ဆောင်းပါး

ရေဘေးကယ်ဆယ်ရေး သွေးအေးသွားကြပြီလား

Want create site? Find Free WordPress Themes and plugins.

မိုးဖြိုင်ဖြိုင် ကျပြီဆိုတာနဲ့ ရေကြီးတယ်ဆိုတာ မြန်မာနိုင်ငံမှာ ခုနောက်ပိုင်း နှစ်စဉ်ဖြစ်နေကျပါ။ ဒီနှစ်မှာလည်း မိုးဦး၊ မိုးလယ်၊ မိုးနှောင်း တွေမှာ ရွာသွန်းမြဲထက်ပိုပြီး မိုးကောင်းမှာဖြစ်လို့ ရေကြီးရေလျှံဖြစ်မယ်။ အဲဒီအတွက် ကြိုတင် ကာကွယ်ရေးနဲ့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့ ပညာရှင်တွေက အကြံပြုပြောဆိုထားပြီးလည်း ဖြစ်ပါတယ်။

ပညာရှင်တွေ သတိပေးနေတဲ့ ကြားကပဲ၂၀၁၇ ဇူလိုင်မှာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ ရေကြီးရေလျှံမှုတွေ စတင်ကြုံနေရပါပြီ။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၁၄၀၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တချို့နေရာတွေမှာ ရေပြန်ကျလို့ ကယ်ဆယ်ရေးစခန်းတွေကနေ နေအိမ်တွေကို ပြန်နိုင်ကြပေမယ့် တချို့ဒေသတွေမှာ တော့ ရေကျသွားတာတောင် နုန်းတွေကျန်ရစ်ခဲ့လို့ ပြန်မရတဲ့ဲ့သူတွေ၊ နောက်ထပ်ရေ တက်မလား စောင့်ကြည့်နေသူတွေ ကယ်ဆယ်ရေးစခန်းတွေမှာ ရှိနေသေးပါတယ်။

မြန်မာနိုင်ငံမှာ ဘေးအန္တရာယ်တွေကြုံရတိုင်း အစိုးရဘက်က အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်မှု အားနည်းခဲ့သလို ကူညီကယ်ဆယ်ရေးပိုင်းမှာလည်းနှောင့်နှေးခဲ့ပါတယ်။ လူမှုအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေ၊ အလှူရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေနဲ့ လူငယ်တွေက အမြဲဝင်ကူထမ်းပေးခဲ့လို့သာ ဘေးဒုက္ခရောက်သူတွေ သက်သာရာရခဲ့ကြတယ်လို့ဆိုရမှာပါ။

ဒါပေမယ့် ဒီနှစ်ရေဘေးမှာတော့ နှစ်စဉ်တက်ကြွစွာပါဝင်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ လူတွေရဲ့လှုပ်ရှားမှုတွေ သွေးအေးနေတာ တွေ့ရပါတယ်။အစိုးရကိုယ်စား ဝင်ပြီးကွက်လပ်ဖြည့်ပေးရဖန်များတော့ သူတို့ ခြေကုန်လက်ပန်း ကျနေကြပြီလား။ အား အင်တွေ ယုတ်လျော့နေကြပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။

အရင်နှစ် အတွေ့အကြုံတွေအရ ရေကြီးတာဟာ ရုတ်တရက် ကျရောက်လာတဲ့ သဘာဝဘေးအန္တရာယ် မဟုတ်တော့ဘူး။ နှစ်စဉ် ဒီလိုအချိန်မှာ ဒါမျိုးကြုံရမယ်။ ရေကြီးပြီဆိုတာနဲ့ ရေဘေးသင့်ပြည်သူတွေဆီ အရောက်သွားပြီး အစားအစာ၊ သောက်ရေသန့်၊ အဝတ်အထည်၊ ဆေးဝါးတွေ လှူကြမယ် ဆိုတာမျိုးက နည်းလမ်းမှန်ရဲ့လားလို့ ပြန်လည် သုံးသပ်မှုတွေ ရှိလာကြတယ်လို့ ပရဟိတအဖွဲ့တချို့က ပြောပါတယ်။

စီးပွားရေးအခြေအနေတွေ သိပ်မကောင်းတော့ ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းလာကြပြီး အရင်လို မလှူနိုင် ကြဘူး။ အလှူငွေမရှိတဲ့အခါ ပရဟိတအဖွဲ့တွေအဖို့ ကူညီ ကယ်ဆယ်ရေးတွေ စိတ်ထဲရှိသလောက် မလုပ်နိုင်ကြတော့ ဘူးလို့ ဆိုကြပါတယ်။

“ရေဘေးကတော့ ဖြစ်နေကျအတိုင်းဖြစ်တယ်။ စိတ်ကတော့ အမြဲရှိနေပေမယ့် ရှားရှားပါးပါးဖြစ်နေတဲ့အတွက် မည်ကာ မတ္တလောက်ပဲ လှူနိုင်ပါတယ်။ အန်ကယ်တို့ဆီကတဆင့် လှူပေးခိုင်းတဲ့သူတွေလည်း ဒီနှစ်မှာ တယောက်မှ မလာသ လောက်ကိုပဲ ရှားရှားပါးပါးဖြစ်နေတယ်”လို့ ဝေဠုကျော်ဖောင်ဒေးရှင်းက ဦးစိုးသိန်းက ပြောပြပါတယ်။

အခုဆို ရှေ့ထွက်လှူတာ ကမ္ဘောဇဘဏ်လောက်ပဲရှိတော့တယ်။ တခြားဘဏ်တွေတောင် သိပ်လှူတာမတွေ့ရဘူး။ ဘဏ် လိုလုပ်ငန်းရှင်ကြီးတွေတောင် မလှူနိုင်တာ အလှူငွေနဲ့ ရပ်တည်နေရတဲ့ ပရဟိတအဖွဲ့တွေက ပိုဆိုးတာပေါ့လို့ သူက ဆိုပါ တယ်။

တချို့ကတော့ မြန်မာနိုင်ငံက နှစ်တိုင်းလိုလို ရေကြီးတယ်။ အစိုးရရော လူတွေရော ရေကြီးတာကို မဆန်းတော့သလို ဖြစ်လာတယ်။ ကိုယ့်ဘေးနားမှာ ဒုက္ခရောက်နေသူကို အမြဲမြင်ရတဲ့အခါကျတော့ သိပ်ပြီးအထူးအဆန်း မဟုတ်တော့သလို အကူညီပေးသူတွေကလည်း အမြဲမပေးနိုင်တော့ဘူးလို့ မှတ်ချက်ပြုကြပါတယ်။

မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက်မှ ကိုဝေယံအောင်ကတော့ မကွေးအခြေအနေနဲ့ပတ်သက်ပြီး ”ဒီနှစ်မှာ တခြားတိုင်းနဲ့ ပြည်နယ်အသီးသီးက လူတွေလည်း မလုပ်ကြဘူး။ ကျနော်တို့ကိုယ်တိုင်လည်း သိပ်မလုပ်ကြဘူး။ စောင့်ကြည့်နေကြတယ်။ လတ်တလောအခြေအနေအရ အရမ်းကြီး မလိုအပ်သေးတာလည်း ပါမယ်။ နောက်တခုက အစိုးရကိုလည်း လုပ်အားရှိအောင် တိုက်တွန်းချင်တာလည်းပါတယ်” လို့ ပြောပါတယ်။

အစိုးရသိပ်မနိုင်တဲ့ နည်းပညာပိုင်းလိုဟာမျိုးတွေမှာ ဝိုင်းဝန်းကူညီတာတွေ၊ မြေပြင်မှာဖြစ်နေတဲ့ အချက်အလက်တွေ ကောက်ပေးပြီး အစိုးရအနေနဲ့ အချိန်နဲ့တပြေးညီ ထောက်ပံ့ပေးမှုတွေ လုပ်နိုင်အောင် ကူညီပေးတာတွေ၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တာမျိုးတွေကို ပိုလုပ်ဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေအနေနဲ့ကလည်း အမြဲရေမြုပ်တတ်တဲ့ကွင်းတွေမှာဆို မိုးစပါး မစိုက်တော့တာမျိုးတွေ၊ နေအိမ်တွေ ကို ရေလွတ်အောင် ခပ်မြင့်မြင့်ဆောက်တာမျိုးတွေ လုပ်လာကြတယ်။ ရေကြီးတဲ့အချိန်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ဝမ်းစာရေးအတွက် အခက်အခဲတွေရှိပေမယ့်လည်း ဘေးဒုက္ခတွေနဲ့ နေသားကျလာပါပြီလို့ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် ဇီးကုန်းကျေးရွာက လယ်သမားတဦးဖြစ်တဲ့ ဦးသိန်းအောင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်တွေအပြင် ကိုယ့်နိုင်ငံအတွင်းမှာဖြစ်နေတဲ့ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းလာမှု၊ ဂေဟစနစ်ပျက်စီးလာမှုနဲ့ လွန်ကဲရာသီဥတုတွေရဲ့ဒဏ်ကို ပေါင်းပြီး ခံနေရ တာကြောင့် ရေကြီးမှုကို နှစ်စဉ်ခံစားနေရတာဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

သစ်တောတွေပြုန်းတီးခဲ့ခြင်းက မိုးရွာတော့ ရေတွေ အထိန်းအကွပ်မဲ့သလိုဖြစ်သွားပြီး ရေစီးကိုသန်စေမြန်စေတယ်။ တောင်ကျချောင်းရေတွေ ကျစေတယ်။ လျှပ်တပြက် ရေကြီးမှုမျိုးကို ဖြစ်စေတယ်။ တမံတွေ ရေလှောင်ကန်တွေက ရေလွှတ်မှုတွေ၊ ရေလျှံကျမှုတွေကြောင့် ရေကြီးမှု ပိုဆိုးလာတာတွေရှိသလို မြစ်ချောင်းတွေ တိမ်ကောလာပြီး မိုးနည်းနည်းရွာလိုက်တာနဲ့ ရေလျှံကုန်တာတွေ ဖြစ်လာတယ်။

ရေပြန်ကျသွားပေမယ့် ပါလာတဲ့ ရွှံ့၊သဲ၊ နုန်း၊ အမှိုက်တွေက လယ်ယာတွေ ပြန်စိုက်ပျိုးလို့မရအောင် တင်ကျန်နေခဲ့သလို သောက်သုံးရေအခက်အခဲကိုပါ ဖြစ်စေခဲ့ပါတယ်။၂၀၁၅၊ ၂၀၁၆ ရေကြီးမှုဖြစ်စဉ်တွေက သက်သေပါပဲ။

၂၀၁၅ တုန်းက ပြည်နယ်နဲ့တိုင်း ၁၂ ခုလောက်မှာ ရေကြီးမှုကြုံခဲ့ရပြီး မြစ်ကြောင်းတလျှောက် မြို့တွေသာမက ကုန်းတွင်းမြို့တွေမှာပါ ရေကြီးခဲ့လို့ ၁၇၀၁၅၆၅ ဦး ရေဘေးသင့်ခဲ့ပြီး ၁၈၁ ဦး သေဆုံးခဲ့ပြီး ၂၀၁၆ မှာ ပြည်နယ်နဲ့တိုင်း ၁၂ ခုမှာ ရေကြီးခဲ့လို့ ပြည်သူ ၅ သိန်းကျော် ရေဘေးသင့်ခဲ့ရပြန်ပါတယ်။

ဒီလိုနှစ်စဉ် ကြုံတွေ့နေရပေမယ့် အစိုးရမှာ အခုထက်ထိ တိကျတဲ့ မူဝါဒတွေမရှိသေးသလို ရေဘေးကြိုတင်ကာကွယ်ရေးနဲ့ ကြိုတင်ပြင်ဆင်ရေးအပိုင်းတွေဟာမပြည့်စုံသေးဘူးလို့ ပညာရှင်တွေက အမြဲဝေဖန်ထောက်ပြလျက်ရှိပါတယ်။

“အရေးကြီးတာက ကြိုတင်ကာကွယ်ဖို့နဲ့ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ပါပဲ” လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ဖြစ်တော့မှ တုံ့ပြန်တဲ့ကိစ္စတွေက နောက်ကလိုက်တဲ့သဘောမျိုးပဲရှိမှာဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုမရှိအောင်/နည်းအောင် ကြိုတင်ကာကွယ်မှုနဲ့သာ လုပ်နိုင်တဲ့ကိစ္စဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ကိစ္စတွေ တစိုက်မတ်မတ် လှုပ်ရှား ဆောင် ရွက်နေတဲ့ ကိုမြင့်ဇော်က သုံးသပ်ပါတယ်။

သဘာဝဘေးနဲ့ပတ်သက်ရင် အဓိက ကူညီထောက်ပံ့ပေးနေတဲ့ အစိုးရဌာနကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပါ။ ဒါပေမယ့် ငွေအင်အား၊ လူအင်အားနဲ့ နည်းပညာ အားနည်းမှုတွေကြောင့် ကြိုတင်ပြင်ဆင်ရေးနဲ့ ပြန်လည်ထူထောင်ရေးအပိုင်းတွေမှာတော့ လိုအပ်ချက်တွေ ရှိနေဆဲလို့ ဝေဖန်ခံနေရတုန်းပါ။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ဝန်ကြီးဌာနအနေနဲ့ ခရိုင်၊ မြို့နယ်အသီးသီးက အမျိုးသား သဘာ ဝဘေး စီမံခန့်ခွဲမှုကော်မတီတွေ၊ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ ချိန်ဆက်ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နေတာရှိသလို ရေရှည်လုပ်ရမယ့် လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ပြောပါ တယ်။

“ရေရှည်မှာ သဘာဝဘေးမဖြစ်အောင် ပိုပြီးတော့ ရင်းနှှီးမြှပ်နှံမှုတွေလိုလာပြီ။ နည်းပညာတိုးတက်မှုတွေ လိုလာပြီ။ အဲဒီဟာတွေအတွက်လည်း တဖက်ကနေ Cyclone Shelter တွေ တိုးဆောက်တာမျိုး။ ရွာချင်းဆက်လမ်းတွေ ဖောက်တာမျိုး။ တံတားတွေပြင်တာမျိုး စသဖြင့် ကျနော်တို့ လုပ်နေပါတယ်” လို့ ဝန်ကြီးက ဆိုပါတယ်။

အခုနှစ် ဘတ်ဂျက်မှာ ဝန်ကြီးဌာနအနေနဲ့ မြန်မာငွေ ကျပ် ၂၀ ဘီလီယံ ရထားပါတယ်။ ဒီနှစ်မှာ သဘာဝဘေးက များတယ်။ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာကနေ စလိုက်တာ ဘတ်ဂျက်အစမှာ တော်တော်ကို သုံးလိုက်ရတော့ ဝန်ကြီးဌာနဘတ်ဂျက်က တော်တော်လျော့သွားပေမယ့် အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီရဲ့ ရံပုံငွေ ရှိသေးတာမို့ လုံလောက်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တိုင်းနဲ့ပြည်နယ်တွေက ရေကြီးနစ်မြုပ်မှုတွေကြောင့် ပျက်စီးခဲ့ တဲ့ စိုက်ခင်းတွေအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အရန်မျိုးစပါးတွေထားပြီး နှစ်စဉ်ပံ့ပိုးပေး နေ တာတွေရှိပေမယ့် ထိရောက်မှုသိပ်မရှိဘူးလို့ လယ်သမားတွေက ပြောကြပါတယ်။

သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့အခါမှာ လူအင်အား၊ ပစ္စည်းကိရိယာ အင်အားတောင့်တင်းတဲ့ မြန်မာ့တပ်မတော်က တတပ်တအား ပါဝင်ပံ့ပိုးကူညီပေးနေသလို ကြိုတင်ကာကွယ်ရေးအပိုင်းမှာလည်း လုပ်ကိုင်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ပြည်သူတွေ ဒုက္ခရောက်နေချိန် ကောက်ရိုးတမျှင်လည်း အားကိုးရာဖြစ်တာမို့ တပ်မတော်ရဲ့ ပါဝင်ကူညီမှုကို ပြည်သူတွေက ကြိုဆိုကြပါတယ်။

ဒါပေမယ့် အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ အစိုးရအနေနဲ့ သဘာဝဘေးနဲ့ပတ်သက်လာရင် တိကျတဲ့ မူဝါဒတွေရေးဆွဲထားမှ တပ်မတော်ဖြစ်စေ၊ လူမှုအသင်းအဖွဲ့ဖြစ်စေ၊ တခြားသောနိုင်ငံတကာအဖွဲ့အစည်းတွေပဲဖြစ်စေ အဲဒီမူဝါဒတွေအောက်ကနေ အားလုံးပူးပေါင်းဆောင်ရွက်ခြင်းကသာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ပိုမိုအကျိုးထိရောက်စေမှာဖြစ်တယ်လို့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

ကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန်မှု ဒုတိယအဆိုးဆုံးခံရတဲ့ နိုင်ငံအဖြစ် ၅ နှစ် ဆက်တိုက် ရပ်တည်နေတဲ့ မြန်မာနိုင်ငံ အနေနဲ့ သဘာဝဘေးတွေကို တနည်းမဟုတ်တနည်း ကြုံနေကြရဦးမှာဖြစ်လို့ အစိုးရ အနေနဲ့ ရေရှည်အစီအမံတွေ အမြန်ဆုံး အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။

“တခုခုဖြစ်တော့မှ ကိုယ့်အစိုးရ နာမည်ရအောင် လုပ်တာထက် ကိုယ့်အစိုးရ နာမည်ကြီးကြီးမားမား မရစေကာမူ ရေရှည် အတွက် အခြေခံကျတဲ့ အုတ်မြစ်တွေတော့ ချသွားမယ်ဆိုတဲ့ အတွေးမျိုး မြင်ချင်ပါတယ်” လို့ ကိုမြင့်ဇော်က ဆိုပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading