၂၀၁၂ ခုနှစ် ရခိုင် ဘင်္ဂါလီ အရေးအခင်းသည် ၂၀၁၂ ခုနှစ် မေလ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ၌ ရခိုင် အမျိုးသမီးငယ် မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်းနှင့် ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ် မြို့တွင် ဘင်္ဂါလီ မွတ်စလင် ၁၀ ဦးအား လူတစုက သတ်ဖြတ် လက်စားချေခြင်းမှ စတင်သည်ဟု ဆိုကြသည်။
ထိုဖြစ်စဉ်အား အစိုးရ၏ကိုင်တွယ်မှု အားနည်းခြင်းကြောင့် သို့မဟုတ် ပြဿနာဖန်တီးလိုသူ အစွန်းရောက် လူတစုက ဖန်တီး ခြင်းကြောင့်ဟုလည်း ဆိုကြသည်။
ထိုသို့ဆိုနိုင်သည့် အကြောင်းအချက်များလည်း ရှိပါသည်။ သို့သော် တကယ်တမ်းဆိုရလျှင် တကယ့်ပြဿနာမှာ နှစ်ပေါင်း များစွာရှိနေသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာအား မှန်ကန်စွာဖြေရှင်းခြင်းမရှိဘဲ ပြဿနာမရှိသကဲ့သို့ ထားခဲ့ခြင်း၏ အကျိုးဆက်ဖြစ်သည်ဟု ဆိုရပါမည်။
ပြဿနာဖန်တီးသူတို့က မည်သို့ဖန်တီးချင်သည်ဖြစ်စေ မူရင်းရေခံမြေခံ မရှိဘဲ ပြဿနာကြီး ပေါ်ပေါက်လာနိုင်ခြင်းမရှိပေ။
ထို့ကြောင့်လည်း လူသောင်းချီ သေဆုံးခဲ့သည့် ၁၉၄၂ ခုနှစ် ရခိုင်ဘင်္ဂါလီအရေးအခင်း အပြီး နှစ်ပေါင်း ၇၀ အကြာတွင် ကြီးမားသည့် ဒုတိယအကြိမ် ရခိုင်ဘင်္ဂါလီ အရေးအခင်း ဖြစ်ပေါ်လာခဲ့သည်။
ထို့အပြင် ဤပြဿနာသည် နိုင်ငံတကာက အာရုံစိုက်သည့် ပြဿနာလည်း ဖြစ်လာခဲ့သည်။ ကြာမြင့်စွာပစ်ထားခဲ့၍ ရောဂါရင့်မှ ကုသရသည့် အခြေအနေမျိုးလည်း ဖြစ်နေပေတော့သည်။
ကျောက်နီမော်နှင့် တောင်ကုတ်ပြဿနာများ ပေါ်ထွက်လာသည့် ရက်ပိုင်းအတွင်း ဘင်္ဂါလီမွတ်စလင် အများစုနေထိုင် သည့် မောင်တောမြို့၌ ၂၀၁၂ ဇွန်လ ၈ ရက် သောကြာနေ့တွင် နေ့ဝတ်ပြုဆုတောင်းပွဲအပြီး ဗလီအတွင်းမှ ထွက်လာ သော ထောင်နှင့်ချီသည့် ဘင်္ဂါလီမွတ်စလင်များသည် တုတ်ဓား လက်နက်စွဲကိုင်၍ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များ နှင့် နေအိမ်အဆောက်အုံများ၊ ဗုဒ္ဓဘာသာ ဘာသာရေး အဆောက်အအုံများကို တိုက်ခိုက်ကြတော့သည်။
ဤသို့ မောင်တော၌ ဆူပူအုံကြွမှုသည် ကျောက်နီမော်နှင့် တောင်ကုတ်အရေးကြောင့် သက်သက်ပေါ်လာသည်ဟု ယူဆ ၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဤသို့ပြဿနာများ မရှိခင် ၁၉၈၈ ခုနှစ်ကလည်း တကြိမ်ဖြစ်ဖူးခဲ့၍ ဖြစ်သည်။
၁၉၈၈ ခုနှစ် မေလ ၁၃ ရက်နေ့ည ၇ နာရီခန့်တွင် ဘင်္ဂါလီမွတ်စလင် လူဦးရေ ၅၀၀၀၀ ခန့်သည် မောင်တောမြို့အား ဝိုင်း၍ ကြွေးကြော်သံများ ဟစ်ကြွေး၍ ဆူပူမှုဖြစ်ပွားခဲ့သည်။ နေအိမ်တချို့နှှင့် ဘုန်းကြီးကျောင်း တကျောင်းအား ဖျက်ဆီး မှု ပြုခဲ့သည်။ မြို့တွင်း ရဲတပ်ဖွဲ့နှင့် ထိန်းသိမ်းရန် မလွယ်ကူခဲ့ပေ။
မြို့အား ဝိုင်းထားစဉ် ဖုန်းလိုင်းများပါ ဖြတ်တောက်ထားခဲ့၍ မြို့နှင့် ၄ မိုင်အကွာရှိ လုံထိန်းတပ်ဖွဲ့သို့ ကားဖြင့် ဖောက်ထွက် ၍ အကူအညီရယူပြီး လုံထိန်းတပ်ဖွဲ့ ရောက်လာမှပင် အခြေအနေ ထိန်းသိမ်းနိုင်ပြီး မနက်မိုးမလင်းခင် ဘင်္ဂါလီမွတ်စလင် များ လူစုခွဲသွားကြသည်။
ဤအခြေအနေသည် ရခိုင်ပြည်နယ် အခြားနေရာများတွင် မည့်သည့်အဖြစ်အပျက်များမှ မရှိဘဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုလှုပ်ရှားမှု နောက်ကွယ်တွင် RSO ခေါ် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့က ကြိုးကိုင် နေသည်ဟု ယူဆကြသည်။ ထိုလုပ်ဆောင်ချက်အား ရဲတို့အား မကျေနပ်ပြီး ဆန္ဒပြသည်ဟူ၍ ရှင်းလင်းမှုများ ရှိသော်လည်း ညဘက် လူအင်အား အများအပြား နှင့် မြို့အား ဝိုင်းခြင်းသည် သာမန်ဆန္ဒပြမှုမျိုးတော့ မဟုတ်ပေ။
သို့သော် ၁၉၈၈ ခုနှစ်တွင် ပြည်တွင်း၌လည်း နိုင်ငံရေး အကြပ်အတည်း ဖြစ်ပေါ်နေရာဤ ကိစ္စအား ပြည်တွင်းမှရော နိုင်ငံတကာကပါ အာရုံမစိုက်မိပေ။
သို့ဖြစ်ရာ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ မောင်တော ဆူပူမှုသည် ကျောက်နီမော်၊ တောင်ကုတ် ပြဿနာတို့ကြောင့် ရှောင်တခင် ပေါ်လာသည့် ပြဿနာ မဟုတ် ရေရှှည် အမြစ်တွယ်နေသည့် ပြသနာကြောင့် ဖြစ်သည်။ အခွင့်အခါကောင်းတွင် ပြန်လည်ပေါ်လာသည့် ပြဿနာဖြစ်သည်။
မောင်တောဆူပူမှုအတွင်း မြို့တွင်းရှိ အိမ်များဈေးဆိုင်များ ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရသကဲ့သို့ မောင်တောမြို့ အနောက်တောင်ဘက်ရှိ ရခိုင်တိုင်းရင်းသား ကျေးရွာ ၁၀ ရွာခန့် မီးရှို့ဖျက်ဆီး ခံလိုက်ရသည်။
ထို့နောက် ၂၀၁၂ ဇွန်လ ၉ ရက်နေ့တွင် စစ်တွေမြို့၌ ဆူပူမှုဖြစ်သည်။ နေအိမ်များ ရပ်ကွက်များ ရွာများ အပြန်အလှန် မီးရှို့ဖျက်ဆီးကြတော့သည်။ ထို့နောက် မငြိမ်သက်မှုများမှာ အောက်တိုဘာလအထိ ဖြစ်ပွားသည်။
ကျောက်ဖြူ မြို့တွင် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖြစ်ပွားသည်။ အပြန်အလှန် တိုက်ခိုက်မှုများကြားတွင် မီးလောင် ပျက်စီးမှုများ သေကြေ ဒဏ်ရာရမှု များပြားခဲ့သည်။
စစ်တွေ၊ ကျောက်ဖြူရှိ ဘင်္ဂါလီတို့၏ အိမ်များ ဗလီများ အဖျက်ခံခဲ့ရသကဲ့သို့ ရခိုင်တို့၏ နေအိမ်များ ဘုန်းကြီးကျောင်းများ လည်း ဖျက်ဆီးခံခဲ့ရသည်။
သို့ဖြစ်ရာ ၂၀၁၂ ရခိုင်ဘင်္ဂါလီ အရေးအခင်းသည် ဇွန်လမှ အောက်တိုဘာလ အထိ ၅လ ကြာမြင့်ခဲ့ပြီး ဆုံးရှုံးပျက်စီး သေကြေ ဒဏ်ရာရမှုများစွာ ဖြစ်ပွားခဲ့သည်။ ဒုက္ခသည်စခန်း များစွာ ပေါ်ပေါက်ခဲ့သည်။ အပြန်အလှန် စွပ်စွဲမှုများစွာ ပေါ်ခဲ့သည်။ မီးကို မည်သူကစရှို့သည် မည်သူက စတင်တိုက်ခိုက်သည် ဆိုသည်တို့ အပြန်အလှန် ငြင်းခုံခဲ့ကြသည်။
အပြန်အလှန်ယုံကြည်မှု ပျက်ပြားသွားသည်ကတော့ အသေအချာဖြစ်သည်။ ယခုအချိန်တွင် ရခိုင်ဒုက္ခသည် စခန်းများကို ပြန်လည် နေရာချပေးနိုင်ပြီ ဖြစ်သော်လည်း ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်စခန်းများကို ပြန်လည်နေရာချ ပေးနိုင်ခြင်း မရှိ သေးပါ။
အနီးခေတ် ဘင်္ဂါလီမွတ်စလင် တို့၏ ပုန်ကန်ထကြွမှုများ
၁၉၈၈ ခုနှစ် မေလ မောင်တော မြို့ကို ဝိုင်းပြီး မကြာခင် ၁၉၉၄ ခုနှစ်တွင် RSO ခေါ် ဘင်္ဂါလီမွတ်စလင် လက်နက်ကိုင် အဖွဲ့ အင်အား ၁၂၀ ခန့်သည် ပင်လယ်ရေကြောင်းလမ်းမှ မောင်တော မြို့နယ်တွင်းသို့ ဝင်ရောက်လာခဲ့သည်။
၁၉၉၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ညတွင် မောင်တော မြို့ နေရာ ၁၂ နေရာ ဗုံးများ ခွဲရာ ဗုံး ၉လုံး ပေါက်ကွဲသည်။ မပေါက်ကွဲသော ဗုံး ၃ လုံးကိုလည်း အာဏာပိုင်များက သိမ်းဆီးရမိခဲ့သည်။ ထိုနေ့ညတွင် RSO အင်အား ၈၀ ခန့် က မောင်တော တောင်ပိုင်းသို့ လည်းကောင်း၊ အင်အား ၄၀ ခန့်က မြောက်ပိုင်းသို့ လည်းကောင်း ဝင်ရောက်ခဲ့သည်။
မောင်တော တောင်ပိုင်းသို့ ဝင်ရောက်သည့် RSO များ ကျောက်ပန်းဒူရွာ ဇေယျဝတီရွာ တို့ကို တိုက်ခိုက်ခဲ့သည်။ မြောက်ပိုင်းသို့ ဝင်သော RSO များက ရွှေတောင်ရွာအား တိုက်ခိုက်ခဲ့သည်။ ထိုနောက် တပ်မတော်က ဝင်ရောက် ရှင်းလင်းရာ ရက်၂၀ ခန့်အတွင်း RSO ၅၈ ဦး သေဆုံး၍ လက်နက် ခဲယမ်းများ သိမ်းဆည်းရမိကာ ဗုံးထောင်ရာတွင် ပါဝင် သူ ၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။ RSO လှုပ်ရှားမှု အရေးနိမ့်သွားခဲ့သည်။
၂၀၁၂ အရေးအခင်းများ အပြီး ၄ နှစ်အကြာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် နောက်တကြိမ် အစိုးရနယ်ခြားစောင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့သည်။ မောင်တော မြို့နယ်အတွင်းရှိ အမှတ် ၁ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်ရှိရာ ကျီးကန်းပြင်စခန်း၊ ငါးခူရစခန်းနှင့် ကိုးတန်ကောက် စခန်းတို့ကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
အဆိုပါ အောက်တိုဘာ တလအတွင်း ရဲတပ်ဖွဲ့မှ ၉ ဦး ကျဆုံး၊ တပ်မတော်က ၅ ဦး ကျဆုံးကာ လက်နက် ၄၈ လက် ဆုံးရှုံး ခဲ့သည်။ ဘင်္ဂါလီမွတ်စလင် လက်နက်ကိုင်များ ဘက်ကလည်း ၃၄ ဦး သေပြီး ၄၉ ဦး ဖမ်းဆီး ခံခဲ့ရသည်။
ထိုမှစ၍ မောင်တော ဒေသတွင်း၌ လက်နက်ကိုင် တိုက်ခိုက်မှုနှင့် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၆ ခုနှစ် ကုန်ပိုင်း တွင် အစိုးရနှင့် တပ်က အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ လက်ရှိ မောင်တောနယ်အတွင်း ဘင်္ဂါလီမွတ်စလင် တို့၏ လက်နက်ကိုင် လှုပ်ရှားမှုကို အကာမူမူဂျာဟစ်ဒင် အဖွဲ့က ဦးဆောင်နေသည်ဟု ဆိုသည်။ တိုက်ပွဲများအတွင်း RSO တံဆိပ်များ အလံများ ကိုလည်း တွေ့ရသည်ဟု ဆိုသည်။
လတ်တလောတွင် တိုက်ခိုက်မှုများ ငြိမ်သက်နေသော်လည်း လှုပ်ရှားမှုများ ရှိနေဆဲဖြစ်သည်။
၂၀၁၇ မေလ ၃၁ ရက်နေ့က မောင်တော မြို့နယ် ချောင်းကုလားမြောက် ကျေးရွာမှ မော်လဝီဆရာ တယောက် အိမ်တွင် လမ်းလျှောက် စကားပြောစက် အလုံး ၄၀ သိမ်းဆည်း ရမိပြီး လူကမူ ထွက်ပြေး လွတ်မြောက်နေသည်ဟု ဆိုသည်။
ထို့အပြင်၂၀၁၆ အောက်တိုဘာ ၉ ရက်မှ ၂၀၁၇ မေလကုန်အထိ အရပ်သား ၃၀ သေဆုံး၊ ၂၂ ပျောက်ဆုံး၊ စုစုပေါင်း ၅၂ ဦး ထိ ရှိပြီ ဖြစ်သည်။ အစိုးရ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သော ဘင်္ဂါလီမွတ်စလင် လူကြီးများ ကျေးရွာ အုပ်ချုပ်ရေးမှူးများ သေဆုံးသည့် အထဲတွင် ဆက်တိုက်လို ပါဝင်လာသည်ကို တွေ့ရသည်။
ထို့အပြင် မေလအတွင်း ဗုံးပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးရာတွင် ပါကစ္စတန် နိုင်ငံသား ၂ဦး ပါဝင်သည်ကို တွေ့ရသည်။ လက်ရှိ ဘင်္ဂါလီမွတ်စလင်တို့၏ လက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့ အစည်းများနှင့် ဆက်စပ်နေကြသည်။
ဗိုလ်နေဝင်း အာဏာသိမ်းပြီး ၁၉၆၃ ခုနှစ် မတရားသင်း ကြေညာရာတွင် ရိုဟင်ဂျာ အမည်တပ်ထားသော အဖွဲ့အစည်း အားလုံးပါသွားသည်။ ရိုဟင်ဂျာ ကျောင်းသားသမဂ္ဂခေါင်းဆောင် မိုဟာမက်ဂျဖါဟာဘစ် (Mohammad Jafar Habib) အပါအဝင် တက်ကြွလှုပ်ရှားသူများက မြေအောက်ရောက်သွားကြပြီး ၁၉၆၃ မေလတွင် ရိုဟင်ဂျာ လွတ်လပ်ရေး တပ်ဖွဲ့ (Rohingya Independence Force – RIF)ကို စတင်ဖွဲ့စည်းရာ အစောဆုံး ရိုဟင်ဂျာ အမည်ခံသူပုန်အဖွဲ့ဖြစ်လာခဲ့သည်။
၁၉၆၁ ခုနှစ် မူဂျာဟစ်ဒင်များ အဆုံးသတ်သွားပြီး ပြန်လည်ပေါ်လာသော သူပုန်အဖွဲ့ဟု ဆိုရမည်။ ၁၉၇၄ ခုနှစ်တွင် ထို အဖွဲ့သည် Rohingya Patriotic Front – RPF ဟုဖြစ်လာသော်လည်း ရခိုင်တွင် မလှုပ်ရှားနိုင်ဘဲ ဘင်္ဂလားဒေ့ရှ် စစ်တကောင်း တွင် အခြေပြု လှုပ်ရှားခဲ့သည်။
၁၉၇၈ ခုနှစ် မြန်မာနိုင်ငံတွင်း နေထိုင်သူများအား စစ်ဆေးရန် နဂါးမင်း စစ်ဆင်ရေး ပြုလုပ်သည့်အခါ ဘင်္ဂါလီ ၂၅၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသောအခါ နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိပြီး ဆော်ဒီအာရေဗျ၏ အကူအညီ စတင်ရရှိခဲ့ သည်။
ထိုသို့ နိုင်ငံတကာ အထောက်ပံ့များ ရလာသောအခါ ပို၍ စစ်သွေးကြွသော အစိတ်အပိုင်းများသည် RPF မှခွဲထွက်ပြီး RSO ကို ထူထောင် ခဲ့ကြသည်။ ပို၍ တင်းကြပ်သော ဘာသာရေး စည်းကမ်းများကြောင့် ကမ္ဘာ့မွတ်စလင် အသိုင်းအဝိုင်းရှိ အလား တူ အဖွဲ့များ၏ ထောက်ခံမှု ရခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်၊ မလေးရှား၊ ကက်ရှမီးယားတို့မှ အဖွဲ့များ၏ ထောက်ခံမှုရလာပြီး ဘင်္ဂလားဒေ့ရှ် Ukhia ရှိ RSO စခန်းများတွင် အာဖဂန် နည်းပြများကို တွေ့လာရပြီး RSO ၁၀၀ ခန့်မှာလည်း အာဖဂန်သို့ သင်တန်းသွား တက်ခဲ့သည်။
၁၉၉၄ တွင် ရခိုင်သို့ RSO တို့ ဝင်ရောက်ခဲ့သော်လည်း အရေးနိမ့်ခဲ့သည်။
ဘင်္ဂါလီမွတ်စလင်များထဲမှ အလယ်အလတ် ကျသောသူများသည် Arakan Rohingya Islamic Front-ARIF ဟူ၍ ဖွဲ့စည်းခဲ့သည်။
RPF လက်ကျန်နှင့် RSO မှ ထွက်ပြေးလားသူများနှင့် ဖွဲ့စည်းခဲ့သော်လည်း အင်အားကြီးထွားမလာဘဲ ဘင်္ဂလားဒေ့ရှ် တွင် လည်း ခြေကုပ်ကောင်းစွာ မရခဲ့ဟု ဆိုပါသည်။
၁၉၉၈ ခုနှစ်တွင် Arankan Rohingya National Organization အာရကန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့ ဖြစ်လာပြီး အလယ်အလတ် အယူဝါဒကို ဖော်ပြ၍ စစ်တကောင်းနှင့် ကော့ဘဇားတွင် ပြည်ပြေးအဖြစ် ရပ်တည်ခဲ့ကြသည်။
သို့သော် နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် အစိုးရက နယ်စပ်ကို ပို၍ ထိန်းချုပ်လာပြီးသည့် နောက်ပိုင်း ထိုအဖွဲ့များသည် သိပ် အလုပ်မဖြစ်တော့ ဟူ၍လည်း ဆိုကြသည်။
သို့သော် ရခိုင်ရှိ ဘင်္ဂါလီမွတ်စလင် များထဲမှ တက်ကြွသူများသည် နောက်ပိုင်း၌ မလေးရှား၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှားတို့ရှိ မွတ်စလင် စစ်သွေးကြွများနှင့် အဆက်အစပ် ပိုရှိလာသည်။ ထို့အပြင် ပို၍တက်ကြွသည့် မျိုးဆက်တခု ထွက်ပေါ်လာသည် ဟု သုံးသပ်ကြသည်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီနှင့် မေလကလည်း အသေအပျောက်များသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်တွင်း မီဒီယာ များတွင် ဖော်ပြခြင်း မရှိဟု ဆိုပါသည်။ နောက်တဖန် ၂၀၁၆ ခုနှစ်အောက်တိုဘာ မှစ၍ ထပ်မံတိုက်ခိုက်မှုများ ပေါ်လာသည်။
အဆိုပါ စစ်သွေးကြွများကို ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နယ်စပ်များတွင် လေ့ကျင့်ပေးနေကြသည်။ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားမှ အကြမ်းဖက် အဖွဲ့များနှင့် အဆက်အသွယ် ရှိကြသည်။
လက်ရှိ လှုပ်ရှားမှုနောက်ကွယ်မှ အဓိက ခေါင်းဆောင်မှာ ရခိုင်ပြည်နယ်မှ မိဘများက ပါကစ္စတန်နိုင်ငံတွင် ဖွားမြင်သူ Abdus Qadoos Burmi ဟူ၍လည်း ဆိုကြသည်။
ယခုအချိန်ထိ စစ်သွေးကြွ မည်မျှရှိသည်၊ မည်သို့ လက်နက် တပ်ဆင်ထားသည်၊ မည်သူက ခေါင်းဆောင်ဖြစ်၍ မည်သည့် အဖွဲ့အစည်း ဖြစ်သည် ဆိုသည်တို့မှာ ယခုအချိန်ထိ ရှင်းရှင်းလင်လင်း မရှိသေးပါ။ အမည်အမျိုးမျိုး ခေါ်ဝေါ် သုံးစွဲနေကြ ဆဲ ဖြစ်သည်ဟု မြန်မာ့အရေး ကျွမ်းကျင်သူတဦးဖြစ်သူ ဘာတေးလ် လင့်တ်နာက သုံးသပ်ဖော်ပြထားပါသည်။
၂၀၁၇ ဇွန်လအတွင်း မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ ၂၀၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက် တိုက်ခိုက် မှု ဖြစ်စဉ်အား Aqua Mul Mujahidin ခေါ် AMM အဖွဲ့က ဦးဆောင်ခြင်း ဖြစ်ပြီး ထိုအဖွဲ့အပြင် Rohinja National Security Committee အဖွဲ့လည်း ရှိခဲ့သည်ဟု ဆိုပါသည်။
ထို၂ဖွဲ့ပေါင်း၍ Arakan Rohigya Salvation Army-ARSA အား ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြောင်းလဲ ဖွဲ့စည်း ခဲ့ပြီး စစ်ရေး တာဝန်ခံမှာ Aqua Mul Mujahidin-AMM မှ ဟာဘစ်ဒူဟာ ဖြစ်သည်ဟု ဆိုသည်။
၂၀၁၇ ခုနှစ် ဇွန်လအတွင်း မယူတောင်တန်းပေါ်ရှိ ARSA စခန်းတခုအား တပ်မတော်က ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ထို ARSA အဖွဲ့သည် ကျေးရွာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ စာကြည့်တိုက်မှူးများ အပါအဝင် အရပ်သား ၃၄ ဦးအား သတ်ဖြတ်ပြီး ၂၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု အစိုးရက တရားဝင် ထုတ်ပြန်ထားပါသည်။
သေချာသည်မှာ လက်ရှိ မောင်တောဒေသတွင် လှုပ်ရှားနေသော အဖွဲ့များသည် နိုင်ငံတကာ အစ္စလမ် စစ်သွေးကြွများ ISIS စသည်တို့နှင့် အဆက်အသွယ်ရှှိသည်က သေချာသလောက် ဖြစ်သည်။
ထို့ကြောင့်လည်း၂၀၁၆ ခုနှစ် မောင်တောဖြစ်စဉ်အား ကြည့်၍ Jane’s defence စာစောင်က၂၀၁၇ ခုနှစ် တွင် အကြမ်းဖက် မှုများ ပိုဆိုးလာနိုင်သည်ဟု သုံးသပ်သည်။
ဖီလစ်ပိုင် မာရဝီမြို့ တိုက်ခိုက်မှု၊ ထိုင်းတောင်ပိုင်း တိုက်ခိုက်မှုများကြောင့် အရှေ့တောင်အာရှတွင် မွတ်စလင် စစ်သွေးကြွ တို့၏ တိုက်ခိုက်မှု ပိုလာနိုင်သည်ဟု သုံးသပ်နေကြသည်။
၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း မောင်တော တိုက်ခိုက်မှု ဖြစ်စဉ်တွင် အထူး သတိထားရမည်မှာ နိုင်ငံတကာ အစ္စလမ်မစ် အစွန်းရောက် အကြမ်းဖက်သမားများနှင့် ဆက်နွယ်မှုဟု ဆိုသည်။
အပိုင်း ၇ ကို ဆက်လက်ဖတ်ရှုပါ။
(မောင်မောင်စိုးသည် ဖယ်ဒရယ်၊ တိုင်းရင်းသားနှင့် နယ်စပ်ရေးရာများကို အထူးပြုလေ့လာနေသော ရန်ကုန်အခြေစိုက် သုတေသီတဦး ဖြစ်သည်)
ဆက်စပ်ဖတ်ရှုရန် – ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး အနီးကပ် အပိုင်း – ၁
ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၂
ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၃
ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၄
ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၅