ကိုးကန့်မင်းသမီးလေးလို့ တင်စားကြပြီး ကိုးကန့်တိုင်းရင်းသားတွေ ကြားမှာ လေးစားချစ်ခင်ခံရတဲ့ ယန်စော်ဘွား နွယ်ဝင် အောလစ်ယန်းဟာ ဇူလိုင်လ ၁၃ ရက် မနက် ၆ နာရီ ၄၅ မိနစ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါပြီ။
ကွယ်လွန်ချိန်မှာ အောလစ်ယန်း (Olive Yang) က အသက် ၉၁ နှစ်ရှိပါပြီ။
ငယ်ရွယ်စဉ်က မျက်နှာ ဝိုင်းဝိုင်းနဲ့ မျက်နှာထား တည်တည် ရှိခဲ့တဲ့ အောလစ်ယန်းက မကွယ်လွန်ခင်က ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ လက်တွန်းဝှီးချဲပေါ်မှာ ထိုင်နေပြီး ပါးရေတွေတွန့်လို့ ဇရာထောင်းနေတဲ့ အဘွားအိုတဦး ရုပ်သွင် နဲ့ တွေ့ရပါတယ်။
အောလစ်ယန်းရဲ့ ဈာပန အခမ်းအနားကို ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ တရုတ် ထုံးတမ်းဓလေ့ အတိုင်းပဲ ကျင်းပခဲ့ပါတယ်။
မကြာသေးခင်က ကွယ်လွန်သွားတဲ့ ကိုးကန့်တပ်ဖွဲ့ ဒု စစ်ဦးစီးချုပ် ဖုန်ကြားဖုရဲ့ ဈာပနလောက်တော့ ကြီးကျယ် ခမ်းနားခြင်း မရှိခဲ့ပါဘူး။
ဒါပေမယ့် အောလစ်ယန်းရဲ့ ငယ်ဘဝအတိတ်ကတော့ သြဇာအာဏာတွေ ခမ်းနားမှုတွေ အပြည့်ရှိနေ ပါတယ်။
အောလစ်ယန်းဟာ ၁၉၂၇ ခုနှစ် ဇွန်လ ၂၄ ရက်မှာ ရှမ်းပြည်နယ် ကိုးကန့်တောင်တန်းတွေ ပေါ်မှာ မွေးဖွားခဲ့သူပါ။
၁၉၄၀ ကနေ ၁၉၅၀ ခုနှစ်မှာ လားရှိုးက Guardian Angel’s Convent ကျောင်းမှာ ပညာသင်ကြား ခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်မှာ အောလစ်ယန်းက ယောက်ျားသားတွေ အစဉ်အဆက် ဦးစီးခဲ့တဲ့ တိုင်းရင်းသား မျိုးနွယ်စု လက်နက်ကိုင်တွေ ကြားမှာ ကိုယ်ပိုင် ကိုးကန့်တပ်သား တထောင်ကျော်ကို ဦးဆောင်နေတဲ့ တဦးတည်းသော အမျိုးသမီးဖြစ်နေပါပြီ။
ဆယ်ကျော်သက် အရွယ်ကတည်းက မြင်းကို ပိုင်ပိုင်နိုင်နိုင် စီးနိုင်ပြီး ပစ္စတိုု ၂လက်ကို လက်နှစ်ဘက်နဲ့ ကိုင်ပြီး တပြိုင်တည်း ပစ်မှတ်ကို ပစ်နိုင်လို့ လက်ရုံးရည် ပြည့်ဝတဲ့ အမျိုးသမီး ခေါင်းဆောင် တဦးအဖြစ် ကျော်ကြား ခဲ့သူ လည်း ဖြစ်ပါတယ်။
အောလစ်ယန်းဟာ လိင်တူ စိတ်ဝင်စားသူ တဦးလည်း ဖြစ်ပြီး အဲဒီလို လူမျိုး ဖြစ်ကြောင်း ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုနေထိုင်ခဲ့သူ ဖြစ်ပါတယ်။ မှတ်တမ်းတချို့အရ ဆိုရင် အော်လစ်ယန်းဟာ မြန်မာ နာမယ်ကြီး အဆိုတော်တွေ ရုပ်ရှင်မင်းသမီးတွေ နဲ့ တွဲခဲ့သေးတယ်လို့လည်း သိရပါတယ်။
ကိုးကန့် တောင်တန်းဒေသက ကလေးငယ်တွေ ကျောင်းအခမဲ့ တက်နိုင်ဖို့အတွက်လည်း အောလစ်ယန်းက အထောက်အပံ့ ပေးခဲ့တာတွေ ရှိသလို အောလစ်ယန်းတို့ မိသားစုဟာ တခေတ်တခါကတော့ ကိုးကန့်တောင်တန်း တွေပေါ်မှာ အရှင်သခင်တွေလို နေထိုင်ခဲ့ ကြတာပါ။
လက်ရှိ အစိုးရကို တိုင်းရင်းသား အခွင့်အရေးတွေ တောင်းဆိုရင်း တိုက်ခိုက်နေတဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) ခေါင်းဆောင် ဖုန်ကြားရှင်က အောလစ်ယန်းကို “မမလေး”လို့ ခေါ်ပြီး အရိုအသေပေးခဲ့ရတဲ့ တပည့်တော်စပ်သူ တဦးဖြစ်ပါတယ်။
မူးယစ်ရာဇာကြီး ဖြစ်ခဲ့တဲ့ လော်စစ်ဟန်ကလည်း အောလစ်ယန်းရဲ့ လက်အောက်ငယ်သားတဦး ဖြစ်ခဲ့ ဖူးသူပါ။
ရွှေတြိဂံဒေသထဲမှာ ဘိန်းနဲ့ရွှေချောင်းတွေ လဲလှယ်ကုန်ကူးခဲ့တဲ့ အထဲမှာ အောလစ်ယန်က ထင်ရှားခဲ့တဲ့ ခေါင်းဆောင် တဦးပါ။
၁၉၆၂ မှာ အစိုးရက အောလစ်ယန်းကို ဖမ်းဆီးနိုင်ခဲ့ပြီး ၁၉၆၈ ခုနှစ်အထိ ရန်ကုန်မြို့ အင်းစိန် ထောင်မှာ အကျဉ်း ချခဲ့ ပါတယ်။

အောလစ်ယန်း ထောင်နန်းစံနေရတဲ့ အချိန်မှာ သူရဲ့ တပ်ဖွဲ့တွေကလည်း သူ့ဦးဆောင်မှု အောက်ကနေ ကွယ်ပျောက် သွားခဲ့ပါတယ်။
အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီးတဲ့ နောက်မှာတော့ အောလစ်ယန်းဟာ ပေါ်ပေါ်ထင်ထင် မရှိတော့ဘဲ ရန်ကုန်က နေအိမ်မှာပဲ နေထိုင်နေသလိုလိုနဲ့ သူ့ရဲ့ သတင်းတွေကလည်း ပျောက်ကွယ် သွားပါ တယ်။
ဆွီဒင် လူမျိုး သတင်းစာ ဆရာ ဘာတေးလ် လစ်တနာ (Bertil Lintner) ကလည်း အောလစ်ယန်းနဲ့ ပတ်သက်ပြီး ဧရာဝတီမှာ ရေးသားခဲ့ပါသေးတယ်။
သူရေးသားခဲ့တဲ့ ကိုးကန့်သမိုင်း စာမျက်နှာများကို ပြန်လှန်ခြင်း ဆိုတဲ့ဆောင်းပါးမှာ ၁၉၅၀ နှစ်များအတွင်းက ကိုးကန့် ဒေသကို အမှန်တကယ် အုပ်ချုပ်နေသူမှာ အောလစ်ဗ်ယန်း ဆိုသည့် အမျိုးသမီး ဖြစ်သည်။ သူ၏ ကိုယ်ပိုင် စစ်တပ် တွင် လူ ၁၀ဝ၀ နီးပါးရှိသည်။ ကူမင်တန် အဖွဲ့၏ ကျောထောက်နောက်ခံနှင့်အတူ သူ၏ ဩဇာအာဏာ တိုးတက်လာ ပြီး ပထမဆုံး စစ်ဘုရင်မ ဖြစ် လာသည်။ ထိုင်းနိုင်ငံ နယ်စပ်သို့ ထရပ်ကားတန်းများဖြင့် ဘိန်းတင်ပို့ နိုင်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် အောလစ်ဗ်ယန်း အဖမ်းခံခဲ့ရ သော်လည်း စစ်ဘုရင် ယဉ်ကျေးမှုက ဆက်လက် ရှင်သန်နေခဲ့သည်။ သူ၏ အစ်ကိုဖြစ်သူ ဂျင်မီယန်း က ကူမင်တန်နှင့် နိုင်ငံရေးအရ ဆက်လက် ပူးပေါင်းခဲ့သလို စီးပွားရေးလုပ်ငန်းများ လည်း ဆက် လုပ်ခဲ့သည်။
ဂျင်မီယန်းသည် ပညာတတ်တဦး ဖြစ်ပြီး တောင်ကြီးမြို့ရှိ ရှမ်းစော်ဘွားများ၏ သားသမီးများအတွက် ဖွင့်လှစ်ထား သည့် ကျောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် ဒုတိယ ကမ္ဘာစစ်အတွင်းက တရုတ် နိုင်ငံရှိ ချုံကင်း (Chongqing) တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၀ တွင်ကိုးကန့် ဒေသ ပါလီမန်အမတ် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ နောက် နှစ်အနည်းငယ် ကြာသည့်အခါ East Burma ဘဏ်ကို တည်ထောင် ခဲ့သည်။
နောက်ဆုံးတွင် ဂျင်မီယန်းကို သူ၏ လက် အောက်ခံ တပ်မှူးတဦး ဖြစ်သည့် လော်စစ်ဟန်က ဖြုတ်ချခဲ့ သည်။ ထို အချိန် က လူသိနည်းသေးသော လော်စစ်ဟန်သည် ယနေ့ခေတ်တွင် အရှိန်အဝါ အကြီးဆုံး ကုမ္ပဏီ လုပ်ငန်း စုကြီး များထဲမှ တခုဖြစ်သည့် Asia World ၏ မန်နေးဂျင်း ဒါရိုက်တာ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်၏ ဖခင်ဖြစ်ပါ သည်။ လို့ ပါရှိခဲ့ပါတယ်။
ဗမာပြည် ကွန်မြူနစ်ပါတီအတွင်း အာဏာ ဖီဆန်မှုတွေ ပေါ်ပေါက်ခဲ့ပြီး များမကြာမီမှာပင် အဲဒီ အချိန်က မြန်မာနိုင်ငံရဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်က အောလစ်ယန်း၊ လော်စစ်ဟန်နဲ့ ဦးအောင်ကြီး တို့ကို ကိုးကန့် ဒေသ ကို စေလွှတ်ပြီး ကွန်မြူနစ်ပါတီက ခွဲထွက်လာသူတွေနဲ့ ညှိနှိုင်း ဆွေးနွေးစေခဲ့တယ်လို့ မှတ်တမ်းတွေမှာ တွေ့ရ ပါ တယ်။ တရုတ် – ဗမာ ကပြား ဦးအောင်ကြီး က ဗိုလ်မှူးချုပ်ဟောင်း တဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ပူးတွဲ တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်က NLD က နုတ်ထွက်ခဲ့ပြီး ပါပြီ။
အောလစ်ယန်းက သူ့ရဲ့ မိတ်ဆွေဟောင်းတွေ တပည့် တော်စပ်ခဲ့သူတွေနဲ့ အဆက်အသွယ် ရှိခဲ့ပေမယ့် ရန်ကုန် ဒါမှ မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်းက သူ့ရဲ့ အိမ်တွေမှာပဲ သာမန်ဘဝနဲ့ နေထိုင်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဘဝရဲ့ နောက်ဆုံးအချိန်မှာ မထင်မရှား နေထိုင်သွားခဲ့တဲ့ ယန်စော်ဘွားမျိုးနွယ် အောလစ်ယန်း ကွယ်လွန်သွားတဲ့ အပေါ်မှာတော့ “သူရဲကောင်း တဦးကို ထာဝရ သတိရနေမယ်” လို့ တရုတ် လူမှုကွန်ရက် တွေမှာ တရုတ်လူမျိုးတွေ ကိုးကန့် တိုင်းရင်းသားတွေက ရေးသားပြောဆိုတာတွေ တွေ့ရပါတယ်။
တောင်စွယ် တောင်တန်းတွေ ကြားက ကိုးကန့်တိုင်းရင်းသားတွေရဲ့ ရင်ထဲမှာတော့ အောလစ်ယန်းရဲ့ စွန့်စွန့်စားစား ငယ်ဘဝ အကြောင်းအရာတွေက ဒဏ္ဍာရီဆန်ဆန် အမှတ်ရဖွယ် ဖြစ်နေမှာ အမှန်ပါပဲ။ ။