ဆောင်းပါး

ပြည်မြို့က ရဟန်းစာဆို ရှင်မဟာရဋ္ဌသာရ ရဲ့ အထိမ်းအမှတ် ကျောက်တိုင်

Want create site? Find Free WordPress Themes and plugins.

မြန်မာစာပေသမိုင်းမှာ ထင်ရှားခဲ့တဲ့ ရှင်မဟာရဋ္ဌသာရ ဟာ ရွှေစက်တော်သွား တောလားနဲ့ ဝဏ္ဏ ပဘာ၊ နှမလက်လျော့နေလေတော့ စတဲ့ ဘ၀၀န်းကျင် ပျို့ကဗျာများကို ရေးသား စပ်ဆိုခဲ့တဲ့ ရဟန်း စာဆိုကြီးတပါးဖြစ်ပါတယ်။

သက္ကရာဇ် ၈၉၂ ခုနှစ် ပြည်မြို့မှာ ပျံလွန်တော်မူခဲ့တဲ့ ရှင်မဟာရဋ္ဌသာရရဲ့ အရိုးအိုးဂူနဲ့ သပိတ်၊ ရေစစ် စတဲ့ ဌာပနာပစ္စည်းတွေဟာ ယခုတိုင် ပြည်မြို့ ရတနာမာန်အောင် ရပ်ကွက် ရွှေမောင်းတုန်း ကျောင်း တိုက်မှာ ထိန်းသိမ်းထားဆဲပါ။

ရှင်မဟာ ရဋ္ဌသာရ အရိုးအိုးမြုပ်နှံရာ ကျောက်တိုင် (ဓာတ်ပုံ – ကောင်းမြတ်မင်း/ဧရာဝတီ)

ရှင်မဟာ ရဋ္ဌသာရရဲ့ အရိုးအိုးစေတီကို ရွှေမောင်းတုန်း တောရနဲ့ ကျက်သိမ်ကုန်း တောရကျောင်း များ အကြား ရှာဖွေ တွေ့ရှိပြီး ရေတိုက်စား ပြိုကျပျက်စီးနေတဲ့အတွက် ၁၉၆၅ ခုနှစ်မှာ ပြည်မြို့ ရွှေဘုန်းပွင့် စာကြည်တိုက် အသင်းမှ ဒေသအခေါ်သပိတ်ဆေးကန် (အင်းဝခေတ် အုတ်ရေကန်ကြီး)အနီးမှာ ပြန်လည်စိုက်ထူခဲ့တာဖြစ်ပါတယ်။

ပြိုကျနေတဲ့ မြစေတီအတွင်း ဋ္ဌာပနာခဲ့တဲ့ ရှင်မဟာရဋ္ဌသာရ ရဲ့သပိတ်ခြေ၊ သပိတ်ဖုံး၊ သပိတ်နဲ့ ရေစစ် များကိုလည်း ရွှေမောင်းတုန်း ဆရာတော်မှ သိမ်းဆည်း ထိန်းသိမ်းထားသလို၊ ရဟန်းစာဆိုကြီး တည် ထားကိုးကွယ်ခဲ့တဲ့ နှစ်ကျိပ်ရှစ်ဆူ စေတီနဲ့ သိမ်တော်ကြီးကိုလည်း ၂၀၀၉ ခုနှစ်က ပြန်လည်မွမ်းမံ ခဲ့ပါတယ်။

အလားတူ ရှင်မဟာရဋ္ဌသာရ တည်ထားခဲ့သည့် ဓမ္မအိမ်သိမ်၊ မင်္ဂလာစေတီနှင့် ဆုတောင်းပြည့် ဘုရားကြီးတို့ဟာလည်း ရွှေတောင်မြို့နယ် ပုတ္တန်းနှင့် လေးကျွန်းဆီမီးကျေးရွာတို့မှာ ရှိပါတယ်။

ရှင်မဟာရဋ္ဌသာရ အသုံးပြုခဲ့သည့် သပိတ်နှင့် ရေစစ် (ဓာတ်ပုံ – ကောင်းမြတ်မင်း/ဧရာဝတီ)

သက္ကရာဇ် ၈၃၀ မှာ အင်းဝမြို့၌ မွေးဖွားကာ ငယ်မည် မောင်မောက်ဖြစ်ပြီး၊ အရွယ်ရောက်တဲ့အခါ ဒုတိယ ဘုရင်မင်းခေါင် ရဲ့ အငယ်ဆုံး သမီး အလှကို တင်စားထားတဲ့ ဝဏ္ဏပဘာ ကလျာ ဖူးစသစ် အစချီတဲ့ ကဗျာကို ရေးစပ်ခဲ့ပါတယ်။

အသက် ၁၈နှစ်မှာတော့ မင်းသမီးငယ်နဲ့ ရည်ငံကာ ဒုတိယ ဘုရင်မင်းခေါင်က လက်ထပ် ထိမ်းမြား ပေးခဲ့ပေမယ့် သာသနာဘောင်ဝင်ရောက်သွားကာ “နှမလက် လျော့ နေလေတော့” ကဗျာကို ရေးဖွဲ့ပြီး သက်တော် ၂၀မှာ ရဟန်းဘောင်ကိုဝင်၍ ရှင်မဟာ ရဋ္ဌသာရ ဆိုတဲ့ ဘွဲ့ကို ခံယူခဲ့ကာ အင်း၀ နေပြည်တော်မှာ သီတင်းသုံးပြီး ၂၅နှစ်မှာတော့ ဘူရိဒတ် ဇတ်ပေါင်း ပျို့၊သက်တော် ၅၅ နှစ်မှာတော့ စတုဓမ္မသာရ ကိုးခန်းပျို့ကို ရေးဖွဲ့ခဲ့ပါတယ်။

ရှင်မဟာရဋ္ဌသာရ တည်ထားခဲ့သည့် ဓမ္မအိမ်သိမ် (ဓာတ်ပုံ – ကောင်းမြတ်မင်း/ဧရာဝတီ)

၈၈၆ ခုနှစ်မှာ ပြည်ဘုရင် သတိုးမင်းစောနဲ့ မိုးညင်း စလုံစော်ဘွားတို့ မဟာမိတ်ပြုကာ အင်းဝကို တိုက်ခိုက်ပြီး သတိုးမင်းစောက ဆရာတော် ရှင်မဟာ ရဋ္ဌသာရနဲ့ တပည့်ရဟန်းတို့ကို ပြည်မြို့သို့ ပင့်ဆောင်ပါတယ်။

သတိုးမင်းစောက ပုထိုးကျောင်း၊ တောင်ရွှင်ကျောင်း၊ မင်းတုန်းကျောင်း တို့ကို လှူဒါန်းကာ မဟာသံဃ ရာဇာ တံဆိပ်တော် နှင့် သာသနာပိုင်အရာ အပ်နှင်းခဲ့ပါတယ်။

၈၉၁ ခုနှစ်မှာ ပြည်မင်း ဘုရင်ထွေးက တောင်းပန်သဖြင့် သံဝရပျို့ကို စီရင်ရေးသားပြီးနောက် ၈၉၂ ခုနှစ်မှာ သက်တော် ၆၂နှစ်ရှိ သာသနာပိုင် မထေရ်သူမြတ်ဟာ လေရောဂါကြောင့် ပျံလွန်တော် မူခဲ့ပါတယ်။

ရှင်မဟာရဋ္ဌသာရ တည်ထားခဲ့သည့် ဓမ္မအိမ်သိမ် (ဓာတ်ပုံ – ကောင်းမြတ်မင်း/ဧရာဝတီ)

ဆရာတော် ရှင်မဟာဋ္ဌသာရ ရဲ့ ခရီးသွားမှတ်တမ်းလို့ ခေါ်ရမယ့် ရွှေစက်တော်သွား တောလားဟာ ဘုရားသမိုင်းသာမက တောတောင်သဘာဝနဲ့ “တောကြက်တွန်မြူး၊ ကျေးငှက်ကျူး၍ သံကြူး မြိုင်စည် စက်ရိပ်လည်လျှက် နေခြည်ဝင်မြောက် ဆည်းဆာရောက်သော မြောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့် သံချွေကြွေးကြော် ဖိုမခေါ်လျှက် တောက်ကျော်တွန်သွား ငှက်ငနွားလည်း တောဖျား မြိုင်ချောက် ပင်ရိပ်အောက်တွင် သေသောက်ကြူးငှက် သေတလျက်တည့်” စတဲ့ တရိစ္ဆာန်တို့ ရဲ့အမူရာတွေကိုပါ သရုပ်ဖော်ထားတဲ့ တောလားတပုဒ်ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading