အေးစက်နေသော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များ နှင့် အရပ်ဘက် အဖွဲ့ အစည်းများ တွေ့ဆုံရန် စီစဉ် ထားသည့် အစည်းအဝေးတခုကို ထိုင်းဘုရင့်တပ်မတော်၏ အမိန့်ကြောင့် ပယ်ဖျက်လိုက်ရချိန်တွင် ပိုမိုအေးစက်သွား ခဲ့ရသည်။
ဘန်ကောက် အခြေစိုက် မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ခင်စောထံမှ ဇူလိုင်လ ၁၉ ရက်နေ့တွင် ပေးပို့ခဲ့သော မေတ္တာရပ်ခံစာ တစောင်ကြောင့် ထိုင်းနိုင်ငံက ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သံတမန်နည်းအရ ပေးပို့ခဲ့သော အဆိုပါ စာတွင် ယခု ပြုလုပ်ရန် စီစဉ်ထားသည့် အစည်းအဝေး သည် တရားဝင် အဖွဲ့အစည်းများ နှင့် တရားမဝင် အဖွဲ့အစည်းများ တွေ့ဆုံခြင်း ဖြစ်သည့် အတွက် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ရန် ခြိမ်းခြောက်မှုဖြစ်ပြီး အစိုးရက ဦးဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။
ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) သည် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ(SNDP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(RCSS/SSA-S)၊ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း(SSPP/SSA-N) တို့နှင့် မြန်မာ နှင့် ထိုင်းနိုင်ငံ အခြေစိုက် အခြား နိုင်ငံရေး၊ လက်နက်ကိုင်နှင့် အရပ်ဖက် အဖွဲ့များ စုပေါင်းထားသည့် အဖွဲ့တခု ဖြစ်ပြီး အစည်းအဝေးသို့ တက် ရောက်မည့်သူ ၆၀၀ ခန့် ရှိမည် ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ CSSU က ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ရာတွင် မြန်မာအစိုးရ အနေဖြင့် ငြိမ်းချမ်းလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ငြိမ်းချမ်းရေးပန်းတိုင်သို့ မြန်ဆန်စွာ ရောက်ရှိနိုင်ရေး အတွက် သဘောထားကြီးမှုနှင့် အမြော်အမြင်ရှိမှု အပေါ်တွင် အခြေခံဆောင်ရွက်သွားရန် တိုက်တွန်းထားသည်။ စီစဉ်ထားသည့် အစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အတားအဆီးပြုရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်းလည်း အခိုင်အမာပြောကြားခဲ့သည်။
သံတမန်ရေးအရ တားဆီးခဲ့ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းမှာ SSPP/SSA-N ပါဝင်ရန် ရှိနေခြင်းကြောင့် ဖြစ်ပါ သည်။ SSPP/SSA-N သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့သော တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည့် လက်နက်ကိုင် နိုင်ငံရေး အဖွဲ့ အစည်း ဖြစ်သည်။ RCSS/SSA-S က NCA လက်မှတ်ထိုးခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် ဖက်ဒရယ် စနစ်နှင့် ပတ်သက်၍ နိုင်ငံရေးဆွေးနွေးမှုများ မပြုလုပ်ရန် အစိုးရနှင့် တပ်မတော်က အခိုင်အမာ ပြောကြားထားပြီး အဖွဲ့အစည်း အများအပြားက ငြင်းပယ်ခဲ့ကြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေသော်လည်း SSPP တာ ဝန် ရှိသူများက NCA လက်မှတ်မထိုးသည့် တိုင်းရင်းသားအဖွဲ့များ ပူးပေါင်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ၏ အဖွဲ့ဝင် အနေဖြင့် ငြိမ်းချမ်းရေး ညီလာခံများသို့ ဆက်လက်တက်ရောက်ခဲ့ကြသည်။
ဝါရင့် လက်နက်ကိုင်ခေါင်းဆောင်တဦး ဖြစ်သည့် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ချင်းမိုင် ကွန်ဖရင့် အပေါ် မြန်မာ့ တပ်မတော်၏ ဝင်ရောက်စွတ်ဖက်မှုကြောင့် ဖျက်သိမ်းလိုက်ရသည့်အတွက် စိတ်ပျက်ကြောင်း ပြောသည်။ ထိုသို့ ကန့်ကွက်ခြင်းက NCA ကို ချိုးဖောက်ခြင်း ဖြစ်ပြီး တပ်မတော်နှင့် ရွေးကောက်ခံ အစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဝိရောဓိ ဖြစ်စေပြီး ပြဿနာပိုများစေမည့် ချဉ်းကပ်မှု ဖြစ်သည်ဟု သူကပြောသည်။
“ကျနော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အန္တရာယ် ဖြစ်စေတယ်လို့ သူတို့က စွပ်စွဲတဲ့ အချိန်မှာ ကျနော်သံသယ ဖြစ် မိတယ်” ဟု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။ ဖျက်သိမ်းလိုက်ရသော အခမ်းအနားက တပ်မတော်က စွပ်စွဲသလို လျှို့ဝှက်ကျင်းပမည် မဟုတ်ကြောင်းလည်း သူက ထပ်ပြောသည်။ “ဒီစာက မြန်မာ့တပ်မတော်က တိုက်ရိုက်ပို့ ခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့က အစိုးရကို မေးတော့ အဲဒါနဲ့ ပတ်သက်လို့ သူတို့ မသိဘူးလို့ ပြောတယ်။”
ထင်ရှားသည့် ရှမ်းတိုင်းရင်းသား ဆောင်းပါးရှင် တဦးဖြစ်သည့် စိုင်းဝမ်စိုင်းက ပြီးခဲ့သည့် နှစ်များအတွင်း အကြိမ်ရေ အတော်များများ ပြုလုပ်ခဲ့ပြီး ဖြစ်သည့် ထိုင်းနိုင်ငံ အခြေစိုက်အခမ်းအနားကို ဖျက်သိမ်းရန် တပ်မတော်က ဖိအားပေးခြင်းက နိုင်ငံရေးအရ ကွဲပြားမှုများ ဖန်တီးရန် ကာလရှည်ကြာစွာ အားထုတ်မှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သော အကြောင်းကိစ္စများကို ဆွေးနွေးရန် ရှမ်းတိုင်းရင်းသားတို့၏ ကွဲပြားခြားနားသည့်အသံများ ဆုံစည်းနိုင်အောင် ကြိုးစားမှုများကို တားဆီးခြင်းဟု ပြောသည်။
“ပဋိပက္ခတွေကို နိုင်ငံရေး ဆွေးနွေးမှုကနေတဆင့် ဖြေရှင်းဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်တခုအတွက် ကတိပေးထားတဲ့ အပေါ်မှာ တပ်မတော်က အမှန်တကယ် ဆန္ဒရှိမှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားတွေက သံသယဖြစ်နေကြတယ်။ တပ် မတော်ကလည်း ရှမ်းတိုင်းရင်းသားတွေက ပြည်ထောင်စုကို ပြိုကွဲစေမယ့် လုံးဝလွတ်လပ်ရေးကို ရွေးချယ်မှာ မဟုတ်ဘူး ဆိုတာကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး” ဟု သူက ရေးသားခဲ့သည်။
ရှမ်းခေါင်းဆောင် အများအပြားအတွက် ကာလရှည်ကြာ ထိခိုက်နစ်နာခဲ့ရသည့် အကြောင်းများကို ဆွေးနွေးရန် နှင့် မြန် မာ အစိုးရ နှင့် တပ်မတော်တို့နှင့် တစုတစည်းတည်း ဆက်ဆံနိုင်ရေးအတွက် ဗျူဟာချမှတ်ရန် ပြုလုပ်သည့် ဖိုရမ်များ တားဆီးခံရခြင်းက ယခင်ကလည်း ကြုံတွေ့ခဲ့ဖူးသည်။
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် ညစာစားပွဲတွင် ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ တွေ့ဆုံ၍ အခြေခံဥပဒေသစ်တခု ရေးဆွဲရန်၊ တပ်မတော်က ပြုလုပ်နေသော အမျိုးသား ညီလာခံနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ခဲ့ရာ တက်ရောက်သူများထဲမှ အရေးပါသူ အများအပြား ဖမ်းဆီးခြင်း ခံခဲ့ရသည်။
တပ်မတော်က ပယ်ဖျက်ခဲ့သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ပြီးလျှင် လွှတ်တော်ကိုယ်စားလှယ်နေရာ ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သည့် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး အဖမ်းခံခဲ့ရပြီး အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခြင်းခဲ့ရပြီး မြန်မာနိုင်ငံ၏ မြောက်ဖက် အစွန်ဆုံး ဖြစ်သည့် ကချင် ပြည်နယ်မှ ပူတာအိုထောင်သို့ ပို့ဆောင်ခဲ့သည်။
SSA-N ၏ တပ်မှူးဟောင်း ဗိုလ်ချုပ် ဆေထင်အပါအဝင် ရှမ်းခေါင်းဆောင်များမှာ ထောင်ဒဏ် ၁၀၆ နှစ်ချမှတ် ခြင်း ခံခဲ့ရသည်။ အံ့သြဖွယ်ရာ ကောင်းလောက်အောင် ပြင်းထန်သည့် ထောင်ဒဏ်များက ရှမ်းတိုင်းရင်းသားတို့၏ လက်နက်ကိုင် ခုခံမှုအပေါ် တပ်မတော်၏ မုန်းတီးမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ငြင်းပယ်လိုသည့် ဆန္ဒ အတိုင်းအတာကို ဖော်ပြနေခြင်း ဖြစ်သည်။
ရှမ်းတိုင်းရင်းသားတို့၏ စုစည်းသော အနေအထားတခုကို ကာကွယ်ရန် တပ်မတော်က သွေးခွဲအုပ်ချုပ်သည့် ဗျူဟာများကို အသုံးပြုခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အချို့သော ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများက NCA လက်မှတ်ထိုးခဲ့သော်လည်း အခြားသော အဖွဲ့များက ပြင်းထန်စွာ ဆက်လက်ဆန့်ကျင်နေသည်ကို ကြည့်လျှင် အဆိုပါဗျူဟာက အတိုင်းအတာတခု အထိ အလုပ်ဖြစ်သည်ဟု သုံးသပ်ရမည် ဖြစ်သည်။
ရှမ်းအသိုင်းအဝိုင်းများအတွင်း နောက်ထပ်ကွဲပြားမှုများ ဖြစ်စေခြင်းမှာ ရှမ်းတိုင်းရင်းသားတို့၏ အနေအထားကို ပိုမို၍ စုစည်းမိစေမည့် ချင်းမိုင်မှ ဖျက်သိမ်းလိုက်ရသည့် အစည်းအဝေးကဲ့သို့သော တွေ့ဆုံမှုများကို တပ်မတော်က တားဆီးမှု များ ပြုလုပ်နေခြင်းကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ဖြစ်သည့် ရန်ကုန်တွင် မတ်လ အတွင်းက ကျင်းပရန် စီစဉ်ထားသော အစည်းအဝေး တခု မှာလည်း တပ်မတော်၏ ဖိအားပေးမှုကြောင့် ဖျက်သိမ်းခဲ့ရသည်။ ကတိပြုထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော ရှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို နောက်ဆုံးအချိန်ကျမှ ဧပြီလအတွင်း ပြုလုပ်နိုင်ခဲ့သည်။ ယခု ချင်းမိုင်တွင် ပြုလုပ်မည့် အစည်းအဝေးသို့ တက်ရောက်ကြမည် ဖြစ်သော ပုဂ္ဂိုလ်များ အပါအဝင် အများအပြားကို တက်ရောက်ခွင့် မပြုခဲ့ပါ။
NCA လက်မှတ်ထိုးသည့် အဖွဲ့များနှင့် သူတို့ကို ထောက်ခံသူများအပေါ် အစိုးရနှင့် တပ်မတော်တို့၏ ပြုမူပုံ နှင့် NCA လက်မှတ်မထိုးသည့် အဖွဲ့များအပေါ် မလိုလားမှုများ တိုးလာနေခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုလုံးကို လှုပ်ရှားမှု မရှိသည့် တဖက်ပိတ် အခြေအနေတခုအတွင်းသို့ လျှင်လျှင်မြန်မြန် တွန်းပို့နေခြင်း ဖြစ်သည်ဆိုသည့် သဘောထားက ရှမ်းပြည်နယ်တွင် ကျယ်ပြန့်လာနေသည်။
လူထုဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက သူတို့၏ အစိုးရသက်တမ်း ပထမ နှစ် အတွင်းတွင် ငြိမ်းချမ်းရေးကို ထိပ်တန်း ဦးစားပေးအဖြစ် ထားရှိခဲ့သည်။
ချင်းမိုင်တွင် ကျင်းပရန် ရှိသည့် အစည်းအဝေးကို တပ်မတော်က ဖိအားပေး ဖျက်သိမ်းစေသည့် နောက်ထပ်ဖြစ်နိုင်စရာ အကြောင်းတခုမှာ RCSS/SSA-S နှင့် တပ်မတော်၏ အမှတ် ၂၄၉ ခြေမြန်တပ်ရင်းတို့ကြားမှ လတ်တလော တိုက်ပွဲများ ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် ဇူလိုင်လ အလယ်ပိုင်းက အပြန်အလှန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ခြင်း အပါအဝင် ဖြစ်သည်။
SSA-S တပ်များ နှင့် တပ်မတော်တို့ကြားမှ တိုက်ခိုက်မှုများကို မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကလည်း အသိအမှတ်ပြုခဲ့သည်။ JMC သည် တပ်မတော်က လွှမ်းမိုးသည့် အဖွဲ့အစည်းတခု ဖြစ်ပြီး တင်းမာမှုများ လျှော့ချရေးနှင့် NCA လက်မှတ်ထိုးထားသော အဖွဲ့များ၏ အခွင့်အရေး ချိုးဖောက်မှု မှန်သမျှကို အရပ်သားပြည်သူများက တိုင်ကြားနိုင်သည့် အဖွဲ့တခု ဖြစ်သည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီက သူ၏ ၁၂ ရက်ကြာ ခရီးစဉ်ပြီးဆုံးခဲ့သည့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှ အခြေအနေက ဆိုးရွားလာနေကြောင်း ပြောဆိုခဲ့သည်။
“အောက်ခြေမှာ လက်တွေ့ အလုပ်လုပ်နေတဲ့ အဖွဲ့တွေဆီကနေ ပဋိပက္ခတွေ သူတို့ ပိုမိုပြီး တွေ့မြင်နေရတဲ့ အကြောင်း၊ ပဋိပက္ခမှ ပါဝင်နေတဲ့ အဖွဲ့အစည်း အသီသီးက အရပ်သားပြည်သူတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲတဲ့ အမှု တွေ ပိုများလာတာနဲ့ အရပ်သားတွေအတွက် သင့်တော်လုံလောက်တဲ့ ထောက်ပံ့မှု မရတာတွေ ကြားသိရတဲ့အတွက် ကျမ စိုးရိမ်မိပါတယ်” ဟု သူက ပြောသည်။
သက်တမ်းအရှည်ကြာဆုံးထဲမှ တခုဖြစ်ပြီး ဘက်ပေါင်းစုံ(အဖွဲ့အစည်းပေါင်းစုံ) ပါ ဝင်နေသည့် ပြည်တွင်းစစ်ကို နှစ်ပေါင်း ၇၀ ခန့် ခံစားခဲ့ရသည့် နိုင်ငံတခုတွင် ရှမ်းပြည်နယ် ပဋိပက္ခက ဖြေရှင်းရန် ရှုပ်ထွေးမှု အများဆုံးအဖြစ် ရှိနေသည်။
အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုး၊ မူးယစ်ဆေး၊ သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ် ရေး နှင့် လူကုန်ကူးခြင်းတို့ကဲ့သို့သော အကျိုးအမြတ်များသည့် ပဋိပက္ခ စီးပွားရေးများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကာလရှည်ကြာစွာ စနစ်တကျပြုလုပ်သည်ဟု လူသိများသော လက်နက်ကိုင်တပ်တို့ ရှိနေခြင်းကြောင့် ရှုပ်ထွေးမှုများ ရှိနေသည်။
ရှမ်းပြည်နယ် အခြေစိုက် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ လူငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်ဘက်အဖွဲ့ အစည်းများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကြောင့် ရရှိလာသည့် ရသလောက် အနေအထားကို အသုံးချရန် ကြိုးစား၍ ပဋိပက္ခကို ငြိမ်းချမ်းစွာ တားဆီးရေးနှင့် ရှောင်လွှဲနိုင်ရေး ဆောင်ရွက် မှုများ ပြုလုပ်နေသလို ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်ပွဲ၏ အမွေအနှစ်များ နှင့် တပ်မတော်၏ တာဝန်ပျက်ကွက် မှုများကို ရင်ဆိုင်နိုင်ရန် ကြိုးစားနေကြသည်။
ထိုပြဿနာများကို စတင်ဆွေးနွေးရန် ပြုလုပ်သော ဖိုရမ်တခုသည် ငြိမ်းချမ်းရေး၊ အမှန်တရားနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းတရပ် ဖြစ်ပါလိမ့်မည်။
သို့သော် တပ်မတော်မှ ကန့်ကွက်သည့် အတွက် ပယ်ဖျက်လိုက်ရခြင်းက NCA လက်မှတ်ထိုးထားသည့် အဖွဲ့များရော ငြင်းပယ်ခဲ့သည့် အဖွဲ့များအပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းများ အပေါ် တပ်မတော်၏ သဘောထားတင်းမာသော ရပ်တည်ချက်ကို ဖော်ပြသည့် နောက်ထပ် အကြောင်းတခု ဖြစ်ပါသည်။
မယုံကြည်မှုများ တိုးလာသည့် အရပ်သား အစိုးရ၏ ငြိမ်းချမ်းရေး အဆောက်အဦးက အုတ်မြစ် အခြေခံ ခိုင်မာမှု မရှိခြင်းကို ဖော်ပြနေခြင်းလည်း ဖြစ်ပါသည်။
(David Scott Mathieson သည် ရန်ကုန် အခြေစိုက် လွတ်လပ်သော လေ့လာဆန်းစစ်သူ တဦး ဖြစ်ပါသည်။ Asia Times ပါ ၎င်း၏ Self-defeating approach to peace in Myanmar ကို ဘာသာပြန်ဆိုသည်)