စစ်ဗိုလ်လူထွက်များရေးတဲ့ စာအုပ်တွေ ပလူပျံအောင်ထွက်ရှိနေတဲ့အထဲမှာ ဦးနေဝင်းလက်ထက် ဗိုလ်ကြီးဟောင်းတဦး လည်းဖြစ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဖြစ်သူ ဦးဝင်းထိန်ရေးတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှု စာအုပ်လည်း ပါဝင်ပါတယ်။
စာအုပ်နာမည်အပြည့်အစုံက ကျွန်တော်ရေးချင်တဲ့အကြောင်း၊ ကျွန်တော် ပြောချင်တဲ့အကြောင်း ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု ဖြစ်ပါတယ်။ ဦးဝင်းထိန်ကိုယ်တိုင် အမှာစာသဘောမျိုးနဲ့ နှစ်ပေါင်းလေးဆယ်ကျော်က အဖြစ်အပျက် ဆိုပြီး ဘာကြောင့် သူ ယခုစာအုပ်ကို ရေးသားရတဲ့အကြောင်း ရေးသားထားပါတယ်။
စာအုပ်မှာ အခန်းပေါင်း ၁၆ ခန်းပါဝင်ပြီး ပါဝင်တဲ့ ခေါင်းစဉ်တွေကတော့ တာစူလာနေသော အကြောင်းအရင်းများ၊ ဗိုလ်ကြီး အုန်းကျော်မြင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်၏ PSO ဖြစ်လာပုံ၊ ချက်ချင်းလက်ငင်းဖြစ်ပေါ်စေသော အကြောင်းအရာ၊ ဗိုလ် ချုပ်ကြီးတင်ဦးနှင့် ကျွန်တော်၊ ရေကြည်အိုင်ဆိုတဲ့နေရာ၊ ဗိုလ်ချုပ်ကြီးတင်ဦးကို ထုတ်ပယ်မှုအပေါ် နှမြောကြ၊ ရန်ကုန်တိုင်း အထူးတရားရုံး၊ ရေကြည်အိုင်ရောက် ဆရာတပည့်များ၊ ရေကြည်အိုင်ရောက် ပုဂ္ဂိုလ်တို့အကြောင်း တစေ့တစောင်း၊ ပြီးသွား ပေမယ့် မပြီးသေးသောသူ၊ သံရုံးဖို့ ခိုလှုံဖို့အကြံ၊ စစ်ကြောရေးမှာ ထွက်ချက်ယူ၊ အုန်းကျော်မြင့်ကို သေဒဏ်ချမှတ်၊ သတင်း စာမှ ကိုယ်ရေးအတ္တုပ္ပတ္တိများ၊ အုန်းကျော်မြင့်အကျိုးဆက်၊ သူတို့ဘယ်ရောက်နေကြပြီလဲ စတဲ့အခန်းများ ပါဝင်ပါတယ်။
အဲဒီအချိန်ကာလမှာ ဦးဝင်းထိန်ဟာ ရှမ်းပြည်နယ်ခရီးစဉ်မှာ ရှမ်းပြည် NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ကို နှုတ်မိန့်နဲ့ ထုတ် ပယ်၊ ရာထူးချကိစ္စရပ်တွေကိုလည်း ပြုလုပ်ထားတာက တကြောင်း လူအများ စိတ်ဝင်စားခဲ့ကြတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် အကြောင်းစာအုပ်အနေနဲ့ ဦးဆုံးရေးခဲ့သူဖြစ်လို့ စာအုပ်ဟာ ထွက်ပြီး ဆိုင်တွေမှာ ပြတ်လပ်တဲ့အထိ ရောင်းခဲ့ရပါတယ်။
ဗိုလ်ကြီးအုန်းကျော်မြင့်အရေးအခင်းဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတိုင်း အလေးထားခဲ့ကြရတဲ့ကိစ္စရပ်ဖြစ်ပါတယ်။ အာ ဏာရှင် ဗိုလ်ချုပ်နေဝင်းကို လုပ်ကြံဖို့ကြိုးစားတဲ့ ဗိုလ်ကြီးအဆင့်ရှိသူတွေရဲ့တပ်တွင်းတော်လှန်မှုတရပ်လို့ သိထားမှတ်ထား ကြတာဖြစ်ပါတယ်။
ဦးဝင်းထိန်ရေးထားတဲ့ ယခုစာအုပ်မှာတော့ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ရစရာမရှိအောင် ချိုးနှိမ်ရေးသားထားတာတွေလည်း တွေ့ရပါတယ်။ ဗိုလ်ကြီးအုန်းကျော်မြင့်က ကိုယ်ကျိုးအတွက်ပဲ အာဏာရှင်ကို လုပ်ကြံဖို့ ကြံစည်ခဲ့သယောင်တွေ ထည့်သွင်း ရေးသားထားပါတယ်။ အောက်ပါစာပုဒ်များကို ဖတ်ကြည့်ရင် သိသာနိုင်ပါတယ်။
“ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ မလွှဲမသွေ ဗိုလ်မှူးဖြစ်တော့မယ်။ ဗိုလ်မှူးဖြစ်ရင် တခြားနေရာမှာ တာဝန်ထမ်းဆောင်ရမယ်။ အဲဒီလို ကိစ္စတွေ မကြုံလာတဲ့အတွက်ကြောင့် ဗိုလ်ကြီးအုန်းကျော်မြင့်ဆိုတဲ့ အရေးအခင်း ဖြစ်လာစရာ အကြောင်းနည်းမယ် လို့ ကျွန်တော်ယူဆတယ်” (စာ-၁၅)
“တပ်ရောက်လို့ တပ်က တာဝန်တွေလုပ်ပြန်တော့လည်း ပြောင်မြောက်တဲ့ဆောင်ရွက်ချက်တွေ မရှိခဲ့ဘူး။ သူ့ရဲ့ ထူးခြား ချက်က အရာရှိကြီးတွေလာပြီဆိုရင် အင်မတန်ကို ပျာပျာသလဲနဲ့ ဧည့်ခံ လှုပ်ရှားတတ်တဲ့ အကျင့်ရှိတယ်။ အရာရှိကြီးတွေ ရဲ့ဆန္ဒကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိထားတော့ အဲဒီခေတ်အခေါ်အရတော့ အနားပြာပေါ့။ အဲဒီလို အနားပြာဖြစ် ခဲ့တဲ့ပုံစံကို ကျွန်တော်က သိခဲ့တော့ တပ်မတော်မှာ အဲဒီလိုလူမျိုးက စစ်ရေးအရ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ် လာစရာ အကြောင်းမရှိဘူး” (စာ-၂၃)
“ဆိုလိုတာကတော့ အုန်းကျော်မြင့်ဟာ လုပ်ငန်းကြီးတစ်ခုကို ပြည့်ပြည့်စုံစုံအကောင်အထည်ဖော်နိုင်မယ့် ပုဂ္ဂိုလ်မဟုတ် ဘူးလို့ ကျွန်တော်က သဘောပေါက်တဲ့အတွက်ကြောင့် လုံးဝကို စိတ်မဝင်းစားတော့ဘူး” (စာ-၂၅)
“အဲဒါနဲ့ ကျွန်တော့်ကို မေးတယ်။ မင်း ဘာလို့ သတင်းမပို့လဲမေးတော့ အုန်းကျော်မြင့်ပါမှတော့ အဖြစ်ရှိမှာ မဟုတ်ဘူးလို့ လည်း ထင်တယ်။” (စာ-၂၉)
“နောက်တစ်ခုက ဗိုလ်ကြီးအုန်းကျော်မြင့်က တိုက်ရည်ခိုက်ရည်နဲ့ ပတ်သက်ပြီးတော့ ထူးထူးချွန်ချွန် ပြောင်ပြောင်မြောက် မြောက် ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုတာ ကျွန်တော်က သိတဲ့အခါကျတော့..”(စာ-၄၁)
စာအုပ်ပါ အခန်း၁၁၊ သံရုံးမှာ ခိုလှုံဖို့အကြံဆိုတဲ့အခန်းမှာလည်း ဗိုလ်ကြီး အုန်းကျော်မြင့်ဟာ အာဏာရှင်ဗိုလ်နေဝင်းက သူ့ လူတွေကို စတင်ဖမ်းဆီးနေချိန်မှာ အမေရိကန်သံရုံးသွား ခိုလှုံခွင့်တောင်းတာကို သံအမတ်က ငြင်းပယ်လိုက်တော့ PSO တွေ ကျက်စားလေ့ရှိတဲ့ နာမည်ကြီး ရုပ်ရှင်မင်းသမီးပေါက်စအိမ်မှာ ၃၊ ၄ ရက်လောက် သွားနှပ်နေပုံမျိုးရေးထားပါတယ်။
သေဒဏ်(သို့)ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံရတော့မယ့် သူတယောက်ဟာ အဲဒီလို မိန်းမတယောက်အိမ်မှာ သွားရောက်ဖို့ ဆိုတာ စဉ်းစားစရာကောင်းပါတယ်။ ပြန်လည်ချေပဖို့ မကြိုးစားနိုင်တော့တဲ့ သူတယောက်ကို ခုလို ပုဂ္ဂလိကသိပ်ဆန်တဲ့ အကြောင်းအရာတွေ ရေးသားနေတဲ့ ဦးဝင်းထိန်ဟာ အုတ်ဂူကို တံတွေးနဲ့ ထွေးနေတာနဲ့တူပါတယ်။
ခေါင်းစဉ်အကြီးက ဗိုလ်ကြီးအုန်းကျော်မြင့်နိုင်ငံတော်လုပ်ကြံမှုလို့ ပါရှိပေမယ့်လည်း စာအုပ်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်နဲ့ ဆက်စပ်တဲ့ ဓာတ်ပုံတပုံမျှ မပါဝင်ဘဲ ဦးဝင်းထိန်နဲ့ သူ့ဇနီး ဓာတ်ပုံတော့ မမေ့မလျော့ ပါရှိပါတယ်။ ဦးဝင်းထိန်ရဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်အပေါ်ထားတဲ့ အာဃာတတွေကိုလည်း ဆက်ဖတ်ကြည့်ပါ။
“အုန်းကျော်မြင့်တို့က ကလေးမရှိဘူး။ သူတို့လင်မယားကလည်း ခဏခဏရန်ဖြစ်တယ်။ သူတို့နှစ်ယောက်ရန်ဖြစ်ရင် အုန်း ကျော်မြင့်မိန်းမက ထမင်းလည်းမချက်ပေးဘူး။ အဝတ်လည်း မလျှော်ပေးဘူး။ အုန်းကျော်မြင့်က အဝတ်လျှော်ရင် သူ့ဘာ သာလျှော်ရတယ်။”(စာ-၁၅၁)
“အုန်းကျော်မြင့်တို့ဘဝက မသာယာဘူး။ ဘာကြောင့်လဲဆိုတော့ လင်မယားနှစ်ယောက် ခဏခဏရန်ဖြစ်ကြတယ်”(စာ-၁၅၁)
တပ်မတော်တွင်းကနေ အာဏာရှင်ကို လုပ်ကြံဖို့ဆိုတာ ဘယ်လိုမှ တွေးယူစရာမရှိတဲ့ ကိစ္စရပ်ကြီးဖြစ်ပါတယ်။ အဲဒီလို အာဏာရှင်ကို လုပ်ကြံဖို့ စီစဉ်လုပ်ဆောင်ခဲ့သူတယောက်အကြောင်းမှာ အထက်ပါ ဦးဝင်းထိန်ရေးတဲ့ အကြောင်းအရာ တွေဟာ လိုအပ်၊ မလိုအပ် ဦးဝင်းထိန် ပိုသိနိုင်ပါတယ်။
အထက်ပါ ရေးသားချက်တွေဟာ ဦးဝင်းထိန်တယောက် ဗိုလ်ကြီးအုန်းကျော်မြင့်အပေါ် ဘယ်လိုအငြိုးအတေးတွေနဲ့ ရေး သားလဲဆိုတာတော့ ဦးဝင်းထိန်အသိဆုံးဖြစ်ပါလိမ့်မယ်။
“ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့အရည်အချင်းက သာမန်အဆင့်ပဲ၊ ထူးချွန်တဲ့ အရာရှိမဟုတ်ဘူး ဆိုတဲ့အချက်။ သူလုပ်ခဲ့တာ တွေကိုကြည့်ရအောင်”(စာ-၁၆၅) ဆိုပြီး ဗိုလ်ချုပ်ကြီးတင်ဦးကို ဗိုလ်နေဝင်းက ဖြုတ်တာ မကျေနပ်လို့ ပြန်တင်ချင်တဲ့ အချက်ရယ် ဗိုလ်ချုပ်ကြီးစန်းယုနဲ့မျက်မှန်တင်ဦးတို့ကိုပဲ လုပ်ကြံပြီး ဗိုလ်နေဝင်းချန်ထားတယ်ဆိုတဲ့ ၃ချက်နဲ့ သူ့ဘာသာ ရေးပြီး ထိုးနှက်ထားပါသေးတယ်။
အနှစ်ချုပ်ပြောရရင် ဦးဝင်းထိန်ရေးတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်နိုင်ငံတော်လုပ်ကြံမှုဆိုတာ ဘာမှမဟုတ်ပါဘူးကွာ။ အုန်း ကျော်မြင့်ဆိုတာလည်း အိမ်ထောင်ရေး အဆင်မပြေ၊ အထက်ကို ဖားယားနေတဲ့ အနားပြာတယောက်၊ တိုက်ရည်ခိုက်ရည် လည်းမရှိ၊ တပ်ထဲမှာလည်း သာမန်ဆိုပြီး သမိုင်းဝင်အရေးအခင်းတခုကို ပုံဖျက်ချင်တဲ့ ဦးဝင်းထိန်စိတ်ဓာတ်ကို အထင်း သားတွေ့လိုက်ရတာကလွဲရင် ကိုယ့်ကိုယ်ကိုယ်ဖော် သူတော်အဆင့်ပဲရှိပါတယ်။
အာဏာရှင်ဟောင်း ဦးနေဝင်းသာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် ဗိုလ်ကြီးအုန်းကျော်မြင့်နိုင်ငံတော် လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ထိန်ချန်မှုနဲ့ အပြစ်ပေးခံခဲ့ရတဲ့ ဦးဝင်းထိန်ကို ဒီစာအုပ်ဖတ်ပြီး သတင်းပေးနောက်ကျလို့ အပြစ်ပေးခဲ့တာတွေ အတွက် နောင်တတွေများ ရနေမလားဘဲ။
တကယ်တော့ ဦးဝင်းထိန်ရေးတဲ့ ကျွန်တော်ရေးချင်တဲ့အကြောင်း၊ ကျွန်တော် ပြောချင်တဲ့အကြောင်းဟာ ဗိုလ်ကြီးအုန်းကျော် မြင့် တပ်တွင်းလုပ်ကြံမှုအရေးအခင်းမဟုတ်ဘဲ ဦးဝင်းထိန်ရဲ့တပ်တွင်းဘဝနဲ့ သမိုင်းဝင် အရေးအခင်းအပေါ်ထားတဲ့ သူ့စိတ် ဓာတ်ကိုသာ မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ဦးရော်နီငြိမ်းရေးတဲ့ တပ်မှူးတပ်သားပြောစကား (ဗိုလ်ချုပ်ကြီးစောမောင် ရာထူးက ဖယ်ရှားခဲ့ကြ စဉ် အဖြစ်အပျက်များနှင့် အခြားနိုင်ငံရေးဖြစ်ရပ်များ)စာအုပ်မှာ ရေးသားထားတဲ့ ဗိုလ်အုန်းကျော်မြင့် အရေးအခင်းမှာ ပူးတွဲ ပါဝင်မှုကြောင့် အရေးယူခံရတဲ့ ဗိုလ်ကြီးစိန်သောင်းနဲ့ ဦးရော်နီငြိမ်းတို့ ဆွေးနွေးခန်းပြောဆိုချက်များနဲ့ ဦးဝင်းထိန်ရေးသား ချက်များကလည်း ကွဲလွဲနေတာတွေ့ရပါတယ်။
ဗိုလ်ကြီးအုန်းကျော်မြင့်အကြောင်းနဲ့ပတ်သက်ပြီး ဗိုလ်ကြီးစိန်သောင်းက “ For the people,By the people, Of the people ပြည်သူ့အတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်နိုင်တဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင် မှသာလျှင် တိုင်းပြည်ဟာ ပိုမိုပြီး တိုးတက်ကောင်းမွန်လာမယ်ဆိုတာတော့ သူ သိပုံပေါ်ပါတယ်”လို့ မှတ်ချက်ပြု ပြောဆို ထားတာတွေ ဖတ်ရတော့ ဗိုလ်ကြီးအုန်းကျော်မြင့်အပေါ်ထားတဲ့ ဦးဝင်းထိန်စိတ်ဓာတ်ကို တွေ့လိုက်ရပါတော့တယ်။
စာရေးဆရာ – ဦးဝင်းထိန်
စာအုပ်အမည် – ကျွန်တော်ရေးချင်တဲ့အကြောင်း၊ ကျွန်တော် ပြောချင်တဲ့အကြောင်း
ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု
အမျိုးအစား – နိုင်ငံရေး
ထုတ်ဝေသည့်ကာလ – ၂၀၁၆၊ အောက်တိုဘာ
ထုတ်ဝေသည့်တိုက် – ကောင်းကင်သစ်စာပေ
တန်ဖိုး – ၃၀၀၀ ကျပ်