ဆောင်းပါး

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း - ၇

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီမွတ်စလင်များ ပြဿနာကို ခေတ်အဆက်ဆက် ဖြေရှင်းခဲ့ကြသည်။ ရခိုင်ပြည်နယ်တွင် အဆမတန် တိုးလာသော ဘင်္ဂါလီ လူဦးရေသည် သာမန်ဖြစ်သည်ဟု ယူဆရန် ခက်ခဲသည်။

ဘူးသီးတောင်၊ မောင်တောဒေသ ဘင်္ဂါလီမွတ်စလင် လူဦးရေ
၁၉၁၁ ခုနှစ် လူဦးရေ ၁၁၁၇၂၃။
၁၉၂၁ ခုနှစ် လူဦးရေ ၁၃၃၆၈၀။
၁၉၇၃ ခုနှစ် လူဦးရေ ၃၉၀၃၀၃။
၁၉၈၃ ခုနှစ် လူဦးရေ ၄၅၄၇၆၀။
၁၉၉၃ ခုနှစ် လူဦးရေ ၅၄၉၅၄၈။
၂၀၀၃ ခုနှစ် လူဦးရေ ၆၃၆၅၄၄။

၂၀၁၆ ခုနှစ် လူဦးရေ ၇၅၅၃၇၁ ဦး တို့ဖြစ်ကြရာ ထိုလူဦးရေတိုးမှုသည် လူဦးရေပေါက်ကွဲနေသော အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အဆက်မပြတ် ခိုးဝင်လာနေသည်လော ဆိုသည်မှာ စဉ်းစားဖွယ် ဖြစ်သည်။

နိုင်ငံသား စိစစ်မှုနှင့် ခိုးဝင်သူများ ထိန်းချုပ်နိုင်ရန် ပြီးခဲ့သောကာလများက ဟင်္သာစီမံချက်၊ နဂါးမင်းစီမံချက် တို့ ချမှတ် လုပ်ဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သိန်းချီသော ဘင်္ဂါလီလူဦးရေ တချို့ထွက်ပြေးခဲ့ကြသည်။

သို့သော် နောက်ပိုင်းတွင် UN နှင့် နိုင်ငံတကာမှ ဖိအားပေးမှုကြောင့် ပြန်လည် လက်ခံခဲ့ရသည်။ ဖိဖိစီးစီး ပြတ်ပြတ်သားသား မလုပ်နိုင်ခဲ့ပေ။

ထို့အပြင် ဖဆပလ ခေတ်၌လည်း မဲဆွယ်စည်းရုံးရန် အလို့ငှါ ရိုဟင်ဂျာအား အသိမှတ်ပြုခဲ့ခြင်း၊ မေယုနယ်ခြားခရိုင် သတ်မှတ်ပေးခြင်း၊ နအဖ ခေတ်နှောင်းပိုင်းတွင်လည်း ကြံ့ခိုင်ရေးပါတီ အတွက် မဲရရှိရန် ဘင်္ဂါလီများအား မဲပေးခွင့်ရှိသည့် White card ထုတ်ပေးခဲ့ခြင်းတို့ စသည့်အာဏာပိုင်များ၏ မိမိနိုင်ငံရေး လောဘအလို့ငှါ ဆောင်ရွက်ခဲ့သည်များမှာလည်း ပြဿနာကို မဖြေရှင်းနိုင်ဘဲ ပို၍ဆိုးလာသည်။

မြန်မာ အာဏာပိုင်များသည် မူဝါဒမရှိဘဲ မိမိနှင့်သင့်မြတ်လျှင် သင့်မြတ်သလို ဆောင်ရွက်ခဲ့ခြင်းကြောင့် များလည်း ဖြစ်သည်။ ဥပမာ မုန်းဝန်း တရုတ် သို့မဟုတ် တာမိုးညဲဒေသရှိ တရုတ်များကို ဥပဒေနှင့်အညီ နိုင်ငံသားပေးသည်က ပြဿနာ မဟုတ်သော်လည်း မုန်းဝန်းတရုတ်ကို မုန်းဝန်းဗမာဟု အလွယ်တကူ ပြောင်းလဲ သတ်မှတ်ခွင့်ပြုသည့် လွဲချော်မှု ဖြစ်သည်။ ဤသို့ ခိုင်မာသည့် မူဝါဒမရှိခဲ့သည့်အတွက် ပြဿနာသည် ပို၍ဆိုးဝါးလာစေသည်။

၂၀၁၂ ပဋိပက္ခသည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် ဖြစ်ပွားခဲ့သည်။ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ထိုပြဿနာအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့၍ စစ်ဆေးစေခဲ့ သော်လည်း သူ၏ သမ္မတ သက်တမ်း အတွင်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။ သမ္မတ ဦးသိန်းစိန်လက်ထက်တွင်ပင် White card ပြန်လည် ရုပ်သိမ်းပြီး နိုင်ငံသားစိစစ်မှုကို ပြန်လည်လုပ်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ White card ရုပ်သိမ်းပြီး နောက် ရခိုင်တို့၏ ကျေနပ်မှု အတော်အတန် ရခဲ့သော်လည်း ဘင်္ဂါလီမွတ်စလင်တို့၏ မကျေနပ်မှု တိုးပွားလာသည်။

၂၀၁၆ ခုနှစ် NLD အစိုးရတက်လာပြီးနောက် ရခိုင်ပြဿနာ ဖြေရှင်းရန်အတွက် မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင် ပြည်နယ် ဆိုင်ရာအကြံပေး ကော်မရှင်တရပ် ဖွဲ့စည်းခဲ့သည်။ ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာ တစောင် ၂၀၁၇ မတ်လ အတွင်း ထွက်ပေါ်လာခဲ့သည်။

ထိုအစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင်း နိမ့်ကျနေသော ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အခြေအနေများကို ထောက်ပြခဲ့ပြီး နိုင်ငံသားပြုခွင့် ပြဿနာ၊ IDP စခန်းများ အမြန်ရုပ်သိမ်းရေး ပြဿနာ၊ ဘင်္ဂါလီမွတ်စလင်များအား ခရီးသွား လာခွင့် ကန့်သတ်သည့် ပြဿနာ၊ သတင်းလွတ်လပ်ခွင့် ပြဿနာတို့ကို ဖြေရှင်းရန် ထောက်ပြထားခဲ့သော်လည်း လောလော ဆယ် ဖြေရှင်း နိုင်ခြင်း မရှိသေးပါ။

သို့သော် ထိုကော်မရှင်အား ရခိုင်လူထုနှင့် ရခိုင်လူထုက ရွေးကောက်ပွဲတွင် ကိုယ်စားပြုမှု ပေးခဲ့သော ရခိုင်ပါတီ၏ ထောက်ခံမှု မရခဲ့ပါ။

ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးတွင် တွေ့ရသည့် ပြဿနာများ

၁။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့်ပတ်သက်၍ ရခိုင်တို့က သမိုင်း အထောက်အထားများအရ ရခိုင်ပြည်နယ်သို့ ဘင်္ဂါလီ မွတ်စလင် ဝင်ရောက်မှု ၃ ကြိမ် ဝင်ရောက်မှု ရှိ၍ ဗြီတိသျှခေတ်တွင် အလုံးအရင်းနှင့် ဝင်ရောက်လာခြင်းဖြစ်ပြီး စစ်တကောင်း ဘင်္ဂါလီမွတ်စလင်များ အဖြစ် သတ်မှတ်ကြသည်။

ဘင်္ဂါလီများ မွတ်စလင်များကမူ ၎င်းတို့သည် ၇ ရာစုကတည်းက သင်္ဘောဖြင့် ဝင်ရောက်လာသည့် အာရပ်မွတ်စလင် အနွယ် ရိုဟင်ဂျာ လူမျိုးများ ဟုဆိုသည်။

သို့သော် ရခိုင်ကို ၁၂၃ နှစ်ကြာ အုပ်ချုပ်ခဲ့သော မှတ်တမ်းများ ပြန်တမ်းများတွင် ရိုဟင်ဂျာဟု ဖော်ပြခြင်း မရှိသကဲ့သို့ ၁၉၅၁ ခုနှစ် ဇွန်လတွင် ကျင်းပသည့် ရခိုင်ရှိ ဘင်္ဂါလီမွတ်စလင် ကိုယ်စားလည်များ၏ အလယ်သံကျော် ညီလာခံတွင် လည်း ရိုဟင်ဂျာဟု သုံးနှုန်းခဲ့ခြင်း မရှိခဲ့ပေ။ ရခိုင်မွတ်စလင်ဟုသာ သုံးစွဲခဲ့သည်။

နှစ်ပေါင်း ၁၂၀၀ ကျော် ကြာခဲ့ပြီ ဆိုသည့် လူမျိုးတမျိုး၏ အမည်သည် အနီးခေတ် မှတ်တမ်းများတွင် မတွေ့သည့်အပြင် သမိုင်းဆိုင်ရာ အထောက်အထား မှတ်တမ်းမရှိသော၊ ၁၉၅၁ ခုနှစ် အထိ သုံးစွဲခြင်း မရှိသေးသော လူမျိုးတမျိုး၏ အမည်အား လက်သင့်ခံရန် မဖြစ်နိုင်ပေ။

သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုး ရှိ မရှိ ဆိုသည်ကို ရှောင်လွှဲရန် အကြောင်း မရှိပေ။ သမိုင်းတွင် အဆိုပါ လူမျိုး ရှိ မရှိဆိုသည်ကို လက်ရှိ ရိုဟင်ဂျာ ဆိုသည်ကို လက်ခံသုံးစွဲနေသော UN အပါအဝင် နိုင်ငံတကာ သမိုင်းပညာ ရှင်၊ ပြည်တွင်း သမိုင်းပညာရှင် များနှင့် ပွင့်လင်းစွာ ဖြေရှင်းရမည့် ပြဿနာ ဖြစ်သည်။ မုချဖြေရှင်းရမည့် ပြဿနာဖြစ်သည်။

သို့မဟုတ်ဘဲ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ အဝန်းအဝိုင်း၊ မွတ်စလင် အဝန်းအဝိုင်း ဆိုသည့် ကြားချသည့် အသုံးအနှုန်း မျိုးဖြင့် နင်တန်နင်တန် ပုဂံကွဲ ဆိုသည့်ဖြေရှင်းပုံမျိုးဖြင့် ပြဿနာအား မဖြေရှင်းနိုင်ပေ။

အဆိုပါပြဿနာသည် ရခိုင်တွင် တိုင်းရင်းသား လူမျိုးတမျိုး လွန်ခဲ့သော နှစ်တထောင်ခန့် ကတည်းက ရှိနေမနေ ဆိုသည့် ပြဿနာ ဖြစ်သည်။ ဤပြဿနာကို ရှင်းလင်းစွာ မဖြေရှင်းပါက နိုင်ငံတကာက တိုင်းရင်းသား လူမျိုးတမျိုးအား အခွင့် အရေး မပေးဆိုသည့် အမြင်ဖြင့် ကြည့်နေပေလိမ့်မည်။

၎င်းဘင်္ဂါလီမွတ်စလင်များသည် နှစ်ထောင်ချီကြာမြင်ခဲ့ပြီ ဆိုသည့် တိုင်းရင်းသားလူမျိုး တမျိုးလော သို့မဟုတ် အင်္ဂလိပ် ခေတ်တွင်မှ အင်္ဂလိပ်တို့ ခေါ်သွင်းလာသော စစ်တကောင်းသား များလော ဆိုသည့် ပြဿနာလော ဆိုသည်ကို ပြတ်ပြတ် သားသား အရင်ဆုံး ဖြေရှင်းရန် လိုသည်။ ထိုအရင်းခံ ပြဿနာကို ဖြေရှင်းသည့်အပေါ်မှ ကျန်အရာများကို ဖြေရှင်း နိုင်ပေ လိမ့်မည်။

၂။ နိုင်ငံသားပြဿနာနှင့် ပတ်သက်၍ အကောင်ထည် ဖော်ရာတွင် နိုင်ငံတိုင်းတွင် သတ်မှတ်ထားသည့် စည်းကမ်းနှင့် အညီသာ ဖြစ်ရပေမည်။

ဗြီတိသျှခေတ် မှတ်တမ်းများအရ ၁၉၃၀ ခုနှစ် ရခိုင်သို့ ဝင်ရောက်လာသူ စစ်တကောင်းသားများထဲမှ ရခိုင်တွင် ဖွားမြင်သူ များ ရှိလာပေရာ နိုင်ငံသား ဥပဒေအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပါက ထိုက်သင့်သည့် နိုင်ငံသား ဖြစ်ခွင့်ရနိုင်သည်။

ထို့အပြင် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် မရသေးသူများအားလည်းအ ဆင့်တခု သတ်မှတ်ရန် လိုအပ်မည်။ ဥပဒေအရ နိုင်ငံသား ဖြစ်သူများအား နိုင်ငံသားအခွင့်အရေး ပေးရန်လိုသည်။
ဘင်္ဂါလီမွတ်စလင်များ အနေနှင့် ဒေသခံ တိုင်းရင်းသား လူမျိုးတမျိုး ဟုတောင်းဆိုခြင်း၊ သီးခြား မွတ်စလင်ပြည်နယ်တခု တောင်းဆိုခြင်းများအား ရခိုင်တို့သည် လည်းကောင်း၊ ပြည်ထောင်စုအစိုးရသည် လည်းကောင်း၊ တပ်မတော်သည် လည်းကောင်း လက်သင့်ခံရန် မရှိပေ။

ထို့အပြင် ဘင်္ဂါလီမွတ်စလင်များ အနေနှင့် နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ပူးပေါင်း ဆောင်ရွက်ရန် လို သည်။ ဤအချက်ကို ငြင်းဆန်နေပါက မှားယွင်းပေလိမ့်မည်။ တိုင်းရင်းသား လူမျိုးတမျိုး၊ မွတ်စလင် ပြည်နယ် ဆိုသည် ထက် နိင်ငံသား ပြဿနာက ပို၍ လက်တွေ့ကျသည်။ နိုင်ငံသား အသိမှတ်ပြု အခြေခံမရှိဘဲ အခြားပြဿနာများ ဖြေရှင်းရန် မဖြစ်နိုင်ပေ။

အင်္ဂလိပ်ခေတ်၌ ရန်ကုန် မန္တလေး တို့တွင် အိန္ဒိယမှ ဝင်ရောက်လာသူ အများအပြားရှိသည်။ တချိန်က အင်္ဂလိပ်တို့၏ ကောင်းမှုကြောင့် ရန်ကုန်တွင် အိန္ဒိယ တိုင်းရင်းသားက အများစုဖြစ်ခဲ့ဖူးသည်။ ထိုအထဲမှ ဟိန္ဒူရော မွတ်စလင်ပါ နိုင်ငံသား ဖြစ်ခွင့်ရသူ အများအပြားရှိခဲ့သည်။ ထိုသူသည် ယခုအခါ မြန်မာပြည်တွင်း၌ နိုင်ငံသားအဖြစ် ရပ်တည်ခဲ့သည်။ ထိုသူတို့သည် မိမိကိုယ်မိမိ တိုင်းရင်းသား လူမျိုးဟု တောင်းဆိုခဲ့ခြင်း မရှိသကဲ့သို့ မွတ်စလင်ပြည်နယ် တောင်းခံခြင်း လည်း မရှိပေ။ နိုင်ငံသားဖြစ်မှုကိုသာ ဦးတည်ခဲ့ကြသည်။

UN နှင့် နိုင်ငံတကာ NGO များကလည်း နိုင်ငံသားပြုမှုနှင့်ပတ်သက်၍ အသိမှတ်ပြု ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်။ ထိုပြဿနာကို မျက်ကွယ်ပြုထားရန် မဖြစ်နိုင်ကြောင်း ၎င်းတို့အား ရှင်းလင်းရန် လိုအပ်သည်။

IDP စခန်းဖျက်သိမ်းရေး၊ ခရီးသွားလာခွင့်၊ ပညာသင်ကြားရေး စသည်တို့အတွက် အချက်အခြာကျသည်မှာ နိုင်ငံသား ပြုမှု ဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို နိုင်ငံသားဖြစ်ခွင့်သည် ဥပဒေနှင့်အညီသာ ဖြစ်သည်။

၃။ ပြည်ထောင်စုအစိုးရ အနေနှင့် မည်သူ့ထံမှ အကြံယူသည်ဖြစ်စေ ရခိုင်ပြဿနာကို ဖြေရှင်းရာတွင် ဦးစွာအားဖြင့် အငြင်း ပွားဖွယ်ရာ မရှိ နိုင်ငံသားများဖြစ်ပြီး မဲပေးခွင့်ရှိသည့် ရခိုင်တိုင်းရင်းသားများနှင့် ပူးပေါင်း၍ ဖြေရှင်းရန် လိုအပ်သည်။

ပြည်ထောင်စု အစိုးရသည် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘဲ ရခိုင်နှင့် ဘင်္ဂါလီမွတ်စလင် ပြဿနာအား ဒိုင်လူကြီးသဖွယ် ကြားဝင်ဖြေရှင်း၍မရပေ။
ဒေသခံ တိုင်းရင်းသားများ၏ သဘောထားမယူဘဲ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ဦးသိန်းစိန်အစိုးရ လက်ထက်က OIC ရုံးဖွင့်ရန် ကန့်ကွက်ခြင်း၊ NLD အစိုးရလက်ထက် ကိုဖီအာနန်ကော်မရှင်အား ကန်ကွက်ခြင်း ကဲ့သို့ ကန့်ကွက်မှုများ ကြုံရ ပြီးနောက် ဒေသခံတို့၏ ပူးပေါင်းဆောင်ရွက်မှု ရမည်မဟုတ်ပေ။ ဒေသခံတို့ ပူးပေါင်းဆောင်ရွက်မှု ရမှသာ အောင်မြင်စွာ ဖြေရှင်း နိုင်ပေမည်။

၄။ ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားများအပေါ် အစိုးရအုပ်ချုပ်ရေး အာဏာ သက်ရောက် သကဲ့သို့ ဘင်္ဂါလီများ အပေါ် တွင်လည်း သက်ရောက်ရန် လိုအပ်သည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာကို ဖြေရှင်းရာတွင် မျက်မှောက် အခြေအနေကိုသာမက သမိုင်းဆိုင်ရာ ပြဿနာများကို ထည့်သွင်း စဉ်းစားသုံးသပ်ရန် လိုသည်။ ထို့အပြင် တစိတ်တပိုင်းသာ မကြည့်ဘဲ တခုလုံးကို ကြည့်ရန်လိုသည်။ ထို့အပြင် ဘင်္ဂါလီ ဘက် သာမက ရခိုင်များဘက်ကိုလည်း ကြည့်ရန်လိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်နှင့်သာ သက်ဆိုင်သည်ဟု မကြည့်ဘဲ တပြည်လုံးနှင့် ဆိုင်သည့် ပြဿနာ အဖြစ် ကြည့်ရန် လိုသည်။ သာမန်ဘာသာကွဲများ အတူယှဉ်တွဲ နေထိုင်ခြင်းထက် ပိုသော သမိုင်းဆိုင်ရာ ပြဿနာ ရှိသည်ကိုလည်း လေးနက်ရန် လိုပါသည်။

၅။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူဦးရေ တိုးပွားခြင်းသည် လူ့အဖွဲ့အစည်း ဟန်ချက်ပျက်နိုင်သဖြင့် ရခိုင်သို့ ဘင်္ဂါလီများ ခိုးဝင်မှု ထိန်းချုပ်ရန် သော်လည်းကောင်း၊ ဘင်္ဂါလီမွတ်စလင်များ ဇနီးအများအပြား ယူသည့်စနစ်နှင့် သားသမီး အကန့် အသတ်မရှိ မွေးဖွားမှုတို့နှင့် ပတ်သက်၍ ထိန်းချုပ်ရန်သော်လည်းကောင်း လုပ်ဆောင်ရန် လိုအပ်သည်။ စင်္ကာပူကဲ့သို့ နိုင်ငံမျိုးမှ မွတ်စလင်ဘာသာဝင်များ ထိမ်းမြားခြင်း ဥပဒေများ လေ့လာမှီငြမ်းသင့်သည်။

၆။ ရခိုင်နှင့်ဘင်္ဂါလီ အတူယှဉ်တွဲနေထိုင်ခြင်း အတွက် နှစ်ဖက်စလုံးမှ လူထုကိုယ်စားပြုသူများ ပါဝင် အဖြေရှာသင့်သည်။ လက်ရှိကာလ၌ ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်းအတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီမွတ်စလင်များသည် ရေနှင့်ဆီ ကဲ့သို့ သတ်သတ်စီ ဖြစ်နေပေရာ သီအိုရီအရ လွယ်ကူသလောက် လက်တွေ့ ဖြတ်ကျော်ရန် လွန်စွာ ခက်ခဲပေမည်ဟု ယူဆ ပါသည်။ လက်တွေ့တွင် စိုးရိမ်မှုသည် နှစ်ဖက်လုံးတွင် ရှိနေပါသည်။

ပြည်မမှ ရခိုင်ဘင်္ဂါလီပြဿနာအား ကြည့်မြင် သုံးသပ်သူများ အနေဖြင့် ဤပြဿနာသည် ရခိုင်တို့၏ ပြဿနာ သက်သက် မဟုတ် မတူသော ဘာသာဝင်များ အတူယှဉ်တွဲ နေထိုင်ရေး သက်သက် မဟုတ် ဘင်္ဂါလီမွတ်စလင် တသန်း ကျော်အား နိုင်ငံသားပြုခွင့် ပေးပြီး မြန်မာပြည်အနှံ့ သွားလာနေထိုင်ခွင့် ပြုရမည့်ပြဿနာ ဖြစ်နေသည်ကို ထည့်သွင်း စဉ်စား ကြရန် လိုပါသည်။ မွတ်စလင်ပြည်နယ် တောင်းဆိုရန် ဦးတည်နေသော ပြဿနာ ဖြစ်သည်ကို နားလည်ရန် လို အပ်ပါသည်။

၇။ ၂၀၁၆ ခုနှစ် နှစ်ကုန်မှ စတင်ဖြစ်ပွားခဲ့သည့် မောင်တော အကြမ်းဖက်မှုသည် နိုင်ငံတကာ အစွန်းရောက် အကြမ်းဖက် သမားများနှင့် ဆက်စပ်နေသည့်ကိစ္စ ဖြစ်ပေရာ အထူးသတိပြုရမည့် ကိစ္စတရပ် ဖြစ်သည်။ အစွန်းရောက် အကြမ်းဖက် သမားများသည် အရပ်သား ပစ်မှတ်များကို ဦးတည် တိုက်ခိုက်လေ့ ရှိကြသည်။

ထို့အပြင် အရပ်သားများကိုလည်း အကာကွယ်ယူ၍ တိုက်ခိုက် တတ်ကြသည်။ အရပ်သား ပစ်မှတ်များကို အကြမ်းဖက်တို့ က တိုက်ခိုက်ခြင်းကို နိုင်ငံတကာသို့ ချပြရှင်းလင်းရသည်မှာ လွယ်ကူသော်လည်း အကြမ်းဖက်တို့က အရပ်သားများအား အကာကွယ်ပြု၍ တိုက်ခိုက်ခြင်းကို တုံ့ပြန်ရာတွင် လည်းကောင်း၊ ယင်းကိစ္စကို နိုင်ငံတကာသို့ ချပြရှင်းလင်းရာတွင် လည်းကောင်း ခက်ခဲတတ်ပေရာ ထိုအတွက် ပြင်ဆင်မှုရှိရန် လိုအပ်သည်။

ထို့အပြင် မောင်တောဒေသ ဘင်္ဂါလီမွတ်စလင် အကြမ်းဖက် တိုက်ခိုက်မှုများကို သုံးသပ်ရာတွင် လက်နက်ကိုင် တပ်ဖွဲ့ ဖွဲ့စည်းတိုက်ခိုက်သည် ဆိုခြင်းထက် ကျေးရွာလူအုပ်စုများအား စည်းရုံး တိုက်ခိုက်သည်များကို တွေ့ရသည်။

ထို အကြမ်းဖက်အဖွဲ့များသည် တောတွင်းတွင် စခန်းချဖွဲ့စည်းသည် ဆိုသည်ထက် အိမ်ခြေထောင်ချီ၍ ရှိသည့်ပြင် အစိုးရ အုပ်ချုပ်ရေး ယန္တရားများ ဝင်ရောက်ချုပ်ကိုင်ရန် ခက်ခဲသည့် ဘင်္ဂါလီကျေးရွာများတွင် အခြေပြု လေ့ကျင့်သည်ဟု ယူဆရသည်။

လက်တွေ့တွင်လည်း မောင်တော တိုက်ခ်ုက်မှုများတွင် ပါဝင်သူများ၏ တောတွင်းစခန်း ဆိုသည်ကို မတွေ့ရပါ။ ရှုပ်ထွေး၍ ဖြေရှင်းရန် ခက်ခဲသည့် ပြဿနာ ဖြစ်သည်။ ဤပြဿနာအား နိုင်ငံတကာကို ရှင်းလင်းရန် လိုအပ်သည်။

နိုင်ငံတကာတွင် ဘင်္ဂါလီမွတ်စလင်များ၏ အတုအယောင် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များဖြင့် လုပ်ကြံဝါဒဖြန့်မှုများကို ပြန်လည် မှန်ကန်စွာ တုံ့ပြန်နိုင်ရန် အစိုးရ သတင်းဌာန တခုနှင့် မလုံလောက်ပေ။ တောင့်တင်း ခိုင်မာ အားကောင်းသည့် မီဒီယာ တရပ် လိုအပ်သည်။

၈။ မောင်တောဒေသ ပြဿနာတွင် အခြားအရေးပါသော ကိစ္စတရပ်မှာ မူးယစ်ဆေးဝါး ပြဿနာဖြစ်သည်။ မောင်တော ဒေသမှ ဘင်္ဂလားဒေ့ရှ်သို့ စီးဝင်နေသည့် ယာမ စိတ်ကြွဆေးပြား တင်သွင်းရောင်းဝယ်မှုမှာ ပမာဏ ခန့်မှန်း ဖော်ပြရန် ပင် ခက်ခဲလောက်အောင် များပြားသည်ဟု ဒေသခံများက ဆိုပါသည်။ ဘင်္ဂလားဒေ့ရှ်က ဘက်မှ ဝယ်လိုအားသည် လွန်စွာ မြင့်မားသည်။ တင်သွင်းလာသမျှ လက်ခံ ဝယ်ယူနိုင်စွမ်း ရှိသည်ဟုဆိုသည်။

အဆိုပါ မူးယစ်ဆေးပြားများကို မောင်တောမှသည် ဘင်္ဂလားဒေ့ရှ်မှတဆင့် အရှေ့အလယ်ပိုင်း ဒေသဆီသို့ သယ်ဆောင် ဖြန့်ဖြူးကြသည်ဟု ဆိုကြပါသည်။ အရောင်းအဝယ် ပမာဏမှာ အလွန်မြင့်မားသည်ဟု ဆိုသည်။

၂၀၁၆ အကုန်နှင့် ၂၀၁၇ အတွင်း မောင်တောဒေသ၌ ယာမဆေးပြား ဖမ်းဆီးရမှုများမှာ စံချိန်တင်သည့် ပမာဏများ ဖြစ် သည်။ မူးယစ်ဆေး ရောင်းဝယ်မှုသည် အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်မှုတို့ ယှက်နွယ်နေပါသည်။

၉။ မောင်တောရှိ ပုန်ကန်တိုက်ခိုက်မှုတွင် ပါကစ္စတန်နိုင်ငံမှ အစွန်းရောက်များ ပါဝင်သည်ကို ဗုံးစမ်းသပ်ရာမှ သေဆုံး သူ ၂ဦး အား သက်သေအဖြစ် တွေ့ရပြီ ဖြစ်ရာ အခြားနိုင်ငံခြားသား အကြမ်းဖက် မည်မျှ ဝင်ရောက်နေသည်ကို အထူးသတိပြု ရန် လိုအပ်နေပေသည်။ ထို့အတူ နိုင်ငံတကာကဲ့သို့ အရပ်သား ပစ်မှတ်များကို ဦးတည်သော လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်များ လုပ်လာနိုင် သည်ကို သတိပြုရန် လိုပါသည်။

ထို့ကြောင့် ချုပ်၍ဆိုရလျှင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာအား လျင်မြန်စွာ ဖြေရှင်းရန် လိုအပ်နေပါသည်။ ကြန့်ကြာ အချိန် ဆွဲနေပါက နောက်ထပ် ပေါက်ကွဲမှုတခုအား မလွဲမသွေကြုံရ နိုင်ပါသည်။

၎င်းတို့သည် ရိုဟင်ဂျာ တိုင်းရင်းသား လူမျိုးတမျိုးဖြစ်သည် ဆိုသည်နှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် ဆုံးဖြတ်ချက်ချရန်လိုအပ်သည်။

ထိုသို့ ဆုံးဖြတ်သည့် အခြေခံပေါ်မှ နိုင်ငံသားပြဿနာကို ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်ပါ သည်။ ထိုဖြေရှင်းမှုအား ဒေသခံ ရခိုင် တိုင်းရင်းသားကို အခြေပြုပြီး ၎င်းတို့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် ဖြေရှင်းရန် လိုအပ်ပါမည်။

ထို့အတူ ပြဿနာ၏ ဘက်အားလုံးအား လည်းကောင်း၊ သမိုင်းဆိုင်ရာ ပြဿနာများအား လည်းကောင်း ထည့်သွင်းစဉ်စား ဖြေရှင်းကြရန် လိုအပ်ပေလိမ့်မည်။

ဤတွင် အခန်းဆက် ဆောင်းပါး ပြီးပါပြီ။

(မောင်မောင်စိုးသည် ဖယ်ဒရယ်၊ တိုင်းရင်းသားနှင့် နယ်စပ်ရေးရာများကို အထူးပြုလေ့လာနေသော ရန်ကုန်အခြေစိုက် သုတေသီတဦး ဖြစ်သည်)

 

ဆက်စပ်ဖတ်ရှုရန် – ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး အနီးကပ် အပိုင်း – ၁ 

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၂

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၃

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၄

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၅

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၆

Did you find apk for android? You can find new Free Android Games and apps.
Loading