ဆောင်းပါး

ပြည်သူ့ဆန္ဒ ဖော်ဆောင်မှု အားနည်းနေသေးတဲ့ လွှတ်တော်

Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပွဲနိုင်ပြီး အာဏာရလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က နေရာအများစု ရထားတဲ့ လက်ရှိ လွှတ်တော်တွေ ဟာ ပြည်သူလူထုအတွက် အမှန်တကယ် အလုပ်လုပ်နိုင်မလား ဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။

အစိုးရကို မထိန်းကျောင်းနိုင်တာ၊ ဥပဒေပြုရေးပိုင်းတွေမှာ အားနည်းချက်တချို့ ရှိနေတာနဲ့ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေအပေါ် ဗဟို ချုပ်ကိုင်မှု များပြားနေတာတွေ အပေါ်မှာ မေးခွန်းရှိလာတာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေး တိုးတက် အောင် ဆောင်ရွက်နိုင်ဖို့ ရုန်းကန်နေရချိန်မှာ ၁၈ လ ကြာလာပြီဖြစ်တဲ့ လွှတ်တော်တွေဟာလည်း လိုအပ်ချက်များစွာနဲ့ တာဝန် မကျေဖြစ်နေရတယ်လို့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ အခွင့်အရေး ဆုံးရှုံးနေသလား

တရားမျှတတဲ့ ဥပဒေတွေ ပြဌာန်းနိုင်မှု အားနည်းတာ၊ မတရားတဲ့ ဥပဒေတွေ မဖျက်သိမ်းနိုင်သေးတာ၊ လွှတ်တော်ထဲမှာ မေးခွန်းတွေ၊ အဆိုတွေ အပေါ်မှာလည်း ကန့်သတ်မှုတွေ ရှိနေတာကြောင့် လူထုဆန္ဒကို ထင်ဟပ်တဲ့ လွှတ်တော်ဖြစ်ဖို့ ကြိုးစားရဦးမှာလို့ NLD လွှတ် တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက ဧရာဝတီကို ပြောပါတယ်။

“ဥပဒေပြုတာ အသာထား၊ အဆိုတွေ မေးခွန်းတွေကိုတောင်မှ သက်ဆိုင်ရာ လူကြီးတွေ သဘောတူမှ တင်လို့ရတယ်။ တချို့ အဆိုတွေဆို တော်တော်ကောင်းတာတွေ ရှိတယ်။ ကျနော်တို့ မိတ်ဆွေတွေ တင်တယ်။ အဲဒါတွေလည်း ပယ်ချခံရတာ များတယ်။ ဥပဒေတခုကို ကိုယ်ကနေစပြီး လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”လို့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောဆိုပါတယ်။

လက်ရှိ အခြေအနေမှာ အစိုးရအဖွဲ့ရော၊ လွှတ်တော်ရောက ပါတီရဲ့ မူဝါဒနဲ့အညီ ပါတီရဲ့ ဦးဆောင်မှုနောက်ကို လိုက်နေ ရတာကြောင့် တဦးတယောက်ချင်း အနေနဲ့ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး ကလည်း ပြောပါတယ်။

“ကျနော်တို့လည်း ဂျာနယ်လစ်တွေ အဖမ်းခံနေရတဲ့ ကိစ္စမျိုးနဲ့ ၆၆(ဃ)လို ပုဒ်မမျိုးတွေ ပြင်ဆင်ဖို့ လုပ်ပေးချင်ပါတယ်။ ဒါပေမယ့် လက်တွေ့ကျ မလွယ်ဘူးလေ”လို့ NLD ပါတီက ဦးအောင်ကျော်ကျော်ဦးက ဆိုပါတယ်။

လွှတ်တော်က အစိုးရကို ဝေဖန်ထောက်ပြဖို့ထက် အစိုးရ အကျပ်မတွေ့အောင် “ထောက်ကူ” ပေးရမယ်လို့ လူကြီးတွေက ပြောကြောင်း၊ အဆိုတွေကိုလည်း အတည်ပြုလိုက်ရင် အစိုးရကို ဖိအားပေးရာ ရောက်မှာစိုးရိမ်လို့ မှတ်တမ်းတင် အတည် ပြု ပေးဖို့သာ သက်ဆိုင်ရာ အမတ်တွေကို ကြိုတင်ခေါ်ယူ ညှိနှိုင်းတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဇွန်လ ၃၀ ရက်နေ့ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သူနာပြုလောက ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တိုက်တွန်း ကြောင်း အဆိုတခုကို အတည်ပြုပေးမယ်လို့ ပြောထားတဲ့ ကျန်းမာရေး ဝန်ကြီးရဲ့ အဖြေစာရွက်ကို မီဒီယာတွေ ကြိုတင်ရရှိ ခဲ့ပေမယ့် လွှတ်တော်မှာ တကယ်ဖြေကြားတဲ့အခါ မှတ်တမ်းပဲ တင်ပေးဖို့ ဝန်ကြီးက ပြောဆိုခဲ့တာကို ကြုံတွေ့ ခဲ့ရပါတယ်။

NLD ကိုယ်စားလှယ်တွေ အနေနဲ့ မေးခွန်းတွေ၊ အဆိုတွေ တင်ပြတဲ့အခါမှာ ပါတီရဲ့ စိစစ်ရေး အဖွဲ့ဆီကို အရင်တင်ပြရပြီး ပါတီရဲ့ မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိမှသာ လွှတ်တော်မှာ မေးမြန်းဆွေးနွေးခွင့် ရမှာဖြစ်တယ်လို့ ကိုယ်စားလှယ်တွေက ပြောပါ တယ်။ ဒါပေမယ့် မတင် မနေရ စနစ်တော့ မဟုတ်ပေမယ့် ကိုယ့်ကြောင့် ပြဿနာ တက်လာခဲ့ရင်တော့ လွှတ်တော်မှာ ရော၊ ပါတီမှာပါ ဖြေရှင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီလွှတ်တော် မေးခွန်း၊ အဆို စိစစ်ရေးအဖွဲ့မှာက တယောက်ချင်းစီနဲ့လည်း ဆိုင်တယ်။ တချို့မေးခွန်း သွားပြတာ ရှိတယ်။ တချို့လည်း အဆိုပြရတယ်။ ကျနော်ကတော့ မပြဘူး။ ဒီတိုင်းပဲ သွားတင်တယ်။ အဆိုတော့ မတင်ဘူး။ တင်လည်း ရမှာ မဟုတ်ဘူး။ အဆိုကျ Sensitive (အကဲဆတ်မှု) ဖြစ်တယ်။ သေချာစိစစ်တာ”လို့ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုပါ တယ်။

ပြည်သူ့လွှတ်တော်က မေးခွန်း၊ အဆိုတွေ စိစစ်မှုကို တာဝန် ယူထားသူတွေကတော့ ရန်ကုန်တိုင်းက အမတ်တွေ ဖြစ်တဲ့ ဦးလွင်ကိုလတ်၊ ဦးပြုံးချိုနဲ့ ဦးအေးနိုင်တို့အပြင် တနသာင်္ရီတိုင်းက အမျိုးသမီး လွှတ်တော် အမတ် ဒေါ်တင်တင်ရီ တို့လည်း ပါဝင်သလို အမျိုးသား လွှတ်တော်မှာလည်း စိစစ်ရေး အဖွဲ့တခု ရှိတယ်လို့ သိရပါတယ်။

“စိစစ်ရေးအဖွဲ့ကို မတင်ဘဲ လွှတ်တော် ညွှန်ချုပ်ဆီ ရောက်သွားလည်း ကိုယ့်ပါတီထဲကဆိုရင် ဦးဝင်းမြင့်က ခေါ်ပြီးတော့ ခင်ဗျား မေးခွန်းပြောင်းလိုက်ပါ လုပ်တာ။ အဆိုကို ပြန်ရုပ်လိုက်ပါဆိုပြီး ခေါ်ပြောတာ။ ဒီအချိန်မှာ မသင့်တော်သေးဘူး လုပ်တာ’’လို့ NLD အမတ်တဦးက ဆိုပါတယ်။

ဒီလို လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေ၊ အဆိုတွေကို ကြိုတင် စိစစ်တာဟာ ဥပဒေအရလည်း လုပ်ပိုင်ခွင့် မပေး ထားတာကြောင့် ကိုယ်စားလှယ်အခွင့်အရေး ဆုံးရှုံးတာမျိုးတွေ ဖြစ်နေရတယ်ဆိုတဲ့ အမြင် ကွဲပြားမှုတွေလည်း ရှိနေ ကြပါ တယ်။

ဒါပေမယ့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးအောင်သိန်းကတော့ မေးခွန်းတွေ အဆိုတွေကို အမျိုးသား ရင်ကြးစေ့ရေးမူ၊ နိုင်ငံတော် မပြိုကွဲစေရေး မူတွေအရ ပါတီက စိစစ်ပေမယ့် ကိုယ်စားလှယ် အခွင့်အရေး ထိခိုက် လောက်အောင်တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

လွှတ်တော်တွေကို လေ့လာစောင့်ကြည့်နေတဲ့ ပွင့်လင်းမြန်မာ ရှေ့ဆောင်အဖွဲ့ အဆိုအရ NLD အစိုးရ သက်တမ်းမှာ ဒုတိယအကြိမ် လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးအထိ မေးခွန်းပေါင်း ၈၀၀ ကျော် မေးမြန်းခဲ့ပြီး အဲဒီထဲက မေးခွန်း ၆၀၀ ကျော်ကိုတော့ NLD ပါတီက အမတ်တွေက မေးမြန်းခဲ့တာပါ။ ဒုတိယ အများဆုံး မေးခဲ့တဲ့ ပါတီကတော့ ရခိုင် အမျိုးသား ပါတီ(ANP)က ဖြစ်ပြီး မေးခွန်း ၁၀၀ ကျော် ရှိပါတယ်။

အဆိုတွေကို ကြည့်ရင်လည်း စတုတ္ထပုံမှန် အစည်းအဝေးအထိ အဆိုပေါင်း ၅၅ ခု တင်သွင်းခဲ့ပြီး ၁၅ ခုကို အတည်ပြုနိုင် ခဲ့ရာမှာ NLD က ၁၂ ခု၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ၂ ခု၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) က ၁ ခုတို့ ဖြစ်ပါတယ်။

ဥပဒေကြမ်းတွေမှာလည်း ဥပဒေကြမ်း ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လိုက်ရတာ ဖြစ်ပြီး ကိုယ်စားလှယ်နဲ့ အစိုးရ ဝန်ကြီးဌာနက မဲခွဲဖို့ တောင်းဆိုရင်လည်း ဥပဒေကြမ်း ကော်မတီ သဘောအတိုင်းသာ အတည်ပြုကြလို့ အခုနောက်ပိုင်းမှာ အမိုက်ခံပြီး အစိုးရရော၊ ကိုယ်စားလှယ်တဦးချင်းစီကရော အမိုက်ခံပြီး မဲမခွဲကြတော့ဘူးလို့ သိရပါတယ်။

“ကျနော်တို့ကို မဲဆန္ဒရှင်တွေက ပြောနေပြီ။ လွှတ်တော်ထဲ ဘာလုပ်နေတာလဲတဲ့။ ဘာမှတင်တာလည်း မတွေ့ဘူး။ ဆွေးနွေးတာလည်း မတွေ့ဘူး။ အဲဒီအတိုင်းပြောတာ။ ကျနော့်ကို လူချင်းတွေ့ပြီး ပြောတာလည်း အများကြီးပဲ။ ဦးဆောင်ပြီး လုပ်တာလည်း မတွေ့ဘူးတဲ့။ ဥပဒေဘယ်နှခု ပြုပြီးပြီလဲ။ မေးခွန်း ဘယ်နှစ်ခု တင်ပြီးပြီလဲ။ စသဖြင့်ပေါ့ဗျာ။ အပြောခံရတာပဲ”လို့ ရန်ကုန်တိုင်းက NLD အမတ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

ကိုယ်စားလှယ်တွေမှာ ပြည်သူ့ဆန္ဒတချို့ တင်ပြတာတွေက လွှတ်တော်ထဲ မရောက်ခင်မှာ အကြောင်းအမျိုးမျိုးနဲ့ မတင်ပြ နိုင်တာမျိုးရှိပြီး တချို့ မေးခွန်းတွေ၊ အဆိုတွေဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ လုံးဝမဆိုင်ဘဲ ခွင့်မပြုတာမျိုးတွေ လို့ ကိုယ်စားလှယ်တွေက ပြောဆိုပါတယ်။

“ကျနော့် မြို့နယ်ဆိုရင် ဆိုင်ကယ်ကိစ္စ၊ ကျနော်တင်လို့ မရဘူးလေ။ ကျနော်နဲ့ ဦးဉာဏ်လင်း (ရွှေပြည်သာ အမတ်)တို့ တိုင်ပင်ပြီးတော့ သွားတင်တာ။ ပယ်တာပဲ။ ဆိုင်ကယ် စီးနင်းခွင့်ဆိုတာ ပြည်သူရဲ့ လိုအပ်ချက်တခု။ သား၊ ငါး ကိစ္စ ကျနော် တင်တယ်။ ဒါလည်း ရောင်တောင်တောင် ဖြေသွားတာပဲ။ မလွယ်ဘူးလေ။ ကျနော်တို့ကို ဘာမှမလုပ်ဘဲ ထိုင်ငိုက် နေတယ်လို့ ပြည်သူက ထင်နေပြီ”လို့ NLD အမတ်တဦးကလည်း ပြောပါတယ်။

NLD အစိုးရသက်တမ်း လွှတ်တော်မှာ ၂၉ ခုအထိ ရှိပြီး အဲဒီအထဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပေဒ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးသည့် ဥပဒေ တွေ ဟာ ထင်ရှားပါတယ်။

နိုင်ငံရေး လေ့လာစောင့်ကြည့်သူတဦး ဖြစ်သူ ဒေါက်တာ ရန်မျိုးသိမ်း ကလည်း“လွှတ်တော် ကိုယ်စားလှယ်တယောက်ဟာ သူမေးချင်တဲ့ မေးခွန်းကို မေးပိုင်ခွင့်ရှိတယ်။ ဥပဒေတခုကိုတောင် တယောက်တည်း တင်သွင်းပိုင်ခွင့် ရှိတယ်။ မေးခွန်း တခု၊ အဆိုတခုမပြောနဲ့ ဥပဒေ ကြမ်းတခုကိုတောင် တင်သွင်းပိုင်ခွင့်ရှိတယ်။ အဲဒီလို လွှတ်တော် ကိုယ်စားလှယ်ရဲ့ အခန်း ကဏ္ဍကို မြှင့်တင်ပေးမှ ကျနော်တို့ ဒီမိုကရေစီ နိုင်ငံရေးကလည်း အားကောင်းမယ်”လို့ ပြောပါတယ်။

အားနည်းနေတဲ့ ကော်မတီတွေရဲ့ အခန်းကဏ္ဍ

လွှတ်တော် အငယ်စားလေးတွေလို့ တင်စားကြတဲ့ ကော်မတီတွေဟာလည်း အစိုးရကို ထိန်းကျောင်းတဲ့အခါမှာ မြေပြင်ကို ကွင်းဆင်း မကြည့်နိုင်ဘဲ တင်ပြလာတဲ့ စာရွက်ပေါ်မှာပဲ အလုပ်လုပ်တာ၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူ တွေ နဲ့ အစိုးရ အရာရှိတွေကို ခေါ်ယူကြားနာမှု အားနည်းတာတွေကြောင့် ဝေဖန်ခံနေရဆဲပါ။

“ဒီကော်မတီတွေမှာ ဝန်ကြီးဌာန တခုချင်းဆီမှာ ကမောက်ကမ ဖြစ်ပြီးတော့ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေကို ဒီကော်မတီ တွေက ပြတ်ပြတ် သားသား၊ စနစ်တကျ ကိုင်တွယ်ပြီးတော့ ပြန်စိစစ်ပြီးတော့ ပေါ်လစီ ဖြစ်အောင် လိုင်းတွေ ချပြီးတော့ အဲဒီဝန်ကြီးဌာနတွေကို တကယ့်ကို Pressure ပေးပြီးတော့ Guideline တွေချနေရမှာ ကော်မတီတွေက အဲဒီအလုပ်ကို လည်း မလုပ်နိုင်ဘူး”လို့ ရခိုင် အမျိုးသား ပါတီ (ANP) က လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။

အစိုးရမှာသာမက လွှတ်တော်မှာပါ ဗဟိုချုပ်ကိုင်မှု များတဲ့အတွက် အပေါ်က ကန့်သတ်ချက်ရှိတယ်လို့ မြင်ပြီး ကော်မတီ လူကြီးတွေဟာ Comfort Zone ထဲမှာ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ ပုံစံမျိုးနဲ့ အစိုးရကိုလည်း ပြင်းပြင်းထန်ထန် ထိန်းကျောင်း တာမျိုး မလုပ်တော့ဘူးလို့လည်း ဦးဦးလှစောက ဆိုပါတယ်။

“လွှတ်တော်တွေကလည်း အိပဲ့အိပဲ့သွားတယ်။ ဝန်ကြီးတွေကလည်း ကိုယ်စွမ်းရှိသလောက် မလုပ်တဲ့ Idea ကောင်းလည်း ထွက်မလာဘူး။ အဲဒီတော့ လူထုရဲ့ လူနေမှုဘဝကို ပြောင်းလဲမယ်ဆိုရင် ဆေးခါကြီးကျွေးသင့်ရင် ကျွေးရမယ်ဆိုတဲ့ Idea မျိုးလည်း မထွက်တဲ့ အခါကျတော့ အခုလို ဇာတ်မျောကြီးပဲ သွားနေတာလို့ ကျနော်မြင်တယ်”လို့ ၎င်းက ပြောပါတယ်။

လွှတ်တော်ထဲမှာတော့ အမှန်တကယ် အားကောင်းရမယ့် လွှတ်တော် ကော်မတီတွေထက် ဦးရွှေမန်း ဦးဆောင်နေတဲ့ ကော်မရှင်က ပိုပြီး သြဇာအာဏာရှိနေတာက အံ့သြစရာကောင်းပြီး ဥပဒေကြမ်းတွေကိုတောင် အကြမ်းပြုစုပေးနိုင်တဲ့ အဆင့်မျိုး မြင်တွေ့ရတယ်လို့ နိုင်ငံရေး စောင့်ကြည့်လေ့လာသူတဦးဖြစ်တဲ့ ဦးအောင်ဒင်က ဧရာဝတီကို ပြောပါတယ်။

ဧရာဝတီရဲ့ စုံစမ်းမှုအရ ဥပဒေ ၁၀၀ လောက်ကို ပြင်ဆင်ဖို့နဲ့ အတည်ပြုဖို့ အဲဒီကော်မရှင်က လွှတ်တော်ကို ပို့ထားတယ်လို့ သိရပါတယ်။

“၇၅ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အသံက အဲဒီကော်မရှင်လောက် ကိုယ်စားမပြုနိုင်ဘူး ဆိုတာ မျိုး ဖြစ်နေတယ်။ အစိုးရနဲ့ လွှတ်တော်က အာဏာရတဲ့ တပါတီတည်းဆိုရင်တော့ အမေရိကန် ပြည်ထောင်စုမှာလည်း ပါတီ ရဲ့ မူဝါဒကို အမတ်တွေက လိုက်နာရတာပဲ။ ကိုယ့်သဘောထားနဲ့ကိုယ် ရပ်တည်တဲ့ အမတ်တွေလည်း ရှိပေမယ့် ရှား တယ်”လို့ ဦးအောင်ဒင်က ဆိုပါတယ်။

အမေရိကန်မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်သာရှိပြီး ၂ ခု ပူးပေါင်းထားတဲ့ ကွန်ဂရက်ကတော့ အစိုးရရဲ့ Body တခုပုံစံ မရပ်တည်ဘဲ လိုအပ်ချက်အရ ခေါ်ယူပြီး သမ္မတသစ်ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမျိုး ပြောဆိုဖို့ ရှိမှသာ ပေါ်ပေါက်တာကြောင့် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းမှုက မေးခွန်းထုတ်စရာပဲလို့ သူက ဆိုပါတယ်။

လက်ရှိ အစိုးရအပေါ်မှာ NLD ကိုယ်စားလှယ် အများစုရှိနေတဲ့ လွှတ်တော်ရဲ့ ထိန်းကျောင်းနိုင်မှု အပိုင်းကို ပြောမယ်ဆိုရင် အားရကျေနပ်ဖွယ် မရှိဘဲ ဥပမာအားဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရအဖွဲ့ အဆင့်ဆင့်မှာ အမျိုးသားရေး လှုပ်ရှားမှု တရပ်အနေနဲ့ တိုက်ဖျက်နိုင်ဖို့ လွှတ်တော်ရဲ့ ဆောင်ရွက်တိုက်တွန်းမှု အပိုင်းက အင်မတန် အားနည်းနေတယ် လို့ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“အစိုးရဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်တွေကို စနစ်တကျ စောင့်ကြည့်ပြီးတော့ သုံးသပ်နိုင်တဲ့အပိုင်းမှာလည်း လိုအပ်ချက် တွေ ရှိနေတယ်။ လွှတ်တော်က အစိုးရအဖွဲ့နဲ့ ခြေရည်တူ နိုင်ငံရေးအရ အလုပ်လုပ်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီ လို မဟုတ်ဘဲနဲ့ အစိုးရပိုင်းက ချပြတဲ့ ဘောင်ထဲမှာပဲ စောင့်ကြည့်လေ့လာတဲ့အပိုင်းကို လုပ်နေမယ်ဆိုရင် ထိရောက်သင့် သလောက် မထိရောက်နိုင်ဘူး”လို့လည်း သူက ဆိုပါတယ်။

လွှတ်တော်ကို ဦးဆောင်နေသူတဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်နဲ့ ပတ်သက်ပြီးလည်း ဝေဖန်မှုတွေ ရှိနေ ပါတယ်။ အကြောင်းကတော့ ကိုယ်စားလှယ်တွေရဲ့ မေးခွန်းမေးမြန်းချက်တွေမှာ လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေ နဲ့ မကိုက်ညီတာကို ထောက်ပြတာ၊ လွှတ်တော်ထဲမှာ ဂျာနယ်ဖတ်တာနဲ့ ဝတ်စား ဆင်ယဉ်ပုံကအစ လိုက်သတိပေးနေလို့ပဲ ဖြစ်ပါတယ်။

မလိုအပ်ဘဲ ကိုယ်စားလှယ်ကို သတိပေးတဲ့ကိစ္စတွေက ဝန်ကြီးဌာနတွေနဲ့ ပြည်သူတွေက လွှတ်တော်အမတ်တွေကို အထင်လွဲစေတယ်လို့ ဆိုပါတယ်။

ဦးဝင်းမြင့်ကတော့ လွှတ်တော်ထိန်းကျောင်းတဲ့အခါ မာမာထန်ထန်ပုံစံမျိုး ရှိပေမယ့် မြေသိမ်းယာသိမ်း ကိစ္စမျိုးတွေနဲ့ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ကိစ္စမျိုးတွေမှာ သူကိုယ်တိုင် ဝင်ဆွေးနွေးလေ့ရှိတာကိုတောင် တွေ့ရပါတယ်။

အာဏာရ NLD ပါတီက အစိုးရနဲ့ လွှတ်တော် အပြန်အလှန် ထိန်းကျောင်းခြင်းထက် ပူးပေါင်းဆောင်ရွက်တာကို ပိုမို နှစ် သက် တဲ့ သဘော ရှိတာကြောင့် ဒီလွှတ်တော် သက်တမ်းဟာ ကြံ့ခိုင်ရေးခေတ် လွှတ်တော်လောက် မြိုင်မြိုင်ဆိုင်ဆိုင် မရှိတော့ဘူးလို့ ANP ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကလည်း ဝေဖန်ပါတယ်။

ပထမအကြိမ် လွှတ်တော်ကာလ အတွေ့အကြုံများအရ အစိုးရအဖွဲ့ဝင်တွေဟာ အုပ်ချုပ်ရေး ယန္တရားကို ပြောင်းလဲလိုစိတ် မရှိခြင်း၊ ပြည်သူအပေါ် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရန် မကြံဆဘဲ အောက်ခြေမှ အဆင်သင့် ပြုလုပ်ထားသည့် အချက်အလက်တွေကို လွှတ်တော်မှာ ပြီးစလွယ် လာဖြေခြင်း၊ ကောင်းမွန်တဲ့အဆို ဖြစ်ပေမယ့် အာဏာရပါတီက မဟုတ် လျှင် အတည်မပြုခြင်း စတဲ့ ဆိုးမွေတွေကို NLD လွှတ်တော်က ဆက်လက်မသယ်ယူသွားဖို့ လိုအပ်တယ်လို့ သီပေါ မြို့နယ် အမတ်ဟောင်း ဦးရဲထွန်းက အကြံပြုပါတယ်။

အစိုးရ ပုံရိပ် ကျဆင်းလာ

အစိုးရသစ်လက်ထက်မှာ ဆောင်ရွက်နေတဲ့ ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် ချက် အများစုဟာလည်း မအောင်မြင်တဲ့အခါ အစိုးရကို လူထုယုံကြည်မှု ကျဆင်းလာပြီး သက်ဆိုင်ရာ ဒေသ လိုအပ်ချက် တွေကို လွှတ်တော် ကိုယ်စားလှယ်က တဆင့် တင်ပြခဲ့ပေမယ့် လက်တွေ့ ဖြစ်မလာတဲ့အခါ အခုလို ထင်မြင်ခံရတာ ဖြစ် တယ်လို့ တနသာင်္ရီတိုင်းက အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောပါတယ်။

အဲဒါကြောင့် အစိုးရပုံရိပ်မကောင်းတော့ လွှတ်တော်ကိုလည်း လူထု ယုံကြည်မှု ကျဆင်းလာတာကြောင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေ ရေးဆွဲရင် ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို တိုင်ပင်ညှိနှိုင်းဖို့ လိုတယ်လို့ ဇွန်လထဲမှာ ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ NLD အမတ်ဖြစ်သူ ဦးဥက္ကာမင်းက ပြောဆိုခဲ့ပါတယ်။

ဦးဥက္ကာမင်းက“မဲဆန္ဒရှင် ပြည်သူလူထု ရွေးချယ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ယုံကြည်မှု အားနည်းလာပါ တယ်။ အဲ့ဒီတော့ လွှတ်တော် ကိုယ်စားလှယ်တွေကို ယုံကြည်မှု အားနည်းလာတဲ့အတွက် လွှတ်တော်က ရွေးချယ်လိုက်တဲ့ အစိုးရကိုလည်း ယုံကြည်မှု အားနည်းလာစေပါတယ်။ ဒါက သတိထားရမယ့် အချက်ပါ”လို့လည်း ဆိုပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ အပြောင်းအလဲတွေ ဆောင်ရွက်တဲ့အခါ တဆင့်ချင်း သူ့ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲ သွားတာမျိုး ဖြစ်ပြီး အခု NLD အစိုးရကတော့ ဘာကို ဦးစာပေး လုပ်ချင်မှန်း မသိရတာကြောင့် အချိန်စောင့်ရဦးမှာ ဖြစ် တယ် လို့ SNLD ပါတီက ဦးစိုင်းသီဟကျော်က ပြောပါတယ်။

မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်တဲ့ ဦးစိုင်းသီဟကျော်က “ကျနော်တို့ မြင်တာတော့ လတ်တလော ဖြေရှင်းသင့်တာကတော့ ကျနော်တို့ နိုင်ငံထဲမှာနေတဲ့ ပြည်သူတွေ စီးပွားရေး ဖွံံ့ဖြိုးတိုးတက်ဖို့က အရေး တကြီး ဆောင်ရွက်သင့်တယ်” လို့ ပြောပါတယ်။

NLD အစိုးရရဲ့ ဦးတည်ချက် ဖြစ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွေက အလှမ်းဝေးနေဆဲဖြစ်လို့ အဲဒီ ကိစ္စတွေ မအောင်မြင်ရင် ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်တော့ဘူးလားလို့ ဆိုတဲ့ မေးခွန်းမျိုးတွေလည်း ရှိနေပါ တယ်။

နိုင်ငံရေးလေ့လာသူ သီပေါမြို့နယ် အမတ်ဟောင်း ဦးရဲထွန်းက“အရင်အတိုင်းပဲ ဖြီးဖြန်းပြီး မရှုပ် မလုပ် မပြုတ် လုပ်နေရင် တော့ ပြည်သူလူထုက အယုံအကြည်မဲ့လာနိင်ပါတယ်။ တာဝန်မခံတာ၊ တာဝန်မယူတာ သိပ်ဆိုးလွန်းရင် လိုအပ်သလို အရေးယူရမယ်၊ ဥပမာ Impeachment လုပ်တာမျိုးအထိပေါ့”လို့ ပြောပါတယ်။

ဒီလိုအချိန်မှာပဲ ရခိုင်အရေးလို ကိစ္စမျိုးမှာ အစိုးရ အကြပ်တွေ့နေတာ၊ သတင်းမီဒီယာတွေ ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီး အရေးယူခံနေရတာ တွေကိုလည်း လွှတ်တော်က ပါဝင် ဖြေရှင်းပေးတာမျိုး မတွေ့ရသလို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ပေးဖို့ နှောင့်နှေး နေခဲ့တွေကလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တရားလွှတ်တော်ရှေ့နေတဦးလည်းဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအောင်သိန်းကတော့ “၆၆ (ဃ)က ထားသင့်တယ်။ မီဒီယာသမားတခုတည်း အတွက် သွားကြည့်လို့ မရဘူး။ အကုန်လုံးနဲ့ ဆိုင်တယ်။ ပုဒ်မ ၅၀၀ ကျ တော့ နယ်ပယ်ကျဉ်းတယ်။ တိုင်းအတွင်းမှာပဲ ဆွဲလို့ရတယ်။ ဒေသအဆင့်။ တနိုင်ငံလုံး အတိုင်းအတာက ၆၆(ဃ)က လူမှု ကွန်ရက်ကျတော့ တကမ္ဘာလုံးနဲ့ဆိုင်တယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့သူတွေကို ဒီဥပဒေနဲ့ထိန်းဖို့လိုတယ်”လို့ ပြောပါတယ်။

နောက် အစိုးရပုံရိပ်ကျဆင်းနေရတဲ့ အကြောင်းတခုကတော့ မီဒီယာ လွတ်လပ်ခွင့် ကိစ္စဖြစ်ပြီး The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ပုဒ်မ ၆၆(ဃ)နဲ့ အာမခံမရဘဲ အချုပ်ခံနေရတာ၊ ဧရာဝတီနဲ့ DVB သတင်းထောက်တို့ သတင်းရယူရင်း ရှမ်းပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ သီပေါထောင်မှာ ထိန်းသိမ်းခံနေရ တာတွေပဲ ဖြစ်ပါတယ်။

