ယခုနှစ် ဧပြီလက စာအုပ် တအုပ် ထွက်လာပါသည်။ ထိုစာအုပ်မှာ ဖုန်းမော် အရေးအခင်း စုံစမ်းရေး အစီရင်ခံစာ ဆိုသော စာအုပ် ဖြစ်လေသည်။
ထိုအချိန်က ၈၈ အရေးတော်ပုံကြီးကို စတင်ခဲ့သော စက်မှု တက္ကသိုလ်မှ ကျောင်းသားများနှင့် အရပ်သားများ၏ ပဋိပက္ခ တွင် တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေနတ်နှင့် ပစ်ခတ်ခံရ၍ သေဆုံးခဲရသလို နောက်တရက်တွင်လည်း တက္ကသိုလ် ကျောင်းသား ကိုစိုးနိုင် သေနတ် ဒဏ်ရာဖြင့်ပင် သေဆုံးခဲ့ရလေသည်။
ထို ၈၈ အရေးအခင်း အစီရင်ခံစာကို တပ်မတော် အစိုးရက ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား တချို့နှင့် ကြို့ကုန်း အနောက်ရပ်ကွက် ရပ်ကွက် လူထုတချို့ ဖြစ်ပွားသော အရေးအခင်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ ဟု ရေးထားသည်။
စုံစမ်းရေး ကော်မရှင်ကို ၁၉၈၈ ခု၊ မတ်လ ၁၇ ရက်နေ့ ရက်စွဲ၊ အမိန့်ကြေညာစာ အမှတ် ၄၅/၈၈ ဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ထိုကော်မရှင်တွင် ဥက္ကဌ အဖြစ် ပြည်သူ့ တရားသူကြီး အဖွင့်ဝင် ဦးဘမော်၊ အဖွဲ့ဝင် အဖြစ် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ဝင် ဦးလှတင့်၊ နောက် အဖွဲ့ဝင်တဦးမှာ ပြည်သူ့လုပ်ငန်း စစ်ဆေးရေး အဖွဲ့ဝင် ဒေါက်တာ မောင်ရှိန် တို့ ၃ ဦးက ကမကထ လုပ်ပြီး ကော်မရှင်ကို ဦးဆောင်ခဲ့လေသည်။
သက်သေ စုစုပေါင်း ၉၇ ဦးကို စစ်ဆေးခဲ့သည်ဟုလည်း ဖော်ပြ၏။
ထိုအစီရင်ခံစာ၏ အခန်း (၄) တွင် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား တချို့နှင့် ကြို့ကုန်း အနောက် ရပ်ကွက် ရပ်ကွက် လူထုတချို့တို့ အရေးအခင်း ဖြစ်ပွားခြင်း ဆိုသော ခေါင်းစဉ်အောက်တွင် ဤသို့ ဖော်ပြခဲ့လေသည်။
အစီရင်ခံစာ အပိုဒ် ၁၉ ။ ။ ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ ည ၉ နာရီခန့်တွင် ရန်ကုန်တိုင်း အင်းစိန် မြို့နယ် ကြို့ကုန်း အနောက် ရပ်ကွက် ကြို့ကုန်း ဘူတာ အနီးရှိ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်တွင် အပြင်ဆောင်နေ ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းသား ၃ ဦး ထိုင်၍ ကက်ဆက် သီချင်း နားထောင် နေကြသည်။
ထိုစဉ် ရပ်ကွက်အတွင်းမှ အရပ်သား လူငယ် ၄ ဦး ရောက်လာပါသည်။ လက်ဖက်ရည်ဆိုင် ပိုင်ရှင်အား ကက်ဆက်ခွေ လဲလှယ် ဖွင့်ခိုင်းရာမှ အစပြု၍ စကားများကြပြီး အရက်မူးလာသော အရပ်သား လူငယ်များက စတင် ရိုက်နှက်ပါသည်။ ကျောင်းသားများက ပြန်လည်ရိုက်နှက်ရာ ကျောင်းသားများကို အရပ်သား လူငယ်များက ဝိုင်းရိုက်၍ ကျောင်းသားများ ထွက်ပြေးရပါသည်။
အခင်းဖြစ်ပွားရာသို့ ရပ်ကွက် ပြည်သူ့ကောင်စီဝင်များ၊ ရဲ များ ရောက်ရှိလာ၍ ကျောင်းသားများအား ရိုက်နှက်သော အရပ်သားများကို မေးမြန်း စုံစမ်းကာ ဇော်ဇော် ခေါ် ညီညီလွင် နှင့် ခင်မောင်မြင့် အပါအဝင် အရပ်သား လူငယ်တချို့အား အင်းစိန် ပြည်သူ့ ရဲတပ်ဖွဲ့ စခန်းမှ ဖမ်းဆီး အရေးယူခဲ့သည်။
အစီရင်ခံစာ အပိုဒ် ၂၀ ။ ။ မတ်လ ၁၃ ရက် နေ့လယ်ပိုင်းတွင် ယမန်နေ့ညက ဖမ်းဆီးခဲ့သော အရပ်သား လူငယ်များ အနက် ဇော်ဇော် ခေါ် ညီညီလွင် နှင့် ခင်မောင်မြင့်တို့ ၂ ဦးအား အမှုတွင် ပါဝင်ခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဆို၍ ရဲ စခန်းမှ ပြန်လွှတ်ပေးခဲ့သည်။
ထိုသို့ ပြန်လွှတ်လိုက်သည်ကို မကျေနပ်သည့်အတွက် စက်မှု တက္ကသိုလ်မှ ကျောင်းသား တချို့က ပြန်လွှတ်ခံရသော အရပ်သား ဇော်ဇော် ခေါ် ညီညီလွင် နေထိုင်ရာ ကြို့ကုန်း အနောက်ရပ်ကွက် ကိုဟင်းလမ်း လမ်းသွယ် (၂) အတွင်းရှိ နေအိမ်သို့ ထိုည ၈ နာရီ ကျော်ကျော် အချိန်ခန့်တွင်သွားရောက်၍ အိမ်ကို ထုရိုက်ပြီး ပစ္စည်းတချို့ ဖျက်ဆီးကြခဲ့ရာမှ ကျောင်းသား ၂ ဦး ဓားခုတ် ခံရပါသည်။
အစီရင်ခံစာ အပိုဒ် ၂၁ ။ ။ ကျောင်းသားများ ဓားခုတ်ခံရပြီး ကိုဟင်းလမ်း အတွင်းမှ ပြန်ထွက်၍ ၁၅ မိနစ်ခန့် အကြာတွင် ကျောင်းသား တချို့က BPI အဝိုင်း အနီးရှိ ရပ်ကွက် သမဝါယမ အသင်းဆိုင်ကို မီးရှို့ရာ သမဝါယမ အသင်းဆိုင်နှင့် တဲအိမ် ၄ လုံး၊ ကားဂိုဒေါင် ၂ လုံး မီးလောင် ဆုံးရှုံးခံရသခြင့် အရေးအခင်းမှာ ပို၍ ပြင်းထန် လာခဲ့သည်။
အစီရင်ခံစာ အပိုဒ် ၂၂ ။ ။ အရပ်သားများက လိုက်၍ ကျောင်းသားများ စက်မှု တက္ကသိုလ်ဘက်သို့ နောက်ဆုတ်ခြင်း၊ စက်မှု တက္ကသိုလ်ရှိ ကျန်ကျောင်းသားများ ပါဝင်လာ၍ အုပ်စုများလာသော အခါ အရပ်သားများက နောက်ဆုတ်ရခြင်းဖြင့် အပြန်အလှန် ရန်မူနေကြချိန်ဝယ် ရန်ကုန် စက်မှု တက္ကသိုလ် ရှေ့တွင် နယ်ဘက် တာဝန်ရှိ ပုဂ္ဂိုလ်များက အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ အင်အားကို အသုံပြု၍ အခြေအနေကို ထိန်းသိမ်းသဖြင့် ကျောင်းသား မောင်ဖုန်းမော် သေနတ် ဒဏ်ရာဖြင့် ထိုည သေဆုံးခဲ့ရပြီး အခြား ကျောင်းသား တချို့ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါသည်။
ဒဏ်ရာရသူ ကျောင်းသားများ အနက် ကျောင်းသား မောင်စိုးနိုင်မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် သေနတ် ဒဏရာကို ကုသရင်း ၅ . ၄ . ၁၉၈၈ ရက်နေ့က ထပ်မံ သေဆုံးခဲ့ရပါသည် ဟု ဖော်ပြထားလေသည်။
သက်သေအဖြစ် စစ်ဆေးခဲ့သော လူများ၏ ထွက်ချက်လည်း ထိုအစီရင်ခံစာထဲတွင် ပါဝင်ပါသည်။
ဗြီတိသျှ ကိုလိုနီ လက်ထက်ကတည်းက ထိုကဲ့သို့ အရေးအခင်းကြီးများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ကာ အစီရင်ခံစာ တင်သွင်းကြသည်။ ဗိုလ်အောင်ကျော် ရိုက်နှက်ခံရ၍ သေဆုံးခဲ့စဉ်ကလည်း ဗိုလ်အောင်ကျော် အစီရင်ခံစာ ထွက်ရှိခဲ့ပါသည်။
မည်သို့ပင် အစီရင်ခံစာများ ထွက်ရှိသည် ဖြစ်စေ အုပ်စိုးသူများက အုပ်စိုးခံရသူများကို၊ အစိုးရက ဆန္ဒပြသူများကို လက်နက်ဖြင့်သာ ဖြေရှင်း သတ်ဖြတ်ခဲ့ကြသည် ဖြစ်သောကြောင့် ထိုအစီရင်ခံစာများက သူတို့ကို အကာအကွယ် ပြုရန်၊ သူတို့ မှန်ကန်ပါသည်ဟု တင်သွင်း ထုတ်ပြန်လိုက်သော အရာသာ ဖြစ်သည်။
ဒီမိုကရေစီ နိုင်ငံများတွင် ဒီမိုကရေစီ အစိုးရ ဆိုသည်များကလည်း ဆန္ဒပြသူများကို မျက်ရည်ယို ဗုံးများ၊ ငရုပ်ကောင်း အရည်များ၊ နံပါတ် တုတ်များဖြင့် ရိုက်နှက်ဖြိုခွဲသဖြင့် သေဆုံး ဒဏ်ရာရသည်များလည်း ရှိ၏။
ဖဆပလ လက်ထက်က ၇ တန်း မေးခွန်း ပေါက်ကြား၍ အသတ်ခံခဲ့ရသော ဟယ်ရီတန် အရေးအခင်းလို၊ ၁၉၆၁ ခုနှစ်က တန်းခွဲ၊ တန်းချ စနစ်ကို ဆန္ဒပြသော အရေးအခင်းနှင့် အတူ အမေရိကန် သံရုံးရှေ့ သေဆုံးသွားသော ဆန္ဒပြသမား ၏ အဖြစ်များလည်း ရှိပါသည်။
ယခုနှစ် ဆိုလျှင် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာခဲ့ရသည့် ၂၉ နှစ်မြောက် ဖြစ်လေသည်။
မီးပွားလေးမှနေ၍ မီးတောက်ကြီးသို့ ဆိုသော နိုင်ငံရေး သဘောတရားအရ ကိုဖုန်းမော်တို့၊ ကိုစိုးနိုင်တို့ ဖြစ်ပေါ်ခဲ့ရသည့် မီးပွားလေးများသည် သာမန် လူမှုရေး ရန်ပွဲ၊ သာမန်ကိစ္စလေးများ မဟုတ်တော့ဘဲ စစ်အာဏာရှင်နှင့် တပါတီ အာဏာရှင် တို့ ဖိနှိပ်နေခဲ့သည့် ဒီမိုကရေစီ အမှောင်ကျနေသော ကာလများကို ဖွင့်ဟလိုက်သည့် တကမ္ဘာလုံး တုန်လှုပ်သွားသော ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားပါတော့သည်။
မနေ့တနေ့က ကျနော်တို့ စိတ်တူကိုယ်တူ သဘောထားတူသူများ ထိုင်စကားပြောရင်း တဦးက စစ်အာဏာရှင် စနစ်ဆိုတာ ဘာလဲ ဆိုသည့် အတတ်နိုင်ဆုံး ပြီးပြည့်စုံသော စာအုပ်မျိုး၊ ဆောင်းပါးမျိုး ဖတ်ချင်သည်ဟု ဆိုခဲ့သည်။
ထို့ကြောင့် စစ်အာဏာရှင် ဆိုတာ ဘာလဲ ဆိုသော ဖွင့်ဆိုချက်ကို တကမ္ဘာလုံးရှိ စစ်အာဏာရှင်များ၏ ဖြစ်စဉ်များ၊ ပေါ်ပေါက်ခဲ့ပုံများကို ရေးနိုင်သူများက ရေးသား တင်ပြလျှင်လည်း ဖတ်ခွင့်ရပေမည်။
မြန်မာပြည်သူများ အနေဖြင့်မူ စစ်အာဏာရှင် စနစ် ဆိုသည်မှာ အဆန်း မဟုတ်တော့ပေ။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကို မီခဲ့သူများ ဆိုလျှင် ကိုယ်တိုင်ကိုယ်ကျ စစ်အာဏာရှင် စနစ်ဒဏ် ခံခဲ့ရပြီး ဖြစ်သည်။
နိုင်ငံကို တပ်မတော်က အာဏာရှင် စနစ် ကျင့်သုံး အုပ်ချုပ်နေခြင်းအား စစ်အာဏာရှင် စနစ် ဟု ယေဘုယျ သတ်မှတ် ၍ ရသည်။
ပဒေသရာဇ် စနစ်လွန် အရင်းရှင် စနစ်အောက်တွင် မည်သည့်နည်းနှင့် မဆို အာဏာရလာခဲ့သော အာဏာရပါတီ တခု၏ ခေါင်းဆောင်က မိမိ၏ သဘော၊ မိမိ လုပ်ချင်ရာ လုပ်ပြီး မိမိပါတီ အပေါ်၊ မိမိ အစိုးရ အပေါ် တသွေး၊ တသံ၊ တမိန့်ဖြင့် တနိုင်ငံလုံးကို လွှမ်းမိုး အုပ်ချုပ်ခြင်းအား အာဏာရှင် စနစ်ဟု ခေါ်ရပေမည်။
နိုင်ငံတနိုင်ငံတွင် တပ်မတော်က အကြောင်းမျိုးမျိုးကြောင့် အာဏာသိမ်းယူလိုက်ပြီး ထိုတပ်မတော် ခေါင်းဆောင် ၏ အဆုံးအဖြတ်၊ ထိုခေါင်းဆောင် ၏ သဘောဖြင့် မှန်သည်ဖြစ်စေ၊ မှားသည် ဖြစ်စေ ပြည်သူလူထုက မရွေးကောက်ဘဲ ထိုစစ်ခေါင်းဆောင်များ၏ သဘောဖြင့် ဆုံးဖြတ်သော တိုင်းပြည် အရေးကိစ္စများ၊ ပြည်သူလူထု နှင့် ကျန်နိုင်ငံရေး ခေါင်းဆောင်များ၊ လူထု လူတန်းစား အသီးသီးအပေါ် ထိုအာဏာသိမ်း စစ်ခေါင်းဆောင်များ၏ သဘောဖြင့် အုပ်ချုပ်သည် ကို စစ်အာဏာရှင် စနစ်ဟု ယေဘုယျ သတ်မှတ်၍ ရပါသည်။
ထိုသို့သော စစ်အာဏာရှင် စနစ်နှင့် အတူ ပေါက်ဖွားလာခဲ့သော မဆလ တပါတီ အာဏာရှင် စနစ်ကို ဖြုတ်ချနိုင်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ပြည်သူလူထု အသက်ပေါင်းများစွာ စတေး၍ တိုက်ပွဲ ဝင်ခဲ့ကြရလေသည်။
ထို့ကြောင့် ဖုန်းမော် အရေးအခင်းပဲ ဆိုဆို၊ ၈၈ အရေးတော်ပုံကြီး ဟုပင် ပြောပြော လွန်ခဲ့သော ၂၉ နှစ်က ဖြစ်ပေါ်ခဲ့သည့် လူထု တိုက်ပွဲကြီးသည် ယနေ့လို ဒီမိုကရေစီတပိုင်း အစိုးရ တည်ဆောက်လာနိုင်သည် အထိ အသက်သွေးချွေး ရင်းကာ အကျိုးရှိခဲ့သည်ဟု ဆိုရပေမည်။
၈၈ အရေးတော်ပုံကြီး၏ အောင်သီး အောင်ပွင့်ဖြင့် နောင် နှစ်ပေါင်း ၃၀ နီးပါးခန့် အကြာတွင် ယခုလို ပြည်သူက ရွေးချယ် တင်မြှောက်လိုက်သော အစိုးရ အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်မှာလည်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကနှင့် နှိုင်းယှဉ်လျှင် ထူးခြားမှုဟု ဝန်ခံရပေလိမ့်မည်။
ယနေ့လို အခြေအနေမျိုးကို အာဏာရ ပါတီရော ပြည်သူလူထုကပါ သဘောပေါက်သင့်သည်မှာ ယခုလို အခြေအနေသည် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ ရလဒ်ကြောင့် ဖြစ်သည်ဟု သဘောပေါက်ရ ပေမည်။
ကျေးဇူးမှန်း သိလျှင် –
၁။ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် ခြေမှုန်းပစ်ပါမည်ဟု သံန္နိဌာန် ချမှတ်ရမည်။
၂။ ထို စစ်အာဏာရှင် စနစ်၏ အကျိုးဆက်ဖြစ်သော ယခုထက်တိုင် ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပန်း နေသည့် ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝ ဖျက်သိမ်းပစ်ရမည်။
၃။ ဒီမိုကရေစီ စံချိန်စံနှုန်းများ နှင့် ကိုက်ညီသော ပြည်သူလူထု၏ အကျိုးကို သယ်ဆောင်ပေးနိုင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် တခုကို အမြန်ဆုံး ရေးဆွဲ၍ စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းအား အကောင်အထည်ဖော် ချီတက်ကြရ မည်။
၄။ တိုင်းရင်းသားများ နှစ်ပေါင်း ၇၀ နီးပါး လက်နက်ကိုင် တိုက်ပွဲဆင်၍ တောင်းဆိုနေသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ညှိနှိုင်း တိုင်ပင်ပြီး တည်ဆောက်ကြရမည်။
၅။ ထိုပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားတို့၏ မွေးရာပါ အခွင့်အရေး ဖြစ်သော တန်းတူခွင့် နှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ကို အမြန်ဆုံး ခွင့်ပြုပေးရမည်။
ထိုကဲ့သို့ အခွင့်အရေးများကို ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အာဏာရလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အမြန်ဆုံး အကောင်အထည် ဖော်ပေးမှသာလျှင် ကိုဖုန်းမော်၊ ကိုစိုးနိုင်က အစ ဒီမိုကရေစီ အရေးအခင်းတွင် အသက် ပေးလှူသွားသည့် ထောင်ပေါင်းများစွာသော သူရဲကောင်းများအား ကျေးဇူးဆပ်ရာ ဖြစ်သလို အရေးတော်ပုံကို ဘယ်တော့ မှ သစ္စာ မဖောက်ရန်လည်း လိုအပ်ပါတော့သည်။ ။
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။