ပြည်တွင်းစစ်ကြားမှ သတင်းထောက်များအား နှုတ်ပိတ်ခြင်း
မြန်မာစာနယ်ဇင်းသမား ၃ ဦး ဖမ်းဆီးခံခဲ့ရခြင်းက မီဒီယာလွတ်လပ်မှုကို ထိန်းချုပ်ရန် အလေးပေးလာခြင်းကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဝေဖန်သူဟု ယူဆရသူ မှန်သမျှအတွက် ဖိနှိပ်ကန့်သတ်သည့် ခေတ်ဟောင်း ဥပဒေများကို တပ်မတော်နှင့် အစိုးရက အသုံးပြုနေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပဋိပက္ခများအကြောင်း အများဆုံးရေးသားသည့် သတင်းထောက်များထဲမှ တဦး ဖြစ်သည့် ဧရာဝတီ သတင်းဌာနမှ ကိုလဝီဝမ် နှင့် ဒီမိုကရက်တစ် မြန်မာ့ အသံ(DVB) မှ ကိုအေးနိုင်နှင့် ကိုပြည့်ဖုန်းအောင်တို့နှင့် အတူ အခြားသူ ၄ ဦးကို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ပြုလုပ်သည့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲသို့ သွားရောက်သတင်းရယူပြီး အပြန်တွင် တပ်မတော်က ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် မြို့နယ်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
မြန်မာ မီဒီယာ အသိုင်းအဝိုင်း နှင့် စာနယ်ဇင်းသမားများ ကာကွယ်ရေးကော်မတီ (Committee to Protect Journalists) ကဲ့သို့သော နိုင်ငံတကာမှ မီဒီယာလွတ်လပ်ခွင့် အဖွဲ့အစည်းများက မီဒီယာခြိမ်းခြောက်မှု တိုးပွားလာခြင်းနှင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်နိုင်သည့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် မမျှမတ အရေးယူခြင်းတို့အပေါ် အလေးပေး၍ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ကြသည်။ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် မြန်မာတပ်မတော်နှင့် တိုက်ခိုက်မှုများ ရှိနေသဖြင့် မတရားသင်း စာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများအပြားထဲတွင် တခု အပါအဝင် ဖြစ်သည်။
တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်၏ စီစဉ်ပေးမှုဖြင့် TNLA ကိုယ်စားလှယ်များက နေပြည်တော်တွင် မကြာသေးမီက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အစိုးရနှင့် စစ်ဘက်မှ ထိပ်တန်း ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ခြင်းများ ရှိနေသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခြင်းအပေါ် ဒေါသဖြစ်ကြခြင်းက နားလည်၍ ရနိုင်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး အတိုုက်အခံများကို အရပ်သားများက ထောက်ခံခြင်းအပေါ် ခြိမ်းခြောက်ဟန့်တားသည့်အနေဖြင့် မြန်မာနိုင်ငံ တလွှားမှ ပဋိပက္ခ ဒေသများအတွင်း အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် ဒါဇင်နှင့် ချီသော အရပ်သားများကို ပုဒ်မ ၁၇(၁) ဖြင့် ဖမ်း ဆီးခြင်း၊ အရေးယူခြင်းများ ရှိခဲ့သည်။
ဒီမိုကရေစီနည်းကျသည့် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများကို ဦးစားပေးမည်ဟု ပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဥပဒေဖြင့် ဖိနှိပ်ကန့်သတ်ခြင်းတို့က ဥပဒေပညာရှင် Nick Cheesman ခေါ်ခဲ့သလို မြန်မာနိုင်ငံတွင် “ဥပဒေက အုပ်ချုပ်ခြင်း (rule by law)” သို့မဟုတ် သဘောထား မတူညီမှု ပုံစံမှန်သမျှကို ထိန်းချုပ်ရန် တရားဥပဒေစိုးမိုးရေး (rule of law) ကို အလွဲသုံးစား ပြုလုပ်ခြင်းတို့အတွက် နိုင်ငံရေးအရ ဆက်လက် အသုံးဝင်နေဆဲ ဖြစ်သည်။
သတင်းထောက်များ၏ ဒုက္ခကို အလေးပေးရမည် ဖြစ်သော်လည်း သူတို့ကို ဥပဒေအရ အရေးယူရန် ဆောင်ရွက်ရာတွင် သူတို့ သတင်းရယူရန် သွားသော ပဋိပက္ခများကို မှိန်ဖျောက်အထားသင့်ပါ။ လဝီဝမ်သည် အဆိုပါ လူသိနည်းသော စစ်ပွဲ များနှင့် အရပ်သားများအပေါ် ဆိုးကျိုးသက်ရောက်မှုကို ဖော်ပြနိုင်ရန် အထူး စိတ်ပိုင်းဖြတ်ထားသူ ဖြစ်သည်။ သူ အဖမ်းမခံရမီ တပတ်အလိုက ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှ ကျောက်တူးဖော်ရေး ဧရိယာတခုတွင် တပ်မတော်က နယ်မြေရှင်းလင်းရေးအတွက် ပြုလုပ်သည့် စစ်ဆင်ရေးများအတွင်းမှ သတင်းရေးသားပေးပို့ နေခဲ့သူ ဖြစ်သည်။
ထိုဒေသတွင် တပ်မတော်က လေယာဉ်ဖြင့် လက်ကမ်းစာစောင်များ ကျဲချ၍ ကျောက်တူးသမားများကို ထွက်ခွာသွားကြ ရန်နှင့် မထွက်ခွာပါက သောင်းကျန်းသူများအဖြစ် သတ်မှတ် ဆက်ဆံခြင်း ခံရမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။ လဝီဝမ်က တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဝေးလံသော ဒေသများသို့ ရောက်အောင်သွားခဲ့ပြီး သွားလာရောက်ရှိရန် ခက်ခဲသည့် အဆိုပါဒေသများမှ သတင်းအချက်အလက်များ သတင်းများ ရေးသားခဲ့သည်။ မြန်မာနိုင်ငံတွင်းနှင့် ပြင်ပ ကမ္ဘာမှ လျစ်လျူရှုထားကြသော သို့မဟုတ် သတိမပြုမိကြသော ပြည်တွင်းစစ်မှ အရေးပါသော တိုင်းရင်းသားတို့၏ ရှုထောင့်များကို မှတ်သားခဲ့သည်။
သတင်းထောက်များ ဖမ်းဆီးမခံရမီ ၁ ရက်အလိုတွင် တပ်မတော်က ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သော လားရှိုး မြို့တွင်းမှ လမ်းများပေါ်တွင် တင့်ကားများ၊ သံချပ်ကာယာဉ်များ နှင့် အတူ သေနတ်ကိုင်ဆောင်ထား သည့် စစ်သားများ၊ ရဲကားများ ဖြင့် ချီတက် စစ်ရေးပြခဲ့ခြင်းက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ၎င်းတို့ကို ထောက်ခံသူများကို ထင်ထင်ရှားရှား သတိပေး အင်အားပြသခဲ့သည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့တွင် ပါဝင်သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA) ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ရှမ်းပြည်နယ် အခြေစိုက် တပ်မဟာ ၅၊ ၆ တို့ နှင့် မြန်မာ့တပ်မတော် ကြားမှ တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။
အဆိုပါ ပဋိပက္ခမှာ ၂ နှစ် ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့က တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သည့် မူဆယ်မြို့ကို တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ အရှိန် မြင့်တက်လာခဲ့သည်။ ထိုတိုက်ပွဲတွင် မြောက်ပိုင်း အဖွဲ့ နယ်စပ် မြို့ငယ်တခု ဖြစ်သည့် မုန်းကိုးမြို့ကို သိမ်းယူထိန်းချုပ်နိုင်ခဲ့သော်လည်း မြန်မာ့တပ်မတော်က လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
မတ်လ အစောပိုင်းတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့က တရုတ်နယ်စပ်အနီး ကိုးကန့်ဒေသမှ အစိုးရထိန်းချုပ်သည့် မြို့တမြို့ ဖြစ်သော လောက်ကိုင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သူတို့၏ လက်နက်ကိုင် တော်လှန်ရေး အတွက် ဘဏ္ဍာငွေ ရရှိရန် ဘဏ်ကို ဝင်ရောက်လုယူခြင်း ဖြစ်သည်ဟု အချို့သတင်းများက ဆိုသည်။
လဝီဝမ်က လွန်ခဲ့သော နှစ် အနည်းငယ်က တိုက်ပွဲများ ပြင်းထန်စွာ ပေါ်ပေါက်ခဲ့သည့် ရှမ်းပြည်နယ် အလယ်ပိုင်း ဝမ်ဟိုင်းရှိ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း/ ရှမ်းပြည် တိုးတက်ရေးပါတီ (SSA-N/SSPP)၏ နယ်မြေအတွင်းမှ သတင်း များကိုလည်း မကြာခဏ ရေးသားတတ်သူ ဖြစ်သည်။
SSA-N/SSPP နှင့် တပ်မတော်ကြား၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ထိုးထားသည့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) နှင့် TNLA တို့ကြားမှ တိုက်ပွဲများက ကျောက်မဲ၊ သီပေါ၊ နမ္မတူနှင့် နမ့်ဆန် မြို့နယ်များတွင် မကြာခဏ ဖြစ်ပွားခဲ့ပြီး ရလဒ်အနေဖြင့် ထောင်နှင့် ချီသော အရပ်သား ပြည်သူ များ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တလွှားတွင် ပြည်တွင်း စစ်ရှောင် ဒုက္ခသည် ၁၀၀၀၀၀ ကျော် ရှိပြီး အချို့မှာ တိုက်ပွဲများ စတင်ပေါ်ပေါက်ခဲ့သည့် ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းကထဲက အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများ ဖြစ်ကြသည်။ လဝီဝမ် နှင့် အခြားသော မြန်မာ စာနယ်ဇင်းသမားများသည် အဆိုပါ မေ့ဖျောက်ခံ ပဋိပက္ခများအကြောင်းကို ရှေ့ဆုံးမှ သတင်း ရေးသားခဲ့ကြသည်။ ပဋိပက္ခများအတွင်းတွင် အရပ်သားများအပေါ် ဘက်အားလုံး (လက်နက်ကိုင် အဖွဲ့အစည်း အားလုံး) က လူ့အခွင့် အရေးချိုးဖောက်မှု စွပ်စွဲချက်များ ပုံမှန်လို ပေါ်ထွက်ခဲ့သော်လည်း အများဆုံးမှာ တပ်မတော် ဖြစ်သည်။
၂၀၁၆ ခုနှစ် ဇူလိုင်လတွင် တပ်မတော်က လာရှိုးမြို့၏ အရှေ့ဘက်ရှိ မိုင်းရော်မြို့တွင် လူ ၅ ဦးကို ၎င်း၏ တပ်သားများက သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ မော်တော်ဆိုင်ကယ် စီးလာသည့် အခြားသူ ၂ ဦး ပစ်သတ်ခံရခြင်းကိုမူ တပ်မတော် က ငြင်းဆန်ခဲ့သည်။ ထိုကဲ့သို့သော အဖြစ်အပျက်များ ဒေသတွင်းတွင် မကြာခဏ ဆိုသလို ပုံမှန်ပေါ်ထွက်ခဲ့သော်လည်း အလေးထားမှု အနည်းငယ် သို့မဟုတ် လုံးဝမရှိခဲ့ဘဲ တာဝန်ခံမှုမှာလည်း မရှိသလောက် နီးပါးပင် ဖြစ်သည်။
၂၀၁၆ ခုနှစ် အစောပိုင်းနှင့် လတ်တလော ရက်သတ္တပတ်များအတွင်းက ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့သော ဖုန်းကင်မရာ ဖြင့် ရိုက်ကူးထားသည့် မှတ်တမ်းများတွင် ၂၀၁၅ ခုနှစ်အတွင်းက ဖြစ်ရပ် အများအပြားတွင် တအာင်း အရပ်သားများကို တပ်မတော် တပ်ဖွဲ့များကို ရိုက်နှက်နေသည်ကို ဖော်ပြထားသည်။ ပြီးခဲ့သည့် လများအတွင်းတွင် လဝီဝမ်က နမ္မတူ မြို့နယ်မှ တအာင်း အရပ်သားများကို တပ်မတော်က ပစ်သတ်ခဲ့သည့် သတင်းကို ရေးသားခဲ့သည်။ သူတို့ကို TNLA က ထော်လာဂျီမောင်းသူများအဖြစ် ချောဆွဲ အသုံးချပြီး နောက်ပိုင်းတွင် ဖြစ်သည်။
မြောက်ပိုင်းတွင် တင်းမာမှုများနှင့် စစ်ဆင်ရေးများ မြင့်တက်လာခြင်းက တပ်မတော်အတွက် အဓိက စိန်ခေါ်မှု အဖြစ် ပို၍ မြင်လာရသော TNLA ကို ရှင်းလင်းစွာ ဦးတည်နေသည်။ ၁၉၉၁ ခုနှစ်တွင် TNLA ၏ မူလအဖွဲ့ဟောင်း ဖြစ်သော ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တပ်မတော်(PSLF/A)ကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးရန် တပ်မတော်က ဖိအားပေးခဲ့သည်။ ကွတ်ခိုင်မြို့နယ်အတွင်းမှ တောင်ကုန်းများတွင် PSLF/A က အရှုံးပေးစေရန် ရည်ရွယ် ပုံစံချထားသည့် ပြင်းထန်သော စစ်ဆင်ရေးတခု နောက်ပိုင်းတွင် ဖြစ်သည်။
စာရေးသူ တွေ့ဆုံမေးမြန်းခဲ့သော ပလောင် (တအာင်း) တပ်မတော်မှ အငြိမ်းစားများ၊ နိုင်ငံရေး တာဝန်ရှိသူများက လက်ရှိ စစ်ရေးဖိအားမှာ ပိုမို၍ နည်းပညာမြင့်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များနှင့် လက်နက်ကြီးများ အသုံးပြုခြင်းအားဖြင့် ယခင်ကအတိုင်း အလားတူ ပြုလုပ်လာမည်ကို စိုးရိမ်နေကြသည်။ သူတို့သည် လက်နက်ကိုင် အဖွဲ့များ ရိက္ခာ၊ ရံပုံငွေ၊ သတင်း အချက်အလက်နှင့် လူသစ် စုဆောင်း နိုင်ခြင်း မရှိအောင် ရည်ရွယ်သည့် ဖြတ် ၄ ဖြတ် စစ်ဆင်ရေး ကို ရင်ဆိုင် ကြုံတွေခဲ့ရသူများ ဖြစ်သည်။
ငြိမ်းချမ်းရေး သဘောတူညီချက် ရယူရန် သဘောတူခဲ့ကြသည့် အိမ်နီးချင်း လက်နက်ကိုင်မဟာမိတ်များနှင့် စစ်ရေးအရ သီးခြား အထီးကျန် ဖြစ်နေသည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ (PSLP) သည်လည်း မကြာမီမှာပင် ထိုလမ်းစဉ် အတိုင်းလိုက်ခဲ့ရပြီး တပ်မတော်က ရှမ်းပြည်နယ် အထူးဒေသ (၇) ကို ထူထောင်ခဲ့သည်။ အစိုးရက ကတိပြုခဲ့သည့် ဖွံ့ဖြိုးရေး အစီအစဉ်များက အကောင်အထည်ပေါ်မလာခဲ့ပါ။ ဘဝရပ်တည်ရေးနှင့် ပညာရေး အခွင့်အလမ်းများကလည်း ထိုဧရိယာက စစ်ပွဲဇုန် ဖြစ်နေသည့် ကာလကထက် ပို၍ ကောင်းမလာခဲ့ပါ။ PSLA လည်း တဖြည်းဖြည်း အားနည်းလာ ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် ထိုစဉ်က အစိုးရဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) က လက်နက် နှင့် ငြိမ်းချမ်းရေး လဲလှသည့် အစီအစဉ်၏ တစိတ်တပိုင်း အနေဖြင့် လက်နက်ဖြုတ်သိမ်းရန် PSLA ကို ဖိအားပေးခဲ့သည်။ များမကြာမီမှာပင် ပလောင်အမျိုးသမီးအဖွဲ့ (PWO) က “အဆိပ်သင့်ပန်းများ (Poisoned Flowers)” အမည်ရှိ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ဒေသတွင်းတွင် မူးယစ်ဆေး သုံးစွဲမှု ကျယ်ပြန့်လာနေပြီး ဘိန်းနှင့် ရာဘ (methamphetamine) သုံးစွဲမှု မြင့်တက်လာခြင်းက ပလောင်လူမှုအသိုင်းအဝိုင်းအပေါ် ဆိုးရွားစွာသက်ရောက်နေကြောင်း ဖော်ပြခဲ့သည်။
၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို အတည်ပြုခြင်း နှင့် မိုင်းတုံနှင့် နမ့်ဆန် မြို့နယ်များ ပါဝင်သော ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်းတို့က ပလောင် (တအာင်း) တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် လူမှုဘဝတို့ကို အဆင့်မြင့် တိုးတက်လာအောင် လုပ်ဆောင်မပေးနိုင်ခဲ့ပါ။ တပ်မတော်နှင့် ကွတ်ခိုင်ပြည်သူ့စစ် အဖွဲ့အတွင်းမှ သူတို့၏ မဟာမိတ်များက ဒေသတွင်း မူးယစ်ဆေး ကုန်သွယ်ရေးကို လုပ်ကိုင်နေသည်ဟု စွပ်စွဲမှုများလည်း ရှိခဲ့သည်။
မူးယစ်ဆေး ကုန်သွယ်ရေးကြောင့် ပလောင် (တအာင်း) အမျိုးသားများနှင့် လူငယ်များကို ကြီးမားစွာ ထိခိုက်နစ်နာ စေခဲ့သည့် သတင်းအချက်အလက်များကို ၂၀၁၀ ခုနှစ်တွင် ပလောင်အမျိုးသမီးအဖွဲ့ (PWO) က မှတ်တမ်းတင်ခဲ့သည်။
မူးယစ်ဆေးစွဲခြင်း၏ သက်ရောက်မှုများ၏ သတိပေးမှုကြောင့် ဖိအားအောက်သို့ ရောက်လာသည့် ပလောင် (တအာင်း) အသိုင်းအဝိုင်းတွင် လက်နက်ကိုင်ခုခံမှု ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ အစိုးရတပ်များ၏ တိုက်ခိုက်မှုကြောင့် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ပျက်ပြားပြီး တပ်မတော်နှင့် ပဋိပက္ခအတွင်းသို့ ပြန်လည်ရောက်ရှိလာသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း မဟာမိတ်အဖြစ် အသင့် ရှိနေခဲ့သည်။
TNLA ကို KIA က ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ နှင့် အတူ လေ့ကျင့်ပေး လက်နက်တပ်ဆင်ပေးခဲ့သည်။ ကိုးကန့်ခွဲထွက် အဖွဲ့ တခုဖြစ်သည့် MNDAA က ၎င်းတို့၏ မြို့တော်ဟောင်း ဖြစ်သည့် လောက်ကိုင်ကို ၂၀၁၅ ခုနှစ်တွင် ပြင်းထန်စွာ တိုက်ခိုက်မှုများဖြင့် ပြန်လည် ပေါ်ထွက်လာ ခဲ့သည်။
ဆယ်စုနှစ် ၂ ခုနီးပါးကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တဖြည်းဖြည်း အင်အားနည်းပါသွားစေရန် စီးပွားရေး သဘောတူညီချက်များမှတဆင့် တပ်မတော်က အပစ်အခတ်ရပ်စဲရေးကို အသုံးပြုခဲ့ခြင်း၏ ရလဒ်တခု အနေဖြင့် တိုင်းရင်းသားများ၏ မကျေနပ်မှုများက တိုးလာနေခဲ့သည်။ အဆိုပါ နည်းဗျူဟာကို အမေရိကန် ပညာရှင် တဦး ဖြစ်သည့် Kevin Woods က “အပစ်အခတ်ရပ်စဲရေး အရင်းရှင်ဝါဒ” ဟု ခေါ်ဆိုခဲ့သည်။
ရှမ်းပြည်ပြည်နယ် မြောက်ပိုင်းတွင် TNLA နှင့် တပ်မတော်တို့ကြားမှ ပဋိပက္ခ ကျယ်ပြန့်လာခြင်း နှင့် RCSS က ိုဆန့်ကျင်မှု တိုးလာခြင်းတို့နှင့်အတူ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများမြင့်တက်လာခဲ့သည်။ ပလောင် အမျိုးသမီး အဖွဲ့ကို အမည်ပြောင်းထားသည့် တအာင်း အမျိုးသမီးအဖွဲ့ (TWO) က အစိုးရ နှင့် ပြည်သူစစ်များ၏ တအာင်း အရပ်သားများ အပေါ် လူ့အခွင့် အရေးချိုးဖောက်မှုများကို အသေးစိတ် ဖော်ပြထားသည့် “Trained to Torture” အမည်ရှိ အစီရင်ခံစာ တစောင်ကို ၂၀၁၆ ခုနှစ် အလယ်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
အစိုးရ၏ ဖိအားပေးမှုကြောင့် ရန်ကုန်မြို့တွင် ဖြန့်ဝေခြင်း မပြုနိုင်ခဲ့သည့် အဆိုပါအစီရင်ခံစာတွင် လက်နက်ကိုင် ပဋိပက္ခနှင့် ၎င်းနှင့် တွဲဆက်နေသော တခါတရံတွင် လုံးဝကင်းလွတ်ခွင့် ရရှိပြီး အစိုးရ၏ အသိအမှတ်ပြုခြင်း မခံရသော လူ့ အခွင့်အရေး ချိုးဖောက်မှုများ မှန်မှန် မြင့်တက်လာနေခြင်းကို မီးမောင်းထိုးပြထားသည်။
တချိန်တည်းမှာပင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို တရားဝင် ဝေဖန် ပြစ်တင်မှုများလည်း ပြီးခဲ့သည့် နှစ် အတွင်းတွင် မှတ်သားလောက်ဖွယ်ရာ ပေါ်ထွက်ခဲ့သည်။ ဥပမာအားဖြင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များကို သောင်းကျန်းသူများ အဖြစ် သတ်မှတ်ရန် အဆိုတခုကို ရှမ်းပြည်နယ် လွှတ်တော်က ဒီဇင်ဘာလ အတွင်းတွင် အတည်ပြုခဲ့သည်။ ထိုသို့ ဆုံး ဖြတ်ခဲ့ခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အထောက်အကူ မဖြစ်ကြောင်း မြန်မာနိုင်ငံရေး နှင့် အရပ်ဖက် အဖွဲ့အစည်း ၁၀၀ ကျော်က ပြောဆိုခဲ့ကြသည်။
မတ်လနှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက် တစောင်တွင် “အလွန်အရေးကြီးသည့် ယခုကဲ့သို့ အချိန်မျိုးတွင် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေနိုင်သော မလိုလားအပ်သည့် အဖျက်အမှောင့်များနှင့် သွေး ထိုးလှုံ့ဆော်မှုများ ပေါ်ထွက်လာနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ညီနောင်များဖြစ်ကြသော တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များနှင့် ပြည်ထောင်စုနိုင်ငံသားများက အထူးသတိပြုရန် တိုက်တွန်းသည့် အနေဖြင့် ယခု ကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်ပါသည်” ဟု သတိပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ စကားသည် မြောက်ပိုင်းမှ လက်နက်ကိုင် အဖွဲ့များ၏ ခါးခါးသီးသီး မယုံကြည်မှုနှင့် ရင် ဆိုင်ခဲ့ရသည်။ တပ်မတော် ခေါင်းဆောင်များက ထုတ်ပြန်သည့် ကြေညာချက်များ ထပ်တူပင်ဖြစ်သည်ဟု သူတို့က ယူဆ ကြသည်။ ၂ ဘက်လုံးက အပစ်အခတ်ရပ်စဲရေးကို သဘောတူညီချက် တည်ဆောက်ရေးဟု သဘောမထားဘဲ လက်နက်ချရေးအတွက် လမ်းကြောင်းတခုအဖြစ် ဘောင်ခတ်ထားခဲ့ကြသည်။ အရပ်သားများနှင့် အစိုးရအတွင်းမှ စစ်ဘက် ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး ကွန်ဖရင့် ပြုလုပ်နေချိန်တွင် တပ်မတော်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုက်ခိုက်မှုများ မြှင့်တင်ခဲ့သည်။
သတင်းထောက်များ ဖမ်းဆီးခံရခြင်းနှင့် သူတို့က ဖမ်းဆီးထိန်းသိမ်းရန် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကို အသုံးပြုခဲ့ခြင်းက နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်သည့် အတိုင်းအတာ ကန့်သတ်မှုကိုလည်း မြင်သာအောင် ပြခဲ့ခြင်း ဖြစ်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International) က ဇွန်လ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ပဋိပက္ခများအတွင်းမှ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာက နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက် အလေးပေးမှုက လုံလောက်မှု မရှိကြောင်း ပြသခဲ့သည်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုကိုသာ နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်ပါဝင်စားမှုက သိသိသာသာ အလေးသာနေခဲ့သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက နယ်ခြားစောင့် ရဲကင်းတခု တိုက်ခိုက်ခံရ၍ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရပြီး နောက် အနောက်ပိုင်းဒေသအတွင်းတွင် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ခြင်း ကြောင့် ရိုဟင်ဂျာ ၇၅၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ နေအိမ် ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီး ခံရခြင်း၊ လိင်အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် တရားလက်လွတ်သတ်ဖြတ်မှု သတင်းများလည်း ကျယ်ကျယ် ပြန့် ပြန့် ထွက်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းဆူပူမှု တိုက်ဖျက်ရေးတွင် ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့သည့် အလေ့အထများ၏ အငွေ့ အသက် ပါသည့် ရက်စက်သော ထိုစစ်ဆင်ရေး နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ၏ အစိုးရက ပယ်ချခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် တွေ့ဆုံ မေးမြန်းမှုများကို အခြေခံ၍ ဖေဖော်ဝါရီ လအတွင်းက ထုတ်ပြန်ခဲ့သည့် ကုလ သမဂ္ဂ၏ အစီရင်ခံစာတွင် သတ်ဖြတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခြင်း သတင်းများကို ဖော်ပြထားသည်။
ဂျီနီဗာ အခြေစိုက် လူ့အခွင့် အရေးကောင်စီ၏ မတ်လ အစည်းအဝေးတွင် ဥရောပသမဂ္ဂက တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များ၏ အခြေအနေနှင့် အကြောင်းရင်းများကို တည်ဆောက် နိုင် ရန် လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး ကိုယ်စားလှယ် အဖွဲ့တခု အရေးပေါ်ဖွဲ့စည်းရေးအတွက် ထောက်ခံသည့် အဆိုတခုကို တင်သွင်းခဲ့သည်။
ကချင်၊ တအာင်း နှင့် ရှမ်းအသိုင်းအဝိုင်းခေါင်းဆောင်များအတွက် အဆိုပါ ဆုံးဖြတ်ချက်က ရိုဟင်ဂျာ မွတ်ဆလင်များ၏ အရေး သက်သက်သာမဟုတ်ဘဲ မြောက်ပိုင်းမှ လူသိနည်းသည့် ပဋိပက္ခများအပေါ် ကမ္ဘာ၏ အာရုံစူးစိုက်မှု ရရှိစေမည့် အလားအလာ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်အထိ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ နှင့် ပတ်သက်၍ အချေအတင် ဆွေးနွေးငြင်းခုံမှုများက ရခိုင်ပြည်နယ်တွင်သာ ဗဟိုပြုနေပြီး ပူးပေါင်းဆောင်ရွက်မှုရန် အစိုးရကလည်း ပယ်ချခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်စားလှယ်အဖွဲ့နှင့် အဖွဲ့ဝင်များကို မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပေးရန် မကြာသေး မီက ပယ်ချခဲ့သည်။
ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည်များကို ဖုံးကွယ်သည့် သက်သေတခု အဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝေဖန် ပြစ်တင်မှုများ ပေါ်ထွက်ခဲ့သည်။ သတင်းထောက် ၃ ဦး အဖမ်းခံရသည့် အမှုတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက မြောက်ပိုင်း ပဋိပက္ခဇုန်များမှ သတင်းပို့ခြင်း သို့မဟုတ် လွတ်လပ်စွာ သုတေသန ပြုလုပ်မှု မှန်သမျှကို ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း ရှင်းလင်းသည့် သင်္ကေတ ပြခဲ့ပြီ ဖြစ်သည်။
ကိုယ်စားလှယ် အဖွဲ့၏ အချက်အလက်ရှာဖွေရေး စုံစမ်း စစ်ဆေးသူများ နှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လဝီဝမ် နှင့် လုပ်ဖော်ကိုင်ဖက်များ ဖမ်းဆီးခံရခြင်းသည် မြောက်ပိုင်း စစ်ဆင်ရေးမှ အခွင့်အရေးချိုး ဖောက်မှုများကို တပ်မတော်က ဖုံးကွယ်ရန် လိုအပ်ကြောင်း နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျင့်သုံးခဲ့သည့် သတင်းမှောင်ချမှုများနှင့် အလားတူပင် ဖြစ်ကြောင်း ရှုမြင်သင့်ပါသည်။
အကယ်၍ အမှန်တရားကို ရှာဖွေရန် သတင်းထောက်များ၏ ကြိုးစားမှုက ပစ်မှတ်ထားခံရပြီး နုတ်ဆိတ်နေရမည် ဆိုလျှင်၊ NLD အာဏာရရှိခဲ့သည့် ပထမဆုံးနေ့မှာပင် ဒီမိုကရေစီနည်းလမ်းတကျဖြင့် ရုပ်သိမ်း ပယ်ဖျက်သင့်သော ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများဖြင့် မီဒီယာနှင့် အရပ်ဖက်အဖွဲ့ အစည်းများ ခြိမ်းခြောက် ခံနေရသည်ဆိုလျှင် ကာလရှည်ကြာခဲ့ပြီ ဖြစ်သော ပြည်တွင်းစစ်ပွဲများအတွက် စစ်မှန်သော အဖြေရရှိရေးအတွက် မကောင်းသော နိမိတ်ဖြစ်သည်။
ကိုလဝီဝမ်၊ ကိုအေးနိုင်နှင့် ကိုပြည့်ဘုန်းနိုင် တို့ ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုသူများ အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ထောင်နှင့် ချီသော ပြည်သူများကို ကာကွယ်ရေးအတွက်လည်း တောင်းဆိုပေးရန် သတိရသင့်ပါသည်။ သူတို့ အများစုမှာ စစ်ပွဲများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ယခုအခါတွင် ဆိုးရွားသော အခြေအနေတွင် နေထိုင်နေကြရသည်။ ရဲရင့်သော သတင်းထောက်များက ပိတ်ပင်ထားသော ဒေသများသို့ ခရီးသွားမှု တိုးလာခြင်း၏ အဓိက အကြောင်းမှာ ဒုက္ခရောက်ရသူ ပြည်သူများ၏ ဇာတ်လမ်းများပင် ဖြစ်ပါသည်။
(David Scott Mathieson သည် ရန်ကုန် အခြေစိုက် လွတ်လပ်သော လေ့လာသုံးသပ်သူ တဦးဖြစ်ပြီး ရှမ်းပြည်နယ်မှ လက်နက်ကိုင် ပဋိပက္ခများအကြောင်းကို ၁၅ နှစ်ကျော် ရေးသားခဲ့သူ ဖြစ်သည်။ ၎င်း၏ Asia Times ပါ Gagging the messengers of Myanmar’s wars ကို ဘာသာပြန်ဆိုသည်။)