မြန်မာနိုင်ငံတဝန်း၌ သက်ကြီးရွယ်အို ဦးရေသည် တဖြည်းဖြည်း တိုးပွားလာနေပြီး နိုင်ငံ့လူဦးရေ၏ ၉ ရာခိုင်နှုန်းခန့် ရှိနေ သည်။
သက်ကြီးရွယ်အို စံသတ်မှတ်ချက်သည် အသက် ၆၀ နှင့်အထက် ဖြစ်ပြီး အများစုသည် အသက်အရွယ်အရ အလုပ်လုပ် ခြင်းမှ အနားယူထားသူများဖြစ်ရာ နေအိမ်၌ပင် အချိန် ကုန်ဆုံးနေကြရသည်။
ထို့အတူ ၎င်းတို့၏ သားသမီး၊ မြေးများ၊ အလုပ်သွား၊ ကျောင်းသွားသည့် အချိန်မျိုးတွင်လည်း အိမ်တွင် တဦးတည်း ကျန် ရစ်လေ့ ရှိတတ်ကြသည်။
ထိုအချိန်မျိုးတွင် အထီးကျန်ခြင်း၊ စိတ်အားငယ်ခြင်း၊ လုံခြုံမှု မရှိဟု ခံစားရခြင်းတို့အပြင် တခါတရံတွင် စိတ်ဓာတ်ကျခြင်း တို့ကိုပါ ခံစားရသည်ဟု အဘိုး အဘွား တို့က ဧရာဝတီကို ပြောပြကြသည်။
အထီးကျန်သည့် သက်ကြီးရွယ်အိုများ အတွက် စိတ်သက်သာမှု ရရှိစေရန် ရည်ရွယ်၍ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ချော်တွင်းကုန်း မှတ်တိုင်အနီးရှိ လူမှုဝန်ထမ်း ဦးစီးဌာနတွင် သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေး ရိပ်သာကို ၂၀၁၃ ခုနှစ်မှစတင် ဖွင့်လှစ်ပေးထားသည်။
ထိုရိပ်သာတွင် နိုင်ငံတော်အစိုးရက ဘိုးဘွားများ၏ နေ့စဉ် နေထိုင်စားသောက်မှု ကိစ္စများအတွက် တဦးလျှင် တရက် ကျပ် ၁၅၀၀ ကို အစိုးရက ထောက်ပံ့ပေးထားကြောင်း ရိပ်သာ၏ တာဝန်ရှိသူ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာ ကေသီကျော်က ပြောသည်။
“မိသားစု အပြည့်အစုံရှိပေမယ့် နေ့ခင်းဘက်မှာ မိသားစုတွေ အလုပ်သွားနေကြရင် သက်ကြီးရွယ်အိုတွေက အိမ်မှာ ကျန် နေခဲ့ရတယ်၊ အဲဒီအချိန်မှာ သူတို့ဟာ အထီးကျန်မှု ခံစားရတယ်၊ အဲဒီလို အထီးကျန်နေတဲ့ အဘိုး၊ အဘွားတွေ အတွက် နေ့ပိုင်း စောင့်ရှောက်ပေးထားတာပါ။ ညနေဆိုရင်တော့ သူ့အိမ်မှာ သူ့မိသားစုနဲ့ ပြန်ဆုံလို့ ရတာပေါ့” ဟု ၎င်းက ဆိုသည်။
ယခုအခါ ထိုရိပ်သာသို့ နေ့စဉ် လာရောက်၍ အနားယူ အပန်းဖြေသည့် ဘိုးဘွားဦးရေ ၇၀ မှ ၈၀ ဝန်းကျင်အထိ ရှိပြီး ရိပ် သာ ၌ ၎င်းတို့နှင့် သက်တူရွယ်တူ ဝါသနာတူသူများ မိတ်ဖွဲ့ကာ ရှေးဟောင်းနှောင်းဖြစ်များ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည်ဖြင့် စကားစမြည် ပြောဆိုလေ့ ရှိကြသည်။
ထို့အတူ ဝါသနာပါရာ အားကစား တမျိုးမျိုးကို ပြုလုပ်နိုင်ပြီး အင်တာနက်သုံးခြင်း၊ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ အိပ်စက် အနားယူခြင်း၊ စစ်တုရင်ထိုးခြင်း၊ တောက်ခုံတောက်ခြင်း၊ ကာရာအိုကေ သီဆိုခြင်း စသည်တို့ကို ပြုလုပ်ကြကြောင်း အဘိုး၊ အဘွားများက ပြောသည်။
ယင်းရိပ်သာသို့ လာရောက်သည့် အသက် ၇၇ နှစ်အရွယ် ဦးထွန်းသိန်းက မိသားစုဝင်များ အပြင်သွားကြသည့်အခါ အိမ်၌ တဦးတည်း နေထိုင်ရ၍ အထီးကျန်သည့် စိတ်ခံစားရကာ တခါတရံတွင် စိတ်အားငယ်ရကြောင်း၊ မိမိကိုယ်မိမိ လုံခြုံမှု မရှိ ဟုလည်း ခံစားရကြောင်း ပြောပြသည်။
အဘိုး ဦးထွန်းသိန်းက “ဒီရိပ်သာမှာက ကိုယ်နဲ့ရွယ်တူတွေပဲ ဆိုတော့ စကားတွေ ပြောကြတယ်၊ ကိုယ့်မိသားစုအကြောင်း၊ ဟိုအကြောင်း ဒီအကြောင်းတွေ အစုံပါပဲ၊ တနေ့ တနေ့ အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး၊ ကိုယ်တ ယောက်တည်း လို့လည်း မခံစားရတော့ဘူး” ဟု ပြောသည်။
အိမ်တွင်ရှိနေစဉ်က အချိန် ကုန်ခဲလှသော်လည်း ရိပ်သာတွင် မိတ်ဆွေ အပေါင်းအသင်းများနှင့် စကားပြောဆို ဆွေးနွေး ခြင်း အပါအဝင် လုပ်စရာ အများအပြားရှိနေ၍ အချိန်ပင် လုံလောက်မှု မရှိဟု ဦးထွန်းသိန်းက ပြောဆိုသည်။
“အိမ်မှာက တနာရီကုန်ဆုံးဖို့ အတော်ကြာတယ်။ ဒီကို ရောက်တော့ အချိန်တွေက မလောက်တော့ဘူး၊ ကွန်ပျူတာသုံးပြီး သတင်းတွေ ကြည့်တယ်၊ စာဖတ်တယ်၊ တရားထိုင်တယ်၊ စစ်တုရင်ထိုးတယ်၊ တောက်ခုံတောက်တယ်၊ တခါတလေ စိတ် တွေ နည်းနည်းမွန်းကျပ်လာရင် ကာရာအိုကေခန်းမှာ သီချင်းတပုဒ်လောက် ဆိုပစ်လိုက်တယ်” ဟု ၎င်းက ပြောသည်။
ထိုရိပ်သာသို့ နေ့ပိုင်းလာရောက် အပန်းဖြေ အနားယူမည့်သူများသည် အသက် ၇၀ နှင့်အထက် ရှိရမည်ဖြစ်ပြီး ကိုယ့်အား ကိုယ်ကိုး၍ သွားလာနိုင်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
ရိပ်သာသို့ လာရောက်မည့် ဘိုးဘွားများသည် ပထမဆုံးအကြိမ်တွင် ရပ်ကွက်ထောက်ခံစာနှင့်အတူ မိသားစုဝင်များ ကိုယ်တိုင် လာရောက် အပ်နှံပေးရန် လိုအပ်သည်။
ငွေကြေး တစုံတရာ ပေးဆောင်ရန် မလိုဘဲ ရိပ်သာ၌ နံနက်စာ၊ နေ့လယ်စာနှင့် ညနေ အိမ်ပြန်ခါနီးတွင် လက်ဖက်ရည် သို့မဟုတ် နွားနို့၊ အသီးအနှံများ စသည်ဖြင့် အာဟာရ ဖြစ်စေမည့် အစားအစာ တမျိုးမျိုးကို နေ့စဉ် ကျွေးမွေးသည်။
ရိပ်သာကို တပတ်လျှင် တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီဝန်းကျင် အထိ ဖွင့်လှစ်ပေးထားသည်။
တပတ်တွင် ၃ ရက် ကြိုပို့ကားများ ရှိသည်။ နေ့စဉ်ကြိုပို့မှု မလုပ်ဆောင်နိုင်ခြင်းမှာ ကားစီးရေနှင့် စက်သုံးဆီ စရိတ် လုံလောက်မှု မရှိခြင်းကြောင့်ဟု သိရသည်။ စက်သုံးဆီ စရိတ်သည် တရက်လျှင် ကျပ် တသောင်း ကုန်ကျသည်။
ရိပ်သာသို့ လာရောက်မည့် အဘိုး၊ အဘွားများအား ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ ကန့်သတ်မထားဘဲ အသက် ၇၀ ပြည့် ပြီးလျှင် လက်ခံပေးပြီး မိမိယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် တရားအားထုတ်နိုင်ရန်လည်း စီစဉ်ပေးထားသည်။
လက်ရှိ လာရောက် အနားယူနေသည့် ဘိုးဘွား ၈၀ ဝန်းကျင်တွင် ကိုယ်ပိုင်ဝင်ငွေ ရှိသူများ၊ ဌာနဆိုင်ရာ အငြိမ်းစားများ၊ မိ သားစုကို မှီခိုနေရသူ လက်လုပ်လက်စား အဘိုး၊ အဘွားများ စသည်ဖြင့် အမျိုးအစားစုံ ပါဝင်ပြီး အဘွားများထက် အဘိုးဦး ရေက ပိုမို များပြားသည်။
ဒေါက်တာ ကေသီကျော် က “အဘွားတွေ နည်းရတာကတော့ သူတို့က အိမ်မှာ လုပ်စရာတွေရှိတယ်၊ ဥပမာ- ကလေး ထိန်းတာမျိုး၊ အိမ်မှုကိစ္စ တခုခု လုပ်တာမျိုးတွေ ရှိတော့ အဘွားအများစုက မလာကြဘူး” ဟု ဆိုသည်။
အသက် ၈၉ နှစ်ရှိပြီ ဖြစ်သည့် အဘိုး ဦးငွေလွန်းက အသက် ၈၅ နှစ်ရှိပြီ ဖြစ်သော ဇနီးသည်သည် ၎င်းနှင့် အတူ ရိပ်သာ သို့ လာရန် ဆန္ဒမရှိဟု ပြောသည်။ ဦးငွေလွန်းသည် ယခင်က ကုန်သည်တဦး ဖြစ်သည်။
ဦးငွေလွန်းက “အိမ်မှာက လွတ်လပ်မှုမရှိဘူးလို့ ခံစားရတယ်၊ ပျင်းဖို့လည်း ကောင်းတယ်၊ အဘိုးကြီး၊ အဘွားကြီး ဆိုတော့ တခါတလေ သားသမီးတွေနဲ့ စကားများရတာရှိတယ်၊ ဒီမှာက လွတ်လပ်မှုရှိတယ်၊ ပျော်စရာလည်း ကောင်းပါတယ်” ဟု ပြောသည်။
ရိပ်သာရှိ အဘိုး၊ အဘွား အများစုက ၎င်းတို့ လက်ရှိရောက်နေသည့် နေ့ပိုင်းစောင့်ရှောက်ရေး ရိပ်သာသည် အခြား ရိပ်သာ များထက် ပိုမိုလွတ်လပ်မှုရှိ၍ နှစ်သက် သဘောကျသည်ဟု ပြောဆိုကြသည်။
အသက် ၈၄ နှစ်ရှိ အငြိမ်းစား ရှေ့နေကြီး အဘိုး ဦးကြည်လွင်ဆိုင်က“ဘိုးဘွား ရိပ်သာတွေထဲမှာမှ ဒီနေရာကို ဘာကြောင့် ရွေးချယ်ရလဲဆိုတော့ နေ့ဘက်ပဲ စောင့်ရှောက်ပေးလို့ပါ၊ ညနေဆို အိမ်ပြန်လို့ရတယ်၊ နောက်တခုက ဒီမှာက လွတ်လပ် တယ်လေ၊ သီချင်းဆိုလို့ ရတယ်၊ အဘိုးကြီး၊ အဘွားကြီးတွေ ဆိုပေမယ့် ကိုယ်ဝါသနာပါတာကို လုပ်ချင်ကြတာပေါ့” ဟု ပြောသည်။
ရိပ်သာရှိ အဘိုး၊အဘွားများ အတွက် လူမှုရေး ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အာဟာရ ကျွေးမွေးမှုများ အပြင် ဖွံ့ဖြိုးမှု အတွက် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်နိုင်မည့် နေရာများကိုပါ ဖန်တီးပေးထားသည်။
ထို့အတူ အဘိုး၊ အဘွား များ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်း ဆရာဝန်များ ထားရှိပြီး အရာအားလုံးသည် အခမဲ့ ကူညီစောင့်ရှောက် ပေးထားခြင်း ဖြစ်သည်။
ဒေါက်တာ ကေသီကျော်က “လူမှုရေးအရ စောင့်ရှောက်မှု ဆိုတာကတော့ သူတို့နဲ့ သက်တူရွယ်တူ အချင်းချင်း တွေ့ဆုံပေး ခြင်းပါ၊ သူတို့ရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ဖလှယ်ရင်းနဲ့ ပြန်ပြီးတော့ နုပျိုသွားသလိုမျိုး ခံစားသွားကြတာပေါ့” ဟု ဆို သည်။
အသက် ၇၆ နှစ်ရှိသူ ဒေါ်စန်းမြင့်ကလည်း ၎င်းအနေဖြင့် ရိပ်သာသို့ လာရောက်ရခြင်းသည် သက်တူရွယ်တူ မိတ်ဆွေ များ ရှိ၍ ဖြစ်ကြောင်း၊ အသက်အရွယ်အရ တခါတရံ ကျန်းမာရေး ထိခိုက်မှု ရှိပါကလည်း ရိပ်သာရှိ ဆရာဝန်က ကုသပေး၍ သက်သာကြောင်း၊ ထို့အတူ ရိပ်သာတွင် ရွယ်တူ မိတ်ဆွေများနှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရသည့်အတွက် အသက် ပိုရှည် သည်ဟု ခံစားရကြောင်း ပြောသည်။
၎င်းက “အိမ်မှာက မိသားစုရှိပေမယ့် သားသမီးတွေက ဘာမှမလုပ်ခိုင်းဘူး၊ လုံးဝ အငြိမ်းစားလို ဖြစ်နေတယ်၊ ဒီမှာက လုပ် စရာတွေ အများကြီးရှိတယ်လေ၊ မနက်တိုင်း လေ့ကျင့်ခန်း လုပ်ရတာနဲ့တင် လာရကျိုးနပ်တယ်၊ စနေ၊ တနင်္ဂနွေ ကျတော့ သူငယ်ချင်းတွေဆီ ဖုန်းနဲ့ဆက်သွယ်ပြီး စကားပြောကြပေါ့” ဟု ဆိုသည်။
ဘိုးဘွားများသည် နေ့ပိုင်းစောင့်ရှောက်မှု ရိပ်သာသို့ အချင်းချင်း ဆက်သွယ်မှုဖြင့်လည်းကောင်း၊ ရပ်ကွက် အာဏာပိုင် များ က တိုက်တွန်း၍ လည်းကောင်း၊ သတင်းမီဒီယာများက တဆင့် သိရှိ၍လည်းကောင်း ပုံစံမျိုးစုံဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။ နေ့ပိုင်းဖြစ်၍ လွတ်လပ်မှုရှိပြီး ပျော်ရွှင်စရာ ကောင်းသည်ဟုလည်း အဘိုး၊ အဘွားများက ပြောဆိုကြသည်။
အဘိုး၊အဘွား နေ့ပိုင်း စောင့်ရှောက်ရေး ရိပ်သာသည် သက်ကြီးရွယ်အိုများ အတွက် အပန်းဖြေအနားယူရန် သင့်လျော် လုံခြုံ သည့် နေရာတခုဖြစ်ပြီး လွတ်လပ်စွာ နေထိုင်ရခြင်းကို ကြိုက်နှစ်သက်သည်ဟု အသက် ၇၉ နှစ်အရွယ် ဦးလှမြင့်က ပြောသည်။
ဦးလှမြင့်သည် သစ်တောဦးစီးဌာန အရာရှိတဦး ဖြစ်ခဲ့ပြီး အသက် ၅၀ အရွယ်တွင် အငြိမ်းစားယူခဲ့သည်။ အငြိမ်းစား ယူပြီး နောက် စင်ကာပူ၊ တရုတ်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ရှိ ကား အရောင်းစင်တာများတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
နေ့ပိုင်း စောင့်ရှောက်ရေး ရိပ်သာသို့ လာရောက်သည့် အဘိုး၊အဘွား အများစုသည် မိသားစု အစုံအလင်ရှိသူ၊ သက်ရှိ ထင်ရှား အိမ်ထောင်ဖက်ရှိသူ၊ သားသမီးတဦးဦး ရှိသူ စသည်တို့ များပြားပြီး မိသားစုဝင် လုံးဝ မရှိသည့် အဘွားတဦး လည်း ရှိသည်။
အသက် ၈၅ နှစ်အရွယ်ရှိ အဘွားဒေါ်အုံးကြည် (ခ) ဒေါ်အောင်မျိုးကြည်သည် မိသားစုဝင် တဦးတယောက်မျှ မရှိဘဲ နှစ် ပေါင်းများစွာ တဦးတည်း နေထိုင်လာခဲ့ပြီး မိတ်ဆွေတဦး၏ အကြံပေးမှုကြောင့် လွန်ခဲ့သည့် ၃ လ ကျော်က နေ့ပိုင်း စောင့်ရှောက်ရေး ရိပ်သာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အဘွား ဒေါ်အုံးကြည် က “ကျမ ကိုယ်ဝန် ၅ လရှိတဲ့အချိန်မှာ အမျိုးသားက နောက်မိန်းမ ယူသွားတယ်၊ သမီးလေးတ ယောက်မွေးခဲ့ပေမယ့် အခုတော့ သမီးလည်း ဆုံးသွားခဲ့တာကြာပြီ၊ သမီးလေး ဆုံးသွားတဲ့အချိန်ကတည်းက တယောက် တည်း နေလာခဲ့တာ ဒီနေ့အထိပါပဲ” ဟု ပြောပြသည်။
ဒေါ်အုံးကြည်သည် ဘဝ ရပ်တည်ရေးအတွက် ဈေးသည်၊ ဇာတ်သမ၊ နတ်ကတော်၊ ဗေဒင်ဆရာမ၊ ဆေးကုသခြင်း စသည်ဖြင့် ဘဝမျိုးစုံ၌ ကျင်လည်ခဲ့ရသူ ဖြစ်သည်။
ဒေါ်အုံးကြည်က “ဒီရိပ်သာကို ရောက်ကတည်းက ၅၀ ရာခိုင်နှုန်းလောက်တော့ ပျော်ပါတယ်၊ နောက် ၅၀ ရာခိုင်နှုန်း ကတော့ မပျော်နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါဘယ်လို သေရမလဲဆိုတာ စဉ်းစားရင်းနဲ့ ဝမ်းနည်းနေမိတယ်” ဟု ပြောသည်။
နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာသည် လက်ရှိတွင် ကမ္ဘာအေး ဘုရားလမ်းရှိ တနေရာတည်းသာ ရှိပြီး နောက်ပိုင်းတွင် မန္တလေး၌ ဖွင့်လှစ်ပေးရန် စီစဉ်နေကြောင်း၊ ဘိုးဘွားများအတွက် နေ့ပိုင်းစောင့်ရှောက်ပေးရေး ဝန်ဆောင်မှု လုပ်ငန်းများကို မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းတွင် မိမိတို့၌ ရှိသည့် အရင်းအမြစ်များဖြင့် တည်ထောင်၍ ဘိုးဘွားများ၏ အသက် ရှင်သန်မှုအတွက် အထောက်အကူ ပေးသင့်ကြောင်း ဒေါက်တာ ကေသီကျော်က ပြောသည်။
“လူတိုင်းလူတိုင်းဟာ အချိန်နဲ့အမျှ အိုနေကြရတယ်၊ ဒါကြောင့် သက်ကြီးရွယ်အိုတွေကို ကူညီ စောင့်ရှောက်ရင်းနဲ့ ကိုယ် တွေ အိုဖို့အတွက်လည်းပဲ ပြင်ဆင်ကြရမယ်။ ဒီ့အတွက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းတွေမှာ လူတိုင်းက ပါဝင်သင့် တယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝရဲ့ နောက်ဆုံးအချိန်ကို ဖြတ်သန်းလို့ရအောင် လူတိုင်းက ပါဝင်ကြဖို့ လိုပါတယ်” ဟုလည်း ဒေါက်တာ ကေသီကျော် က ပြောဆိုသည်။ ။