“လွတ်လပ်တော့မည်၊ ကျနော်တို့ မြန်မာနိုင်ငံ လွတ်လပ်တော့မည်၊ ကျနော်တို့ တိုင်းရင်းသားများ လွတ်လပ် တော့မည်၊ သည်တခါ တကယ်ပင် လွတ်လပ်တော့မည်၊ ကျနော်တို့ မျက်မှောက်တွင်ပင် လွတ်လပ်တော့မည်၊ ကျနော်တို့ ကံကောင်း လေစွ။
ကျနော့်၏ မိဘက်ဖဘက် အဘိုးအဘွားလေးဦးတွင် တဦးသော အဘိုးသာလျှင် လွတ်လပ်သောဘဝတွင် မွေးဖွားခဲ့သည်။ ကျန် ၃ ဦးကား ကျွန်ဘဝတွင် မွေးဖွား၍ ကျွန်ဘဝတွင်ပင် အရိုးထုတ်ကြရရှာသည်။ သို့သော် လည်း ကျနော့်မိဘများကား သခင်ဘဝကို တွေ့ကြရတော့မည်။ ကျနော်နှင့်တကွ ကျနော့်သားမယားတို့သည် လည်း သခင်ဘဝကို တွေ့ကြရတော့ မည်။”
ဤအတွေးမျိုးကို ကျနော် နေ့စဉ်လိုလိုပင် တွေး၍ ပီတိဖြစ်မိသည်။ ပီတိဖြစ်သောအခါတိုင်း ဝမ်းနည်းချက် တခုဖြင့် အဆုံး သတ် ရသည်။ ထိုဝမ်းနည်းချက်မှာကား ကျနော်နှင့် ခင်မင်ရုံတင်မျှမက ကျနော်ယုံကြည် ကိုးစားသော ဗိုလ်ချုပ်နှင့် ဆရာ တို့ အပြင် အခြားခေါင်းဆောင်တို့သည် ခါးတောင်းကျိုက်မှ မဖြုတ်ရသေးခင် အသေဆိုးဖြင့် အာဇာနည်ဗိမာန်သို့ ကူးပြောင်း သွားရသည်ကို သတိရမိသော အချက်ပင် ဖြစ်ပါသည်။
ဗိုလ်ချုပ်အကြောင်းကို တွေးမိလိုက်လျှင် ရယ်လည်းရယ်ချင်မိသည်။ အားလည်း အားကိုးမိသည်၊ ကြည်လည်း ကြည်ညိုမိ သည်။ သူ့ကိုစ၍ သိရစဉ်အခါက သူ့မှာ ကျောင်းသား။ ကျနော်က နည်းပြဆရာပေါက်စ၊ တက္ကသိုလ် ကျောင်းတိုက် ပဲခူး ကျောင်းဆောင်တွင် အတူနေကြသည်။ သူက နိုင်ငံရေးဝါသနာပါသော ကျောင်းသား။ ကျနော်က စည်းကမ်းရိုသေသော ကျောင်းဆရာ။ တနေ့သောအခါတွင် သူနှင့်ကျနော် တွေ့ကြရတော့သည်။
တနေ့တွင် စာကြည့်ခေါင်းလောင်း ထိုးပြီးနောက် ကျနော်သည် အခန်းစေ့ကျောင်းသားများ ရှိ၊ မရှိ လိုက်ကြည့် စစ်ဆေးရ သည်။ ကိုအောင်ဆန်းကား သူ့အခန်းတွင် မရှိ။ ထို့ကြောင့် မရှိသည့်အကြောင်းကို ဒုတိယ အဆောင်မှူး ထံသို့ အစီရင်ခံ လိုက်သည်။ နာရီဝက်ခန့် ကြာသောအခါ ဒုတိယအဆောင်မှူး ဦးခင်ဇော်သည် ကျနော့်အခန်း သို့ အူလျား ဖားလျား ပြေးလာသည်။
“ဟေ့ မောင်အောင်ဆန်းတယောက် မလာဘူးလား”ဟု သူကမေးသည်။ ကျနော်လည်း စာကြည့်စားပွဲမှထ၍ မလာကြောင်း ပြောသည်။
“အေး ကောင်းပါလေရဲ့ကွာ၊ သူရှိရက် မရှိဘူးလို့ မင်းက အစီရင်ခံတယ်ဆိုပြီး ဒေါတွေမောတွေနဲ့ ထွက်သွားလို့ မင်းကိုများ လာပြီး ထိုးနေမလားလို့ဆိုပြီး လိုက်လာခဲ့တာ၊ လမ်းမှာတင် စိတ်ကျေသွားဟန် တူပါတယ်”ဆို၍ ဒုတိယ အဆောင်မှူး ပြန် သွားလေသည်။
အမှန်အားဖြင့်ကား ကိုအောင်ဆန်းမှာ ထိုအခါက ကျောင်းဆောင်တွေကို လှည့်၍ နိုင်ငံရေးဆွေးနွေးလေ့ ရှိသဖြင့် အချိန်လွန် ညဉ့်နက်မှ အခန်းသို့ ပြန်လာလေ့ရှိသည်။
ထို့နောက် ကျနော်လည်း ဘိလပ်သွား၍ ပညာသင်သည်။ ကိုအောင်ဆန်းသည် သခင်ဖြစ်၍ ခေါင်းဆောင်ဖြစ် လာ လေသည်။ ကျနော် တက္ကသိုလ်သို့ပြန်ရောက်သောအခါ သူသည် တက္ကသိုလ်ကျောင်းတိုက် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးတဦးဖြစ်နေ လေပြီ။ ထိုအခါက ကျနော့်အိမ် (ပုဂံလမ်း၊ အမှတ် ၁၄) တွင် သခင်သိန်းအောင် လာနေလေသည်။ သခင်သိန်းအောင်ကို အကြောင်းပြု၍ ကျနော့်အိမ်သို့ နိုင်ငံရေးသမား မိတ်ဆွေများ အတော် အဝင်အထွက်လုပ်ကြသည်။
ကျနော်နှင့်ကား စာမှုပေမှု ယဉ်ကျေးမှုလောက်ကိုသာ ပြောကြ၍ သူတို့အချင်းချင်းကား ဘာတွေပြောကြမှန်း မသိ။ ကိုအောင်ဆန်း အခန်းတွင် တကြိတ်ကြိတ်ရှိနေကြသည်။ ကျနော်လည်း သူတို့ ခေါင်းချင်းရိုက်သောအခါ ရှောင်၍သာ ပေးလိုက်သည်။ တညသောအခါ သခင်အောင်ဆန်းရောက်လာသည်။ ကောလိပ်အုပ်ချုပ်ရေး အဖွဲ့ အစည်းအဝေးက ပြန်လာသည်ဟု ပြောကာ ကိုသိန်းအောင်နှင့်သာလျှင် တတိုးတိုးတိုင်ပင်တော့သည်။
ကျနော်လည်း ကျနော့်ဘာသာ အိပ်ရာဝင်လေသည်။ မနက်ကျမှ သခင်အောင်ဆန်း ပြန်သွားလေသည်။ ထိုအခါ ဂျပန် စစ် ဖြစ်ခါနီးနေပြီ။ ကျနော်နှင့် ဘိလပ်တွင် ကျောင်းအတူတူနေဖက်ဖြစ်သော အင်္ဂလိပ်မိတ်ဆွေတဦးမှာ ဘုရင်ခံအိမ်တော်တွင် အရေးပါသော အရာရှိတဦးဖြစ်သည်။ သူလည်း မကြာခဏကျနော့်ဆီ အလည်လာသည်။ ထို့ကြောင့် တနေ့သောအခါ ကိုသိန်းအောင်က ထိုအရာရှိနှင့် သူ့ကို မိတ်ဆက်ပေးရန် ခိုင်းသည်။
မိတ်ဆွေဖြစ်လိုသော အကြောင်းကတော့ နိုင်ငံရေးပင် ဖြစ်သည်။ သခင်လူငယ်ကလေးများကို အရေးပေးလျှင် ဖက်ဆစ် ဂျပန် ကို အင်နှင့်အားနှင့် ခုခံတိုက်ခိုက်ပေးမည်ဟူသော အရောင်းအဝယ်ကိစ္စဖြစ်သည်။ ထို့ကြောင့် ကျနော်တို့ အိမ်တော်သို့ သွား၍ စကားအရောင်းအဝယ် လုပ်ကြသေးသည်။ သို့သော်လည်း မအောင်မြင်ချေ။
သခင်လူငယ်ကလေးတွေကို အစိုးရက ဝေးလို့ မြန်မာလူကြီးပိုင်းကပင် အယုံအကြည် မရှိချေ။ ဤအကြံပျက်၍ မကြာမြင့်မီက သခင်အောင်ဆန်း ပျောက်သွားပြီ ဆိုသော သတင်းကို သတင်းစာတို့တွင် တွေ့ရလေသည်။
“ဘယ့်နှယ်လဲ ကိုသိန်းအောင်၊ ကိုအောင်ဆန်းတယောက် ဘယ်ရောက်သွားသလဲ”ဟု ကျနော်က မေးသော အခါ “မသိပါဘူးဆရာ”ဟု ကိုသိန်းအောင်က ပြန်ပြောသည်။ သူတို့ကား ဤမျှ လျှို့ဝှက်ကြသည်။
ဤသို့ သခင်အောင်ဆန်း အကြောင်းများကို တွေးလိုက်လျှင် တစီတတန်းကြီး ပေါ်လေ့ရှိသည်။
ဆရာဦးဘချို အကြောင်းကို တွေးလိုက်ပြန်လျှင်လည်း ဤသို့ပင် တစီတတန်းကြီး ပေါ်လေ့ရှိသည်။ သို့သော်လည်း နောက် ဆုံး အကြိမ် သူတို့နှင့်တွေ့လိုက်ရသည့် အကြောင်းမျှကိုသာ ကျနော်ပြောပါအံ့။
ဗိုလ်ချုပ်တို့ တတွေမှာ ဇူလိုင်လ ၁၉ ရက်နေ့တွင် အနိစ္စရောက်ကြရှာသည်။ ၁၄ ရက် တနင်္လာနေ့က ကျနော်သည် ဆရာ နှင့် ဗိုလ်ချုပ်ကို တွေ့သေးသည်။ တနာရီကျော်ကျော်ခန့် ဟိုဟိုသည်သည် ပြောဆိုဆွေးနွေးကြ သေးသည်။
ထိုနေ့က ကျောင်းဆင်းသောအခါ ဦးခင်ဇော်၊ ကိုထင်ဖတ်နှင့် ကျနော် သုံးယောက်သား အတွင်းဝန်များ ရုံးသို့ သွားကြ သည်။ အကြောင်းမှာ စစ်မဖြစ်ခင်က ကျနော်တို့ရှာဖွေ စုဆောင်းထားသော စာပေဗဟုသုတ ဆိုင်ရာပစ္စည်းများ စစ်အတွင်း တွင် ပျောက်ဆုံးခဲ့ရာ အတွင်းဝန်ရုံးရှိ မိတ်ဆွေတဦးက သဲလွန်စ ရထားသည် ကြား၍ လိုက်သွားကြခြင်း ဖြစ်ပါသည်။
တိုင်းပြည်ပြု လွှတ်တော်ရှေ့သို့ ရောက်သောအခါ ဝရန်တာတွင် ဆရာနှင့်ဗိုလ်ချုပ်တို့ နှစ်ယောက် စကားပြောနေ ကြသည် ကို တွေ့၍ ကျနော်တို့လည်း ဝင်စွက်ပြောဆိုကြပါသည်။
ထိုအခါက ဗိုလ်ချုပ်မှာ ဗန်ကောက် လုံချည် နံ့သာရောင်နှင့် ပိုးအင်္ကျီရင်စေ့ ဝတ်ထားသည်။ ညှပ်ဖိနပ်စီးထားသည်။ ဥပုသ် တပတ်သားခန့် မုတ်ဆိတ် နှင့် နှုတ်ခမ်းမွေး ကျိုးတိုးကျဲတဲကို ဆင်မြန်းထားသည်။ လုံချည်ကိုပင့်ကာ မကာတမျိုး၊ ပါးလွှာ သော နှုတ်ခမ်းတို့ကို စူကာထော်ကာ တမျိုး စကားပြောသည်။ ကောလိပ်ကျောင်းရောက်ခါစ ကျောင်းသားနှင့် အလွန် တူသည်။
လွန်ခဲ့သောနေ့ (တနင်္ဂနွေ) က သူပြောသော မိန့်ခွန်းကို အသံလွှင့်ရုံက တဖန်လွှင့်သည်နှင့်စပ်၍ ထိုနေ့က ပြောသော စကားကို သူအကြိုက်ဆုံး ဖြစ်သည်ဟု ပြောသည်။
“ကျနော်က လိုရမည်ရ မှတ်သားထားတဲ့ ဖိုင်တွဲတွေကို ဆွဲလာပြီး ပြောတာကို စီစဉ်ပြီးသား စကားကို ပြောတယ် လို့ ထင်ကြမှာပဲ၊ အလုပ်ရှုပ်နေလို့ မစီစဉ်အားပါဘူး၊ ရေးဖို့တော့ ဝေးရော၊ ပြောချင်တဲ့ အချက်ကလေးတွေကိုသာ တေးပြီး ယူလာခဲ့ရတယ်၊ ဒါပေမယ့် မနေ့က စကားကို ကျနော်လက်တန်းပြောသမျှမှာ အကောင်းဆုံးလို့ ထင်တာပဲ၊ ခင်ဗျားတို့ ဘယ်လို အသံလွှင့်ကြသလဲ”ဟု ကိုထင်ဖတ်ကို ဗိုလ်ချုပ်က မေးသည်။
“ကြမ်းတမ်းတဲ့ အပိုင်းတွေကိုဖြတ်ပြီး ကောင်းတာတွေကို လွှင့်ပါတယ်”ဟု ပြန်ဖြေသောအခါ ဗိုလ်ချုပ်က “အို အဆီ အသားတွေကို ချန်ခဲ့တာကိုးဗျ၊ ဟိုဟာတွေမှ အဆီအသားတွေပဲ၊ အဲဒီလိုပြောမှ ထိတယ်မိတယ်” ဟု ဆိုကာ သူငယ်စဉ်က တရားဟောခဲ့ရပုံတွေကို ပြောပြလေသည်။
“တခါတော့ ဆရာကြီးရယ် (ကိုယ်တော်မှိုင်း)၊ သခင်စိုးရယ်၊ ကျနော်ရယ် မန္တလေးမှာ တရားဟောကြတယ်၊ မန္တလေး သဘော ကိုလည်း ကျနော်တို့က မသိဘဲကိုး၊ ဒီတော့ကျနော်တို့ အသံချဲ့စက်ကြီးနဲ့ ဟောတာပေါ့၊ ဆရာကြီးတို့ သခင်စိုးတို့ ဟောပြီးမှ နောက်ဆုံးမှ ကျနော်ဟောရတယ်၊ ကျနော်လည်း စိတ်ရှိလက်ရှိ ဟောတာပေါ့၊ ပြီးခါနီးလို့ ပရိသတ်ကိုကြည့် လိုက် တော့ ကျိုးတိုးကျဲတဲ နည်းနည်းပဲရှိတာကို တွေ့ရတယ်။ နောက်မှ မန္တလေးသားတဦးက ပြောလို့ မန္တလေးသဘော ကို သိရတယ်၊ မန္တလေးမှာ တရားပွဲစရင် အသံချဲ့စက်နဲ့ မစရဘူး၊ ရိုးရိုးပဲပြောရသတဲ့” ဒီတော့မှ ပရိသတ်တွေက တရား ဟောတဲ့ လူနားကို စုပြီး ဝိုင်းလာကြတယ်၊ ဝိုင်းလာတဲ့ အခါကျမှ အသံချဲ့စက်နဲ့ဖိပြီး ဟောရသတဲ့။
“စစချင်း အသံချဲ့စက်နဲ့ဟောရင် နေရာတကာက ကြားရတော့ အဝေးကို ထွက်သွားပြီး အိမ်ကြို အိမ်ကြား အိမ်ပေါ် အိမ် တွင်း မှ နားထောင်ကြတော့ တရားပွဲမှာ လူမစည်ကားဘူးတဲ့၊ အဲ့ဒီတုန်းက ဆရာကြီးကတော့ စီကာပတ်ကုံးနဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ တော့ ပွဲသိပ်ကျတာပေါ့၊ သခင်စိုးနဲ့ ကျနော်ကတော့ လေ့လာထားတဲ့ အချက်တွေကို ရိုးရိုးပဲ ပြောကြတော့ ပွဲမကျပါဘူး၊ တရားပွဲပြီးတော့ လူတယောက်လာပြောသတဲ့၊ သခင်အောင်ဆန်းတို့၊ သခင်စိုးတို့က ကောင်းတယ် ကောင်းတယ်ဆိုပြီး ဘာများ ကောင်းတာပါလိမ့်လို့ ပြောသတဲ့၊ အဲဒါနဲ့ နောက်တနေ့တော့ မန္တလေးနားက ခပ်ခေါင်ခေါင်အရပ်တခုကို သွားပြီး တရားဟောကြပြန်တယ်၊ ကျနော့်အလှည့်ကျတော့ ပရိသတ်ငြိမ်ချက်သားကောင်းလွန်းလို့ ပျင်းနေပြီထင်ပြီး ကျနော် ပြက်လုံးထုတ်လိုက်တယ်၊ ဘယ့်နှယ်လဲဆိုတော့ ကျနော်ဟာ ဒီအရပ်ကို မရောက်တာ အတော်ကြာသွားပါပြီ၊ ဘယ်လောက် ကြာပြီလဲဆိုတော့ မွေးကတည်းကပါပဲ လို့ ပြောပြီး ပွဲကျမလားလို့ ပရိသတ်ကိုကြည့်ပါတယ်၊ ဘယ်သူမှ ရယ်ဖော်မရပါဘူး” ဟု ဗိုလ်ချုပ်က ပြောသည်။
ဤတွင် ဆရားဦးဘချိုက ဝင်၍ “ဗိုလ်ချုပ် ပြက်လုံးထုတ်တာက ကျင်ခဲပြောသလိုမျိုး ဖြစ်နေမှာလား၊ ရွာတရွာမှာ အရပ် သား တွေဟာ အင်မတန်ဆိုးသတဲ့၊ ပွဲကရင် ဆူကြပူကြ လုပ်တာနဲ့ ပွဲပျက်သွားသတဲ့၊ အဲ့ဒီရွာကို ကိုကျင်ခဲတို့ အငြိမ့် ရောက်သွားတော့ ကိုကျင်ခဲက ကာလသားခေါင်းဆောင်ကို ပြေးကပ်ပြီး ပွဲကိုငြိမ်အောင် ထိန်းပေးဖို့ တောင်းပန်သတဲ့၊ ကာလသား ခေါင်းဆောင်ကလည်း အရပ်သားတွေကို မင်းတို့ပွဲကြည့်တဲ့အခါ တုတ်တုတ်မျှမလုပ်ကြနဲ့ လှုပ်ရင် ငါ့အကြောင်း ကို သိရမယ်လို့ ကြိမ်းထားသတဲ့။
ညကျတော့ လူပြက်တွေက ပြက်ကြတာပေါ့၊ တခါပြက်လည်းမရယ်ကြဘူးတဲ့၊ နှစ်ခါပြက်လည်း မရယ်ကြဘူးတဲ့၊ တညလုံး တချက်မှ မရယ်ကြဘူးတဲ့၊ ဒါနဲ့အငြိမ့်အဖွဲ့လည်း စိတ်ပျက်ပြီး မနက်ကျ စုံစမ်းကြည့်တော့ ကာလသား ခေါင်းဆောင်ကို ကြောက်တာနဲ့ ရယ်ချင်ရက် အောင့်ထားရတယ်လို့ ပြောကြသတဲ့။ ဗိုလ်ချုပ် ပြက်လုံးထုတ်တုန်းကလည်း ဒီလိုမျိုးဖြစ်နေ ရော့ သလား”ဟု ပြောရာ ဗိုလ်ချုပ်က ပြုံးနေလေသည်။
ထို့နောက် ဆရာက ဗိုလ်ချုပ်ကို ရှေးရှု၍ “ဆရာလည်း နိုင်ငံရေးကထွက်ပြီး ပညာရေးတို့၊ ယဉ်ကျေးမှုတို့ကို လိုက်စားချင်ပါ တယ်၊ (ကျနော်တို့ကို လက်ညှိုးထိုး၍) သူတို့ တစ်တွေနဲ့ အာရှ အရှေ့တောင်ပိုင်းမှာ လှည့်ပြီး ယဉ်ကျေးမှု လေ့လာချင်ပါ တယ်” ဟု နှုတ်ဖြင့် ထွက်စာတင်ရာ ဗိုလ်ချုပ်က နှုတ်ခမ်းထော်၍ လက်ကာပြသည်။
ယဉ်ကျေးမှုကို မနှစ်သက်၍များ လက်ကာလေရော့သလားဟု တွေးမိခိုက် ဗိုလ်ချုပ်က ဆက်၍ –
“ကျနော်လည်း နိုင်ငံရေးက ထွက်မှာပါ ဆရာ၊ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်၊ ကျနော် ကျောင်းမှာနေတုန်းက ပါဠိရော မြန်မာစာကိုပါ ယူခဲ့တယ်၊ မြန်မာစာမှာ ကျနော် အမှတ်ကောင်းကောင်းရတယ်၊ ကျနော်ကြိုးစားရင် ဒစ်စတင်းရှင်းတောင် ရမှာပဲ၊ ဒါပေမယ့် ဟိုတုန်းကတော့ အိုင်စီအက်တို့ ဘာတို့မှန်းနေတာမို့ အင်္ဂလိပ်စာကိုပဲ ဖတ်တာပဲ၊ ကျနော်လည်း စာပေ ပညာကို ဝါသနာပါပါတယ်၊ အရိုင်းသက်သက်မဟုတ်ပါဘူး”(ထိုအခိုက်တွင် တာရာရေးသော ဆောင်းပါးကို သူတွေးမိဟန် တူသည်) ဟုဆိုကာ သခင်ဘသောင်း၏ ပန်းသာမစာဥ၊ မောင်ထင်၏ ငဘ၊ ရွှေဥဒေါင်း၏ ရတနာသိုက် စသည်တို့ အကြောင်းကို ပြော၍ ချီးမွမ်းလေသည်။
နောက် “ကျနော်တို့ ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်၊ ဘိုင်အိုဂရတ်ဖီ (အတ္တုပ္ပတ္တိ) တွေလည်း လိုတယ်၊ ဘာကြောင့် မရေးကြသလဲ မသိဘူး” ဟု ဗိုလ်ချုပ်က ပြောရာ ဆရာက ဝင်၍ “ဗမာမှာ ခက်တာက ဘုန်းကြီးတွေ ပျံတော် မူရင် ထေရုပ္ပတ္တိရေးတယ်၊ ဒီတော့ ဘိုင်အိုဂရတ်ဖီ ဆိုရင် လူသေမှ ရေးရတယ်လို့ အထင်ရောက်နေကြတယ်”ဟု ပြောလေ သည်။
ထိုအခါ ဗိုလ်ချုပ်က “ကျနော့်အကြောင်းကို ရေးကြတာ အလွဲချည်းပဲ၊ အေမီလ် လုဒွစ်တို့လို ရေးတတ်တဲ့ လူများရှိရင် သိပ် ကောင်းမှာပဲ” ဟုဆိုကာ အနောက်နိုင်ငံ၏ အတ္တုပ္ပတ္တိများ အကြောင်းကို ဆွေးနွေးကြလေသည်။
