ဆောင်းပါး

ရခိုင်ကို သတင်းသမားတွေ သွားခွင့်ပေးတာ ဝါဒဖြန့်ချိဖို့လား

မြန်မာ့တပ်မတော်တွင် လူထုဆက်ဆံရေးနှင့် ပတ်သက်၍ ကြီးမားသော ပြဿနာတခုရှိပါသည်။ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ကျမ အပါအဝင် နိုင်ငံတကာ စာနယ်ဇင်းသမား ၁၄ ဦး သည် ပြီးခဲ့သည့် အပတ်အတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ကျေးရွာတရွာသို့ အစောင့်အရှောက်များဖြင့် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ တပ်မတော်က မွတ်ဆလင် အများစုရှိရာ နယ်မြေတွင် ပြင်းထန်သော ဆူပူသောင်းကျန်းမှု နှိမ်နင်းရေး လှုပ်ရှားမှုများ စတင် ပြုလုပ်ခဲ့သည့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ နောက်ပိုင်းတွင် ထိုဒေသအတွင်းသို့ ကျမတို့ကို ပထမဆုံး ဝင်ရောက်ခွင့် ပြုခြင်း ဖြစ်ပါသည်။

ရည်ရွယ်ချက်မှာ အစိုးရက ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့တခုကို နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ငြင်းပယ်ခဲ့ပြီး တပ်မတော်သည် အပြစ်မရှိကြောင်းနှင့် ပွင့်လင်းမှုကို ပြသရန် ဖြစ်ပါသည်။

ကောက်ချက် အများအပြား ချမှတ်နိုင်ရန် ခက်ခဲခဲ့ပါသည်။ အစိုးရတာဝန်ရှိသူများက ကျမတို့ မြင်နိုင် ကြားနိုင်သည်တို့အပေါ် ကန့်သတ်ချက်များ ပြုလုပ်ထားသည်။ အချိန်ကလည်း ကန့်သတ်မှု ရှိနေသည်။ အစောင့်များနှင့် သတင်းပေးများက ကျမတို့ နောက်သို့ လိုက်နေသည်။ တာဝန်ရှိသူတို့၏ ရှင်းပြမှုများက များသောအားဖြင့် သိပြီးသား ခေါင်းစဉ်များတွင်သာ ထပ်တလဲလဲ ဖြစ်နေသည်။ သတင်းရယူရန်ကလည်း စိန်ခေါ်မှုတခု ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် မွတ်ဆလင်များက သူတို့ဘာသာစကားကိုသာ ပြောတတ်ပြီး သတင်းထောက်များထဲတွင်လည်း အနည်းငယ်မျှကသာ ဗမာစကားပြောတတ်၍ ဖြစ်သည်။

သို့သော်လည်း အနည်းဆုံး လူအများ ထောက်ခံမှုရရှိရေးအတွက် ဖြစ်ပေါ်နေသော တိုက်ပွဲတခု၏ မှိန်ဖျော့သော ပုံကြမ်းတခု ရရှိနိုင်ရန် ကျမ လေ့လာခဲ့ပါသည်။

ကျမတို့၏ ၅ ရက်ကြာ ခရီးစဉ်က တနင်္ဂနွေနေ့တွင် ပြီးဆုံးခဲ့သည်။ ကျမတို့သွားခဲ့သည့် နေရာတိုင်းတွင် လူများ၏ မျက်နှာ ပေါ်မှ ကြောက်ရွံ့မှုကို ကျမမြင်နိုင်ခဲ့ပါသည်။ အထူးသဖြင့် ရဲအဖွဲ့က ကျမတို့နှင့် အတူရှိနေချိန် ဖြစ်သည်။ မွတ်ဆလင်များက အခြေခံဝန်ဆောင်မှုများကိုပင် အနည်းငယ်သာ ရရှိသည်ကို ကျမ တွေ့ခဲ့ရသည်။

ကျောင်းတက်နိုင်သည့် နှုန်းက ၁၀ ယောက်တွင် ၁ ယောက် ထက် နည်းပါသည်။ ကျောင်းအချို့ ရှိသော်လည်း ကလေးငယ်များ ကျောင်းသွားရန်အတွက် လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အဦးများ ရှိမနေပါ။

ကျမတို့သွားရောက်ခဲ့သည့် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းမှ ကျေးရွာ ၅ ရွာမှာ အလွန်ဝေးသည့် နေရာများ ဖြစ်သည်။ သူတို့နှင့် တွေ့သည့် အချိန်ထက် ထိုနေရာသို့ ရောက်အောင် လှေဖြင့်၊ ကားဖြင့် သွားရသည့်အချိန်က များစွာ ပိုမိုကြာမြင့် ပါသည်။

စပါးခင်းများ ဝိုင်းရံထားသည့် ဝါးအိမ်များထဲတွင် လယ်သမားများ တံငါသည်များ နေထိုင်ကြသည်။ ကလေးငယ်အများစုက အဝတ်အစားမရှိပါ။ အနားမှ မြစ်တွင် မြင်ရသည့် လှေများက စနစ်တကျ ပြုလုပ်ထားခြင်း မရှိသော လုံးထွင်းလှေများသာ ဖြစ်သည်။

သူတို့ ဘဝများက ရိုးရှင်းသည်။ အမျိုးသားများက လယ်ကွင်းများထဲတွင် ကျွဲနွား တိရိစ္ဆာန်များဖြင့် ထွန်ယက်ကြသည်။ အမျိုးသမီးများက အိမ်တွင်နေ၍ ထမင်းချက်သည်၊ အဝတ်လျှော်သည်၊ ရေခပ်ကြသည်။

အားလုံးက အလွန်ပင် ပုံမှန်ဖြစ်သည့် အသွင်ရှိပါသည်။

သို့သော်လည်း ကျမတို့ လျှောက်ကြည့်ကြချိန်တွင် လူတွေက ကျမတို့ကို တစုံတခု ပြောချင်ကြောင်း ထင်ထင်ရှားရှားပင် တွေ့ရသည်။ ကျမတို့၏ လုံံခြုံရေး အစောင့်များ အနားတွင် မရှိသည့် အချိန်တွင် အချို့နှင့် စကားပြောခဲ့ရသည်။

အောက်တိုဘာလအတွင်း ညဘက်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများကို လက်နက်ကိုင်များ ဝင်ရောက်စီးနင်း တိုက်ခိုက်၍ ရဲအဖွဲ့ဝင် ၉ ဦး သေဆုံးကာ လက်နက်များ ယူဆောင်သွားခြင်း ခံခဲ့ရပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး များအတွင်းတွင် တပ်မတော်က မွတ်ဆလင် ရွာသူရွာသားများအပေါ် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့ သည်ဟု စွပ်စွဲခြင်းခံခဲ့ရသည်။

အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များက အစုအပြုံလိုက် သတ်ဖြတ်ခြင်း၊ အုပ်စုလိုက် မုဒိန်းကျင့်ခြင်းနှင့် ကျေးရွာများကို မီးရှို့ခြင်း များ ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက စွပ်စွဲခဲ့ကြသည်။

အဆိုပါ စွပ်စွဲမှုများကို ထောက်ခံသည့် သက်သေလည်း ရှိသည်။ ရခိုင်ပြည်နယ်မှ တက်ကြွလှုပ်ရှားသူများ၏ ကွန်ရက်တခု နှင့် အတူလုပ်နေသည့် “ရိုဟင်ဂျာ” အရေးဆောင်ရွက်သူများက အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အသေးစိတ် အချက်များနှင့် ဓာတ်ပုံ အများအပြားကို ဖြန့်ဝေခဲ့ကြသည်။ အများစုမှာ အတည်ပြုရန် မလွယ်ကူသလို ငြင်းဆန် ချေပရန်လည်း မလွယ်ကူခဲ့ပါ။

ကျားခေါင်းတောင်ရွာမှ အသက် ၂၀ အရွယ် အမျိုးသမီးတဦးက ပြီးခဲ့သည့် နှစ်အတွင်းက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများ အတွင်းတွင် သူတို့ရွာသို့ စစ်သားများရောက်လာချိန်တွင် မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်ကို ကျမတို့ကို ပြောပြပါသည်။ သူ၏ ဇာတ်လမ်းက ထိုအချိန်က ပေါ်ထွက်ခဲ့သည့် သတင်းများနှင့် အလွန်ပင် ထပ်တူ ဖြစ်ပါသည်။ သို့သော်လည်း ထိုသတင်း များကို ကျမတို့က များသောအားဖြင့် တဆင့်ကြားခဲ့ရခြင်း ဖြစ်သည်။

သူတို့၏ ကျေးရွာသို့ အစိုးရတပ်ဖွဲ့များ ရောက်လာသည့် အချိန်တွင် သူ၏ အသက် ၆၀ အရွယ် ဖခင်ဖြစ်သူကို လက်ပြန် ကြိုးတုပ်၍ ဖမ်းဆီးခဲ့ကြောင်း ပြောသည်။ ထို့နောက် သူတို့ မိသားစု၏ အိမ်ကို မီးရှို့ခဲ့ပြီး သူ၏ ဖခင်ကိုလည်း ပစ်သတ်ခဲ့ သည်ဟု သူကပြောသည်။ သူ့ဖခင်၏ ကြွင်းကျန်သော အလောင်းကို မြှုပ်နှံထားသည့် နေရာတွင် သူက စာနယ်ဇင်းသမား များကို ပြောသည်။

တပ်မတော်က တုန့်ပြန်ရန် ပြင်ဆင်ထားခဲ့သည်။“နယ်ခြားစောင့် ရဲအဖွဲ့က ပါဝင်ပတ်သက်တဲ့ လူသတ်မှုက ၁၀ မှု ထက် နည်းပါတယ်။ အမှုတိုင်း အတွက် ကျနော်တို့မှာ ဖြေရှင်းချက် ရှိပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီး တရားစွဲတဲ့ ဒီ ၁၀ မှုထဲ မှာ တချို့ တိုင်ကြားမှုတွေက အတုအယောင်တွေ အလိမ်အညာတွေ ဖြစ်ပါတယ်” ဟု ရဲမှူးချုပ် သူရ စန်းလွင်က ကျမ တို့ကို နောက်ပိုင်းတွင် ပြောပါသည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးလာသော ရာနှင့်ချီသော ရိုဟင်ဂျာများထံမှ ထွက်ဆိုချက်များ ကောက်ယူ ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အေဂျင်စီက မတရားပြုကျင့်ခြင်းကို စစ်ပွဲတွင် လက်နက်တခုအဖြစ် တပ်မတော်က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြောင်းနှင့် ရာနှင့်ချီသော အရပ်သားများ သေဆုံးခဲ့ကြောင်း ကောက်ချက်ချခဲ့သည်။ အစိုးရ၏ အသေအပျောက် စာရင်းတွင်မူ လုံခြုံရေး အဖွဲ့ဝင်များ အပါအဝင် ၁၀ ဦးထက် နည်းခဲ့သည်။

သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေး၏ တစိတ်တပိုင်း အနေဖြင့် အိမ်ခြေ ၁၅၀၀ ကျော်နှင့် အခြား အဆောက်အဦးများ မီးလောင်ကျွမ်းခဲ့ကြောင်းကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထိုဖြစ်ရပ်မတိုင် မီ ရိုက်ကူးထားသည့် ဂြိုဟ်တု ဓာတ်ပုံများနှင့် နောက်ပိုင်းတွင် ရိုက်ကူးထားသော ဓာတ်ပုံများကို နှိုင်းယှဉ်ပြခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များက ယုံကြည်ချင်စရာ ဖြစ်နေသည်မှာ တပ်မတော်သည် မြန်မာနိုင်ငံ အရှေ့ ဖက်ပိုင်းမှ လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ပြုမှုဆက်ဆံမှုများနှင့် ပတ်သက်၍ အစဉ်အလာအရ နာမည်ဆိုးရှိခဲ့ခြင်းကြောင့်သာ မဟုတ်ဘဲ ရခိုင်ပြည်နယ်အတွင်းတွင် အများစုက နေထိုင်ကြသည့် ၁ သန်း ကျော် ရှိမည် ဟု ခန့်မှန်းရသော “ရိုဟင်ဂျာ”ဟု ခေါ်ဆိုနေကြသော မွတ်ဆလင်များအပေါ် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ၏ မနှစ်သက်မှုနှင့် ထိပ်တိုက်တွေ့မှု ဖြစ်ရပ်များကလည်း ရှိခဲ့သောကြောင့် ဖြစ်သည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ရိုဟင်ဂျာများက ပစ်မှတ်များ ဖြစ်ခဲ့ပြီး ရာနှင့်ချီ၍ သေဆုံးခဲ့ရကာ မွတ်ဆလင် အများစု ဖြစ်သည့် လူ ၁၄၀၀၀၀ ကျော် နေအိမ်ကို စွန့်ခွာ၍ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် စခန်းများတွင် နေထိုင်ခဲ့ကြရသည်။ အများစုမှာ ယခုအချိန်အထိ ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြဆဲ ဖြစ်သည်။

ဖမ်းဆီး ထိန်းသိမ်းခံထားရသူလည်း အများအပြားရှိသည်။ တနေရာ ရောက်သည့်အခါတွင် အခြားကျေးရွာတခုမှ အမျိုးသမီးတစု က ကျမတို့ကို မြင်၍ စကားပြောရန် အချို့က လယ်ကွင်းကို ဖြတ်လာကြသည်။

ဝါဖိတ် ကျေးရွာမှ အမျိုးသမီးများက (သူတို့ထဲမှ ၈ ဦးကို ကျမ အင်တာဗျူး လုပ်ခဲ့ပါသည်။) သူတို့ အသိုင်းအဝိုင်းမှ အမျိုး သား ၆၀ ကျော်ကို အောက်တိုဘာလ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် အဖွဲ့ နှင့် ဆက်သွယ်မှုရှိသည်ဟု သံသယ ရှိသည့် အတွက် ဖမ်းဆီးခြင်း ခံထားရကြောင်း ပြောသည်။ အများစုမှာ အသက် ၁၈ နှစ် အောက်များ ဖြစ်ကြပြီး အချို့မှာ ၁၃ နှစ် မျှသာ ရှိသေးသည်ဟု သူတို့က ပြောသည်။ သူတို့၏ သားများကို တွေ့ဆုံရန် အတွက် ဘူးသီးတောင် အကျဉ်းထောင်သို့ အကြိမ် အနည်းငယ်မျှ သွားရောက်ခဲ့ကြသော်လည်း သူတို့ကို မည်သည့် အတွက် အရေးယူထားသည် သို့မဟုတ် မည်မျှ ကြာအောင် ထိန်းသိမ်းထားမည် ဆိုသည်ကို အတိအကျ မသိရကြောင်း အဆိုပါ အမျိုးသမီးများက ပြောကြသည်။

ရက်စက်ကြမ်းတမ်းမှု စွပ်စွဲချက်များနှင့် ပြီးခဲ့သည့်နှစ် တပ်မတော်၏ နယ်မြေရှင်းလင်းရေးများက အခြားသော နိမိတ်မကောင်းသည့် အဖြစ်အပျက်များကို လွှမ်းမိုး၍ နေခဲ့သော်လည်း အကြမ်းဖက်မှုက တဘက်တည်း မဟုတ်ပါ။ အခြားသော ဒါဇင် အတော်များသည့် အလားတူ သတ်ဖြတ်မှုများ၏ (ခေါင်းဖြတ်ခြင်း အချို့လည်း ပါဝင်သည်) ပုံစံအရ အစိုးရကို သတင်းပေးသူများ သို့မဟုတ် ပူးပေါင်းဆောင်ရွက်သူများကို ပစ်မှတ်ထား၍ အကြမ်းဖက်သမားများက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက ရှင်းလင်းခဲ့သည်။

ထိုကဲ့သို့သော လုပ်ဆောင်မှုများမှာ တပ်မတော်၏ သောင်းကျန်းမှုနှိမ်နင်းရေး၏ မလိုလားအပ်သော သက်ရောက်မှု ဖြစ်ကြောင်း ဖော်ပြနေသည်။ စစ်ဆင်ရေးများက လက်နက်ကိုင် စစ်သွေးကြွများအတွက် လူသစ်စုဆောင်းရေးအတွက် ပံ့ပိုးပေးနေသကဲ့သို့ ဖြစ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းနိုင်စေခဲ့သည်။

ယခုအချိန်တွင် အနည်းငယ်မှေးမှိန်သလို ဖြစ်နေသည့် ပြီးခဲ့သည့် နှစ်အတွင်းက နယ်ခြားစောင့် စခန်းများကို တိုက်ခဲ့သူများ က WeChat ကဲ့သို့သော သတင်းစကားပို့နိုင်သည့် ကွန်ရက်များပေါ်တွင် ဝါဒဖြန့်မှုများ ပြုလုပ်ရန် အလွန်တက်ကြွလာကြ သည်။ မတ်လ အတွင်းတွင် သူတို့ကိုယ်သူ တို့ “ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (Arakan Rohingya Salvation Army) ဟု ကြေညာခဲ့ကြသည်။

ပဋိပက္ခက ပြည်သူများ၏ စိတ်ဝင်စားမှုကို ရရှိချိန်တွင် အစိုးရက ဒေသတွင်း ဝင်ရောက်ခွင့် အားလုံးကို ထိန်းချုပ်ထားရင်း ၎င်း၏ သတင်းစကားကို မည်သို့ ထုတ်ပေးရမည်နည်း ဆိုခြင်းနှင့် နပမ်းလုံးနေရသည်။ ယခုခရီးစဉ်တွင် အစိုးရပိုင် မီဒီယာ များမှ စာနယ်ဇင်းသမား ၄ ဦးလည်း ပါဝင်ပါသည်။

သူတို့၏ အလုပ်မှာ နိုင်ငံတကာ မီဒီယာများမှ စာနယ်ဇင်းသမားများကို မှတ်တမ်းတင်ရန်၊ ကျမတို့က အခြားသူများ၏ ဇာတ်ကြောင်းများကို ပြောပြနိုင်ရန် ကြိုးစားချိန်တွင် ကျမတို့ကို စောင့်ကြည့်ရန်သာ ဖြစ်ပုံရပါသည်။ အစိုးရအာဘော်ဖြစ်သည့် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသည့် The Global New Light of Myanmar သတင်းစာ၏ ရှေ့ဆုံး စာမျက်နှာတွင် ကျမတို့ အကြောင်း ၃ ရက ်ဆက်တိုက်ပါခဲ့ပါသည်။

သူတို့၏ အမြင်အရဆိုလျှင် ကျမတို့က သတင်းဖြစ်ပါသည်။

( AP သတင်းထောက် Esther Htusan ၏ Myanmar propaganda? Army takes media on reporting trip ကို ဘာသာပြန်ဆိုသည်။ အက်စသာထုဆန်သည် ထိုင်းငါးဖမ်းလှေများပေါ်တွင် ကျွန်ပြုခံနေရသော မြန်မာအလုပ်သမားများအကြောင်း ဖော်ထုတ်ရေးသားခဲ့သောကြောင့် ၂၀၁၆ ခု ပူလစ်ဇာဆုကို ပူးတွဲရရှိခဲ့သော မြန်မာနိုင်ငံသား အမျိုးသမီးဂျာနယ်လစ်ဖြစ်သည်)

Loading