“၁၇(၁) ကျတော့ ဆက်သွယ်တယ်ပေါ့။ ရှင်းရှင်းပြောရရင် အစိုးရလည်း ဆက်သွယ်တာပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေး ဖိတ် ခေါ် ပြီး လမ်းဖွင့် ပေးတဲ့အတွက် ဆက်သွယ်လို့ရတယ်။ အခုကျ သတင်းသမားတွေက မူးယစ်ဆေးဝါး မီးရှို့ပွဲကို သတင်း သွားယူတာကို ဆက်သွယ်ပါတယ်ဆိုပြီး ၁၇(၁)နဲ့ အမှုဖွင့်တာကတော့ မတရားဘူးလို့ အန်ကယ်ကတော့ မြင်တယ်။ မူးယစ် ဆေးဝါးကို အစိုးရကပဲ မီးရှို့လို့ရလား။ သူပုန်ကရော မီးရှို့လို့ မရဘူးလား။ ၁၇(၁)လို ပုဒ်မမျိုးကိုတော့ လွယ်လွယ် ကူကူ အသုံးမချသင့်ဘူး”လို့ NLD ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက ဆိုပါတယ်။

အတိုက်အခံ လိုနေသလား

လက်ရှိ လွှတ်တော်မှာ ဒုတိယ အင်အားအကြီးဆုံး ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက အတိုက်အခံအဖြစ် ရပ်တည်သင့်ပေမယ့် အဲဒီလို အတိုက်အခံ ပီပီသသ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ တခြား ပါတီငယ်တွေနဲ့ပေါင်းပြီး အတိုက်အခံ အင်အားစုတရပ် အဖြစ် ထူထောင်လှုပ်ရှား တာမျိုးကိုလည်း မတွေ့ရပါဘူး။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကတော့ “အတိုက်အခံ အင်အားစု တခုဆိုတာ နိုင်ငံရေးအရ ဘုံသဘော တူညီ တဲ့ အချက်တွေရှိမှဖြစ်မှာပေါ့။ မြန်မာခေါင်းဆောင်တွေ ထူထောင်တဲ့ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ထူထောင် တဲ့ နိုင်ငံရေး ပါတီတွေရဲ့ကြားထဲမှာ နိုင်ငံရေး မျှော်မှန်းချက်တွေ၊ နိုင်ငံရေး ယုံကြည်ချက်တွေ မတူကြဘူး” လို့ ဆိုပါတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေအရ လွှတ်တော်တွေ ပိုပြီး အသက်ဝင်လာဖို့ အတိုက်အခံ အင်အားစု တခု ရှိခြင်း၊ မရှိခြင်း ထက် ကိုယ်စားလှယ် တဦးချင်းစီရဲ့ ခံယူချက်နဲ့ အရည်အချင်းက ပိုအရေးကြီးတယ်လို့ မြင်ကြောင်း၊ နိုင်ငံတကာမှာလည်း နိုင်ငံရေး ပါတီ တခုတည်းက အင်အားအများဆုံး အနိုင်ရလေ့ရှိပြီး လွှတ်တော်ရဲ့ တာဝန် ကျေပွန်ဖို့ဆိုရင် ကိုယ်စားလှယ် တဦးချင်းစီရဲ့ အရည်အချင်းကပဲ ဦးဆောင်သွားတာလို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအေးကျော် က ပြောပါတယ်။

NLD ပါတီဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက“ဒါ တဦးချင်းဆီနဲ့ပဲဆိုင်တယ်။ မကြိုက်ရင် မကြိုက် ကြောင်း အစ်ကိုတို့လည်း ဆွေးနွေးတယ်။ ကိုယ့်ရဲ့ မဲဆန္ဒနယ်ကို ကိုယ်စားပြုခွင့်ရတဲ့အတွက် သူတို့ကို ကြည့်ရမယ်။ ကိုယ့် အစိုးရမို့ ကိုယ်မပြောဘူး ဆိုတဲ့ သူတွေလည်း ရှိပါတယ်။ ကိုယ်စားလှယ် တဦးမှာရှိတဲ့ တာဝန်ဝတ္တရား အတိုင်း လက်ခံတယ် ကန့်ကွက်တယ် ဆိုတာတွေကို ပြတ်ပြတ်သားသား ဆွေးနွေးကြဖို့ လိုတယ်”လို့ ပြောဆိုသွားပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ အခြေအနေမှာတော့ လွှတ်တော်မှာ ဗဟိုချုပ်ကိုင်မှု များပြားနေတဲ့အတွက် ပြည်သူလူထုရဲ့ ဆန္ဒ ဖော်ဆောင် နိုင်မှုမှာ အားနည်းချက်တွေ ဖြစ်နေရပါတယ်။

ပြည်သူ့ အသံ လွှတ်တော် အသံ ဖြစ်လာဖို့ဆိုရင်တော့ အခုထက် ပိုကောင်းတဲ့ ဆောင်ရွက်ချက်တွေနဲ့ ပြည်သူတွေရဲ့ မျှော်လင့် ချက် ကို ဖြည့်ဆည်း ပေးသင့်နေပါပြီ။ ။

ဖေသက်ထက်ခင် ပူးပေါင်းရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading