လက်ရှိ မွန်နိုင်ငံရေး အခြေအနေသည် သပွတ်အူ ကဲ့သို့ ရှုပ်ထွေးနေသည်ဟု ဆိုက မှားမည်မထင်ပေ။ ယင်းသို့ ရှုပ်ထွေး ရခြင်းတွင် မွန် နိုင်ငံရေး ပါတီများကို နိုင်ငံရေး အောင်မြင်မှု ရရှိစေလိုသည့် မွန်ပြည်သူလူထု၏ မျှော်လင့်ချက်လည်း ပါဝင် သည်ဟု ဆိုရပါမည်။
လွှတ်တော်တွင် မွန်အမတ်များ ရှိသည်ကို မွန်ပြည်သူများ မြင်လိုကြသည်။ မွန်နိုင်ငံရေး ပါတီ ခေါင်းဆောင်များ ညီညွတ် ကြသည်ကို မွန်ပြည်သူများက မြင်လိုကြသည်။
သို့သော်လည်း နိုင်ငံရေးဆိုသည်ကား ပရိယာယ်ကြွယ်ပြီး အခြေအနေ၊ အချိန်ကာလအလျောက် မမျှော်မှန်းထားသော အရာများ ဖြစ်လာနိုင်သည် ရှိ၍ “တိမ်တောင်သဖွယ် မင်းရေးကြွယ်သည့် နိုင်ငံရေး” ဟု တင်စားတတ်ကြပြန် သကဲ့သို့ မျှော်မှန်းထားသည့်အတိုင်း တထစ်ချ အောင်မြင်မှု ရနိုင်ရန် ဆိုသည်မှာလည်း လွယ်ကူသည့်အရာ မဟုတ်ပေ။
“လုပ်ပိုင်ခွင့်၊ အခွင့်အရေးတွေနဲ့ အာဏာတွေ အပြည့်အဝရှိတဲ့ မွန်ပြည်နယ် မပေါ်ပေါက်လာသေးသရွေ့တော့ မွန်နိုင်ငံရေး ပါတီ တပါတီတည်း ရှိတာ အကောင်းဆုံးပဲလို့ မြင်တယ်၊ လုပ်ပိုင်ခွင့်၊ အခွင့်အရေးတွေနဲ့ အာဏာတွေ အပြည့်အဝရှိတဲ့ မွန်ပြည်နယ် ပေါ်ပေါက်လာပြီးမှသာ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ယှဉ်ပြိုင်ကြတာက ပိုကောင်းတယ်၊ အခု အချိန်မှာတော့ တခုတည်းရှိတာ ပိုကောင်းမယ်” ဟု မွန်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယီတမားက ပြောကြားသည်။
လက်ရှိတွင် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် အမျိုးသမီး ပါတီ (မွန်) ဟူ၍ မွန်နိုင်ငံရေး ပါတီ ၃ ခုရှိနေပြီး ထပ်မံ၍လည်း မွန်နိုင်ငံရေး ပါတီသစ်တခု ပေါ်ပေါက်လာမည့် အလားသဏ္ဌာန်များလည်း ရှိနေသည် ဖြစ်ရာ တပါတီတည်း ဖြစ်ရန် ကြိုးပမ်းလိုက်၊ ပါတီအသစ် ပေါ်ထွန်းလာလိုက်နှင့် မွန်နိုင်ငံရေးသည်ကား သပွတ်အူ ဇာတ်လမ်း ဖြစ်နေပေတော့သည်။
၂၀၁၂ ခုနှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် နိုင်ငံရေး အခင်းအကျင်းထဲ တရားဝင် စတင် ဝင်ရောက် လာပြီးချိန်မှ စ၍ မွန်နိုင်ငံရေး ပါတီများသည် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ အထိပင် နိုင်ငံရေး၏ နောက်ဆုံး ပြိုင်ပွဲကြီး ဖြစ်သည့် ရွေးကောက်ပွဲ များ၌ အရှူံးနှင့်သာ တစစ ရင်ဆိုင်ခဲ့ကြရသည်။ ထိုအခြင်းအရာကို မွန်ပြည်သူများကလည်း အားမလို အားမရ ဖြစ်ခဲ့ကြရသည်။
NLD ပါတီ ဖွဲ့စည်းပြီးနောက် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၈၀ ရာခိုင်နှုန်း ကျော် အနိုင်ရခဲ့သော်လည်း အာဏာလွှဲအပ်ခြင်း မခံခဲ့ရပေ။
ထို့နောက် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲများ တွင် ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းရင်းသား ဒေသများ အပါအဝင် မဲဆန္ဒနယ်နေရာ အတော်များများတွင် အနိုင်ရခဲ့ ပါသည်။
မွန်ပါတီများ ရွေးကောက်ပွဲတွင် ရှူံးနိမ့်လာရခြင်း၏ ပြဿနာ အရင်းအမြစ်ကို မွန်နိုင်ငံရေးသမားများနှင့် မွန်ပြည်သူ လူထု က ရှာဖွေ ဆန်းစစ်ကြည့်ကြရာ မွန်နိုင်ငံရေး ပါတီများ မညီညွတ်ကြခြင်း၊ ပါတီကွဲ၍ မဲဆန္ဒနယ်များတွင် အပြိုင်အဆိုင် ဝင်ပြိုင်ခဲ့ကြသဖြင့် မဲကွဲခြင်းကြောင့် အနိုင်မရခြင်းသာ ဖြစ်သည်ဟု ခိုင်ခိုင်မာမာ သုံးသပ်လာကြသည်။
ပြီးခဲ့သည့် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၌ NLD ပါတီဝင်ရောက် မယှဉ်ပြိုင်ရန် အတွက် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (MNDF)၊ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ALD), ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (CNLD) တို့မှ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် မဲဆန္ဒနယ် ညှိနှိုင်းရန် ကြိုးပမ်းခဲ့ဖူးသည့် သာဓကများ ရှိခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
“တိုင်းရင်းသားတွေနဲ့ NLD နဲ့ ညှိပြီး ဘယ်တုန်းကမှ ရွေးကောက်ပွဲ မဝင်ခဲ့ဘူး၊ အဲဒါ အခိုင်အမာပြောနိုင်တယ်။ ၁၉၉၀ ရွေး ကောက်ပွဲမှာ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မွန်ပြည်နယ်မှာ ၄ နေရာနဲ့ ကရင်ပြည်နယ်မှာ တနေရာ ပြိုင်တယ်၊ အဲဒီ မဲဆန္ဒနယ်တွေတိုင်းမှာ NLD ဝင်ပြိုင်ခဲ့တယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စတင် ထူထောင်ချိန်မှစ၍ တောက်လျှောက် ပါဝင်လာသည့် ရေးမြို့နယ်သား နိုင်ခင်မောင်ကြည်က ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (MNDF) ပါတီ တခုသာရှိ၍ ညှိနှိုင်းစရာ မလိုဘဲ NLD နှင့် လည်း ညှိနှိုင်းမှု အဆင်မပြေဘဲ မဲဆန္ဒနယ်များတွင် ၎င်းတို့နှင့် အဓိက ယှဉ်ပြိုင်ခဲ့ရသည်။
ကရင်ပြည်နယ် ကော့ကရိတ် မဲဆန္ဒနယ်တွင် နိုင်သောင်းရှိန် အနိုင်ရရှိခဲ့ပြီး ၎င်း၏ ပြိုင်ဘက်အဖြစ် NLD မှ ဦးရဲမြင့်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ထပ်မံ၍ မွန်ပြည်နယ်အတွင်း၌ မုဒုံမဲဆန္ဒနယ် ၂ တွင် ဒေါက်တာ မင်းကြည်ဝင်းက အနိုင်ရခဲ့ပြီး ၎င်း၏ ပြိုင်ဘက်အဖြစ် NLD ပါတီမှ မိညွန့်ရီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကျိုက်မရော မဲဆန္ဒနယ် ၂ ၌လည်း နိုင်ခင် မောင်က ပြိုင်ဘက် NLD အမတ်လောင်းကို အနိုင်ရခဲ့ပြီး ရေးမဲဆန္ဒနယ် ၁ တွင် ဒေါက်တာ မင်းစိုးလင်းက ပြိုင်ဘက် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကြူးကို အနိုင်ရခဲ့သည်။
လက်ရှိ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိသည် ၁၉၉၀ တွင် သံဖြူဇရပ် မဲဆန္ဒနယ် ၂ ၌ ပြိုင်ဘက် MNDF ပါတီမှ နိုင်ထွန်းသိန်းကို ရှုံးနိမ့်ခဲ့ရကာ ထို ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်း သား ဒေသ အခြေစိုက်ပါတီများ မဲဆန္ဒနယ်ညှိနှိုင်း၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ရန်ကုန်မြို့ရှိ ဗိုလ် အောင်ကျော်လမ်းတွင် ညှိနှိုင်းရန် ကြိုးပမ်းမှုသာ ရှိခဲ့ပြီး တစုံတရာ ဆုံးဖြတ်ချက် မချမှတ်ခဲ့ကြောင်းလည်း နိုင်ခင်မောင် ကြည်က အတည်ပြု ပြောဆိုသည်။
ထို့ကြောင့် လက်ရှိပေါင်းစည်းရန် မလွယ်ကူသည့် အနေအထား၌ပင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ သဘောထား ရှိသည့် မဲဆန္ဒနယ်များ ထပ်မံညှိနှိုင်း၍ ရွေးကောက်ပွဲဝင်ရန်ကဲ့သို့ စဉ်းစားဟန်မှာ မည်မျှ လက်တွေ့ ကျနိုင်မည် ဆိုသည် မှာလည်း မသေချာ၊ မရေရာသော အဖြေသာ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို ပြန်၍ တွက်ချက်ကြည့်ပါမူ မွန်လူမျိုးများ သိပ်သည်းဆများသည့် ရေး၊ မုဒုံ၊ သံဖြူဇရပ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်တချို့တို့၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မွန်ပါတီ နှစ်ခုတို့၏ ကိုယ်စား လှယ်လောင်း မဲရလဒ်ကို ပေါင်းခြင်းသည် အဓိကပြိုင်ဘက် ဖြစ်သည့် NLD ပါတီ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တို့အား နိုင်ခြေ ရှိနိုင်သည့် မဲအရေအတွက်များ ရခဲ့ကြသည်ကို တွေ့ရှိရမည် ဖြစ်သည်။
ထို့ကြောင့် ကွဲပြားနေသည့် မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းနိုင်ရေးအတွက် မွန်ပြည်သူများ၊ သံဃာတော်များက ၂၀၁၂ မှ စကာ အပြင်းအထန် ဖိအားပေး၍ မွန်နိုင်ငံရေး ပါတီများ တခုတည်း ဖြစ်ရေး ကြိုးပမ်းခဲ့ကြသည်။
မွန်ပါတီ နှစ်ပါတီစလုံးမှ ထိပ်တန်း တာဝန်ရှိသူများအား မွန်ပါတီ ပေါင်းစည်းရေးကို လက်ခံနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာ ပေါင်းစည်းရေးကို လက်ခံသည်ဟု နှစ်ပါတီစလုံးက ထုတ်ဖော် ပြောကြားခဲ့သော်လည်း ပေါင်းစည်းရေး အခြေခံမူ၊ လုပ်ဟန် နှင့် ဦးစားပေးခြင်းကား ကွဲလွဲနေသည်ကို မြင်တွေ့ခဲ့ရသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကမူ အလွတ်သဘော တွေ့ဆုံမှုများနှင့် ယုံကြည်မှု တည်ဆောက်ပြီး လုပ်ငန်းတူချင်း ပူးပေါင်းဆောင်ရွက်၍ အဆုံးစွန် အန္တိမကား ပါတီချင်း ပေါင်းစည်းရန် စသည့်မူဖြင့် ပေါင်းစည်းရေးကို အကောင်အထည် ဖော်လိုသည့် သဘောထား ရှိသည်။
“ကျနော်တို့မှာ မပေါင်းဘူးလို့ တခါမှ မပြောခဲ့ဘူး၊ ယုံကြည်မှုမရှိရင် အချင်းချင်း ပေါင်းဖို့ မလွယ်ဘူး၊ ကျနော်တို့လည်း တပါတီတည်း ဖြစ်စေချင်တာပေါ့၊ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ပြီးမှ ယုံကြည်မှုရှိပြီးမှ ပေါင်းစည်းရေး ဆိုတာ ဖြစ်လာ မှာ ၊ လမ်းကြောင်းက ပေါင်းစည်းရေးကို ပြန်သွားမှာပဲ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) နိုင်စံတင်က ဧရာဝတီသို့ ပြောကြားသည်။
မွန်အမျိုးသားပါတီ တွဲဖက် အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းပင် ပါတီ ပေါင်း စည်း ရေး အတွက် ညှိနှိုင်းရေး ကော်မရှင်အဖွဲ့ ရှေ့မှောက်၌ လက်ခံသဘောတူကြောင်းနှင့် မိမိတို့ပါတီ တခုလုံး မြို့နယ်၊ ရပ်ကျေး အဆင့် ပါတီဝင် ၇၀၀၀၀ အင်အားရှိ တဖွဲ့လုံး ပါတီပေါင်းစည်းရေးကို လက်ခံပြီး ယခုထိတိုင် ယင်းမူကို စွဲကိုင် ထားဆဲ ဖြစ်ကြောင်း ပြောသည်။
“ပါတီ ပေါင်းစည်းရေး ညှိနှိုင်းအဖွဲ့တွေက ပေါင်းစည်းရေးက အလုပ်မဖြစ်တော့ဘူးလို့ ကြေညာချက်တွေ ထုတ်ကြတဲ့ အချိန် ကတည်းက စပြီး ဒီပေါင်းစည်းရေး Plan A ကို ညှိနှိုင်းရေး အဖွဲ့မပါဘဲ သွားလို့ရအောင် ကျနော်တို့ မေလ ဗဟို ကော်မတီ အစည်းအဝေးမှာ ပေါင်းစည်းရေး ဆက်လက် ညှိနှိုင်းဖို့ ပုဂ္ဂိုလ် ၃ ဦးကို တာဝန်ပေးခဲ့တယ်၊ အဲဒီ အချိန်တုန်းက တဖက် ပါတီက ဒီကိစ္စအပေါ်မှာ ဘာမှ သဘောထား မရှိသေးဘူး” ဟုလည်း နိုင်စိုးမြင့်က ပြောပြသည်။
သို့သော်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက နှစ်ပါတီပေါင်းစည်းရေး ညှိနှိုင်း ရန် ဗဟိုအလုပ်အမှုဆောင် ၃ ဦးအား အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် တရားဝင် ခန့်အပ်ခဲ့ကြောင်း ဇူလိုင်လ ၁၉ ရက်နေ့ တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စံတင်က ဧရာဝတီသို့ ပြောကြားခဲ့သည်။
တနည်းဆိုရလျှင် ပါတီ နှစ်ရပ်စလုံးက ပေါင်းစည်းရေးအတွက် ကြားခံအဖွဲ့ခေါ် ညှိနှိုင်းရေး အဖွဲ့အကူမပါဘဲ ဆက်လက် ညှိနှိုင်းနိုင်ကြရန် ပြင်ဆင်လိုက်ကြခြင်း ဖြစ်သည်။
သို့သော် တစ်ဖက်၌ ဤပါတီ ပေါင်းစည်းရေးကို သွယ်ဝိုက် ဖိအားပေးနေသည့် တသီးပုဂ္ဂလ မွန်နိုင်ငံရေးသမားများက လမ်းစ ပျောက်နေသည့် မွန်ပါတီများ တွေ့ဆုံဆွေးနွေးရေးနှင့် ပေါင်းစည်းရေး ညှိနှိုင်းရန်၊ အကယ်၍ အဆင်မပြေ ခဲ့ပါက ပါတီသစ်ထောင်ရန် မွန်ပြည်သူလူထုအား လိုက်လံ၍ ဆန္ဒသဘောထား ရယူနေသည့် အင်အားစု တစုကလည်း ရှိနေ ပြန်ရာ မွန်နိုင်ငံရေးမှာ သပွတ်အူထက် ပို၍ ရှူပ်ထွေးနေပေသည်။
နှစ်ဖက် ခေါင်းဆောင်များ၏ ပြောစကားအရ နှစ်ဖက်စလုံးက ပေါင်းစည်းရန် ဆန္ဒရှိနေကြသော်လည်း ပေါင်းစည်းရေး လက်တွေ့ အကောင်အထည် မပေါ်ရခြင်းကား လူကြောင့်လော၊ မူကြောင့်လောဟု မေးခွန်း ထုတ်ခဲ့ကြသည်မှာ ကာလ အတန်ကြာကတည်းကပင်။
မွန်ပြည်သူလူထုက လာမည့် ၂၀၂၀ အမီ မွန်ပါတီများ ပူးပေါင်း၍ တပါတီတည်း ဖြစ်စေပြီး ရွေးကောက်ပွဲ ဝင်ရန် မျှော်လင့် ချက် နှင့် ရာဇသံ ပေးထားပြီး ဖြစ်ကာ ၂၀၁၀ ရွေးကောက်ပွဲမှ စ၍ တစတစ ရှူံးနိမ့်ခဲ့ရသည့် မွန်နိုင်ငံရေးကို မွန် နိုင်ငံရေး ပါတီများ အောင်ပွဲ မရယူပေးနိုင်ခဲ့ပါက မွန်ပြည်သူများက မည်သို့ ဒဏ်ခတ်လေမည်နည်းနှင့် ဆက်လက်၍ မွန် နိုင်ငံရေး သပွတ်အူ ဇာတ်လမ်းကား မည်သို့ ပြည်ဖုံးကား ချမည်နည်းဆိုသည်ကို စောင့်မျှော် ကြည့်ရှူ့ရန်သာ ရှိပေသည်။ ။