ဆောင်းပါး

အောင်ဝင်းခိုင် ဘယ်ရောက်နေလဲ

Want create site? Find Free WordPress Themes and plugins.

NLD ဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံရာတွင် ပါဝင်သည့် အဓိက တရားခံ တဦးဖြစ်သူ အောင်ဝင်းခိုင်သည် နေပြည်တော် ပရဆေးဥယျာဉ် အနီးတွင် တွေ့ရှိခဲ့သည် ဆိုသည့် သက်သေခံ ထွက်ချက် ရရှိပြီး နောက်ပိုင်းကတည်းက ယနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရားခံ အောင်ဝင်းခိုင်သည် ရောင်ဝါဖြိုး ကုမ္ပဏီ ဒါရိုက်တာ တဦးဖြစ်သော ရဲထွဋ်လှိုင်နှင့်အတူ နေပြည်တော်သို့ သွားစဉ် နေပြည်တော် ပရဆေးဥယျာဉ် ရှေ့ အရောက်တွင် ကားရပ်တန့်ခိုင်းပြီး လူတယောက် လာခေါ်မည်ဟု ပြော၍ ကားပေါ်မှ ဆင်းသွားကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

ယင်းနောက်ပိုင်း ကတည်းက အောင်ဝင်းခိုင် ပျောက်ဆုံးနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အာဆီယံရဲတပ်ဖွဲ့နှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) များ အထိ အောင်ဝင်းခိုင်၏ ဓာတ်ပုံကို ပေးပို့ကာ အလိုရှိသူ စာရင်းအဖြစ် အကူအညီ တောင်းခံထားပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအဝင် သာကေတ၊ ဒေါပုံ၊ ဗဟန်း၊ မိတ္ထီလာ စသည့် မြို့နယ် ၆ ခုတွင် ဖမ်းဝရမ်း ထုတ်ထားသော်လည်း ယနေ့ အထိ တစုံတရာ ထူးခြားမှု မရှိသေးပါ။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ဦးကိုနီ လုပ်ကြံခံရပြီး နောက်ပိုင်း တရားခံပြေး အောင်ဝင်းခိုင်သည် ဖေဖော်ဝါရီ ၁၀ ရက်၊ ၁၂ ရက် ဝန်းကျင်တွင် နေပြည်တော်ရှိ ကုမ္ပဏီ တခု၏ ရုံးခန်းသို့ လာရောက်သွားကြောင်း အဆိုပါ ကုမ္ပဏီကို ရဲတပ်ဖွဲ့နှင့် အတူ ဝင်ရောက်ရှာဖွေရာတွင် ပါဝင်သည့် ရှာဖွေသက်သေ တဦး၏ ပြောဆိုချက်အရ သိရသည်။

အောင်ဝင်းခိုင် သည် အမှုစစ်ဆေးချက်အရ ကွင်းဆက် တရားခံတဦးဖြစ်၍ တရားခံပြေး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဦးကိုနီအမှုကို လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးနေလက “ဦးကိုနီကို လုပ်ကြံတဲ့နေ့က ဇန်နဝါရီ ၂၉ ရက်နေ့၊ ဖော်ဖော်ဝါရီ ၁၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က ကုမ္ပဏီရုံးခန်းတခုကို သွားရောက်ရှာဖွေတဲ့ အခါမှာ အောင်ဝင်းခိုင်ဟာ လွန်ခဲ့တဲ့ ၂ ရက်လောက်က ရုံးခန်းကို ရောက်ရှိလာတယ် ဆိုတဲ့ ထွက်ဆိုချက်ရှိတယ်။ အဲဒါကို ရှာဖွေသက်သေက ထွက်ဆိုတာပါ။ ရဲအရာရှိက အဲဒီအပိုင်းကို ထွက်ဆိုချက်မရှိဘူး။ အဲဒီအပိုင်းမှာ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး လိုအပ်ချက် ရှိတော့ လိုအပ်တဲ့သက်သေ အားလုံးကို စစ်ဆေးဖို့ပြောတော့ တင်ပြခွင့်ကို ဥပဒေရုံးက ပိတ်ပင်တယ်။ တရားခွင်မှာ လက်တွေ့ဖြစ်တာ” ဟု ပြောပြသည်။

နေပြည်တော် ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် အောင်ဝင်းခိုင် ကို နောက်ဆုံးတွေ့ရှိခဲ့သည်ဟု ဆိုသည့် နေပြည်တော် ပရဆေးဥယျာဉ်အတွင်း ဝင်ရောက်ရှာဖွေမှုတချို့ ပြီးခဲ့သည့်လများ အတွင်းက တကြိမ်ပြုလုပ်ခဲ့သည်။

ရဲတပ်ဖွဲ့သည် အောင်ဝင်းခိုင်ကို မြန်မာနိုင်ငံအတွင်းသာ ရှိမည်ဟု ခန့်မှန်းပြောဆိုထားသော်လည်း ယနေ့ အထိ သတင်း အစအနရခြင်း၊ အခြေအနေ ထူး၊ မထူး စသည်တို့အပေါ် အများပြည်သူသို့ သတင်းထုတ်ပြန်ခြင်း လုံးဝ မရှိပါ။

တရားလွှတ်တော် ရှေ့နေ ဦးနေလ ကလည်း ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များ နှင့် ပတ်သက်၍ တရားရုံးထွက်ဆိုချက် များကို မူတည်၍ ပြောဆိုရမည် ဆိုပါက ပြည့်စုံမှု မရှိကြောင်း၊ အားရဖွယ် မရှိကြောင်း သုံးသပ်သည်။

“တရားခံတယောက်ကို ဖမ်းဆီးမယ်ဆိုရင် ပြစ်မှုကျူးလွန်မှု မတိုင်ခင် ဘယ်တုန်းက ဘာတွေလုပ်ခဲ့တယ်ဆိုတာ ဆက်စပ် တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပေမယ့် မလုပ်ခဲ့ဘူး ။ နောက်တခုက တရားခံဟာ ပြစ်မှုကျုးလွန် ပြီးတဲ့နောက် ၁၀ ရက် ကျော် နေပြည်တော်မှာ ရှိနေတယ်။ ဒါကိုလည်း ဖမ်းဆီးရမိခြင်း မရှိဘူး။ တရားရုံးက ကွင်း ဆက် မပြတ်တဲ့ သက်သေတွေကိုလည်း မစစ်ဆေးဘူး။ ရဲတပ်ဖွဲ့က ဘယ်လိုကြိုးပမ်း ဆောင်ရွက်ပါတယ် ဆိုတဲ့ အပိုင်း ကို တရားရုံးမှာ လာရောက် ထွက်ဆိုခြင်း မရှိခဲ့ဘူး။ သူတိ့ုက ဖမ်းဝရမ်းရယ်၊ ရဲပုံစံ ၆၂ အရ အတည်ပြု ဆောင် ရွက်ချက် ဆိုတာကိုပဲ ထွက်ဆိုတယ်” ဟု တရား လွှတ်တော်ရှေ့နေ ဦးနေလက ပြောသည်။

ဆက်လက်၍ ဦးနေလက“ရဲတပ်ဖွဲ့က အောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေး အတွက် ဘယ်လိုကြိုးပမ်း ဆောင်ရွက် တယ် ဆိုတာ အမှုတွဲမှာ မပေါ်ဘူး။ ရဲရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေက အားရကျေနပ်စရာ မရှိဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူညံံံ့တွေ မဟုတ်ပါဘူး။ တကယ်တမ်း ဖမ်းဆီးမယ် ဆိုရင် မိရမှာပဲ။ တရားခံတယောက်က အမှန်တကယ် ကြိုးပမ်း ရှာဖွေမယ်ဆိုရင် ရဲရဲ့ စုံထောက် ပညာအရ မှုခင်းတပ်ဖွဲ့ အတတ်ပညာအရ မိနိုင်မယ်လို့ ယူဆတယ်”ဟု ရှင်းပြသည်။

နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် မှုခင်းရဲတပ်ဖွဲ့တို့ထံသို့ တရားခံပြေး အောင်ဝင်းခိုင် နှင့် ပတ်သက်၍ ဧရာဝတီ က မေးမြန်းသော်လည်း တာဝန်ခံ ဖြေကြားမည့်သူ မရှိဟုသာ ပြောသည်။
တရားခံပြေး အောင်ဝင်းခိုင်သည် စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၃၆ မှ ဖြစ်ပြီး အငြိမ်းစား ဒု ဗိုလ်မှူးကြီး တဦး ဖြစ်သည်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကို သတ်ဖြတ်လုပ်ကြံရန် အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုး နှင့် ကြည်လင်း တို့က ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ သိရသည်။

ဦးကိုနီ လုပ်ကြံခံရသည့် ဖြစ်စဉ်တွင် ပါဝင်နေသည့် တရားခံများ ဖြစ်သည့် ကြည်လင်း (ခ) ဖိုးထူးအား ပုဒ်မ ၃၀၂၊ လဝက အက်ဥပဒေ၊ လက်နက်မှုများ၊ အောင်ဝင်းဇော်ကို ပုဒ်မ ၃၀၂၊ ၁၉ (ခ)၊ ဇေယျာဖြိုးကို ပုဒ်မ ၃၀၂၊ ပုဒ်မ ၆၇၊ ၄၂၀၊ ၄၆၈ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ဆိုသည်။

ဖမ်းဆီးရမိထားသည့် တရားခံများကို ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် တရားရုံးတွင် ပုံမှန်ရုံးထုတ် စစ်ဆေးလျက်ရှိပြီး လက်ရှိ တွင် တရားလိုပြသက်သေ ၈၀ အနက် တပတ်လျှင် ၂ ဦးနှုန်း ခေါ်ယူ စစ်ဆေးခဲ့ရာ လက်ရှိတွင် ၁၃ ဦး ခန့် စစ်ဆေးပြီးစီး သည့် အခြေအနေတွင်ရှိသည်။ နောက်တပတ် ရုံးချိန်းမှစ၍ တပတ်လျှင် သက်သေ ၅ ဦးစီ ပြောင်းလဲ စစ်ဆေးမည်ဟု သိရသည်။

ဦးကိုနီသည် နိုင်ငံတော် ခရီးစဉ်မှ ပြန်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်နှင့် အနီးကပ် ပစ်ခတ် လုပ်ကြံခံရခြင်းဖြစ်သည်။ သေနတ်နှင့် ပစ်ခတ်သူ ကြည်လင်းကို ဖမ်းဆီးသူသည်လည်း အငှားယာဉ်မောင်း ဦးနေဝင်းနှင့် မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်များ ဖြစ်သည်။

ထိုစဉ်က ကြည်လင်းကို ဖမ်းဆီးရမိခြင်းမရှိပါက အမှုသည် တရားခံများနှင့် ပတ်သက်၍ စစ်ဆေးနိုင်ခြင်း၊ အမှုမှန် ပေါ်ပေါက် နိုင်ခြင်း ရှိနိုင်ပါမည်လားဟု ဝေဖန်မှုများလည်း ရှိသည်။

ထို့နည်းတူ နိုင်ငံတော်ခရီးစဉ်အဆင့်မှ ပြန်လာသူ၏ လုပ်ကြံခံရမှုတွင် ပါဝင်သည့် တရားခံကို လပေါင်းများစွာ ကြာသည် အထိ ဖမ်းဆီးရမိခြင်း လုံးဝမရှိသေးသည့် ရဲတပ်ဖွဲ့၏ လုပ်ကိုင်မှုကိုလည်း ဝေဖန်သုံးသပ်မှုများ ရှိသည်။

ရှေ့နေ ဦးကိုနီ အသတ်ခံရမှုမှာ လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး အရ မကျေနပ်မှုကြောင့် လုပ်ကြံမှု ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဟောင်း ဇော်ဝင်းက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့ မူးယစ် ဆေးဝါး ပြတိုက် တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုထားသည်။

ယင်းသို့ ပြောဆိုချက်အပေါ် အသက် ၄၀ ကျော်၊ ၅၀ ဝန်းကျင်ရှိ လူတစုက ထောင်ထွက်များကို ငှားရမ်းခြင်း၊ သေနတ်များ ဝယ်ယူခြင်း၊ ငွေကြေး သိန်းထောင်ချီ အကုန်အကျခံ၍ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည့် လုပ်ကြံမှုကို “လူငယ် သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်မှု” ဟု အကြောင်းပြခဲ့သည်ဟုလည်း ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲ ပြီးသည့် နောက်ပိုင်းမှ စ၍ အများပြည်သူသာမက နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေသည့် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရွက်ချက်များ၊ တရားခံဖမ်းဆီး ရမိမှု အခြေအနေ၊ အမှုအခြေအနေများ စသည်တို့ကို ဆက်လက် ထုတ်ပြန်ခြင်း မရှိတော့ပါ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading