ဆောင်းပါး

အာဇာနည်တွေကို မမေ့ကြပါနဲ့…

ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ၉ ဦး လုပ်ကြံခံရတဲ့ ဇူလိုင် ၁၉ ရက် နီးလာရင်တော့ ကျဆုံး သွားခဲ့ရတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ ပြန်လည် အမှတ်တရ ရှိလာတတ်ပေမယ့် လူငယ် တချို့ ကြားမှာတော့ တန်ဖိုးထားမှု လျော့ကျပြီး အမေ့လျော့ခံတွေ ဖြစ်နေဆဲ ဆိုတာကို တွေ့မြင်ရပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလအတွင်း လမ်းခုလတ်မှာတင် အသက် စွန့်သွားကြရတဲ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဦးရာဇတ်၊ မန်းဘခိုင်၊ အတွင်းဝန် ဦးအုန်းမောင်၊ ရဲဘော် ကိုထွေးတို့ဟာ မြန်မာ့အာဇာနည်များ ဖြစ်ကြပေမယ့် သူတို့အားလုံးရဲ့ အမည်တွေကို အခုခေတ်လူငယ် တချို့ကိုမေးရင် အကုန် သိဖို့ ခဲယဉ်းနေကြပါပြီ။

“တီဗီမှာလာတဲ့ ပြိုင်ပွဲ အစီအစဉ်တခုမှာ အာဇာနည်တွေရဲ့ နာမည် ရွတ်ပြပါလို့ ပြောတာ ဗိုလ်ချုပ်အောင်ဆန်းက လွဲရင် ကျန်တဲ့ သူတွေကို တယောက်မှ မသိကြတော့ဘူး။ ဖြေတဲ့ လူငယ်လေးတွေက ဘွဲ့ရတွေချည်းပဲ။ သူတို့ရဲ့ တန်ဖိုးထားမှုတွေ လွဲနေကြပြီလေ”လို့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့ ပညာရေး ဝန်ထမ်းတဦး ဖြစ်သူ ဒေါ်သန်းသန်းဌေးက ပြောပါတယ်။

အာဇာနည်တွေရဲ့ နာမည်တွေကို အကုန်မသိတော့ပေမယ့် နာမည်ကျော် ကိုရီးယား K Pop အဆိုတော်တွေ၊ ကိုရီးယား မင်းသား မင်းသမီးတွေရဲ့ အမည်တွေ၊ အကြောင်းအရာတွေကိုတော့ သိကြသူ များပါတယ်။ လူငယ်တွေရဲ့ အဖြစ်က မှားယွင်းခဲ့တဲ့ ပညာရေးစနစ်တခုမှာ ဗိုလ်ချုပ်နဲ့ အာဇာနည်တွေရဲ့ သမိုင်းကိုဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တာကို ကြုံတွေ့ခဲ့ရတဲ့ အကျိုးရလဒ်တခု ဖြစ်ပြီး ဒီ နှစ် ၂၀ လောက် ကာလအတွင်းမှာ လူငယ်မျိုးဆက် တခု ဟာ အာဇာနည်တွေကို မသိမသာနဲ့ တဖြည်းဖြည်း မေ့ပျောက်ခဲ့ရတာ ဖြစ်တယ်လို့လည်း သူကသုံးသပ်ပါတယ်။

ကျောင်းတွေမှာ အရင်က “ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြု”လို့ ဆိုတဲ့ အလေးပြု အစီအစဉ်မှာ နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်း နာမည်ကို ဖြုတ်ပြီး ကျဆုံးလေပြီးသော အာဇာနည် ခေါင်း ဆောင်ကြီးများနဲ့ ရဲဘော်အပေါင်းအား အလေးပြု ဆိုပြီး ပြောင်းဆိုခိုင်းခဲ့တဲ့ ပညာရေးစနစ်ဟာ ဒီခေတ်မှာတော့ သမိုင်း အမှန်နဲ့ အာဇာနည်တွေကို တန်ဖိုးထားတတ်အောင် သင်ပြဖို့ လိုနေပြီလို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေဦးကြီးမြင့် ကလည်း “နှစ် ၆၀ လုံးလုံး အာဇာနည်တွေရဲ့ သမိုင်းကို မြုပ်ထား တဲ့ တရားခံကတော့ ဗိုလ်နေဝင်းပဲ။ ဗိုလ်နေဝင်းကို ဆက်ခံတဲ့ သူတွေကလည်း ဗိုလ်ချုပ်သမိုင်းကို ဆက်ဖျောက်ဖို့ ကြိုးစားခဲ့ကြတယ်။ နောက်ဆုံး လူငယ်တွေဟာ ဦးနုကိုတောင် မသိကြဘူး”လို့ ပြောပါတယ်။

အာဇာနည်တွေကို တန်ဖိုးထားတတ်မှန်း မသိရင် တိုင်းပြည် အနာဂတ်က စိတ်ပူစရာကောင်းတဲ့ အတွက် အခြေခံ ပညာ အဆင့် ကျောင်းသင်ခန်းစာတွေမှာ အာဇာနည်တွေရဲ့ အကြောင်းကို အတန်းပညာ အဆင့်အလိုက် ထည့်သွင်း သင်ကြားဖို့ လိုနေပြီလို့လည်း ဦးကြီးမြင့်က ထောက်ပြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ သမိုင်းကို ပြန်လည် ဖော်ထုတ်နိုင်ဖို့ဆိုရင် လူငယ်တွေ အနေနဲ့ စာများများ ဖတ်ဖို့လိုပြီး နှစ်ပေါင်း ၅၀ အာဏာရှင် စနစ်အတွင်း သူပုန် ဖြစ်ခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ စတုတ္ထမြန်မာနိုင်ငံကို တည်ထောင်သူတဦး ဖြစ်တယ်လို့ စာရေးဆရာ တက္ကသိုလ်စိန်တင်ကလည်း ပြောပါတယ်။

ဗိုလ်ချုပ်ပြောခဲ့သလို လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ စည်းကမ်း၊ လွတ်လပ်ရေးနဲ့ ထိုက်တန် တဲ့ အားထုတ်မှု၊ စွန့်လွှတ်မှုနဲ့ သတ္တိတွေ ရှိရမှာ ဖြစ်သလို ဒီမိုကရေစီကို လိုချင်ရင်လည်း ၎င်းနဲ့ ထိုက်တန်တဲ့ စည်းကမ်း၊ အားထုတ်မှုနဲ့ အနစ်နာခံမှုတွေ ရှိဖို့ လိုတယ်လို့လည်း သူကပြောဆိုပါတယ်။

ဒါပေမယ့် ဒီခေတ်မှာ ဗိုလ်ချုပ်နဲ့ အတူတူ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ အစ္စလမ် ဘာသာဝင်တွေ ဖြစ်တဲ့ ဦးရာဇတ်နဲ့ ရဲဘော် ကိုထွေးတို့ရဲ့ ဘာသာ အယူဝါဒကြောင့် အာဇာနည် ၉ ဦးထဲကနေ ဖယ်ထုတ်ပြီး မတူညီကွဲပြားမှုရဲ့ အလှ တရားကို မကြည့်ချင်တဲ့ အမုန်းတရားတွေနဲ့ လူတစုရှိနေတုန်းပဲလို့ အစ္စလမ် ဘာသာဝင် နိုင်ငံရေး အကျဉ်းသား ဟောင်း ဦးထွန်းကြည်က ပြောပါတယ်။

“ကျနော်တို့ အတွက်တော့ ဆရာကြီးဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ရဲ့ တိုင်းချစ်၊ ပြည်ချစ်စိတ်ဓာတ်နဲ့ လုပ်ရပ်က စံပြု ထိုက်တဲ့ ပုဂ္ဂိုလ်တွေအဖြစ် အခုချိန်အထိ ရင်ထဲမှာရှိနေတုန်းပဲ။ ဂုဏ်ယူနေရတုန်းပဲ”လို့ သူကဆိုပါတယ်။

တကယ်တော့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလမ် အပါအဝင် ဘာသာအားလုံးက အတူကြိုးစားခဲ့တာ ဖြစ်ပြီးဘာသာရေး ခွဲခြားစရာ မလိုကြောင်း၊ ဘာသာရေးခွဲခြား ပြောဆိုနေသူတွေဟာ ဉာဏ်ပညာ အလွန်နိမ့်တဲ့သူတွေ ဖြစ်ကြောင်း တက္ကသိုလ်စိန်တင်က ပြောပါတယ်။

ဦးရာဇတ်ဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အစိုးရအဖွဲ့မှာ ပညာရေးနဲ့ အမျိုးသား စီမံကိန်း ဝန်ကြီးဌာန ကို တာဝန်ယူခဲ့သူတဦး ဖြစ်ပြီး မျိုးချစ်စိတ် ပြင်းထန်လို့ ဗမာ-မွတ်စလင် ဆိုတဲ့ အသုံးတခုကိုတောင် စတင် အသုံးပြုခဲ့ သူ တဦး ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်မှာ မန္တလေးအရှေ့ပိုင်းက အမတ်အဖြစ် ရွေးကောက်ခံရပြီး သူမကွယ်လွန်ခင်မှာ ဗုဒ္ဓဘာသာ ပါဋ္ဌိ တက္ကသိုလ် တခု ဖြစ်မြောက်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

ရဲဘော်ကိုထွေးကတော့ ဦးရာဇတ်ရဲ့ သက်တော်စောင့်ဖြစ်ပြီး ခေါင်းဆောင်တွေကို လုပ်ကြံအပြီး ပြန်ထွက်လာတဲ့ သေနတ်သမားတွေရဲ့ ပစ်သတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

“ကလေးတွေကို ဒါတွေ မသိရဘူးလားဆိုပြီး အတင်းထည့်ပေးလို့လည်း မဖြစ်ဘူး။ အာဇာနည်တွေရဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက်၊ အများအကျိုးအတွက် အနစ်နာခံတဲ့ စိတ်ဓာတ်တွေ၊ အဲဒီလိုလူတွေကို တန်ဖိုးထားတတ်အောင်တော့ လုပ်ပေးရလိ့မ်မယ်”လို့ ရန်ကုန်တိုင်း ထန်းတပင်က ပြည်သူ့လွှတ်တော် အမတ် ဦးနေမျိုးထွန်းက ပြောဆိုပါတယ်။

အဲဒါကြောင့် အခုလိုရက်ပိုင်းမှာ ကြားလာရတဲ့ “အာဇာနည်နေ့ကိုတော့ မမေ့ခဲ့နိုင်ပါပြီ ယနေ့ ထက်တိုင်သာ အတည်” ဆိုတဲ့ တေးသံရှင် မေလှမြိုင်ရဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြု သီဆိုထားတဲ့ အလေးပြုပါသည် သီချင်း ထဲ ကလို အာဇာနည်တွေကို တန်ဖိုးထားတတ်ပြီး တိုင်းပြည် တည်ဆောက်ရေးမှာ အာဇာနည်တွေရဲ့ စိတ်ဓာတ် အတိုင်း အားလုံးပါဝင်ကြဖို့ လိုနေပြီဖြစ်ပါတယ်။

လာမယ့် ဇူလိုင် ၁၉ ရက်နေ့ကတော့ နှစ် ၇၀ ပြည့် အာဇာနည်နေ့ပဲ ဖြစ်ပါတယ်။

အဲဒီနေ့မှာ အစိုးရပိုင်းကလည်း အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပမှာ ဖြစ်သလို ပြည်သူလူထုကလည်း ကိုယ့် အစီအစဉ်နဲ့ ကိုယ် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပကြခြင်းဖြင့် အာဇာနည်တွေကို မမေ့ မလျော့ ရအောင်၊ တန်ဖိုးထားတတ်အောင်၊ အာဇာနည် စိတ်ဓာတ်တွေ ကိန်းအောင်းလာအောင် ပြုလုပ်နိုင်ကြ ပါစေ လို့ ဆန္ဒပြုလိုက်ရပါတယ်။ ။

Loading