အရှေ့ဥရောပက ယူကရိန်း ဆိုတာ သာမန်မြန်မာနိုင်ငံသားတယောက်အတွက် တိုက်တိုက်ဆိုင်ဆိုင် ရောက်ဖို့ အတော်ခက်တာမို့ ဆရာ ဒေါက်တာကျော်သူ စခေါ်ကတည်းက စိတ်ဝင်စားပြီး ချက်ချင်းပဲ လိုက်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး အတူသွားရမယ့် လူတွေကလည်း ရင်းနှီးကြပြီးသားမို့ ခရီးစဉ်ကို မစမီကတည်းက အလိုလို ပျော်ရွှင်နေမိပါတယ်။
ကျနော့် စိတ်ကူးထဲမှာ ယူကရိန်းဆိုတာ ဆိုဗီယက်ပြည်ထောင်စုကြီးထဲက ခွဲထွက်လာတယ်။ ခွဲထွက်ခဲ့ပြီး သူ့နိုင်ငံထဲမှာ အနုမြူဒုံး လက်နက်တွေ အများကြီးရှိနေခဲ့တယ်။ ချာနိုဘိုင်း အနုမြူ ယိုစိမ့်မှု ဖြစ်ခဲ့တယ်။ သူ့ရဲ့ဆောက်လက်စ လေယာဉ်တင် စစ်သင်္ဘောကြီးကို တရုတ်နိုင်ငံဆီ ရောင်းချခဲ့တယ်။ ၂၀၀၄ မှာ ကမ္ဘာကျော် လိမ္မော်ရောင်တော်လှန်ရေးကို ဆင်နွဲခဲ့ကြတယ်။ ၁၀ နှစ်အကြာမှာ ၂၀၁၄ မေဒမ်ပြည်သူ့တော်လှန်ရေးကြီးကို ထပ် ဆင်နွဲခဲ့ကြတယ်။ ခရိုင်းမီးယားဒေသကို အိမ်နီးချင်း ရုရှားနိုင်ငံက စစ်အင်အားနဲ့ သိမ်းပိုက်ခြင်း ခံရတယ်။ သိပ်မကြာခင်ကပဲ မလေးရှား ခရီးသည်တင် လေယာဉ်ကို စစ်သုံးဒုံးကျည်နဲ့ ပစ်ချခံရတယ်။ ကိယက်ဖ်ဆိုတာ ကျနော် ငယ်ငယ်တုန်းက အောင်ဆန်းကွင်းမှာ လာကန်တဲ့ “ဒိုင်နမို” ဘော်လုံးအသင်းရဲ့ မြို့ဖြစ်တယ်။ အဲဒီလောက်ပဲ သိထားခဲ့တာ ဖြစ်ပါတယ်။
တကယ်လက်တွေ့ရောက်သွားတော့လည်း ထင်ထားတဲ့အတိုင်း ဆိုဗီယက်လက္ခဏာတွေ လွှမ်းမိုးနေဆဲဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကျနော့် လေ့လာမှုက လူကို အခြေပြုပြီးပဲ လေ့လာဖို့ စိတ်ကူးပြီး အကဲခတ်ခဲ့တယ်။ သူများနဲ့တော့ မတူဘူးလို့ ပြောနိုင်ပါတယ်။ ပညာရပ်တွေကို ကျနော်ကိုယ်တိုင်က မနိုင်နင်းတာရယ် ကိုယ့်ထက်တော်တဲ့လူတွေက လေ့လာပေးနေမှာမို့ သိပ်ပြီး အဓိက မထားခဲ့တော့ပါဘူး။ လူတွေကို လေ့လာပြီး ကိုယ့်နိုင်ငံအတွက် ဘယ်လို အသုံးချမယ်ဆိုတဲ့ အတွေးနဲ့ လေ့လာခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ကွင်းရောက်ပြီး Taxi ဒရိုင်ဘာက ကိုယ့်ကားပေါ်ပါလာတဲ့ ခရီးသည်ကို ကားရပ်ပြီး ဆင်းခိုင်းကတည်းက သူတို့တတွေရဲ့ စိတ်ဆတ်ပုံကို သိမြင်ခဲ့တယ်။ သူတို့ Taxi စီးတော့ မောင်းပုံမောင်းနည်းကို ထိတ်လန့်မိတယ်။ အတော်ကို စည်းကမ်းမဲ့တာ တွေ့ရတယ်။ မြန်မာပြည်က Taxi ဆရာတွေထက် ပိုဆိုးတယ်လို့ ထင်မိတယ်။ ထူးတာက ယာဉ်ထိန်းရဲလည်း သိပ်မတွေ့ရပါဘူး။ ရှိခဲ့ရင်လည်း ဖမ်းလို့ ဖြစ်မယ် မထင်ပါဘူး။ ဖမ်းခဲ့ရင်လည်း အတော်ကို ရန်ဖြစ်ရမယ့်ကိန်းမျိုး။ အားလုံးက ခပ်မိုက်မိုက်ပုံစံတွေနဲ့ပါ။
နောက်ပြီး ခရီးစဉ်တလျှောက် သတိထားမိတာက ခပ်တည်တည် လာမိတ်ဆက်ပြီး ငွေကြေး နည်းနည်းလေး တောင်းတဲ့ ကောင်မလေးတွေပါ။ ဓါတ်ပုံအရိုက်ခံဖို့ အရုပ်ပုံ အဝတ်ဝတ်ပြီး ဆရာကျော်သူကို သူဌေးထင်လို့ ငွေလိုက်တောင်းတာတွေက သူတို့မှာ ငွေရှာရတာ မလွယ်ကူတဲ့သဘောတွေကို ပြသနေတာပါ။ ဆိုဗီယက်ပြည်ထောင်စုကနေ ပြိုကွဲလာတဲ့နိုင်ငံတွေဆီက မိန်းမပျိုတွေဟာ တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေဆီသွားပြီး ခန္ဓာကိုယ်ရောင်းကြတယ်ဆိုတာ ဟုတ်လောက်တယ်လို့ မှတ်ချက်ပေးနိုင်ပါတယ်။
ရေငတ် ဘီယာသောက်ဆိုတာ ကိယက်ဖ်မှ တကယ်ကြုံတော့တယ်။ ဘီယာထုတ်လုပ်ရတာက ရေသန့်ထုတ်လုပ်ရတာထက် ပိုလွယ် စရိတ်ပိုနည်းလို့ ရေသန့်က ဘီယာထက် ဈေးကြီးနေလို့ပဲ ဖြစ်ပါတယ်။ ရေသန့်တဗူး သူတို့ငွေ UAH-20 ပေးရပြီး ဘီယာက UAH-11 ပဲပေးရတယ်။ UAH- တစ်ကျပ်က အကြမ်းအားဖြင့် မြန်မာငွေ ၅ဝ ကျော်လောက် တန်ဘိုးရှိပါတယ်။ ဥရောပဘီယာကို မြန်မာငွေ ၅၀၀ ကျော်ပဲ ပေးရတယ်။
နေရာလွတ်ကောင်းကောင်းတွေနဲ့ အရိပ်ကောင်းကောင်းတွေမှာ ယောင်္ကျားမိန်းမ ထိုင်ပြီး ဘီယာအရက်သောက် နေကြတာ နေရာတိုင်းလိုလို တွေ့ရတယ်။ ယူကရိန်းပြည်သူတွေဟာ စိတ်ဓာတ်ပျက်စီးနေတာလား။ ကိုယ့်စိတ်ကို ကိုယ်ကုစားနေကြတာလား။ ထွက်ပေါက်တွေ ပိတ်နေကြလို့လား။ မြန်မာပြည် အခြေအနေ၊ မြန်မာပြည် အတွေ့အကြုံနဲ့ စဉ်းစားမိပါတယ်။
မြန်မာပြည်လည်းပဲ ၁၉၉ဝ ပြည့်နောက်ပိုင်းရောက်မှ လူများစုကြီးဟာ ဘီယာ အရက် အကြီးအကျယ် သောက်လာကြတာ သတိထားမိရင် သိနိုင်ပါတယ်။ အခုဆိုရင် ယူကရိန်းတွေလို မြန်မာတွေလည်း ဘီယာအရက် အကြီးအကျယ်ကို သောက်နေကြတာ အတူတူပဲမို့ အဲလို မေးခွန်းထုတ်မိတာပါ။ မြန်မာက ယူကရိန်းထက် သာနိုင်တာ တခုတော့ရှိပါတယ်။ ကျနော့် တသက် လေယာဉ်ပေါ်မှာ အရက်အလွန်မူးနေတဲ့ခရီးသည် မြန်မာပြည်မှာ မတွေ့မိတာပါ။
အခု ယူကရိန်းလေယာဉ်ပေါ် မူးနေသူကို ကြုံခဲ့ရတယ်။ သူတို့လေယာဉ်က သူတို့လူမျိုးကို အတော်ဂရုစိုက်ပါတယ်။ အမူးလွန်နေတဲ့ သူတို့လူကို လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ဆရာဝန်နဲ့ သူနာပြုဆရာမကို ခေါ်ပြီး မေးမြန်းကုသနေလိုက်တာ အမူးသမားဘေးထိုင်ပြီး အငွေ့နဲ့လိုက်မူးနေတဲ့ ကိုမင်းဇင်ကိုတော့ လုံးဝမေးမြန်းဖေါ် မရတာကတော့ မျက်ကန်းမျိုးချစ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖေါ်ဆောင်နေသလိုပါပဲ။
ကျနော်တို့ထက် သူတို့သာတာကတော့ လမ်းကို မြန်မြန်လျှောက်တတ်ကြတာ ဖြစ်ပါတယ်။ မြေအောက်ရထား ဒီဇိုင်းပုံစံဟာ မော်စကိုက ဒီဇိုင်းအတိုင်း အားလုံးအတူတူပဲလို့ ဒီခရီးကို ဖိတ်တဲ့ ချက်နိုင်ငံသား မိတ်ဆွေ အီဂေါက ကျနော့်ကို ပြောပြတဲ့အချိန်မှာ ကျနော်တို့ နောက်မှာ လူတွေက တုန့်တုန့်ဆိုင်းဆိုင်းနဲ့ တန်းစီလိုက်နေကြတာ သတိထားမိတယ်။ ကျနော်တို့ လျှောက်တဲ့နှုန်းက သိသိသာသာကြီး နှေးကွေးနေလို့ လမ်းပိတ်သလို ဖြစ်နေတာပါ။ ဒီလောက်များပြားတဲ့ လူအုပ်ကြီးမှာ အေးအေးဆေးဆေး လမ်းလျှောက်နေတာ ကျနော်တို့ တအုပ်စုပဲ ရှိပါတယ်။ အားထုတ်မှုချင်း ကွာခြားနေသလားလို့တောင် ကိုယ့်ကိုကိုယ် ဝေဖန်မိသေးတယ်။
မတူတာတစ်ခုကတော့ လေယာဉ်အဆင်းမှာ မြန်မာတွေက သမ္ဗုဒ္ဓေ ဂါထာနဲ့ အဆုံးသတ်တတ်ကြပြီး ယူကရိန်းတွေကတော့ လေယာဉ်မှူးကို လက်ခုပ်တီး ချီးကျူးကြတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လည်းပဲ ဘုရားစာတွေ မရွတ်ဘူးလို့တော့ အာမ မခံနိုင်ပြန်ပါဘူး။ ကိယက်ဖ်မြို့ရဲ့ ကြည့်ရှုစရာတွေထဲမှာ မသွားမဖြစ်တဲ့နေရာတွေက ဘုရားကျောင်းတွေ ဖြစ်နေတာကြောင့် အခုလိုပြောရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာလို လည်ပတ်စရာတွေထဲမှာ အများစုက ဘာသာရေးနဲ့ သက်ဆိုင်နေတဲ့နေရာတွေ ဖြစ်ပါတယ်။ သူတို့ဘုရားကျောင်းတွေဟာ ပုဂံခေတ်နဲ့ ခေတ်ပြိုင်တွေဆိုတာလည်း တွေ့ရတယ်။ ရှေးအယူကို စွဲစွဲမြဲမြဲ ကျင့်သုံးခဲ့ကြတဲ့၊ ဆက်ခံခဲ့ကြတဲ့လူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ ဘာသာရေးအပေါ် ခံယူချက်တွေက လေးစားလောက်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
ဆေးလိပ်သောက်တာတော့ မြန်မာထက် ပိုများတယ်လို့ ထင်မိတယ်။ ဆေးလိပ်သောက်တဲ့ မိန်းကလေးတွေများသလို ငယ်ရွယ်တဲ့ မိန်းမပျို အားလုံးဟာ ချောမောတာ သတိထားမိတယ်။ သူတို့ဖက်ရှင်ကလည်း အမိုက်စားလို့ ပြောနိုင်ပါတယ်။ ဒါနဲ့ အသက်အရွယ်ကြီးရင့်တဲ့ မိန်းမကြီးတွေကို သတိထားကြည့်လိုက်ပြန်တော့ အားလုံးလိုလိုက ဝတုတ်တုတ် ရုပ်ဆိုးဆိုးတွေ ဖြစ်နေပြန်ပါရော။ ကိုမင်းဇင်က ဒီမှာပြောင်းနေရင် ကောင်းမလား မသိဘူးလို့ ပြောလိုက်ချိန်မှာ စဉ်းစားမိတာက ယူကရိန်းသူတွေဟာ ငယ်ရွယ်ချိန်မှာ ချောမောလှပပြီး အသက်အရွယ်ကြီးရင့်ချိန်မှာ အရုပ်ဆိုး တတ်ကြတယ်လို့ ထင်မြင်မိပါတယ်။ ကိုမင်းဇင်ကိုလည်း ယူကရိန်းမှာ နေမယ်ဆိုရင် ၁၅-နှစ်ထက် ပိုပြီး မနေဖို့ အကြံပြုမိပါသေးတယ်။ အရုပ်ဆိုးဆိုး အဖွားကြီးနဲ့ တသက်လုံးဆက်ပေါင်းနေရမှာ ပူပန်မိလို့ပါ။ မြို့ထဲမှာ Men’s Club ဆိုပြီး ရေးထားတဲ့ အဖော်အချွတ်ဆိုင်တွေကလည်း အတော်များတာ သတိပြုမိပါတယ်။
ကိယက်ဖ်မြို့ထဲမှာ ဘတ်စ်ကားလိုင်း မတွေ့မိလို့ ကွီးဖြိုးကိုတောင် မဆီမဆိုင် သတိရမိပါသေးတယ်။ YBS အတွက် လေ့လာချင်တယ်ဆိုရင် ကိယက်ဖ်မြို့မှာ အဆင်မပြေပါဘူး။ မြေအောက်ရထားရဲ့ အစွမ်းကြောင့်လားတော့ မသိပါဘူး။ ရန်ကုန်မှာလို ဘတ်စ်ကားတွေ ပျားပန်းခတ် တိုးဝှေ့နေတာမျိုး မတွေ့ခဲ့ပါဘူး။ ဓာတ်ရထားတွေကလည်း ကျနော်တို့ ရန်ကုန်မြို့ အလုံ ထော်လီကွေ့ကနေ သိမ်ကြီးဈေး၊ စကော့ဈေး၊ ရန်ကုန်အရှေ့ပိုင်းအထိ စစ်ကြိုခေတ်က ရှိခဲ့သလိုမျိုးလို့ ထင်ပါတယ်။ ကျနော်တို့ကတော့ ပျက်စီးသွားပြီး သူတို့ကတော့ အဟောင်းအတိုင်း ယနေ့တိုင်ဆက်ကျန်နေတယ်လို့ တွေးမိတယ်။ ရန်ကုန်မှာ taxi ငါးသောင်းလောက်ရှိတယ်ဆိုတာကြောင့် ကိယဖ်မြို့နဲ့ ယှဉ်လိုက်တော့ အံ့အားသင့်စရာ ဖြစ်ကုန်ပါတယ်။ ရန်ကုန်တစ်မြို့လုံးမှာ လျှောက်မောင်းနေတဲ့ taxi တွေဟာ ကိယက်ဖ်မြို့နဲ့တော့ ဘာမှမဆိုင်ဘူးလို့တောင် ပြောနိုင်ပါတယ်။ သူတို့ရဲ့ အငှါးယာဉ်စနစ်က Uber တို့လို Oway တို့လို နောက်ဆုံးပေါ် တက်စီစနစ်ကိုပဲ သုံးနေကြတယ်လို့ ထင်ရပါတယ်။ လမ်းပေါ်မှာ လျှောက်မောင်းနေပြီး ဓာတ်ဆီကုန်တာထက်စာရင် ပိုပြီး ထိရောက်မှု ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့လို ဧည့်သည်တွေအဖို့ကတော့ အိမ်ရှင်ရဲ့ အကူအညီမပါဘဲနဲ့ taxi စီးရဖို့ မလွယ်ပါဘူး။
အထိမ်းအမှတ် ကြေးရုပ်တွေကို သတိထားကြည့်တော့ တရုပ်မှ ဆေးမသုတ်ထားပါဘူး။ ရွှေချထားတာလည်း မတွေ့ရပါဘူး။ ကြေးရုပ်ကို ကြေးရုပ်ပီပီပြင်ပြင် ဒီအတိုင်း ထားတာ သတိထားမိတယ်။ ကြေးသွန်းပညာကတော့ သိကြတဲ့အတိုင်း အလွန်ကို အနုပညာလက်ရာ မြောက်လှပါတယ်။ အချိုးအစား ဟန်ပန်အမူအရာ သူတို့ပြောချင်တဲ့ အဓိပ္ပါယ်ကို မြင်လိုက်ရုံနဲ့ တန်းပြီး သဘောပေါက်နိုင်ပါတယ်။ အခုတလော မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူပွဲတွေ ခေတ်စားနေလို့ သတိထားကြည့်မိတာပါ။ မြန်မာပြည်က ဗိုလ်ချုပ်ကြေးရုပ်တွေကတော့ ရွှေပိန်းသုတ်ထားကြတာ တွေ့ရပါတယ်။ ကြေးရုပ်ကို ရွှေပိန်းချပြီး ပြည်သူတွေကို လှည့်လှည်ပြသတာကို ကျနော့် အသက်အရွယ်နဲ့ အခု ပထမဆုံး မြင်ဖူးခြင်း ဖြစ်ပါတယ်။ ကိယက်ဖ်မြို့မှာ ကျနော်ထင်ထားသလို လီနင် စတာလင်တို့ရဲ့ ကြေးရုပ်တွေကို မတွေ့ခဲ့ရပါဘူး။ ဒါမှမဟုတ် လမ်းပြလုပ်တဲ့ အီဂေါကိုယ်တိုင်က မပြချင်လို့ မပို့ပေးတာလည်း ဖြစ်နိုင်ပါတယ်။
အနုပညာမြောက် ကြေးရုပ်တွေအပြင် သံထည်လောင်း ပစ္စည်းတွေ အတော်များများတွေ့ရတော့ ကျနော်တို့ ရန်ကုန်က ရိုးကုမ္ပဏီလိုမျိုး ကိုလိုနီခေတ် အဆောက်အဦတွေကို ပြန်သတိရမိတယ်။ ဓာတ်တိုင်ကိုလည်း သံပန်းသံထည်ပုံ သွန်းလောင်းထားတာ တွေ့ရတယ်။ ပန်းခြံထဲ ခုံတန်းရှည်ကအစ ရေမြောင်းအဖုံး အဆုံး သံနဲ့ ပုံလောင်းထားတာမျိုး ထုနဲ့ ထည်နဲ့ ခိုင်ခိုင်ခန့်ခန့်ကြီး လုပ်ထားတယ်။ ဒါက ခုခေတ်တော့ မလုပ်လောက်တော့လို့ ရှေးက အမွေတွေပဲ ဖြစ်နိုင်မယ်လို့ ထင်မိတယ်။ အထူးသဖြင့် ဘာသာရေး အဆောက်အအုံတွေမှာ သံပုံလောင်းပစ္စည်းတွေ တွေ့ခဲ့ရတယ်။ ခေတ် အဆက်ဆက် ပြင်းထန်တဲ့ စစ်ပွဲတွေကြားမှာ ထိန်းသိမ်းနိုင်ခဲ့တာကတော့ ချီးကျူးစရာဖြစ်ပါတယ်။ သံနိုင်တော့ တပြည်ဝ ဆိုတာ အမှန်ပါဘဲ။
ကြေးရုပ်ဆိုလို့ ဒီနိပရို (Dnipro) မြစ်ကို မျက်နှာမူထားတဲ့ ကြေးရုပ် (သူတို့ရေးထားတာကတော့ သတ္တုသွန်း အရုပ်) ကို အဝေးကနေလှမ်းကြည့်မိတယ်။ အဲဒီနေရာကို အီဂေါက တမင်သက်သက် မပို့တာ ဖြစ်မယ်။ ဒီသတ္တုသွန်းရုပ်ကြီးကတော့ဗျာ ရွှေရောင်နဲ့ တောက်ပနေလို့ ကိုမြင့်ဇော်ဆီက guidebook ကိုတောင်းကြည့်မိတယ်။ ၃၆ မီတာ အမြင့်ရှိတဲ့ ခုံပေါ်မှာ အမြင့်ဆုံးအထိ ၁ဝ၂ မီတာ အမြင့်ရှိတဲ့ အရုပ်ကြီးဗျ ။ Mother motherland လို့ ခေါ်ပါသတဲ့။ ဘယ်လက်က ဒိုင်းကိုကိုင် ပြီး ညာလက်က ဓါးရှည်ကိုကိုင်၊ လက်နှစ်ဖက်ကို မြှောက်ပြီး ဒီနိပရို မြစ်ဖက်ကို မျက်နှာမူထားပါတယ်။ အရုပ်ရဲ့ အလေးချိန်က တန် ၄၅ဝ ဖြစ်ပါသတဲ့။ တွက်ကြည့်တော့ ပိဿာချိန် ၂၇,ဝဝဝ ကျော်လောက်ရှိတယ်။ အဲဒီအရုပ်ကြီးရဲ့ သတ္တုချိန်ဟာ ပိဿာချိန် ၁၃ဝ ကျော်နဲ့ သွန်းခဲ့ကြတဲ့ ဗိုလ်ချုပ်ကြေးရုပ်ပေါင်း ၂ဝဝ ကျော် ရနိုင်တယ်လို့ တွေးမိပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဆိုဗီယက်ခေါင်းဆောင်ကြီး ဘရက်ဇညက် ကိုယ်တိုင်လာဖွင့်သွားတယ် ဆိုပါတယ်။
သိမ်းပိုက်အုပ်ချုပ်သွားသူတွေရဲ့ အထိမ်းအမှတ်ဖြစ်ပေမယ့် သူတို့ ဘာကြောင့် ဆက်လက်ထိန်းသိမ်းထားသလဲ ဆိုတာ စဉ်းစားကြည့်ဖို့ လိုမယ် ထင်ပါတယ်။ ကျောင်းသားသမဂ္ဂအဆောက်အဦ နေရာဟောင်းအပေါ်မှာ အသစ်ပြန်ဆောက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ မတူဘူးနော်။ ကျနော်သာဆိုရင် ကျောင်းသားသမဂ္ဂအဆောက်အဦ အုတ်မြစ်တွေကို မြင်သာအောင် ဖော်ထားပြီး ခြံခတ်ထားလိုက်ပါမယ်။ သမိုင်းမှတ်တမ်းတခုပေါ့။ ဘာလို့ ဖုံးကွယ်လိုက်မလဲ။ အခု ကျောင်းသားတွေအတွက် သမဂ္ဂ အဆောက်အဦ အသစ်ကို ခေတ်မီတဲ့ အဆောက်အဦတခု တခြားနေရာတခုမှာ အသစ်ဆောက်လုပ်ပေးလိုက်မယ်။ အရင်ဆုံးကတော့ အဆောက်အဦထက် သမဂ္ဂကို ခိုင်ခိုင်မာမာ ဖွဲ့ခွင့်ရဖို့က ပိုအရေးကြီးတယ်။ သမဂ္ဂတွေက အစိုးရဘက် ယိုင်တဲ့သမဂ္ဂတွေ မဖြစ်ဖို့လိုတယ်။ မွေးစားသားမဖြစ်ဖို့ အရေးကြီးတယ်။ စဉ်းစားမိတာကို ပြောတာပါ။
မော်စကိုမြို့ကအတိုင်း အတူတူပဲလို့ဆိုတဲ့ မြေအောက်ရထားလမ်းတွေမှာတော့ လူတွေဟာ ပျားပန်းခတ် နေတာပါပဲ။ ကျနော်ရောက်ဖူးသမျှ မြေအောက်ရထားတွေထဲမှာတော့ ကိယဖ်မြို့ရဲ့ မြေအောက်ရထားက အမြန်ဆုံးပါပဲ။ ပထမ ထင်မိတာက မောင်းတဲ့လူများ အရက်မူးနေသလား တွေးမိတယ်။ အရက်မူးသမားမောင်းသလို ထွက်တော့ ဆောင့်ထွက်၊ ရပ်တော့ ဆောင့်ရပ်။ တကယ်တော့ အရက်မူးနေတာ မဟုတ်ပါဘူး။ ရထားအစင်းတိုင်း အားလုံး တပုံတည်းပါပဲ။ စထွက်တာနဲ့ ဂျုံးဂျုံးဂျက်ဂျက် အသံကြီး မြည်ဟီးပြီး အရှိန်မြှင့်လိုက်တာ ကျနော့်အထင် ၁၅ စက္ကန့်အတွင်း တနာရီ မိုင် ၄ဝ နှုန်းလောက် ရောက်သွားတယ်လို့ ထင်ပါတယ်။ သိပ်ကိုမြန်ပါတယ်။ ရပ်တော့လည်း ဘရိတ်အတင်းနင်းပြီး အမြန်ရပ်လိုက်တာပါဘဲ။ အထွက်လည်းမြန် အရပ်လည်းမြန် အတော်ကို မြန်လှပါတယ်။ တလမ်းသွားတွေမို့လားမသိပါဘူး။ အရှိန်ကိုတော့ လုံးဝမလျှော့ပါဘူး။ အတော်ကို စိတ်မြန်လက်မြန်တဲ့ ရထားပါ။
ကျနော်တို့ ကိယက်ဖ်မြို့ရဲ့ အနက်ဆုံး အနက်ပေပေါင်း ၃၄၆ ပေရှိတဲ့ မြေအောက်ရထားဘူတာကို သွားကြည့်တော့ ရန်ကုန် မြို့တော်ဝန်ပြောတဲ့ မြေအောက်မြို့တော်ကို သွားသတိရမိတယ်။ စက်လှေခါးနဲ့ အဆင်းအတက်ကို အကြာဆုံးစီးခဲ့ရတာ အမှတ်တရပါပဲ။ နောက်တော့ ကျနော်တို့ လူစု မြေအောက်က ထွက်လာတဲ့ ရထားပေါ်ကအဆင်း ဒီနိပရိုမြစ်ကူးတံတားကို တွေ့တော့လည်း ရန်ကုန်-ဒလ မြစ်ကူးတံတားကို မြင်ယောင်မိတယ်။ မတူပေမယ့် အဲဒီလိုဖြစ်ရင် သိပ်ကောင်းမှာပဲလို့ မဆီမဆိုင် စိတ်ကူးယဉ်မိခဲ့ပါတယ်။ သူများတွေလုပ်ထားတာကို မြင်တော့ ကိုယ့်တိုင်းပြည်ကို ပြန်မြင်မိတာ၊ ပြန်ဆင်ခြင်မိတာ ဖြစ်ပါတယ်။
ကျနော်တို့ ရောက်ခဲ့တာ ကိယက်ဖ်မြို့ရဲ့ ငါးရာခိုင်နှုန်းတောင် ရှိမယ်မထင်ပါဘူး။ ရောက်ခဲ့သလောက်နဲ့ သုံးသပ်တော့ မှားတာတွေ ပါနိုင်ပါတယ်။ မြန်မာပြည်နဲ့ နှိုင်းယှဉ်ပြီး ကြည့်တာက ပိုအကျိုးရှိမယ် ထင်မိလို့ ဖြစ်ပါတယ်။ သူတို့ရဲ့ ပါတီစုံကို ကျနော်တို့ မမြင်ခဲ့ပါဘူး။ သူတို့ရဲ့ အဆောက်အအုံတွေကို ကြည့်လိုက်ရင် အပြင်ပန်းက အိုမင်းဟောင်းနွမ်းနေပေမယ့် အတွင်းမှာတော့ အတော်ကို ခေတ်မီတာ တွေ့ရမှာပါ။ အဲဒီလိုမျိုး သူတို့ လူ့အဖွဲ့အစည်းတွေရဲ့ သစ်လွင်တဲ့ အတွင်းပိုင်းတွေကိုတော့ တိုတောင်းတဲ့အချိန်အတွင်းမှာ သိရှိနိုင်ဖို့ကတော့ မလွယ်လှပါဘူး။ သေချာတာကတော့ သူတို့ဟာ ဥရောပပုံစံ အတိုင်း ဘယ်အရာမဆို သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် တိတိကျကျ လုပ်တတ်တာကတော့ အတုယူစရာပါ။ ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးဟာ နှုန်းမြေသဲမြေတွေနဲ့ ဝါထိန်နေသလိုပဲ သူတို့ရဲ့ ဒီနိပရိုမြစ်ကြီးဟာလည်း ဆီချေးတွေလို ပြာနှမ်းနှမ်းနဲ့ ညစ်ထေးနေတာတွေ့ရတော့ အဲဒီ “ပြာနှမ်းနှမ်း” နဲ့ “ဝါထိန်ထိန်” တွေရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို မိတ်ဆွေ စဉ်းစားကြည့်လိုက်ပါလား။ ဇာတ်လမ်းတပုဒ်က သေသေချာချာ ရှိနေကြတာ မြင်လာပါလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ဆရာ ကိုမြင့်ဇော်ကတော့ Climate change ကြောင့် ကမ္ဘာပျက်တော့မှာမို့ ဘာလုပ်လုပ် မထူး၊ မြစ်ဘေးမှာ ဘီယာသောက်ရင်း အလှအပတွေ ငေးမောခြင်းအားဖြင့် ဘဝကို ဖြတ်သန်းသင့်ကြောင်း ပြောပါတယ်။
ယူကရိန်းတွေရဲ့ ခက်ခဲတဲ့ ဖြတ်သန်းမှုများဟာ ကျနော်တို့ ဖြတ်သန်းမှုတွေနဲ့ ခက်ခဲပုံချင်း သိပ်မကွာခြားပါဘူး။ သူတို့ဟာ နိုင်ငံရေးအရ အောင်မြင်နေပြီလို့လည်း ကျနော်တို့နည်းတူ မဆိုနိုင်သေးပါဘူး။ ကျနော်တို့နိုင်ငံက ၁၉၈၈ အရေးတော်ပုံကြီးဟာ ကမ္ဘာမှာ ကျော်ကြားခဲ့တယ်။ ကမ္ဘာကြီးကို ပြောင်းလဲဖို့ “အစပြု” ခဲ့တယ်လို့တောင် ပြောနိုင်ပါတယ်။ အဲဒီနောက်ပိုင်းကြမှ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတာတွေ၊ ဘာလင်တံတိုင်းပြိုဆင်းတာတွေ တမျိုးပြီးတမျိုး ဖြစ်လာခဲ့ တာ သိထားကြတဲ့အတိုင်းပါဘဲ။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံကတော့ အောင်မြင်တယ်လို့ မပြောနိုင်ပါဘူး။ စစ်အစိုးရ တက်လာပြီး နောက်ထပ် ၂၂ နှစ်တိုင်အောင် လူထုကြီးဟာ ဆက်ပြီး ကြိုးစားအားထုတ်ခဲ့ရတယ်။ အားထုတ်နေရဆဲလည်း ဖြစ်ပါတယ်။
ကျနော်တို့ ကိယက်ဖ်မြို့ကိုရောက်တော့ မဖြစ်မနေသွားခဲ့ကြတဲ့နေရာကတော့ Revolution of Dignity လို့ နာမည်ကြီးခဲ့တဲ့ “မေဒမ် တော်လှန်ရေး အရေးတော်ပုံ” ဖြစ်ပျက်ခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ အဲဒီလမ်းကို ကားသွားခွင့်ပိတ် ထားပါတယ်။ လမ်းဘေးအုတ်ရိုးတလျှောက်မှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေရဲ့ ပုံတွေကို တပုံချင်းစီ စီတန်းပြီး ပြသထားပါတယ်။ အဲဒီပုံတွေရှေ့ကို မီးလာထွန်းတဲ့လူ ၊ ပန်းလာချတဲ့ လူတွေလည်း တဖွဲဖွဲတွေ့ရတယ်။ ၃ နှစ်ကြာခဲ့ပြီး ဖြစ်ပေမယ့်လည်း မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး အားလုံးဟာ တိတ်ဆိတ်ပြီး ဝမ်းနည်းကြောင်း ဖေါ်ပြနေသလိုပါဘဲ။ ဂုဏ်သိက္ခာရှိတဲ့ စွန့်လွှတ်စွန့်စားမှုမျိုး ဖြစ်အောင် ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။ တကယ်လည်း ဂုဏ်ယူစရာကောင်းအောင် လက်မရွံ့လုံထိန်းတွေ၊ လက်ဖြောင့်တပ်သားတွေ၊ သံချပ်ကာကားတွေနဲ့ ကျည်ဆံတွေ၊ မျက်ရည်ယိုဗုံးတွေကြား ၃ လကြာအောင် ကြံ့ကြံ့ခံ အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနဲ့ လူ့ဂုဏ်သိက္ခာအတွက် ကလေး လူကြီး စစ်သား ဘုန်းကြီးတွေရဲ့ တိုက်ပွဲ ဗီဒီယိုမှတ်တမ်းကို ကြည့်ရပြီး အခုလို သူတို့ကျဆုံးခဲ့တဲ့နေရာကို ရောက်တော့ စိတ်ထဲမှာ တမျိုး ဖြစ်ပါတယ်။
သူတို့ဟာ စွန့်လွှတ်သွားခဲ့တဲ့လူတွေကို အဓိပ္ပါယ်ပြည့်ပြည့်ဝဝ လေးလေးနက်နက် ဂုဏ်ပြုထားကြပါလား။ ၁၉၈၈ တုန်းက ကျနော်တို့ မြန်မာနိုင်ငံမှာ စွန့်လွှတ်သွားကြတဲ့လူတွေအတွက် တွေးမိပြီး စိတ်ထဲမှာ အတော်လေး ဝမ်းနည်းမိပါတယ်။ “မေဒမ်” အရေးအခင်းကလူတွေလို ကျနော်တို့ လူတွေကို ဂုဏ်မပြုနိုင်သေးပါဘူး။ ထုတ်ဖေါ်ပြောကြားပြီး ကြေညာဖို့တောင် မလွယ်သေးပါဘူး။ တချို့ဆို ဂုဏ်ပြုခံရဖို့ နေနေသာသာ စာရင်းပျောက် အင်းပျောက် ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်မှန်း မသိခဲ့ရဘူး။ ထင်ရှားတဲ့ ကိုဖုန်းမော် ၊ ကိုစိုးနိုင် ၊ မဝင်းမော်ဦး တို့လောက်ပဲ လူသိခဲ့ကြရတယ်။ ကိုမင်းဇင်စကားနဲ့ဆို ၈၈ က ဝိညာဉ်တွေ အခုထိ နားခိုရာ မရကြသေးဘူးလို့ ပြောရမယ်။ အဲဒီတုန်းက မသေဘဲ ကျန်ရစ်သူတချို့ဟာ ဒီကနေ့မှာ အာဏာပိုင်ကြီးတွေအဖြစ် ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ အသက်နဲ့ ရင်းပြီး စွန့်လွှတ်ခဲ့တဲ့သူတွေအတွက် သူတို့ ဘယ်လိုများ ခံစား စဉ်းစားကြသလဲဆိုတာ ကျနော်တွေးကြည့်နေမိပါတယ်။ ဘုရားပြီး ငြမ်းဖျက်ခဲ့ကြပြီလား။
လူထုလှုပ်ရှားမှုတွေဟာ တော်ရုံအရည်အချင်းနဲ့ အောင်မြင်တာတော့ မဟုတ်ပါဘူး။ လူညီဖို့လိုသလို အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်မျိုး လိုအပ်ပါတယ်။ ကျနော်တို့ အားထုတ်မှုနဲ့ စွန့်လွှတ်မှုတွေဟာ သူတို့ရဲ့အားထုတ်မှုနဲ့ စွန့်လွှတ်မှုတွေလောက်ကို တူညီကောင်းတူညီနိုင်ပေမယ့် ထိရောက်အောင်မြင်မှုတွေမှာတော့ ကွာခြားနေသလိုမျိုး ခံစားမိခဲ့ပါတယ်။ သူတို့နဲ့ ကျနော်တို့ ဟာ အင်အားအလွန်ကြီးတဲ့ အိမ်နီးနားချင်း ရှိနေကြတာချင်းလည်း တူပါတယ်။ ယူကရိန်း အရှေ့ဘက်ပြည်နယ်တွေမှာ နေနေတဲ့ ရုရှလူမျိုးတွေကို ရုရှက ကျားကန်ပေးသလို ကျနော်တို့ ရှမ်းပြည်နယ်ထဲမှာလည်း အလားတူပါပဲ။ တဖြည်းဖြည်း တစိမ့်စိမ့်နဲ့ လွှမ်းမိုးခံရတာချင်းလည်း တူနိုင်ပါတယ်။ အခုဆိုရင် ရှမ်းပြည်နယ်မှာ နိုင်ငံခြားသားတွေ အသေအချာရှိနေပေမယ့် FRC ဆိုတာကတော့ မရှိသလောက် ဖြစ်သွားပြီဆိုတဲ့ အချက်ကို ကြည့်ရင်ပဲ သိနိုင်ပါတယ်။
ကျနော်တို့နဲ့တူတာ နောက်တခုက ယူကရိန်းမှာလည်းပဲ အော်လီဂါ (Oligarch) လို့ခေါ်တဲ့ ခရိုနီတွေ ပေါ်ပေါက်ခဲ့ပါသတဲ့။ သူတို့ဟာ ရုရှားမှာ ခရိုနီတွေ ပေါ်ပေါက်လာချိန်မှာ ပေါ်လာကြပြီး တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ထားကြပါသတဲ့။ ယူကရိန်း စီးပွားရေး မဖွံ့ဖြိုးရခြင်းဟာ ဒီအော်လီဂါတွေကြောင့်ဆိုတာ ကျနော်တို့ ရောက်နေချိန် ကိယက်ဖ် ဘောဂဗေဒကျောင်းမှာ သူတို့ ဥရောပ အရှေ့ဖျားနိုင်ငံတွေက သုတေသီတွေ စုပြီး လက်ချာရိုက်တာ ဆွေးနွေးတာတွေ လုပ်နေကြလို့ ဝင်နားထောင်ဖြစ်ပါတယ်။ မြန်မာပြည်က ခရိုနီတွေကတော့ လူအများအကျိုးရှိနိုင်မယ့် အလုပ်မျိုးတွေကို ခုထိ လုပ်ကိုင်ကြတာ မတွေ့ရသေးပါဘူး။ ရေသန့်လုပ်မယ်။ အချိုရည်လုပ်မယ်။ ဘဏ်လုပ်ငန်းလုပ်မယ်။ သစ်ခုတ်မယ်။ ရွှေတူးမယ်။ ငွေရလွယ်ပြီး မြန်တဲ့အလုပ်တွေကိုဘဲ လုပ်ကိုင်နေဆဲဖြစ်တယ်။ လူထု (အလုပ်သမား) အလုပ်များများရမယ့် (လူထုအကျိုးကိုကြည့်တဲ့) အလုပ်မျိုး လုပ်ကိုင်တဲ့ ခရိုနီ မတွေ့မိသေးပါဘူး။ ခပ်ငယ်ငယ်က ဆရာမြသန်းတင့် စာအုပ် “လေရူးသုန်သုန်” လို့ ထင်ပါတယ်။ အဲဒီထဲမှာ ငွေရှာလို့ အလွယ်ဆုံး၊ သူဌေးဖြစ်ဖို့ အလွယ်ဆုံးအချိန်ကတော့ တိုင်းပြည်ပျက်ချိန် ၊ တိုင်းပြည်ပြန်လည်ထူထောင်တဲ့အချိန် ဆိုပြီး ပြောပြထားတာကို ပြန်လည်အမှတ်ရမိပါတယ်။ မြန်မာလိုကတော့ ခေတ်ပျက်သူဌေးလို့ ဆိုကြလေမလား။
ယူကရိန်းခရီးစဉ်က အကျိုးရှိပါတယ်။ တနေ့နေ့တော့ မြန်မာနိုင်ငံအတွက် လက်တွေ့အကျိုးပြုနိုင်လိမ့်မယ်လို့လည်း ယူဆပါတယ်။ ဒီခရီးကို စီစဉ်ပေးတဲ့ အီဂေါကို အထူးကျေးဇူးတင်ပါတယ်။ ကိုကျော်သူ ဖျားပေးတဲ့အတွက် လမ်းများများ မလျှောက်ရလို့ ကျေးဇူးတင်ပါတယ်။ မှတ်မှတ်သားသား ဆိုးဝါးမှုကတော့ တပတ်ကျော်ကိုင်တွယ် သုံးစွဲခဲ့တဲ့ ယူကရိန်းငွေ (အတိုကောက် UAH) ကို ဘယ်လို အသံထွက်ရမယ်ဆိုတာ ဘယ်သူမှ မတတ်ခဲ့ခြင်းပါပဲ။
(စိုင်းညွန့်လွင်သည် ရှမ်းတိုင်းရင်းသားများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်)