ထိုအခိုက် ဦးသိန်းဟန်နှင့် အမတ်ဦးဘသီတို့ ရောက်လာကြသည်။ ဦးဘသီက ဆရာဦးဘချိုဘက်သို့ လှည့်၍ “အစ်ကိုကြီး မှာလိုက်တဲ့ လုံချည်ကို အိမ်က ရက်ပေးလိုက်ပြီ၊ ကိုဘချိုကြိုက်တဲ့ မတ်တတ်စင်းပဲ”ဟုပြောရာ ဆရာက ကျနော့်ဘက်သို့ လှည့်၍ “ဆရာက အသက်ကြီးတော့ ငယ်ငယ်ကကြိုက်တတ်တဲ့ အဆင်ကလေးတွေကို ပြန်ပြီး အောက်မေ့တယ်၊ အနက် မတ်တတ်စင်းမှာ ဘေးကအဖြူစင်းကလေးတွေ ညှပ်ပြီးရက်တာကို ဆရာက အင်မတန်ကြိုက်တယ်” ဟု ပြောလေသည်။
ထို့နောက် ဗိုလ်ချုပ်က “ဒီနေ့ ထမင်းစားပြန်တော့ ဂျာနယ်ကျော်မှာပါတဲ့ မန်းတင်ရဲ့ ဆောင်းပါးကို ဖတ်ရလို့ သဘောကျ နေတယ်၊ ဖဆပလ အမတ်တယောက် တောကိုပြန်ရောက်တော့ မြို့အုပ် မောင်ပြုံးချိုက မေးသတဲ့၊ ဒီတော့ အမတ်က ကြီးကျယ်ခမ်းနားပုံတွေကို လျှောက်ပြောသတဲ့။
နောက်ပြီး ဥက္ကဋ္ဌကလည်း မိန့်ခွန်းပြောတယ်သာဆိုတယ်၊ စာကိုဖတ်ပြတာပဲလို့ ပြောသေးသတဲ့၊ အဲဒါနဲ့ မောင်ပြုံးချိုက ဘာတွေများ ဆုံးဖြတ်လိုက်သလဲလို့ မေးတော့ ဒါတွေကို ကျုပ်မသိဘူး၊ ဟောဒီက စာရွက်စာတမ်းတွေသာ ဖတ်ကြည့်ပေ တော့လို့ ပြန်ပြောသတဲ့”ဟုဆိုကာ လုံချည်ကို မ၍ ရယ်လေသည်။
ထိုအခိုက် ဆရာဦးဘချိုက ဦးခင်ဇော်ဘက်သို့လှည့်၍ “ဗိုလ်ချုပ်အိမ်က ရေဒီယိုက ပျက်နေလို့ ကောင်းကောင်း မကြားရ ဘူး တဲ့ ရေဒီယို တလုံးလောက်တော့ ပေးမှပဲ” ဟု ပြောလေသည်။
မိုးလည်း သည်းလာလေသည်။ ခဏအကြာတွင် ဝန်ကြီးပျော်ဘွယ်ဦးမြ ကားနှင့်ပေါက်လာ၍ ဗိုလ်ချုပ်အနားသို့ကပ်ကာ “ပြောစရာရှိတယ်” ဟုပြောသဖြင့် လိုက်သွားလေသည်။ နောက်အခန်းထဲမှ ထွက်လာ၍ “သခင်နုရှိသလား”ဟုမေးသည်။ သခင်နုမှာ ဘိလပ်က ပြန်ရောက်ခါစ နေမကောင်းသဖြင့် ရုံးမတက်နိုင်၊ ထိုကြောင့် ဗိုလ်ချုပ်လည်း ကားစီးကာ ထွက်သွား လေသည်၊ ကျနော်တို့လည်း လူစုခွဲလိုက်ကြတော့သည်။ ။
ပဉ္စဂံ စာအုပ်တိုက်က ထုတ်ဝေသော အာဇာနည် ခေါင်းဆောင်ကြီး ဒီးဒုတ် ဦးဘချို စာအုပ်ပါ ဤဆောင်းပါးကို ကူးယူ၍ နှစ် ၇၀ ပြည့် အာဇာနည်နေ့ အမှတ်တရ အဖြစ် ဖော်ပြပါသည်။