ကျနော်၏ မိတ်ဆွေကောင်းတဦး ဖြစ်သည့် Straits Times သတင်းစာမှ ဆောင်းပါးရှင် Chua Mui Hoong ၏ အပြောအရ ဆိုလျှင် တချိန်က တည်ငြိမ်အေးချမ်းခဲ့သော မြို့ပြနိုင်ငံ (စင်ကာပူ) တွင် လူသိရှင်ကြား အချေအတင် ပြောဆို ငြင်းခုန်မှုများ အရှိန်တက်လာနေသည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ်တွင် လီကွမ်ယူ Lee Kuan Yew ကွယ်လွန်ခဲ့ ပြီး နောက်ပိုင်းတွင် ဖြစ်သည်။
အမှတ် ၃၈၊ Oxley လမ်းမှ နေအိမ်နှင့် ပတ်သက်၍ ကွယ်လွန်သူ လီကွမ်ယူ၏ ရည်ရွယ်ချက်အပေါ် ကျန်ရစ် သူ မိသားစု အပြင်းအထန် အချေအတင် ဖြစ်လာကြသည့် အချိန်တွင် အငြင်းပွားမှုများက အမြင့်ဆုံးသို့ ရောက်ရှိလာ သည်။
အတိတ်ကဆိုလျှင် အစိုးရက ထိန်းချုပ်သည့် မီဒီယာက လူသိထင်ရှား အချေအတင် ငြင်းခုံမှုများကို စီမံခန့်ခွဲမည် ဖြစ် သော်လည်း ဆိုရှယ်မီဒီယာ ပေါ်ထွန်းလာသည့် အချိန်တွင် ထိုကဲ့သို့ သေသေသပ်သပ် ဖြေရှင်းမှုများက မဖြစ်နိုင် တော့ပါ။
မည်ကဲ့သို့ ရည်ရွယ်ချက်ရှိသည်ကို မြင်နိုင်ရန် ခက်ခဲသော်လည်း အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) မှ ယဉ်ကျေးသိမ်မွေ့သော ပညာတတ် စီမံခန့်ခွဲရေးသမားများ (technocrats) ကလည်း အဆိုပါ နိုင်ငံရေး စိန်ခေါ်မှုကို ရယူလာကြသည်။ ထို့ပြင် ထိုကိစ္စအားလုံးက ဝန်ကြီးချုပ် လီရှန်လုံး Lee Hsien Loong နှင့် ဘဏ္ဍာရေးဝန်ကြီး ဟန်ဆွီကက် Heng Swee Keat တို့ ၂ ဦးလုံး ပြီးခဲ့သည့် နှစ်အတွင်း ကျန်းမာရေးနှင့် ပတ်သက်၍ ဆိုးရွားသော ပြဿနာ(သူတို့ နာမကျန်း ဖြစ်ခဲ့ကြသလို ဆေးဝါးကုသစရိတ်ကို ပြည်သူပိုင်ငွေထဲမှ အမြောက်အမြား ကျခံသုံးစွဲ ခဲ့ကြသည် ဟုလည်း စွပ်စွဲမှုများ ပေါ်ထွက်ခဲ့သည်) ကြောင့် နိုင်ငံရေးအရ မရေရာမှုများ ရှိနေသည့် အချိန်တွင် ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။
နောက်ထပ် ရှိလာသည့် ရောထွေးမှုတခုမှာ ရာထူးဆက်ခံမှုနှင့် ပတ်သက်၍ ပြောဆိုမှုအားလုံးတွင် အများ၏ လေးစား မှုကို ခံရသည့် ဒုတိယ ဝန်ကြီးချုပ် သာမန် ရှန်မူဂရတ်နမ် Tharman Shanmugaratnam (အိန္ဒိယ နွယ်ဖွား စင်ကာပူနိုင်ငံသား) ကို ထည့်သွင်းခြင်းမပြုရန် စဉ်းစားထားကြပုံရခြင်း ဖြစ်သည်။
ယခုအခါတွင် အလေးထားမှုက PAP ၏ စတုတ္ထမျိုးဆက်ဟု ခေါ်ကြသည့် (အတိအကျပြောရသော် အစိုးရက ထိန်း ချုပ်သော Straits Times သတင်းဌာနက) အနာဂတ်ခေါင်းဆောင် ဖြစ်လာဖွယ် ရှိသူများအဖြစ် ပြီးခဲ့သည့်နှစ်အတွင်းက ဖော်ပြခဲ့သူ ၆ ဦး ဆီသို့သာ ဦးတည်နေသည်။
စင်ကာပူနိုင်ငံ၏ လက်ရှိ အခင်းအကျင်းကို နားလည်အောင် အားထုတ်ရင်း အဆိုပါ ဆောင်းပါးတွင် အခိုင်အမာ ဖော်ပြခဲ့သည့် အမည် ၆ ခုထဲမှ တခုကြောင့် ကျနော် ပိုစိတ်ဝင်စားသွားပါသည်။ ပညာရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး အောင်ရဲကွန်း Ong Ye Kung ဖြစ်သည်။
သူ့နှင့် မတွေ့ဖူးမီကပင် သတိထားမိသော အချက် ၃ ချက်ရှိပါသည်။
ပထမအချက်မှာ ရုပ်ရည်ချောမောသူဖြစ်သည့် အသက် ၄၇ နှစ်အရွယ် အောင်ရဲကွန်းက လီရှန်လုံး၏ ကိုယ်ရေးကိုယ်တာ တာဝန်များကို ကာလကြာရှည်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ စာနယ်ဇင်းဆိုင်ရာ အတွင်းရေးမှူးဖြစ်ပြီး ၂၀၀၃ ခုနှစ်မှ စ၍ ၂၀၀၃ ခုနှစ် အထိ ကိုယ်ရေးအတွင်းရေးမှူးအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သည်။
ထိုကဲ့သို့ နီးကပ်ခြင်းများကြောင့် သူတို့ ၂ ဦးကြာီးတွင် နက်ရှိုင်းပြီး ကြာရှည်သော ယုံကြည်မှု ရှိနေမည်ဟု ယူဆရသည်။
ဒုတိယအချက်မှာ အောင်ရဲကွန်းက အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသူ ဖြစ်သည်။
PAP ၏ ကေဒါအများစုမှာ ထိပ်ဆုံးသို့တက်ရာတွင် အမြဲတမ်း အောင်မြင်မှု ရခဲ့သူများ ဖြစ်သည်။ သို့သော်လည်း အောင်ရဲကွန်းမှာ အဖွဲ့လိုက်ယှဉ်ပြိုင်ရသည့် Aljunied မဲဆန္ဒနယ်(GRC )တွင် ရှုံးနိမ့်ဖူးသူဖြစ်သည်။ ၂၀၁၁ ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ချ်ယို George Yeo နှင့် အတူ သူ၏ နိုင်ငံရေး ပွဲဦးထွက် အဖြစ် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
အလားအလာကောင်းများ ရှိနေသော သူ့အတွက် ခက်ခဲသော ကာလတခု ဖြစ်ခဲ့သည်။ သူ့ကိုယ်သူ ပြန်လည် သုံးသပ် မှုများ ပြုလုပ်ရန် ဖိအားဖြစ်ခဲ့မည်မှာ သံသယရှိစရာ မလိုပါ။
တတိယ အချက်မှာ ကျနော်က သူ၏ ပုံမှန် မဟုတ်သည့် ပုဂ္ဂိုလ်ရေး နောက်ခံအကြောင်းကို စိတ်ထဲ စွဲနေခြင်း ဖြစ် သည်။ သူ၏ ဖခင်ဖြစ်သူမှာ ၁၉၆၀ နှစ်များအတွင်းက ဆိုရှယ်လစ်တပ်ဦး (Barisan Sosialis ) ပါတီ မှ ပါလီမန် အမတ်တဦး ဖြစ်ပြီး လီကွမ်ယူ၏ PAP ပါတီကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။
မန်ဒရင်းတရုတ်စကားပြောသည့် အသိုင်းအဝိုင်းတွင်ကြီးပြင်းလာသူ ဖြစ်သော်လည်း အင်္ဂလိပ်ဘာသာစကားလွှမ်း မိုးသည့် ရေစီးကြောင်းအတွင်းသို့ အောင်ရဲကွန်း ကူးပြောင်းနိုင်ခဲ့သည်။ လန်ဒန်ဘောဂဗေဒကျောင်း London School of Economics (LSE) တွင် ပညာဆက်လက်သင်ကြားခဲ့သည်။
စင်ကာပူမှာ သိပ်ပြီးဆွေးနွေးကြလေ့မရှိသည့် အင်္ဂလိပ်နှင့် မန်ဒရင်းကြားမှ ဘာသာစကားနှင့် ယဉ်ကျေးမှုကို ကွဲပြား ခြင်းကို တံတားထိုးရာတွင် အောင်မြင်မှုရခဲ့သူ ဖြစ်ပါသည်။
စင်ကာပူသို့ ကျနော်ရောက်လာရခြင်းမှာ သူ့အကြောင်း အတွင်းကျကျ လေ့လာလို၍ ဖြစ်ပါသည်။
သူ၏ (၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်) Sembawang မဲဆန္ဒနယ်သို့ တပတ်လျှင် အောင်ရဲကွန်းက ၂ ကြိမ်လာရောက်လေ့ရှိရာ တကြိမ်တွင် ကျနော် သူ့နောက်ကို လိုက်ကြည့်ခြင်းဖြင့် စတင်လိုက်ပါသည်။
ဘေးကနေလေ့လာသည့် အနေဖြင့် HDB တိုက်ခန်းများတွင် နေထိုင်သူ အားလုံးကို သူချဉ်းကပ်သည်ကို ကျနော် စောင့်ကြည့်ခဲ့ပါသည်။ ထိုနေရာက အခြားနေရာများထက် ပို၍ သစ်လွင်သည့် တိုက်ခန်းများ ရှိသည့်နေရာ ဖြစ်သည်။
စကားပြောရန်နှင့် ဓာတ်ပုံရိုက်ရန် သူ့ကို ဝင်ခွင့်ပြုရန် နှစ်လိုဖွယ်ရာ ကောင်းသည့် အသွင်ဖြင့် သူက အချိန်ယူ၍ ဆွဲဆောင်စည်းရုံးသည်။
ဟုတ်ကယန့် Hokkien တရုတ်လူမျိုး သက်ကြီးရွယ်အို စုံတွဲများ၊ အမှိုက်ကိစ္စ စောဒက တက်သည့် အမျိုးသမီး တဦး သို့ မဟုတ် ၂ ဦး၊ တမီလ်လူမျိုး လူကြီး လူကောင်းတဦး၊ မလေး လူငယ်တယောက်နှင့် ပုဝါ(hijab) ခြုံထားသော သူ၏ အဒေါ် စသည်ဖြင့် စင်ကာပူ၏ မြင်နေကျအတိုင်း ဖြစ်သည်။
အောင်ရဲကွန်းက ဟိတ်ဟန်မထားဘဲ အားလုံးကို ကျင်လည်စွာ ကိုင်တွယ်သွားသည်။
Sembawang နှင့် အထူးသဖြင့် Gambas မှ (မဲဆန္ဒနယ်မှ သူအတွက် သတ်မှတ်ထားသည့် အပိုင်း) Yishun တို့က အံ့အားသင့်စရာ ဖြစ်သည်။
စင်ကာပူ၏ မြောက်ဘက်စွန်းတွင်ရှိပြီး တဖက်က မလေးရှားနိုင်ငံနှင့် ကပ်နေသည့် မဲဆန္ဒနယ်မှာ စင်ကာပူမှ ကျနော်သိသည့် အခြားနေရာများကဲ့သို့ လူနေထူထပ်သော နေရာတခု မဟုတ်ပါ။
Simpang မှသည် Yishun အရှေ့မြောက်ဘက်အထိ နှင့် Sembawang ၏ အခြား အစိတ်အပိုင်းများ တွင် ဖွံ့ဖြိုးမှု သိသိသာသာနည်းသည့် နိုင်ငံပိုင်မြေများရှိသည်။ ၎င်းတို့က ကျနော့်ကို မနီလာ၊ ဆူရာဘာယာနှင့် ဟနွိုင်းကဲ့သို့ အခြားသော အရှေ့တောင်အာရှ မြို့ကြီးများတွင်လည်း ဆင်ခြေဖုံးများက တည်ဆောက်ဆဲဖြစ်သည်ကို သတိရစေ သည်။
အတိုချုပ်ပြောရလျှင် အနာဂတ်အလားအလာ ကြီးမားစွာ ရှိနေသည့် နေရာတခု ဖြစ်ပါသည်။
သူနှင့် စကားပြောဖြစ်သည့် အခါတွင်လည်း အနာဂတ်အလားအလာ ဆိုသည့် စကားလုံးကို ကျနော်ပြန် သတိရခဲ့ သည်။
သို့သော်လည်း ထိုသီတင်းပတ်အတွင်းတွင် သူနှင့် တွေ့သည့် အခါ အောင်ရဲကွန်းက သူ၏ ရည်ရွယ်ချက်များ သို့မဟုတ် အမှတ် ၃၈ Oxley လမ်းနှင့် ပတ်သက်၍ ကျနော့်ကို အခြေခံကျသော အဖြေများ ပေးလိမ့်မည် မဟုတ် ကြောင့် ကျနော် သိခဲ့ရသည်။
သူက အပြောအဆို ဆင်ခြင်သူ၊ အာရုံစိုက်တတ်သူ သူ့ပါတီကိုအပြည့်အဝ ထောက်ခံသည် တယောက် ဆိုသည် ကတော့ ပြောရန် လိုမည် မထင်ပါ။ ညှာတာစိတ် မရှိသူများကတော့ သူ့ကို ငြီးငွေ့စရာ ကောင်းသူဟု ခေါ်ကြပါလိမ့်မည်။
သို့သော်လည်း ပညာရေး အကြောင်းပြောသည့် အချိန်တွင် ကျနော် အံံ့အားသင့်ခဲ့ရသည်ကို ဝန်ခံပါသည်။ သူ၏ ကျွမ်း ကျင်မှုကို ကောင်းစွာ ပြသနိုင်ခဲ့သည်။ အထူးသဖြင့် ဘဝတသက်တာ ပညာရေး (lifelong education) နှင့် ပတ် သက်၍ ဖြစ်သည်။ စိတ်အားထက်သန်မှု နှင့် ယုံကြည်မှုလည်း ရှိသည်။
အလိုအလျောက် နည်းပညာ ခေတ်အတွက် တိုင်းပြည်က မည်သို့ ပြင်ဆင်ထားခဲ့သနည်းဟု ကျနော်မေးသည့်အခါ “ကျောင်းသားတွေကို ကုဒ် (Code) ရေးတာနဲ့ ဉာဏ်ရည်တု (AI) တွေ သင်ကြားပေးရုံသက်သက် မဟုတ်ဘဲ စင်ကာပူက ခြားနားတဲ့ ချဉ်းကပ်မှုတခု ပြုလုပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြောင်းအလဲတွေက အရမ်းမြန်တယ်။ အခြေခံကျတဲ့ အချက်တွေမှာ အာရုံစိုက်ဖို့ ပိုအရေးကြီးလာပါတယ်” ဟု သူက ပြောသည်။
