၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့ ဖြစ်တဲ့ ဒီနေ့ဟာ နှစ် ၇၀ ပြည့် အာဇာနည်နေ့ ဖြစ်ပါတယ်။ အစိုးရအဖွဲ့များ၊ အဖွဲ့အစည်းများ၊ နိုင်ငံအဝှမ်းမှာရှိတဲ့ ပြည်သူလူထုများက အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်ကြတဲ့နေ့လည်း ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ်၊ ဒီနေ့ဒီအချိန်မှာ အာဇာနည်ခေါင်းဆောင်များ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဦးရာဇတ်၊ မန်းဘခိုင်၊ အတွင်းဝန် ဦးအုန်းမောင်၊ ရဲဘော် ကိုထွေးတို့ဟာ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံ ခံခဲ့ရပါတယ်။
ဒီနေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးရာ အတွင်းဝန်ရုံး၊ ကျဆုံးအာဇာနည်များကို မြုပ်နှံထားရာဖြစ်တဲ့ အာဇာနည်ကုန်း၊ ဗိုလ်ချုပ်ပြတိုက်၊ ကန်တော်ကြီး ပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ် စတဲ့ အထင်ကရ နေရာတွေမှာ လာရောက် ဂါရဝ ပြုကြတဲ့ ပြည်သူလူထု အများအပြား ရှိနေတာပါ။
ရန်ကုန်မြို့၊ သိမ်ဖြူလမ်းမပေါ်မှာ ရှိတဲ့ အတွင်းဝန်ရုံးရှေ့မှာလည်း ပြည်သူလူထု များစွာက မနက် ၇ နာရီဝန်းကျင် လောက်တည်းက ရုံးအတွင်းဝင်ဖို့ ရောက်ရှိနေကြပါပြီ။
ဂိတ်ပေါက်တပေါက်ထဲကိုသာ ဝင်ပေါက်အဖြစ် သတ်မှတ်ပေးထား တာကြောင့် ရုံးအတွင်း ဝင်လိုသူတွေဟာ သိမ်ဖြူလမ်း၊ မဟာဗန္ဓုလလမ်းမ၊ ဗိုလ်အောင်ကျော်လမ်းမ၊ အနော်ရထာ လမ်းမပေါ် မှာ လူပေါင်းရာနဲ့ချီ တန်းစီ စောင့်ဆိုင်းနေကြပါတယ်။
အတွင်းဝန်ရုံးကို မသန်စွမ်းသူ အဖွဲ့များ၊ ကျောင်းသားလူငယ်များ၊ မိသားစုများ၊ သူငယ်ချင်းအစုအဖွဲ့များက လာရောက် ကြပါတယ်။ နှင်းဆီပန်း အနီများဖြင့် ဂါရဝပြုကြသူများ၊ အမှတ်တရ လက်မှတ်ရေးထိုးမှုအချို့ကိုလည်း မဟာဗန္ဓုလလမ်းမပေါ်မှာ လူငယ်အချို့က ဦးဆောင်ပြုလုပ်ပေးလျက် ရှိပါတယ်။
“စောင့်နေတာတော့ ကြာပြီ။ ၁ နာရီလောက်တောင် ရှိနေပြီ တူတယ်။ ဒီနေ့မှ လာခွင့်ရတာဆိုတော့လည်း ဝင်လို့ရအောင်ဝင်မယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ အခန်းကို ကြည့်မယ်ဆိုပြီး တန်းစီနေတာပါ။ ဒီကနေ ဝင်ပြီးရင်တော့ ဗိုလ်ချုပ်ပြတိုက်ဘက် သွားဖို့လည်း ရှိပါတယ်။ မိသားစုကိုလည်း လိုက်ပြီး ပြပေးတဲ့ သဘောပေါ့” လို့ အတွင်းဝန်ရုံးတွင်း ဝင်ရောက်ဖို့ ဗိုလ်အောင်ကျော်လမ်းမပေါ်မှာ တန်းစီစောင့်နေတဲ့ ကိုကျော်မျိုးက ပြောပြပါတယ်။
လူဦးရေ များပြားလွန်းတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတဲ့ အခန်းအတွင်းဝင်ဖို့ လှေကားဟာ တခါတက်ရင် လူ ၄၀ ဦးရဲ့ အလေးချိန်သာ ခံနိုင်ရည်ရှိတာကြောင့် မီဒီယာတွေကို ဝင်ခွင့်မပေးဘူးဆိုတဲ့ သဘောမျိုး ပြောဆိုတာကြောင့် လုံခြုံရေးတပ်ဖွဲ့နဲ့ မီဒီယာသမားအချို့ စကားအချေအတင် ဖြစ်ရပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မီဒီယာအဖွဲ့ ကိုလည်း ၅ မိနစ်ခန့် ဝင်ရောက် ရိုက်ကူးခွင့်ပြုလိုက်ပါတယ်။
အာဇာနည်ကုန်းကို ဝင်ခွင့်ရဖို့ မီဒီယာတခုကို လူအကန့်အသတ်မရှိ စာရင်းပေးခွင့်ရခဲ့ပြီးမှ မနက် ၃ နာရီခွဲကတည်းက လာရောက်စောင့်ဆိုင်းနေကြတဲ့ သတင်းသမားတွေကို ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာတိုက် ၁ ခုကို တဦးပဲ ဝင်ရောက်ခွင့်ပြုမယ်ဆိုပြီး သတ်မှတ်လိုက်တာကြောင့် ရုန်းရင်းဆန်ခတ် အနည်းငယ် ဖြစ်သွားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မီဒီယာတိုက် ၁ ခုကို ၂ ဦးအဖြစ် ပြောင်းလဲ ဝင်ရောက်ခွင့်ပြုလိုက်ပါတယ်။
အာဇာနည်ဗိမာန်မှာတော့ လင့်လမ်းရှေ့ဝင်ပေါက် တနေရာထဲမှာတင် လူပေါင်းရာချီပြည့်ကျပ်စွာနဲ့ အာဇာနည်ကုန်းပေါ်မှာ ဝင်ရောက် ဂါရဝပြုဖို့ တန်းစီစောင့်ဆိုင်းနေကြတာ တွေ့မြင်ရပါတယ်။ လုံခြုံရေးရဲကားနဲ့ ရဲတပ်ဖွဲ့ဝင် အများအပြား နေရာယူထားကြပါတယ်။
အာဇာနည်ဗိမာန်ကို ဒု-သမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုုင်သန်း၊ ပြည်ထောင်စုု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များ လည်း လာရောက်ဂါရဝပြု ဦးညွတ်ကြပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရုံးရှေ့မှာတော့ မြို့နယ်အသီးသီးက လာရောက်ကြတဲ့ NLD ပါတီ အဖွဲ့ဝင်တွေရဲ့ ကားများ၊ လမ်းတဖက် တချက်စီမှာ စောင့်ဆိုင်းနေကြသူ အများအပြား ရှိနေကြပါတယ်။ လမ်းမပေါ်ကို ကျော်ထွက် မသွားအောင် ကြိုးများနဲ့ တန်းထားပေးတာ တွေ့ရပါတယ်။ ၁၀ နာရီ ၃၇ မိနစ်မှာ ဂါရဝပြုကြဖို့ အဆင်သင့် အနေအထားနဲ့ ရှိနေတဲ့ ပြည်သူတွေလည်း အများအပြားပါပဲ။
အထင်ကရ နေရာတွေ၊ မြို့တွင်းမှာ သွားလာနေကြတဲ့ လူအချို့က “အာဇာနည်နေ့ တို့မမေ့” ဆိုတဲ့ စာတန်းပါ အနီရောင် နဖူးစည်းများ၊ ၁၉ ဇူလိုင် လို့ ရေးသားထားတဲ့ တီရှပ်အမဲရောင်များကို ဝတ်ဆင်ကာ သွားလာလှုပ်ရှားမှုများ လည်း တွေ့ရပါတယ်။
ယနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာတော့ ပြည်လမ်းမပေါ် မြေနီကုန်းမီးပွိုင့်အနီး သွားလာနေတဲ့ ကားများ အားလုံး ရပ်တန့်ကာ ဟွန်းများကို ပြိုင်တူ တီးကြပါတယ်။ သွားလာနေကြသူ အားလုံးနီးပါးလည်း ၁ မိနစ်ခန့် ရပ်တန့် ငြိမ်သက်ကာ ကျဆုံးသွားလေတဲ့ အာဇာနည်ခေါင်းဆောင်များကို ဦးညွတ် အလေးပြုကြတာလည်း မြင်ရပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၊ NLD ရုံးရှေ့၊ အာဇာနည်ကုန်း စတဲ့ နေရာ အများအပြားမှာလည်း ထိုနည်းတူ ရပ်တန့်ငြိမ်သက် ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ကြသလို အချို့ကတော့ လမ်းလျှောက်မြဲ၊ ကားမောင်းမြဲ လည်း တွေ့ရပါတယ်။
လူအများဝေဖန်စရာ တခုကတော့ ပြည်သူတချို့ ကြည့်ရှုကြတဲ့ MNTV ရုပ်သံလိုင်းက ၁၉၄၇ ခုနှစ်မှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်များ ဖြစ်ရမယ့်အစား ၁၉၄၉ ခုနှစ်မှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်များ ဆိုပြီး စာတန်းထိုး လွှင့်တင် လိုက်တာက ရုပ်ဆိုး အကျဉ်းတန်တဲ့ ဖြစ်ရပ်တခုပါပဲ။ အခြား ရုပ်သံလိုင်း တခုကလည်း ၁၀ နာရီ ၃၇ မိနစ်မှ ဥသြဆွဲ အလေးပြုရုပ်သံ လွှင့်နေရင်း ကြေညာဝင်လာတာလည်း ရှိတယ်လို့ လူထုက ဝေဖန်ပြောဆိုနေကြတာ တွေ့မြင်ရပါတယ်။
ကန်တော်ကြီး ပတ်လမ်းမှာ ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာလည်း လွမ်းသူ့ပန်းခွေများ၊ ပန်းစည်းများ၊ နှင်းဆီပွင့် အနီရောင်များ နှင့်တကွ လာရောက် ဂါရဝပြုသူ အများအပြားရှိပါတယ်။ အချို့ကလည်း နဖူးမှာ “အာဇာနည်နေ့တို့မမေ့” ဆိုတဲ့ စာတမ်းပါ နဖူးစည်းများကို စည်းနှောင်ပြီးမှ ဂါရဝပြုကြတာလည်း တွေ့ရပါတယ်။
လူငယ်အချို့ကလည်း ဗီနိုင်းများ ကိုင်ဆောင်ကာ အကျီင်္အဖြူ၊ ပုဆိုးအမဲ၊ လုံချည်အမဲများ ဝတ်ဆင်ကာ စီတန်းလှည့်လည်သွားလာနေကြပါတယ်။ လူအများအပြားရှိနေတဲ့ နေရာတွေမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ လူနာတင်ယာဉ်များလည်း အသင့်စောင့်ဆိုင်းနေတာ တွေ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုလည်း မိသားစုလိုက်၊ အဖွဲ့လိုက် သွားရောက်လေ့လာ ကြည့်ရှုကြသူ အများအပြား ရှိပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပြုလုပ်တဲ့ နှစ် ၇၀ နှစ်မြောက် အာဇာနည်နေ့ မိန့်ခွန်းမှာ ပါတီနာယက ဦးဉာဏ်ဝင်းက “ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ လုပ်ကြံခံရခြင်းဟာ ကျနု်ပ်တို့ အတွက် ဝမ်းနည်း ဆုံးရှုံးမှုကြီး ဖြစ်ပေမယ့် အခြား တဖက်မှ စဉ်းစားကြည့်ရင် အာဇာနည် သူရဲကောင်းတွေရဲ့ ကျေးဇူးတရားကို သတိရ အောက်မေ့ခြင်းနဲ့ ကျေးဇူး တရားကို ပြန်လည်ပေးဆပ်ခြင်းဆိုတဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြရတော့မှာ ဖြစ်ပါတယ်” လို့ ပြောကြားသွားပါတယ်။
ယနေ့ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားမှာ အထင်ကရ နေရာများကို လာရောက်ကြသူတွေဟာ ယခင်နှစ်တွေထက် ပိုပြီး လူအများအပြား လာရောက်ကြတာ တွေ့ရပါတယ်။