အသက် ၅၃ နှစ်အရွယ် ကယန်းတိုင်းရင်းသူ မိုမိက “လည်ပင်းရှည် လူသား” လို့ လူသိများတဲ့ လည်ပင်းကြေးကွင်းပတ်တဲ့ ကယန်းပဒေါင်လူမျိုး အမျိုးသမီး ၇၀ လောက်ထဲက တဦးပါ။
ဒီမောဆိုမြို့နယ် အတွင်းမှာရှိတဲ့ သူနေထိုင်ရာ ပန်ပက်ရွာနဲ့ အနီးဝန်းကျင်က ရွာတွေရဲ့ လူနေမှု ပုံစံ ကတော့ မိရိုးဖလာ လူနေမှုပုံစံအတိုင်း နေထိုင်ကြတာဖြစ်ပြီး၊ ဂျပ်ခုတ်၊ ဗိုင်းငင်ခြင်း နဲ့ လက်မှု ပစ္စည်း ရက်လုပ်ခြင်း၊ ကျွဲ၊ နွား၊ ဝက် မွေးမြူရေး၊ တောင်ယာစိုက်ပျိုးခြင်းတွေနဲ့ အသက်မွေး ဝမ်းကြောင်း ပြုကြပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းတွေ စတင်ချိန်လောက်မှာ ယင်းကျေးရွာ တွေကို ပြင်ပ ဧည့်သည်တွေ ပိုမိုသိရှိလာကြပါတယ်။ တမူထူးခြားတဲ့ယဉ်ကျေးမှုတွေ၊ သဘာဝအတိုင်းရှိနေတဲ့ ရှုခင်းတွေနဲ့ ကယားပြည်နယ်က နိုင်ငံခြား ခရီးသွားတွေ သာမက ပြည်တွင်းခရီးသွားတွေကိုပါ သွားရောက်လည်ပတ်ဖို့ ဖိတ်ခေါ် နေသလိုပါပဲ။
ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ကမှ ပြင်ပခရီးသွားတွေကို တရားဝင် လွတ်လပ်စွာ ဝင်ရောက် ခွင့်ပြုခဲ့ချိန်က စလို့ နိုင်ငံခြားခရီးသွား ထောင်ချီရှိလာပြီး ပြည်တွင်း ခရီးသွားလည်ပတ်သူလည်း ပိုများတယ်လို့ သိရပါတယ်။
လွတ်လပ်စွာ ခရီးသွားခွင့်က ကယားပြည်နယ်ရဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အစိုးရတို့အကြား နှစ်ဘက်အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ ရိုးရာအစဉ်အလာ
ရွာက သူမ သူငယ်ချင်းတချို့ ထိုင်းကိုထွက်သွားကြပေမယ့် မိုမိကတော့ ရွာမှာပဲ နေထိုင်နေသူပါ။ ရွာတွေမှာတော့ အသက်ကြီးပိုင်းတွေကသာ မိရိုးဖလာ နေထိုင်မှုပုံစံကို ဆက်လက်ကျင့်သုံးနေတာ ဖြစ်ပါတယ်။

ကယား သို့မဟုတ် ကရင်နီပြည်နယ် မှာရှိတဲ့ ကယန်းလူမျိုးတို့ရဲ့ လည်ပင်းမှာ ကြေးကွင်းပတ်တဲ့ ယဉ်ကျေးမှုက တစထက် တစ ပျောက်ကွယ်လာပြီ ဖြစ်တဲ့ ရိုးရာ ယဉ်ကျေးမှု တခုလည်း ဖြစ်ပါတယ်။
ပန်ပက်ကျေးရွာအုပ်စုထဲက ဘန်းဇံရွာမှာရှိတဲ့ တခြားမိန်းကလေးငယ်လေးတွေလိုပဲ မိုမိလည်း သူ ငယ်ငယ်ကတည်းက လည်ပင်းမှာ ကြေးကွင်း ၄ ခု ပတ်ပြီး ဝတ်ဆင် ခဲ့ရပါတယ်။ “အဲဒီအချိန်တုန်းက သူငယ်ချင်းတွေ အားလုံးက ဝတ်ကြတယ်။ ကိုယ်က မဝတ်ရင် ရှက်စရာ ကောင်းတယ်။ စစဝတ်တုန်းက တအားလေးတယ်။ လေးပေမယ့် ဝတ်ကြရတယ်။” ဟု ဗိုင်းငင်နေရင်း သူက ရှင်းပြပါတယ်။
မိုမိက ငယ်ငယ်ကတည်းက ကြေးကွင်းပတ်လာပြီး မခွျှတ်တမ်း ဝတ်လာခဲ့သူဖြစ်ပေမယ့် သူမ သမီးငယ်တွေကို ကြေးကွင်းမပတ်ချင်ရင် အတင်းမပတ်ခိုင်းကြောင်း လေးလွန်းသည့်အတွက် မနာစေချင်ကြောင်း စကားပြန်ကနေ တဆင့်ပြောပြပါတယ်။
မိုမိရဲ့ အမျိုးသားဖြစ်တဲ့ ကြာလပြကတော့ အိမ်သုံးဖို့ ဝါပင်တချို့ကို စိုက်ပျိုးပါတယ်။ ကြာလပြကလည်း ကယန်းတိုင်းရင်းသားတွေထဲက ဝါးနဲ့ယက်လုပ်တဲ့ အသုံးအဆောင်တွေ ရက်လုပ်တတ်သူတွေထဲ ကျန်နေတဲ့ တဦးတည်းသော အတတ်ပညာရှင်ဖြစ်ပါတယ်။ သူက ပလိုင်း၊ ဝါးရေခွက်နဲ့ ဒေါင်းလန်းတွေကို ယက်လုပ်ပါတယ်။
လေးလံတဲ့ ကြေးကွင်းကို ပတ်ပြီး နိစ္စဓူ၀ အလုပ်လုပ်ရင်း ရှင်သန်ဖို့ ဆိုတာ အလေ့အကျင့် မရှိသူတွေအတွက် ခက်ခဲပါတယ်။ ဒါကြောင့် လူငယ်အမျိုးသမီးတွေကြားမှာ ကြေးကွင်းပတ် ယဉ်ကျေးမှု မရှိသလောက် ပျောက်ကွယ်လာပါပြီ။ ကရင်နီလူမျိုးစုဝင် ကယား၊ ကယောလို တခြားတိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာဝတ်စားဆင်ယင်မှုကလည်း တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေတာပါ။

အမျိုးသမီးငယ်လေးတချို့ကတော့ လည်ပင်းကြေးကွင်းပတ်သူတွေအဖြစ် ရှိနေသေးပါတယ်။ အသက် ၂၀ သာ ရှိသေးတဲ့ မိုတာ က ထိုင်းနိုင်ငံကနေ ပြန်လာတာ ၃ လ ရှိပြီဖြစ်ကာ သူရဲ့ မိဘတွေနဲ့ အတူနေထိုင်ကာ ဂျပ်ခုတ် ရက်လုပ်၍ အိမ်ဆိုင်ဖွင့်လှစ်ကာ ဂျပ်ခုတ်ပဝါနဲ့ လက်မှုပစ္စည်းတွေကို လက်ဆောင်ပစ္စည်းအဖြစ် ရောင်းပါ တယ်။
အသက် ၄၇ နှစ်အရွယ် မိုသုကလည်း ၂၀၁၆ ခုနှစ် ဧပြီလက ထိုင်းကနေ သူမရွာကို ပြန်လာတာမို့ သူမဇာတိကို ပြန်ရောက်တာ တနှစ်ကျော် ရှိပါပြီ။ ရွာကို လာလည် သူတွေ အနေနဲ့ သူ့ဆိုင်မှာ လက်ဆောင်ပစ္စည်းဝယ်နိုင်သလို ဒေသအစားအစာတွေ ကြိုတင် ဝယ်ကာ စားသုံးလို့ရပါတယ်။ အစားအသောက်အပြင် မိသားစု ဂီတဝိုင်းနဲ့ပါ ဖျော်ဖြေပေး ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဝင်ငွေကောင်းပြီး ငွေပိုရတယ်လို့ သူ သူငယ်ချင်းတွေဆီက တဆင့် ကြားပြီး ထိုင်းကို ထွက်သွားခဲ့ရာက အဲဒီမှာ ၉ နှစ် နေခဲ့တယ်လို့ မိုသုက ရှင်းပြတယ်။
ကယန်းပဒေါင်လူမျိုးတွေကိုတော့ ထိုင်းနိုင်ငံမှာ တိုင်းရင်းသားကျေးရွာများ ဖန်တီးပေးပြီး နိုင်ငံခြားသား ခရီးသွားများအတွက် အလည်အပတ်နေရာအဖြစ် သွားရောက်နိုင်ကြတာပါ။ လည်ပင်းကြေးကွင်းပတ် ကယန်းပဒေါင်တွေအတွက် ရိုးရာ လက်မှုလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နိုုင်မယ့် အလုပ်အကိုုင် အခွင့်အလမ်းတွေလည်း ဖန်တီးပေးထားကာ ရိုးရာဓလေ့ အတိုင်း နေထိုင်မှုအတွက် လစာ ထောက်ပံ့မှုလည်း ရှိတယ်လို့ သိရပါတယ်။
မြန်မာပြည်မှာ အဲဒီလို အထောက်အပံ့မျိုးတွေ မရှိသလို ရိုးရာဓလေ့ ထိန်းသိမ်းရေး အတွက် အသိပညာ ကျယ်ကျယ်ပြန့်ပြန့်ပေးတာမျိုးလည်း မရှိသလောက်ပါပဲ။ ဒါပေမယ့် ထိုင်းက ကျေးရွာတွေက သွားရောက်လည်ပတ်နိုင်ဖို့ ဝင်ကြေးပေးရတာကြောင့် တချို့ကတော့ “လူသားတိရိစ္ဆာန်ရုံ” လို ရည်ညွန်းခေါ်ဝေါ်ကြတာ ရှိပါတယ်။
“ကျနော်တို့ ကယန်းလူမျိုးတွေက ပြစားခံရတဲ့ လူတွေလို့ပဲ ခေါ်ခေါ်၊ ဘယ်လိုခေါ်ခေါ် စိတ်မနာတတ်ဘူး။ စိတ်မဆိုးဘူး။ သူတို့အတွက် အရေးကြီးတာက အသက်ရှင်ရပ်တည်ရေးပဲ ဖြစ်တယ်လို့ ယူဆကြတယ်။ ကျနော်တို့ ဗမာပြည်အစိုးရက ထိုင်းမှာ ရောက်နေတဲ့ ကယန်းလည်ပင်းရှည် တွေကို ပြန်ခေါ်လာဖို့ တိုက်တွန်းချင်ပါတယ်” လို့ ရပ်ရွာဒေသခံ ခရီးသွားလမ်းညွန်တဦးဖြစ်တဲ့ ခွန်းလခွီးက ဆိုပါတယ်။
ခွန်းလခွီးက ထိုင်းနိုင်ငံ ကရင်နီဒုက္ခသည်စခန်းမှာ ၁၀ နှစ်နီးပါး နေခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုမှာ သွားရောက် အခြေချ နေထိုင်ခဲ့သူပါ။ အမေရိကမှာ ၅ နှစ်နေပြီး ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ရွာသို့ ပြန်လာခဲ့သူ ဖြစ်ပါတယ်။
ရပ်ရွာရန်ပုံငွေ
ယနေ့ကာလမှာတော့ ကယားပြည်နယ်က တိုင်းရင်းသားတို့ရဲ့ ရှားပါးလာနေတဲ့ မိရိုးဖလာ လူနေမှုဘဝ၊ ရှေးဟောင်းရိုးရာ ထိန်းသိမ်းမှု ပုံစံတွေကို လေ့လာချင်ရင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း တာဝန်ခံတွေကတဆင့် ဆက်သွယ်ရပါတယ်။
ကယားပြည်နယ်မှာ ၂၀၁၅ နှစ်ကုန်၊ ၂၀၁၆ အစောပိုင်းက စတင်ခဲ့ပြီး နယ်သာလန် Trust Fund (NTF) က ထောက်ပံ့တဲ့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်းက ဒေသခံလူထု အလုပ်အကိုင်ရရှိရေးနှင့် ဝင်ငွေ ရှာဖွေရေးအတွက် အထောက်အကူပြုတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။
NTF က ဒေသခံတွေကို နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအတွက် အစားအသောက် ပြင်ဆင်မှုပိုင်းဆိုင်ရာနဲ့ သန့်ရှင်းမှုပိုင်းဆိုင်ရာတွေကို သင်ကြားပေးတဲ့ သင်တန်းတွေလည်း ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းက ယခုနှစ်ဇွန်လမှာပဲ ပြီးဆုံးသွားခဲ့ တယ်လို့ ကယားပြည်နယ်ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဌေးအောင်က ဆိုပါတယ်။
ရပ်ရွာအခြေစိုက် ဒေသခံလမ်းညွှန်တွေက ရှေးဟောင်းယဉ်ကျေးမှုပုံစံအတိုင်း နေထိုင်သူ တွေကို လိုက်လံပြသပြီး ဒေသန္တရ ဘာသာစကားကို ဘာသာပြန်ပေးသူတွေလည်း ဖြစ်ကြ ပါတယ်။ ဒေသခံလမ်းညွန်တို့ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ရပ်ရွာရန်ပုံငွေအဖြစ် ပြန်လည်အသုံးပြုပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပြန်လည် အသုံးပြုကြပါတယ်။
မြန်မာပြည်မှာ ပျောက်ကွယ်လုဖြစ်နေတဲ့ ရိုးရာဓလေ့အတွက် ထိန်းသိမ်းရေးဆိုင်ရာ အသိနဲ့ ထောက်ပံ့မှုတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။
“၂၀၁၆ နှစ်ထဲမှာ ဧည့်သည်က အများကြီးလာတယ်။ ကျနော်တို့ စလုပ်တဲ့ တနှစ်ထဲမှာ အကျိုး ဘယ်လိုခံစားခွင့်ရလဲ ဆိုတော့ ကျနော်တို့ ကျေးရွာသူ၊ ရွာသားတွေ အလုပ်မရှိတဲ့ ကျနော့်ရဲ့ တူမလေးတွေ ညီမလေးတွေ အလုပ်တခုရတယ်” လို့ ကယားလူမျိုးတွေ အများစုနေထိုင်တဲ့ တနီးလလဲရွာက ဟိုတယ်ခရီးသွားလုပ်ငန်းနာယက ခူးတီးရယ်က ဆိုပါတယ်။
၎င်းက “နောက်ပြီး ချက်ပြုတ်ရေးဆိုလည်း ချက်ပြုတ်ရေးအပိုင်းမှာလည်း သူတို့ရဲ့ ဝင်ငွေ တခု ရတာပေါ့။ နိုင်ငံခြားသားတွေ ကျနော်တို့ဆီ လာတာလည်း ရိုးရာ ဓလေ့ရယ်၊ ကျနော်တို့ ကျေးရွာရဲ့ ရိုးရာဘယ်နှခု ရှိလဲ။ ကယားရဲ့ ရိုးရာဓလေ့က ဘယ်လို ဝတ်စားဆင်ယင်မှုရှိလဲ။ ပြန်လည်ဖော်ထုတ်လို့ရတာပေါ့။ ဒီလုပ်ငန်း လုပ်ရတာက သိပ်အဆင်ပြေတာလည်း မရှိဘူး။ ဒါပေမယ့် တအားခက်ခဲတာလည်း မရှိခဲ့ပါဘူး” လို့ ရှင်းပြပါတယ်။

ဒါပေမယ့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းက ရပ်ရွာရန်ပုံငွေ ပြန်ရှာပေးတဲ့ ဒေသခံ လမ်းညွှန်တွေကို အသုံးမပြုရင် အကျိုးမရှိနိုင်ပါဘူး။ ကွန်မြူနီတီ ရန်ပုံငွေ အတွက် ဒေသခံလမ်းညွှန်ကို သုံးတာ အကောင်းဆုံးဖြစ်တယ်လို့ ခွန်းလခွီးက ဆိုပါတယ်။
“အရင်တုန်းက ဒေသခံလမ်းညွှန် ငှားကို ငှားရမယ်ဆိုတာ ရှိတယ်။ အခုက တချို့လူက ငှားတယ်။ တချို့က သူသိတဲ့လူက ဒီအတိုင်းပဲ လာပြတယ်။ ဒေသခံလမ်းညွန်ကို မငှားဘဲနဲ့ လျှောက်ပြတယ်” လို့ ၎င်းက ရှင်းပြပါတယ်။
ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းအတွက် စိန်ခေါ်ချက်တွေလည်း ရင်ဆိုင်ရသလို ဒေသခံတိုင်းရင်းသားတွေ ဘဝရပ်တည်ရေးအတွက် သာမက ယဉ်ကျေးမှု ပိုမို ထိန်းသိမ်း လာနိုင်ဖို့ အစိုးရ အကူအညီ အမှန်တကယ်ကို လိုအပ်တယ်လို့ ခရီးသွားလမ်းညွှန် ခွန်းလခွီးက ဆိုပါတယ်။
“လည်ပင်းပတ်တဲ့လူက ဒီမှာနေလည်း ဝင်ငွေလည်းမရဘူး။ ထိုင်းမှာသွားရင်တော့ ဝင်ငွေ ပိုရတယ်ဆိုတဲ့ဟာတော့ ဆုံးဖြတ်ဖို့ တအားခက်တယ်။ အစိုးရထောက်ပံ့မှုတော့ လိုအပ်တယ်။ ဒီမှာနေလည်း ဘာမှမရဘဲနဲ့ သူလည်း အခွင့်အရေး ဆုံးရှုံးသွားတာပေါ့။” ၎င်းက ဆိုပါတယ်။
မြန်မာပြည်မှာ ကယန်းပဒေါင်လူမျိုးများ၏ ရိုးရာဓလေ့ နေထိုင်မှုများကို ဝင်ကြေးဖြင့် ပြသမှုများ ပြုလုပ်ခြင်း မရှိသေးပေမယ့် လာမယ့် ကာလမှာ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ရဖို့ ခရီးသွားလုပ်ငန်းကို မွန်းမံ ပြင်ဆင်သင့်တယ်လို့ ခရီးသွားလမ်းညွှန်များက အကြံပြုကြပါတယ်။
“ကျနော်တို့က Sustainable tourism ရေရှည်တည်တံ့တဲ့ တိုးရစ်ဇင် ဖြစ်စေချင်တယ်။ လာရင် များများလာလို့လည်း မကောင်းဘူး။ များရင်လည်း ပျက်ကုန်မယ်။ ရေရှည်ထိန်းသိမ်းထားဖို့ ဧည့်လမ်းညွှန်၊ ဟိုတယ်၊ ရွာသားတို့ ဘာတို့နဲ့ ပေါင်းပြီးတော့ ရေရှည်တည်တံ့တဲ့ ခရီးသွား လုပ်ငန်းဖြစ်အောင် ဝိုင်းဝန်း ထိန်းသိမ်းပြီး လုပ်ရမှာပေါ့။” လို့ ကယားပြည်နယ် ခရီးသွားလမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောပါတယ်။
ယဉ်ကျေးမှုထိန်းသိမ်းရေး စိန်ခေါ်ချက်များ
ရိုးရာ ဝတ်စားဆင်ယင်မှုတွေနဲ့ပတ်သက်လို့ ထိန်းသိမ်းမှုအပိုင်းကို ကယားတပြည်နယ်လုံး အတိုင်းအတာအရ မလုပ်ဆောင်နိုင်သေးသော်လည်း ကျေးရွာများမှာ စတင် လုပ်ဆောင်နေတယ်လို့ ကယားအမျိုးသားစာပေ ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ခူးဖဲညို့ရယ်က ပြောပါတယ်။
“ခေတ်စနစ်အလိုက် တိုးတက်လာတဲ့ ခေတ်နဲ့အညီ ပွဲလမ်းသဘင်မှာဖြစ်ဖြစ်၊ ဓလေ့ထုံးတမ်း မှာ ဖြစ်ဖြစ် မနည်း ထိန်းသိမ်းနေရတာ။ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက ဝတ်စားဆင်ယင်မှုမှာ ရှေးဟောင်း ဝတ်စားဆင်ယင်မှုကို ပြန်လည် အသုံးချတာ နည်းတယ်။ အခုဆိုရင် ရှေးဟောင်းဝတ်စားဆင်ယင်မှုကို ထိန်းသိမ်း၊ အကောင်အထည်ဖော်နေပါပြီ။ အထူးသဖြင့် ဂျပ်ခုတ်ထည်ဆို မရှိသလောက် ဖြစ်သွားပြီ။” ဟု ခူးဖဲညို့ရယ်က ဆိုပါတယ်။

ငွေနားကပ်၊ ငွေဓါးနှင့် ငွေဆွဲကြိုး စတဲ့ ရှေးဟောင်းဝတ်စုံအပြည့် ဆင်ယင်မှုမှာ တွဲဖက် ဝတ်ဆင်ရတဲ့ အလှတန်ဆာများ ထုလုပ်သူပညာရှင်များလည်း တစစ ရှားပါးလာတဲ့အတွက် ယဉ်ကျေးမှု ထိန်းသိမ်းရာမှာ အခက်အခဲ ဖြစ်ပေမယ့် ကြိုးစား ထိန်းသိမ်းနေရတယ်လို့ သိရပါတယ်။
သူက “ရှေးဟောင်းဝတ်စားဆင်ယင်မှုမှာကို ကယားမှာဆို ဒူးကြီးရှိမယ်။ ခေါင်းပေါင်းရှိမယ်။ နားကပ်ပေါ့နော်။ အဲဒါတွေကို ထိန်းသိမ်းဖို့ အတော်လေးကို လုပ်ယူရမယ်။ ခေတ်နဲ့ လျော်ညီမှုမရှိတော့တာက တပိုင်း၊ အဲဒီပစ္စည်းတွေကို ပြန်ရှားပါးလာပြီလေ။ ပစ္စည်းတွေကိုု လုပ်တတ်တဲ့ ပညာရှင်တွေကလည်း ဒီခေတ်မှာ ရှားပါးလာပြီ” လို့ ရှင်းပြတယ်။
အရင်းအမြစ်ရှားပါးလာမှုများ
ဒေသခံတွေမှာ လက်မှုတတ်ကျွမ်းသူပညာရှင်များ ရှားပါးလာမှု၊ ဂျပ်ခုတ်ယက်လုပ်မှုရဲ့ အဓိက ကုန်ကြမ်း ဝါ၊ အိမ်အသုံးအဆောင် ယက်လုပ်မှုရဲ့ အဓိကကုန်ကြမ်း ဝါး တွေ ရှားပါးလာမှုနဲ့ ရင်ဆိုင်နေရတယ်။
“ဝါ စိုက်ပျိုးဖို့ ကျနော်တို့ ဒေသအခြေအနေနဲ့ဆို သိပ်ပြီးတော့ အဆင်မပြေတော့ဘူး။ အစိုးရဘက်က ကူညီပံ့ပိုးနိုင်ရင်တော့ အဆင်ပြေနိုင်မယ်။ အဓိကအားဖြင့် ဈေးကွက်ရှာရမယ်။ ကျနော်တို့ ထုတ်လုပ်လိုက်တဲ့ ကုန်ကြမ်းတွေဟာ ဆိုရင် ဈေးကွက် ဝင်တာ နည်းတယ်။ ကွာလတီ ပိုင်းမှာလည်း လိုအပ်တယ်။”လို့ ခူးဖဲညို့ရယ်က ရှင်းပြပါတယ်။
တစေးသုတ်ထားတဲ့ ဝါးခွက်တွေက ကယားရိုးရာ ခေါင်ရည်သောက်ခွက်တွေ ဖြစ်ပြီး ဒေါင်းလန်းကိုတော့ ကယန်းလို ဒီယပွဲလုံး လို့ ခေါ်ပါတယ်။ ဒေါင်းလန်းထဲ ထမင်းစုပုံ ထည့်စားတဲ့ ယဉ်ကျေးမှုကတော့ တချို့ ကျင့်သုံးဆဲ ဖြစ်ပါတယ်။
ပန်ပက်ရွာ ဒေသခံ အမျိုးသမီးတဦးက “ကျမတို့ ရေကို ချွေတာသုံးရတယ်။ နွေဆို ရေက မရှိတော့ဘူး။ မရှိတဲ့အခါ တလ၊ နှစ်လ လောက်က ဟိုးဘက်တောင်ကုန်းနားမှာ သွားခပ်ရ တယ်။” လို့ ပြောပါတယ်။
ကယန်း၊ ကယားတိုင်းရင်းသား ရွာတွေမှာ ရေရှားပါးမှုကလည်း စိန်ခေါ်မှုတခုပါပဲ။ မိုးရေကို တွင်းကျယ်ကျယ်တူးပြီး ရေတလျောက်က တဆင့် ၁ နှစ်လုံးစာ သိုလှောင် အသုံးပြုကြရတာ တွေ့ရပါတယ်။

“ကျနော်တို့ရွာမှာ နည်းနည်း အခက်အခဲရှိတာက ၃၊ ၄ လပိုင်းမှာ ဧည့်သည်များတဲ့အချိန်မှာ ရေက ရှားတယ်။ အဲဒါ လိုအပ်ချက် ရှိတယ်။ ၃ ပိုင်းကနေ ၅ လပိုင်းထိ နည်းနည်းရှားပါးတယ်။ ၁၂ လပိုင်း၊ ၁ လပိုင်းထိတော့ ရှိသေးတယ်။ နိုင်ငံခြားသားတွေ သွားလာတဲ့အချိန်လည်း ရေက သိပ်အဆင်မပြေဘူး။ သုံးရတာ အခက်အခဲရှိတယ်” လို့ ခူးတီရယ် က ပြောပါတယ်။
အဲဒီရွာတွေမှာ လျှပ်စစ်မီးရတာ တလလောက်သာ ရှိသေးပြီး ရွာလမ်းများ ကားဝင်နိုင်သည်အထိ ကောင်းလာတာကလည်း မကြာသေးဘူး ဒေသခံတွေက ဆိုပါတယ်။
လွန်ခဲ့တဲ့ဆယ်စုနှစ် ၃ စုအတွင်းမှာ မြန်မာပြည်ရဲ့ အသေးငယ်ဆုံး ပြည်နယ် တခုဖြစ်တဲ့ ကယားပြည်နယ်က ပြည်သူတွေဟာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တို့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံနေ ခဲ့ကြရပါတယ်။
ကယားပြည်နယ်မှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၉၀၀၀၀ ခန့်ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၈ ဖွဲ့လောက် လှုပ်ရှားနေတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။
ကယား၊ ကယော၊ ကယန်း နဲ့ မနုမနော စတဲ့ ကရင်နီ လူမျိုးစုနွယ်ဝင်တွေရဲ့ လူမျိုးစု နွယ်တွေက ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။