“ကျနော်တို့ အနေနဲ့ ကျောင်းသားတွေကို သိလိုစိတ်များလာဖို့နဲ့ ပျော်ရွှင်စွာ သင်ယူနိုင်ဖို့ စွဲနေအောင် ရိုက်သွင်းပေးရ ပါမယ်။ အသင်းအဖွဲ့နဲ့ လုပ်နိုင်အောင်၊ လူတွေ အပေါ်ကောင်းမွန်အောင် သင်ပေးရပါမယ်။ အထူးသဖြင့် ယဉ်ကျေးမှု Culture တွေ ရောစပ်နေတဲ့ အချိန်မှာ ဖြစ်ပါတယ်။”
ခေါင်းထဲကို ရိုက်သွင်းခြင်းနှင့် ပျော်ရွှင်စွာ သင်ယူခြင်းတို့မှာ PAP ဝန်ကြီးတယောက်၏ စိတ်ကူးလားဟု ကျနော် သိ ချင်မိပါသည်။ သို့သော်လည်း သူက ဆက်ပြောသည်။
“ကျောင်းသားတွေ သူတို့ရဲ့ စွမ်းရည်နဲ့ ဖြစ်လိုစိတ် ဝါသနာကို တွေ့ရှိအောင် အကူအညီပေးမယ့် စနစ်တခု အခု ကျနော်တို့ ဆီမှာ ရှိပါတယ်။ အဲဒါက ပျော်ရွှင်စွာ သင်ကြားနိုင်ရေး အတွက် အရေးကြီးပါတယ်။ တကယ်လို့ ခင်ဗျားက ကိုယ်ဘာဖြစ်ချင်သလဲဆိုတာ ကိုယ်ဖာသာသိတာ သေချာရင် ခင်ဗျားသွားရမယ့် လမ်းကြောင်း အတွက် ရွေးချယ်စရာ တခု ရှိရပါမယ်။”
“အခုဆိုရင် ကျနော်တို့ရဲ့ စီးပွားရေး က ပိုပြီး အမျိုးအစား စုံလင်လာပါပြီ။ အလုပ်တွေလည်း အမျိုးမျိုး ပေးနိုင်ပါပြီ။ ခင်ဗျားရဲ့ စိတ်အားထက်သန်မှု (ဝါသနာ)က ဘဝရပ်တည်ရေးအတွက် ဝင်ငွေရမယ့် အလုပ်တခုရသင့်ပါတယ်။ လူမှု အသိုင်းအဝိုင်းရဲ့ လက်ခံမှုရသင့်ပါတယ်။ နေရာ အသီးသီးမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ ခင်ဗျားလည်း မြင်ပြီးပါပြီ။ ဥပမာ ဒီဂျစ်တယ် အထူးပြုလုပ်ချက်တွေပေါ့။ Lucasfilm နဲ့ တခြား ဖန်တီးမှုလုပ်ငန်းတွေ ဒီမှာ တည်ထောင်နေကြပြီ။ အဲဒါတွေက အောင်လက်မှတ်တွေ မဖြစ်မနေလိုတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ် ဘာလုပ်နိုင်သလဲ၊ ကိုယ်ဘာ လုပ်ခဲ့သလဲ ဆိုတာကို ပြနိုင်ဖို့ တော့လိုပါတယ်။”
“အတွေ့အကြုံတွေနဲ့ ကျွမ်းကျင်မှု စွမ်းရည်တွေပေးဖို့ အတွက် ကျောင်းတွေ အနေနဲ့ သူတို့ရဲ့ အစဉ်အလာအတိုင်း အသိပညာဖြန့်ဖြူးပေးတဲ့ ကဏ္ဍကနေ လျှင်လျှင်မြန်မြန် ပြောင်းလဲရပါမယ်။ ဒါကြောင့် အခုအချိန်မှာ အတွေ့အကြုံ နဲ့ ယှဉ်ပြီး လေ့လာနိုင်ရေး၊ အလုပ်သင်အဖြစ် လုပ်နိုင်ရေး၊ လူမူအသိုင်းအဝိုင်း စီမံကိန်းတွေနဲ့ နိုင်ငံခြား အတွေ့အကြုံ တွေကို အများကြီး ပိုပြီး အာရုံစိုက်လာပါတယ်။ အဓိက စိန်ခေါ်မှုကတော့ ကျောင်းသားတွေနဲ့ မိဘတွေရဲ့ စိတ်နေ သဘောထားကို ပြောင်းလဲရေး ဖြစ်ပါတယ်။ မျိုးဆက်တခုအတွင်းမှာ အဲဒါဖြစ်လာမယ်လို့ ကျနော် ယုံကြည်ထား ပါတယ်။”
စင်ကာပူတွင် ပြည်သူကို ဗဟိုပြုရေးမှာ (ပညာရေးတွင် ဖြစ်စေ၊ အုပ်ချုပ်ရေးတွင် ဖြစ်စေ) အများ နားလည် လက်ခံ သည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီး အတော်ပင် ရှေးရိုးစွဲ မကျသည့် အကြောင်းအရာတခုလို ဖြစ်သည်။
သေချာသည်မှာ စင်ကာပူနိုင်ငံတွင် အနာဂတ်စီးပွားရေး ဆောင်ရွက်မှုတွင် အပြောင်းအလဲများအဖြစ် အသိအမှတ်ပြု ထားခြင်းမှာ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု တိုးလာခြင်း ဖြစ်သည်။ ယခုနှစ်တွင် စင်ကာပူဒေါ်လာ ၁၂.၉ ဘီလီယံ (စုစု ပေါင်း ဘတ်ဂျက်၏ ၁၇ ရာခိုင်နှုန်း) သုံးစွဲခဲ့သည်။ ၂၀၀၅ ခုနှစ် ကထက် စာလျှင် ၂ ဆ တက်လာခြင်း ဖြစ်သည်။
သို့သော်လည်း ပို၍ အရေးကြီးသည်မှာ တိုးမြှင့်လိုက်ခြင်းက ပညာရေး၏ သတ်မှတ်ချက်များကို အားလုံးနီးပါး ပြန် လည် တည်ဆောက်ခြင်းနှင့် ကိုက်ညီမှုရှိနေသည့် အသွင်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံ၏ အနာဂတ်နိုင်ငံရေးနှင့် လူမှုအသိုင်းအဝိုင်း အပေါ် ထူးခြားစွာသက်ရောက်စေမည်လည်း ဖြစ်သည်။
အောင်ရဲကွန်းအနေဖြင့် အလားတူတာဝန်မျိူးကို ထမ်းဆောင်ခဲ့ကြောင်း တွေ့ခဲ့ရပြီး ဖြစ်သော်လည်း ယခုကိစ္စကဲ့သို့ ကြီးမားသော အပြောင်းအလဲ တရပ်ကို အကောင်အထည် ဖော်ရခြင်းက ထိတ်လန့်ချင်စရာ စိန်ခေါ်မှုတခု ဖြစ်သည်။ ၂၀၀၅ မှ ၂၀၀၈ ခုနှစ် အတွင်းတွင် Workforce Development Agency (WDA) ၏ အကြီးအကဲ အဖြစ် သူတာဝန် ယူစဉ်က အလုပ်သမားများ၏ ကျွမ်းကျင်မှု အရည်အသွေး သတ်မှတ်ရေး စနစ်တခုကို အောင်ရဲကွန်းက စတင် ဆောင် ရွက်ခဲ့ရဖူးပါသည်။
အလားတူပင် မန်ဒရင်းနှင့် အင်္ဂလိပ် ကြားမှ ကွဲပြားချက်များအကြောင်း ကျနော်တို့ ပြောကြသည့် အချိန်တွင် သူက ဘာသာစကား၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးတို့၏ တခုပေါ်တခု သြဇာလွှမ်းမိုးကြသည့် သိမ်မွေ့သော သဘောတရားကို အမိအရ နားလည်ထားသူ ဖြစ်ကြောင်း ကျနော် သတိပြုမိပါသည်။
“ဘာသာစကား တခုကို ကျွမ်းကျင်ဖို့ တခုထဲ မဟုတ်ပါဘူ်း။ အဲဒါရဲ့ တွေးတောတဲ့ ပုံစံတွေကို နားလည်ဖို့လည်း အရေးကြီးပါတယ်။ မန်ဒရင်းက စရိုက်လက္ခဏာ ပေါင်းစုံပါဝင်ပြီးတော့ သမိုင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ အင်္ဂလိပ် ကတော့ ယုတ္တိကျနမှုနဲ့ လေ့လာဆန်းစစ်မှု အတွက် ဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ ဘာသာစကားတွေကို လေ့လာတာက စိတ်ခွန်အားကို တိုးမြှင့်စေနိုင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။”
ထိုဘာသာစကားကိစ္စက စင်ကာပူနှင့် တရုတ်နိုင်ငံတို့၏ ဒုက္ခများသော ထိတွေ့ဆက်ဆံရေးကို ကျနော် လေ့လာကြည့်ခဲ့ပြီး နောက်မှ ဖြစ်ပါသည်။ တရုတ်အစိုးရက ယခင်အချိန်များကထက် ပို၍ သြဇာတက်လာသည့်အချိန် တွင် အကြီးအကျယ် ကြိုတင်ပြင်ဆင်ထားသော အောင်ရဲကွန်း ဆယ်စုနှစ်နှင့် ချီ၍ ရှေ့ကို မည်ကဲ့သို့ ရောက်နေမည် ဆိုသည်ကိုလည်း ကျနော် သတိပြုမိပါသည်။
အောင်ရဲကွန်းက တော်လှန်သူတယောက် မဟုတ်သလို ရှေးရိုးစွဲ သမားတယောက်လည်း မဟုတ်ပါ။
သို့သော်လည်း သူ၏ ပုံမှန်မဟုတ်သည့် ကိုယ်ရေးသမိုင်း၊ ရွေးကောက်ပွဲတခုတွင် ရှုံးနိမ့်ဖူးခြင်း၊ အတွေ့အကြုံမှ သင်ယူခဲ့ခြင်းများအပြင် ပညာရေးပြုပြင်ပြောင်းလဲရေးကို ဆွဲကိုင်ထားရန် စိတ်အားထက်သန်နေခြင်းများက သူသည် အနာဂတ် အလားအလာအပေါ်တွင် အာရုံစိုက် စိတ်ပိုင်း ဖြတ်ထားသူ တယောက်ဆိုသည်ကို ဖော်ပြနေသည်။
အောင်ရဲကွန်းက အမှန်တကယ် ဝန်ကြီးချုပ် ဖြစ်လာမည်လားဆိုသည်ကို အချိန်က စကားပြောသွားပါလိမ့်မည်။
သို့သော်လည်း အချေအတင် ငြင်းခုန်မှု များပြားလှသည့်ခေတ်ကြီးတွင် ခေါင်းဆောင်မှုဆိုသည်မှာ အနာဂတ်ကို ကြည့်သူများ၊ အနာဂတ်နှင့် လိုက်လျောညီထွေစွာ တည်ဆောက်ရန် စိတ်ပိုင်းဖြတ်ထားသူများဆီသို့ ဦးတည် ချဉ်းကပ်သွားလေ့ရှိသည်ဟု ကျနော် ထင်မိပါသည်။
(ကာရင်မ်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသော မလေးရှားစာရေးဆရာ တဦး ဖြစ်သည်)