ကြပြီး လုပ်ငန်း ကျွမ်းကျင်မှု မြှင့်တင်ရေး အခွင့်အလမ်းလည်း အကန့်အသတ် ရှိနေသည်။

သူ့ကိုယ်သူ သံသယ ရှိနေသော်လည်း ဒေသအသိုင်းအဝန်း အတွက် မဌေးဌေး၏ လုပ်ငန်းကြောင့် အကျိုးခံစားရမှု ရှိနေ သည်မှာ ထင်ရှားသည်။ Gracia Fellmeth ၏ သင်တန်းအပြီး ၆ လ အကြာတွင် သူသည် သူ၏ လုပ်ငန်းဆောင်ရွက်မှု နယ်ပယ်ကို ဖဲလ်မက်သ်၏ အစီစဉ်တွင်ပါဝင်သူ ၂၅၀ အပြင် အခြားအမျိုးသမီးများနှင့် ဆန္ဒရှိပါက သူတို့၏ ခင်ပွန်းသည် များ ပါဝင်နိုင်အောင် အထိပင် တိုးချဲ့နိုင်ခဲ့သည်။ အကဲဖြတ်ချက် မပေးဘဲ နားထောင်၊ နားလည် ပေးနိုင်မည့်သူ တဦးရှိသည် ဟူသော သတင်းစကားများ ပျံ့နှံ့လာခဲ့သည်။

Gracia Fellmeth ၏ မိခင်နှင့် မိခင်လောင်း စိတ်ကျန်းမာရေး အစီအစဉ်၏ ခွန်အားသည် မယ်လတွင် ရှိနေသည်။ ထို အစီအစဉ်သည် စိတ်ပိုင်းစစ်ဆေး ရောဂါရှာဖွေ ပေးရုံမျှသာမက ဒေသခံများက ဒေသခံများ အတွက် စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်းလည်း ပါဝင်သည်။ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် အဟန့်အတား ဖြစ်နေသည့် ဘာသာစကား အခုအခံကို ကျော်လွှားနိုင်ပြီး၊ မယ်လ ဒုက္ခစခန်းသာမက အခြား နယ်စပ်ဒေသရှိ ပြည်သူများကိုလည်း စိတ်ပိုင်းဆိုင်ရာ အားပေး မြှင့်တင်နိုင်မည် ဖြစ်သည်။
ထို့ထက်ပို၍ ပြောရပါမူ ထိုသို့သော မိခင်နှင့် မိခင်လောင်း စိတ်ပိုင်း ကျန်းမာရေး နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းသည် လူ့ အဖွဲ့အစည်းတခုလုံး အတွက်လည်း အရေးပါသော လမ်းညွှန်သင်ခန်းစာ တခုပေးခြင်း ဖြစ်သလို မိခင်ငယ်များ၏ စိတ်ပိုင်း ကျန်းမာခြင်းသည် အနာဂတ် မျိုးဆက်များ၏ ဘ၀ အဆင်ပြေသာယာရေး ဦးတည်နေသည်မှာ အထင်ရှားဆုံး အချက် ဖြစ်ပေသည်။

(www.refinery29.uk တွင် ဖော်ပြထားသည့် Ali McAllister ၏ Why Refugee Mothers Are Committing Suicide On The Thai-Myanmar Border ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading