ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံထဲက စွန့်လွှတ်စွန့်စား အမျိုးသမီးများ

Want create site? Find Free WordPress Themes and plugins.

“ဖုန်းမော် ပြုံးပျော်ကာ သေသွား …၊ မေ့မရခဲ့ဘူး လွမ်းမျက်ရည် ကြွေပါပေါ့လား …”

မတ်လ ၁၃ ရက်နေ့ ၁၉၈၈ ခုနှစ်မှာ ကျဆုံးသွားတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် အတွက် ဂုဏ်ပြု သီကုံးထားတဲ့ ကဗျာလေးရဲ့ တပိုင်းတစကို ပြန်လည်ရွတ်ပြခဲ့သူကတော့ ဒေါ်မေမေသန်း (၈၈ ကာလကတော့ မမေမေသန်း) ဖြစ်ပါတယ်။

ဆယ်စုနှစ်တွေ အလီလီ ပြောင်းခဲ့ပေမယ့် ကဗျာရဲ့ အတိတ် သမိုင်းကြောင်းက သူ့မရဲ့ ရင်ဘတ်ကို ဘယ်လောက် အတိုင်းအတာအထိ အသစ်ပြန်ဖြစ်နေစေတယ်ဆိုတာကတော့ ကဗျာ အပိုင်းအစလေးကို ရွတ်ဆိုပြနေတဲ့ သူမရဲ့ မျက်ဝန်းအိမ်တွေထဲ ရစ်ဝဲနေတဲ့ မျက်ရည်စတွေက သက်သေထူနေသလိုပါပဲ။

၈ ရက်၊ ၈ လ၊ ၁၉၈၈ လို့ပြောရင် ဒါဟာ မြန်မာပြည်သားအားလုံးရဲ့ ရင်ထဲ၊ ဦးနှောက်ထဲ၊ နှလုံးသားထဲထိ စွဲမြဲ နေတဲ့ ရက်စွဲလေးတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်မေမေသန်းတို့လို ပါဝင်လှုပ်ရှားခဲ့သူတွေ ခံစားနေ ရတဲ့ ခံစားချက်နဲ့ တူချင်မှ တူပါလိမ့်မယ်။

အဲ့ဒီ အချိန်က ဒေါ်မေမေသန်း က ရန်ကုန်တက္ကသိုလ်မှာ ဂျူဒို လက်ရွေးစင်တစ်ယောက်ပါ။ ကျောင်းသွားတယ်။ ကျောင်းပြန်တယ်။ ရိုးရိုးသာမန်ကျောင်းသူအဖြစ်နဲ့ ရပ်တည်နေသူပါ။

ကိုဖုန်းမော်ကျဆုံးပြီး နောက်ရက် ကျောင်းသွားတဲ့ အခါမှာတော့ တောင်ငူဆောင်နားက သစ်ပင်တွေမှာ ရန်ကုန် စက်မှု တက္ကသိုလ် (RIT) ကျောင်းသားတွေ လာကပ်ထားတဲ့ ကဗျာ တပုဒ်ကို ဝင်ဖတ်မိ ရာက မတရားမှုကို လက်မခံတတ်တဲ့ သူမရဲ့ စိတ်က နိုးထလာပါတော့တယ်။

အဲဒီကဗျာလေးထဲက အခုချိန်အထိ သူမှတ်မိနေတဲ့ စာကြောင်းလေးကတော့ “ဖုန်းမော် ပြုံးပျော်ကာ သေသွား၊ မေ့မရခဲ့ဘူး လွမ်းမျက်ရည် ကြွေပါပေါ့လား” တဲ့။

“ကဗျာအစအဆုံးတော့ မမှတ်မိ တော့ဘူး။ ဒီကဗျာလေးတစ်ပုဒ်ထဲနဲ့ စိတ်ထဲနင့်ကနဲဖြစ်သွားတယ်။ တကယ်လည်း သေသွားပြီ ဆိုတာ သိလိုက် ရတယ်။ ကဗျာလေးကို ဖတ်နေတာ တစ်ယောက်စ နှစ်ယောက်စနဲ့ လူကများလာတယ်။ အဲဒီ အချိန်မှာ RIT ကျောင်းသားတွေက အခြေအနေတွေ ပြောပြတယ်။ အဲဒီမှာတင် စိတ်ထဲမှာ ဒါမတရားပါလားဆိုတာ သိလိုက်တယ်” လို့ သူမရဲ့ စိတ်ကို လှုပ်နှိုးခံလိုက်ရတဲ့ ဖြစ်စဉ်ကို ပြန်ရှင်းပြပါတယ်။

မတရားမှုတခုရဲ့ စိန်ခေါ်မှုလို့ ခံစားနေရတဲ့ ဒေါ်မေမေသန်း တယောက် “ငါလည်း ကျောင်းသူ တယောက်ဖြစ်တယ်” ဆိုတဲ့ စိတ်နဲ့ ကိုဖုန်းမော်သဂြုႋလ်မယ့် နေရာကို လိုက်ပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစိုးရဘက်ကလည်း ဖုန်းမော်ကို ကြံတော သင်္ချိုင်းမှာ သင်္ဂြိုလ်မယ်လို့ ကြေငြာလိုက်တဲ့ အတွက် ရန်ကုန်တက္ကသိုလ်ရဲ့အပြင် လှည်းတန်းမီးပွိုင့်မှာ စောင့်ခဲ့ပါ တယ်။

ဒေါ်မေမေသန်း လိုပဲ စောင့်နေတဲ့ ကျောင်းသား/ကျောင်းသူတွေက တဖြည်းဖြည်း များလာတဲ့အပေါ် အစိုးရ က ကြံတော သချုႋင်း မှာ မသဂြုႋလ်တော့ပဲ တာမွေသချုႋင်းမှာ ပြောင်းရွေ့မီးသဂြုႋလ်လိုက်ပါတယ်။ ကျောင်းသားတွေရဲ့ မကျေနပ်မှုတွေ အရှိန်မြင့်လာချိန်မှာ ကျောင်းသူ၊ ကျောင်းသားတွေ ကို စတင်ဖမ်းစီးတာတွေ၊ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်မေမေသန်း ကတော့ ကံအားလျော်စွာ ဖမ်းဆီးခြင်း မခံရပေမယ့် သူမရဲ့ မျက်စိရှေ့မှာ ကျောင်းသားတွေကို ဖမ်းဆီး ရိုက်နှက် နေတာကို တွေ့မြင်ခဲ့ရတဲ့ မြင်ကွင်းကတော့ သူရင်ထဲ မချိခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ အစိုးရက ကျောင်းတွေ ပိတ်လိုက် ပါတော့တယ်။ ဇွန်လမှာ ကျောင်း ပြန်ဖွင့်တော့ ကျောင်းသား ခေါင်းဆောင်(ဦး)မိုးသီးဇွန်နှင့် (ဦး)မောင်မောင်ကျော်တို့ ဦးဆောင်ပြီး ဟောပြောတာကို နားထောင်ခွင့် ရခဲ့တယ်။

ဒေါ်အေးယုနွယ်

ဇွန်လ အရေးအခင်းဖြစ်ပြီးနောက်မှာတော့ ကျောင်းတွေ လုံးဝပိတ်သွားခဲ့လို့ မိခင်ဖြစ်သူက ဒေါ်မေမေသန်းကို ရှမ်းပြည်နယ်၊ လားရှိုးမြို့ကို ပို့ခဲ့ပါတယ်။ ဒီအရွှေ့အပြောင်းဟာ ဒေါ်မေမေသန်း အတွက်တော့ လှုပ်ရှားမှုထဲကို ပိုလို့နီးစပ်စေခဲ့တဲ့ အကြောင်း အရင်း တခု ဖန်လာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

“လားရှိုးမှာကလည်း ရန်ကုန်မှာ သွားတက်ကြတဲ့ ကျောင်းသားတွေ ပြန်လာကြတာရှိတော့ သူတို့ကနေစပြီး ဦးဆောင်တယ်။ ဆန္ဒပြတယ် ကြားလို့ အန်တီက သွားကြည့်တယ်။ ဖြစ်ချင်တော့ အန်တီက မသွားခင်မှာ ကိုယ်ပြောချင်တာလေးကို စာရွက်ပေါ် ရေးချပြီး အိတ်ကပ်ထဲ ထည့်ထားတာ။ ဘာရည်ရွယ်ချက်မှတော့ မရှိဘူး။ ဟို ရောက်တော့ ရန်ကုန်မှာ ကျောင်းတက်ခဲ့တဲ့ ကျောင်းသားတွေက အန်တီကိုသိတော့ သူတို့နဲ့အတူ လိုက်ခဲ့ဖို့ ခေါ်လို့ အန်တီလိုက်သွားတယ်” လို့ လားရှိုးပြန်ရောက်ချိန် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတချို့ကို ပြန်ရှင်းပြပါတယ်။

ရန်ကုန်ရဲ့ အခြေအနေတွေကို မျှဝေချင်တဲ့ စိတ်နဲ့ သူငယ်ချင်းတွေခေါ်ဆောင်ရာ လားရှိုးမြို့က အကျယ်ဝန်းဆုံး ကွင်းလို့ ပြောလု့ိရတဲ့ မှန်ဇူကွင်းကို စိတ်ရောကိုယ်ပါလိုက်သွားဖြစ်ပါတယ်။ ဟိုရောက်တော့ ဂျစ်ကားတွေ တန်းစီပြီးရပ်ထားတာကို တွေ့လိုက်ရသလို ကျောင်းသားတွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေကလည်း အလှည့်ကျ ဟောပြောနေကြတာကို တွေ့လိုက်ရ ပါတယ်။

ရန်ကုန်မှာ နောက်ဆုံး ကြုံခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောပေးဖို့ တောင်းဆိုလာတဲ့ အတွက် လားရှိုးအင်အားထု ၂ သောင်းကျော်ရဲ့ ရှေ့မှာ ဒေါ်မေသန်း တယောက် စတင်ပြောဖြစ်ပါတော့တယ်။

ရန်ကုန် က ပြန်လာတဲ့ ကျောင်းသားတွေအပါအဝင် မန္တလေး၊ မြစ်ကြီးနားနဲ့ လားရှိုး တို့က ကျောင်းသားတွေ စုစည်းမိပြီး တဖြည်းဖြည်းနဲ့ အရှိန်ရလာပြီး နောက်ဆုံးမှာတော့ အစိုးရရဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေအောက်မှာ သေသူသေ၊ အဖမ်းခံရသူ ခံရဖြစ်ခဲ့ရပါတယ်။

လက်နက်နဲ့ အကြမ်းဖက် နှိမ်နင်းခဲ့ပေမယ့် ကျောင်းသားတွေကတော့ ကြောက်ရွံ့မသွားဘဲ တိတ်တဆိတ်နဲ့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) တွေပါဝင်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ၊ မြစ်ကြီးနား တက္ကသိုလ် ကျောင်းသား တွေ၊ မန္တလေး ဆေးတက္ကသိုလ် ကျောင်းသားတွေနဲ့ လားရှိုး ကောလိပ် တို့က ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ကျောင်းသား တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ကြပါတယ်။

ကျောင်းသားတပ်ပေါင်းစုမှာ ဒေါ်မေမေသန်း အနေနဲ့ ဒုဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။

၁၈ ရက်၊ ၉ လ၊ ၁၉၈၈ မှာတော့ အာဏာသိမ်းလိုက်တဲ့အတွက် ဒေါ်မေမေသန်းနှင့်အတူ အခြား သူငယ်ချင်းများပါ တောခို ခဲ့ကြရပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ ရန်ကုန်မြို့ကို ကျောင်းသား တပ်မတော်ရှိကြောင်း သတင်းပို့ဖို့ ပြန်လာခဲ့ပါတယ်။ သူမရဲ့ အပြန်လမ်းက သတင်းပေါက်ကြားသွားတဲ့အတွက် အတားအဆီးတွေများစွာကို ကျော်ဖြတ်ခဲ့ရပုံကိုလည်း ပြန်ပြောပြ ပါသေးတယ်။

“အပြန်လမ်း တလျှောက်လုံး အတားအဆီးတွေ၊ ပိတ်ဆို့မူတွေကို ဖြတ်ကျော်ရတယ်။ အန်တီတို့ ထွက်လာ တယ်ဆိုတဲ့ သတင်းက တဆင့်တဆင့် အစိုးရဆီရောက်သွားတော့ လမ်းတွေ ပိတ်ထားလိုက်တယ်။ အန်တီတို့ ကလည်း မရပ်နားပဲ ဆက်သွားရင်း လွှတ်သွားတယ်။ ရန်ကုန်ရောက်တော့ ကိုယ်နဲ့အဖွဲ့တူတူ၊ မတူတူ ကျောင်း သားတွေကို ရှာတယ်။ ကိုယ်အဖမ်းခံရမှာကို မတွက်ဘူး” လို့ အန္တရာယ်တွေကြားမှာ ကြိုးပမ်းခဲ့ရတဲ့ အခြေအနေကို ဂုဏ်ယူစွာနဲ့ ပြန်ပြောပြပါတယ်။

ကျောင်းသား တပ်မတော်ရှိကြောင်း ကျောင်းသားတွေကို သတင်းပေးဖို့ ရှာရင်း အားလုံးအတွက် ဆုံရပ်တခု ရှိလာနိုင်ဖို့နဲ့ ကျောင်းသား လှုပ်ရှားမှုကို ထောက်ပံ့နိုင်ဖို့ ရည်ရွယ်ပြီး သမိုင်းလမ်းဆုံမှာ “ရွှေလည်တိုင် မော့မော့” ဆိုတဲ့ လက္ဘက်ရည်ဆိုင် တဆိုင်ဖွင့်လှစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အစိုးရက ကျောင်းသားတွေကို နှိပ်ကွပ်ပြီး ထောက်လှမ်းရေး က မျက်စိဒေါက်ထောက် ကြည့်ခံနေရတဲ့ အခြေအနေက တရက်မှာတော့ သူ့စီကို ရောက်ရှိလာပါတော့တယ်။

“ထောက်လှန်းရေးက အန်တီကို တွေ့ချင်တယ်ဆိုတော့ အန်တီသိလိုက်ပြီ။ လိုအပ်တဲ့ ပစ္စည်း ယူပြီး မြန်မြန် လိုက်သွား လိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီနေ့က အန်တီအိမ်မှာ ကျောင်းသားတချို့ မန္တလေးတက်ဖို့ ခဏဝင်နေတော့ သူတို့ကို သိမှာစိုးလို့။ ဟိုရောက်တော့ စစ်ကျောရေးဝင်ရတယ်။ ရိုက်နှက်တာ မခံရပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေတော့ အများကြီး ခံရတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်မေမေသန်းကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ထောင် ၂ နှစ် သတ်မှတ်ခံလိုက်ရပါတယ်။
ဒေါ်မေမေသန်း လိုပဲ ၈ လေးလုံး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူတဦးကတော့ ၁၉၈၈ ခုနှစ်က ရူပဗေဒအဓိကနဲ့ ရန်ကုန်တက္က သိုလ်မှာ တက်ခဲ့သူ ဒေါ်ချော ဖြစ်ပါတယ်။ သူကတော့ ၁၉၈၈ ခုနှစ် ၈ လပိုင်းထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီရေးလှုပ်ရှားမှု အစည်းအရုံး (မ.က.ဒ) ဆိုတဲ့ ကျောင်းသားအဖွဲ့နဲ့ ချိတ်ဆက်မိပြီး စည်းရုံးလှုံ့ဆော်မှုတွေမှာ စတင်ပါဝင်လာခဲ့ပါတယ်။

“စာရွက် စာတမ်း ဝေပေးတာ၊ ချီတက်ပွဲပါဝင်တာတွေ လှုပ်ရှားခဲ့တယ်။ စာရွက်စာတမ်းတွေ ဖြန့်ရတာခက်တယ်။ လက်ထဲ မိရင်အသေပဲ။ ဖမ်းဆီးမယ်၊ ထောင်ချမယ်၊ အန်တီအနေနဲ့က ဒီဘက်ဗိုလ်ချုပ်ဈေး၊ ဆေးရုံကြီး၊ တောင်ဥက္ကလာဘက် စည်းရုံးရေး ဆင်းတယ်။ စာရွက်တစ်ရွက် သူများဆီရောက်ဖို့၊ ဝေဖို့ဆိုတာ အဲဒီအချိန်က မလွယ်တဲ့အလုပ်” လို့ အရေးတော်ပုံ ကာလ လှုပ်ရှားမှုကို ပြန်ပြောပြပါတယ်။

စစ်တပ်က ပစ်ခတ်နှိမ်နှင်းတဲ့ နေ့မှာ မပါလိုက်ပါဘူး။ အာဏာသိမ်းပြီးတဲ့နောက်မှာ အားလုံးက သိုသို သိပ်သိပ် ဖြစ်သွားကြပြီ။ တချို့ ကျောင်းသားလှုပ်ရှားသူတွေလည်း အဖမ်းခံလိုက်ကြရပါတယ်။

“အဖမ်းမခံရသေးတဲ့ လူတွေစုပြီး ဘာဆက်လုပ်ကြမ လဲပေါ့။ ဒီအတိုင်းဆိုရင် အဖမ်းခံရနိုင်တယ်။ ကိုယ်တွေရဲ့ ဉာဏ်မှီ သလောက် ပေါ့။ ကဲ အဲဒါဆိုရင် ငါတို့တွေ ထိုင်းနယ်စပ်ဘက်ထွက်မယ်၊ အကူအညီ တောင်းကြမယ်ဆိုတော့ ကိုယ်တွေလည်း လိုက်မယ်ဆိုပြီး သွားကြတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာ အန်တီတို့ စထွက်တယ်။ မြိတ်၊ ကော့သောင်း ဘက်ကနေ ဘုရားသုံးဆူ ဘက်ကို တောခိုသွားတာပေါ” လို့ ဆိုပါတယ်။

လုပ်သားကောလိပ်မှာ တက်ရောက်နေတဲ့ မအေးယုနွယ်ဆိုရင်လည်း ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့သူတယောက်ပါ။ သူကတော့ အာဏာရှင် ဦးနေဝင်းရဲ့ မဆလ အစိုးရ ပြုတ်ကျရေးအတွက် ကျောင်းမှာရော၊ အလုပ်မှာပါ အဆက်မပြတ် စည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။

“ကျောင်းပိတ်တော့ ကိုယ့်အဖေက ဘဏ်မန်နေဂျာ (မြန်မာ့စီးပွားရေး ဘဏ်) ဘဏ်မှာ အလုပ်ဝင်လိုက်တယ်။ တစ်ပါတီ စနစ်ဖြုတ်ချဖို့ ပြောကတည်းက ဘဏ်မှာစပြီး စည်းရုံးပြီ။ ဘဏ်မှာဆို ကိုယ်က အငယ်ဆုံး စည်းရုံးတာတို့ စာကပ်တာ တို့ဆို ကိုယ်လုပ်တယ်လို့ ဘယ်သူမှမထင်ကြဘူး။ ရုံးမှာ စာကပ်တာတွေ့ရင် အခြားလူတွေကိုပဲ ထင်ကြတယ်” လို့ မအေးယုနွယ်က သူလှုပ်ရှားခဲ့ပုံကို အမှတ်တရ ပြန်ပြောပြပါတယ်။

စည်းရုံးလှုပ်ရှားမှုမှာ အရှိန်ရနေတဲ့ မအေးယုနွယ်တယောက် ကျောင်းတွေ ပြန်ဖွင့်ချိန်မှာလည်း အမျိုးသမီးဆောင်တွေကို သွားပြီး လှုံ့ဆော် စည်းရုံးမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

“အဲဒီမှာ ကျောင်းသူတွေရှိသလို အလုပ်သမားတွေလည်း ရှိတယ်။ လုပ် သားကောလိပ်ဆိုတော့။ ကိုယ်က အဲဒီချိန်က ပထမနှစ် ကျောင်းသူ တတိုင်းပြည်လုံးပါဝင်တဲ့ လှုပ်ရှားမှုမဖြစ်ခင် ကျောင်းသားလှုပ်ရှားမှုဖြစ်တော့ ကျောင်းသားတွေက စတာ။ အဲဒါနဲ့ ကျောင်းသူ တစ်ယောက်အနေနဲ့ သွား တယ် စည်းရုံးတယ်” လို့ ဆိုပါတယ်။

ဒေါ်ချော

၈ ရက်နေ့ အရောက်မှာတော့ ဒေါ်အေးယုနွယ် က စည်းရုံးထားတဲ့ ဘဏ်ဝန်ထမ်းများတွေနဲ့ အတူ ချီတက်ခဲ့ပါတယ်။ ဒီနေ့ဟာ သူအတွက် မေ့မရနိုင်တဲ့ နေ့တွေထဲက တနေ့ဆိုရင်လည်း မမှားပါဘူး။
“ညီမလေး ရော့ အလံဆိုတော့ အလံကိုင်ပြီး အော်တယ်။ မြို့ထဲဘက်ကိုအဝင် မြို့ထဲမှာ ပစ်ခတ်နေပြီ။ မိုးက လည်းရွာတယ်။ အဲဒီနေ့က အဲဒီမှာ လူတစ်ယောက်က ကန်စွန်းရွက်တစ်စည်းကိုင်ပြီး မသွားနဲ့ ဟိုဘက်မှာ ပစ်နေတာ အကုန်လဲကုန်ပြီပေါ့။ အဲဒီအချိန်မှာပဲ သွေးတွေနဲ့ တစ်ယောက်ပြေးလာတယ်။ ကုန်သွယ်ရေးရုံးရှေ့မှာ အန်တီက လူကြားထဲညှပ်နေပြီ။ အလံကိုလည်း မကျစေရအောင် ကိုင်ထားပြီး အော်ကလည်း အော်ရသေးတယ်” လို့ ပစ်ခတ်မှုတွေကြားက အတွေ့အကြုံကို သတိတရ ပြန်ပြောပြပါတယ်။

ဒီအကြောင်းကို ရှင်းပြနေရင်း သူ့ရဲ့ အတွေးထဲမှာ ဘဝတူ လှုပ်ရှားဖော်တွေ ပစ်ခတ်မှုတွေကြားထဲ မြင်ကွင်း ပုံရိပ်တချို့ ပြန်သတိရနေတဲ့ သူ့ရဲ့ မျက်ဝန်းအိမ်မှာတော့ မျက်ရည်တွေ အလိုလျှောက်ရစ်ဝဲလာပါတော့တယ်။ နှစ်သုံးဆယ် နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အဲဒီနေ့က မြင်ကွင်းတွေဟာ သူ့အတွက်တော့ တွေးမိတိုင်း အသစ်တွေပြန်ဖြစ်ခဲ့ရ ပြန်ခံစားခဲ့ရပါတယ်။

အရေးအခင်းဖြစ်ပွားပြီးနောက်ပိုင်း ထွက်ပြေးကြရင်း ဟိန္ဒူတိုက်ကြီးပေါ်မှာ ၄ ရက်နဲ့ ၄ ညနေခဲ့ရသလို ထမင်းထုပ် ၁၀ ထုပ် လောက်ကို လူအယောက် ၄၀ က မျှစားခဲ့ကြရတယ်လို့ဆိုပါတယ်။ အမျိုးသမီးတွေချည်း ဖြစ်တဲ့ သူတို့အဖွဲ့မှာ ထမင်းကို တယောက် တလုပ် မျှစားကြရင်း နောက်နေ့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို သူတို့ မသိကြပါဘူး။ မိတ်ဆွေ ယောကျာ်းလေး အချို့ကတော့ မတွေ့တော့ပါဘူး။

“လုပ်သားကောလိပ်က ကိုမောင်မောင်ကြီးတို့၊ ကိုချာလီအေးကျော်တို့က ၁၈ ရက် ၉ လ၊ ၁၉၈၈ အာဏာသိမ်းပြီး ၄ ၊ ၅ ရက် အကြာမှာ သူတို့တောခိုသွားကြတယ်။ သူတို့က နောက်ထပ် ၆ လနေရင် ပြန်လာမယ်လို့ပြော သွားတာ။ အခုတာ့ ၂၉ နှစ် တောင်ရှိပြီ။ နှစ် ၃၀ မှာတောင် ပြန်ဆုံကြပါ့မလားမသိဘူး” လို့ သူ့ရဲ့ ကျောင်းနေဘက်တွေကိုလည်း ပြန်တမ်းတ လိုက်ပါသေးတယ်။

အတူတိုက်ပွဲဝင်ခဲ့တဲ့သူတွေ တောခိုသွားကြပေမယ့် အာဏာရှင် အစိုးရကို ဖြုတ်ချဖို့ကိုတော့ စိတ်က မလျှော့ပါဘူး။ အတူတိုက်ပွဲ ဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေ ပြန်လာရင် အာဏာရှင်ကို အတူတိုက်ဖို့အတွက် ကျန်တဲ့လူတွေစုပြီး ဆွေးနွေးကြ၊ မိတ်ဆွေတွေကို ပြန်စည်းရုံးပါတော့တယ်။

“အဲဒီကြားထဲ ဘဏ်မှာ အလုပ်ပြန်ဝင်၊ ရတဲ့လစာကို လုပ်သားကောလိပ်အဖွဲ့ကိုပေး အဲဒါပုံမှန်။ စနေ တနင်္ဂနွေ အိမ်ကပေးတဲ့ မုန့်ဖိုးကိုစု ဘာမှမစားနိုင်ဘူး။ အဲဒီလိုမျိုးလုပ်ခဲ့တာ ၃ နှစ်လောက်ကြာတယ်။ အရှေ့ကို မထွက်တော့ပဲ ငွေရှာ တာတမျိုး၊ စာတွေ ဝေရတာတမျိုး၊ စည်းရုံးရတာတမျိုးနဲ့ နားရက်ဆိုတာ မရှိခဲ့ဘူး။ နောက်တော့ တောခိုသွားတဲ့ အစ်ကိုတွေဆီက စာလာတော့ အဲဒီစာကိုမိပြီး နောက်တော့ စည်းရုံးရေးဘာရေး ညာရေးဆိုပြီး ခေါင်းစဉ်တပ် လိုက်တော့ ထောင် ၅ နှစ်ကျရော” လို့ ဆိုပါတယ်။

သူမ ထောင်(၅)နှစ်ကျပြီး ပြန်ထွက်လာချိန်မှာလည်း ဆန္ဒပြတဲ့အထဲ မပါဝင်ခဲ့ပေမယ့် တဖက်တလှမ်းက သူမ လုပ်နိုင်တဲ့ အလုပ်တွေ ဝိုင်းကူလုပ်ခဲ့တယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာတော့ ထင်ထင်ပေါ်ပေါ် မဖြစ်စေပဲ နောက်ကနေပဲ ပံ့ပိုးပေးတယ်လို့ပြောပါတယ်။

အရေးတော်ပုံကာလမှာ အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင် သားသမီးတွေကို နောက်ကွယ်က ပံ့ပိုးခဲ့သလို ဒီမိုကရေစီအရေးကို ကိုယ်တိုင် ဝင်ရောက် လှုပ်ရှားခဲ့တဲ့ မိခင်တွေလည်းရှိခဲ့တယ်ဆိုတာ ဒေါ်စန်းစန်း က သက်သေပါပဲ။ ၁၉၉၈ ကာလမှာ ဒေါ်စန်းစန်း ဟာ အသက် ၄၀ အရွယ်ပါ။

“၈၈ မတိုင်ခင် မတ်လလောက်ထဲက အန်တီသားက အဖမ်းခံရတယ်။ ပြန်လွှတ်လာတော့ ဇူလိုင်လမှာ မ.က.ဒ တည်ထောင်တော့ အန်တီရော၊ အန်တီသားရော ပါဝင်ခဲ့တယ်။ ၈၈ အရေးအခင်းကြီး စလာတော့ အန်တီတို့က ချက်ပြုတ် ကျွေးမွေးတဲ့အပိုင်းမှာ လုပ်ခဲ့တယ်။ အန်တီကတော့ ပံ့ပိုးကူညီတယ်ပဲပြောရမှာပေါ့” လို့ ဒေါ်စန်းစန်းက ပြန်ပြောပြပါတယ်။

ကျောင်းသား/ကျောင်းသူတွေ လိုအပ်တာမှန်သမျှ ကူညီပံ့ပိုးပေးသလို ကျောင်းသားတွေ ကိုယ်တိုင် လာယူတာ တွေရှိပြီး သွားလည်းပို့ပေးတယ်လို့ဆိုပါတယ်။ ကျောင်းသားတွေများလာတဲ့အပေါ် ဈေးသွားဝယ်၊ မီးဖိုခန်း ဆို မနက်မီး ညမီး ဆက်နေတယ်လို့တောင်ဆိုပါတယ်။

ဒေါ်မေမေသန်း

“မ.က.ဒ အဖွဲ့ကို ထမင်းထုပ်လိုချင်ရင် ထမင်းထုပ်၊ မုန့်လိုရင်မုန့်၊ ဆေးလိုရင်ဆေး၊ ဒုက္ခရောက်နေတဲ့လူတွေကို အိမ်ခေါ်ထား တယ်။ အဲဒီတုန်းက အန်တီတို့ အိမ်မှာလူ ၃၀ လောက်ရှိတယ်။ အဲဒီတုန်းက အိမ်က အကျယ်ကြီးကိုး။ အန်တီတို့က ငွေကြေး ပြည့်စုံတယ်။ အန်တီတို့ မိဘလက်ထက်ထဲက ပြည့်စုံတော့ အဲဒီလို အရေးအခင်းဖြစ်ချိန် မှာ အန်တီတို့အိမ်ကို ရောက်လာတဲ့ လူတိုင်းကို အန်တီတို့က ကူညီနိုင်ခဲ့တယ်” လို့ ဒေါ်စန်းစန်းက ဆက်ပြောပါတယ်။

ငွေကြေးကလည်း အဆင်ပြေ၊ အိမ်သုံးတယ်လီဖုန်းလည်း ရှိတာကြောင့် ကျောင်းသားတွေ အနေနဲ့ ဘယ်ဒေါင့်မှာ၊ ဘာရောင် ဝတ်ပြီး စောင့်နေမယ်ဆိုတာကို ဖုန်းဆက်လိုက်တာနဲ့ ထမင်းထုပ် အပါအဝင် လိုအပ်တာတွေကို သွားရောက်ပို့ဆောင်ခဲ့သလို ၈ လပိုင်း ၈ ရက်နေ့မှာတော့ ကိုယ်တိုင် ရှေ့ထွက်ခဲ့တယ်လို့ ဆိုပါတယ်။

“၈ ရက်နေ့ မနက်ရောက်တော့ အကုန်လုံးကို အိုးတွေ ခွက်တွေ တီးခိုင်းတာ၊ တီးတီး ဆိုပြီးတော့ အန်တီတို့က စပြီး လုပ်လိုက်တော့ အကုန်လုံးက လိုက်လုပ်တယ်။ ထွက်ထွက်ဆိုပြီး အန်တီတို့အရှေ့က ထွက်တော့ သူတို့ က လိုက်ထွက်တယ်။ လမ်းဘေးတလျှောက်က လူတွေလည်း ခေါ်တယ်။ ဘုန်းကြီးတွေကိုပါခေါ်တာ၊ အဲဒီအချိန်မှာ ဘုန်းကြီးက အလံကိုင်ပြီးတော့ အရှေ့ကတက်တာ” လို့ သမိုင်းဝင်နေ့က မြင်ကွင်းကို ဒေါ်စန်းစန်းက ပြန်ပြောပြပါတယ်။

သူကဆက်ပြီး “၁၃ မင်္ဂလာလမ်းကနေ လမ်းလျှောက်ပြီး ဆူးလေက မြို့တော်ခန်းမရှေ့မှာ ရပ်လိုက်တယ်။ လူတွေကလည်း စုံပြီဆိုတော့ ဟုတ်ပြီ ငါတို့ အောင်ပြီပေါ့။ ညနေရောက်တော့ အန်တီတို့က သိထားတယ် မှောင်ရင် ပစ်တော့မယ်ဆိုတာ၊ အဲဒါနဲ့ အခြား လူတွေ၊ ကလေးတွေကို ပြန်ကြတော့ဆိုပြီး အန်တီတို့က ကားတစ်စီးနဲ့ ခေါ်တင်တယ်၊ ကမ်းနားလမ်းကနေ ဘားဂရာ လမ်းကြီးကို ကားမောင်းမယ်၊ နီးတဲ့နေရာ ဆင်းကြဆိုပြီး တတ်နိုင်သလောက် လုပ်ပေးခဲ့တယ်၊ အကြော်သယ် တွေဆီက တစ်ဗန်းလုံး ဝယ်ပြီး လိုက်ဝေ၊ အဲဒီလိုလုပ်တာ။ တချို့ကလေးတွေကလည်း ကျန်ခဲ့တာပေါ့။ အန်တီတို့လည်း အိမ်ရောက်ရော ပစ်သံကြားရတာပဲ” လို့ ရှင်းပြပါတယ်။

၈၈ အရေးအခင်းဖြစ်ပြီး သားဖြစ်သူနှစ်ယောက်ကတောခိုသွားတော့ သူတို့ပြန်ဝင်လာချိန်မှာလည်း အစိုးရက ခဏ ခဏ ဖမ်းဆီးစစ်ဆေးတာတွေ ခံရတယ်လို့ ဆိုပါတယ်။

အာဏာရှင် စံနစ်ကို လက်မခံတဲ့ တမိသားစုလုံး တလျှောက်လုံး တိုက်လာရာကနေ နောက်ဆုံး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ မိသား စု ၅ ဦးစလုံးအဖမ်းခံလိုက်ရပြီး ၂၀၁၁/၂၀၁၂ မှ ထောင်က မိသားစု ၅ ဦးစလုံး ပြန်လွှတ်လာတယ်လို့ ပြောပြ ပါတယ်။

တချိန်က ဒေါ်စန်းစန်းတင်တို့ အိမ်ဟာ ကျောင်းသားပေါင်း ၃၀ ကျော်ကို ကျွေးမွေးထားနိုင်ခဲ့ပေမယ့် အခုဆိုရင် တိုက်ခန်း ၅ လွှာမှာ နေနေကြရပါတယ်။ မိဘလက်ထက်ပိုင်ဆိုင်ခဲ့သမျှ အမွေတွေဟာလည်း မိသားစု ၅ ဦး ထောင်ကျစဉ်က တယောက် တနေရာစီထားလို့ ထောင်ဝင်စာတွေ့ရင်း ကုန်ခဲ့ရသလို တချို့ခြံ၊ အိမ်ရောင်းရာ ငွေ ကျပ်သိန်း ၁၀၀ ကိုလည်း အစိုးရက သိမ်းထားတာ အခုထိ ပြန်လည်ရရှိခြင်းမရှိသေးဘူးလို့ ပြောပြပါတယ်။

သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ အာဏာရှင်စံနစ် ပြုတ်ကျရေး အတွက် ရဲရဲဝံ့ဝံ့ ကိုယ်ကျိုးစွန့်ပြီး ပါဝင်ခဲ့ကြတဲ့ သူတို့ရဲ့ ကျိုးစားမှုရလာဒ်တွေ တရာရာခိုင်နှုန်း အရာမထင်သေးပေမယ့် သူတို့ဖြတ်သန်းခဲ့ရဲ့တဲ့ သမိုင်းဝင် အရေးအခင်း နေ့ရက်တွေကတော့ ပြန်တွေးမိတိုင်း အသစ်ဖြစ်လို့နေပါတယ်။

Hiburma.net မှ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading