ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်ကို လျှပ်စစ်မီး ပူဆာတဲ့ ဒေါ်မြစန်းရီ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သူတို့ ဒေသကို လာမယ်လို့ ကြားသိရတဲ့ တလ လောက် အလို ကတည်းက ဒေါ်မြစန်းရီ တယောက် တော်တော်လေး ပျော်ရွှင်နေမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူနေထိုင်ရာ ညောင်ပင်သာဆည် ရွာနဲ့ ၂မိုင်သာ ဝေးတဲ့ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် မြေတိုင်ကန် ရွာကို လာမှာ ဖြစ်ပါတယ်။

ဒေါ်မြစန်းရီ ပျော်ရွှင်နေရခြင်း အကြောင်းကတော့ သူ့ရွာမှာ နှစ်ပေါင်းများစွာ ကြာအောင် မရရှိခဲ့ဘူးတဲ့ လျှပ်စစ်မီး ရရှိ အောင် ကြိုးစားကြည့်ဖို့ပဲ ဖြစ်ပါတယ်။

ရွာမှာ လျှပ်စစ်မီး လိုအပ်နေတဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည် နားပေါက်အောင် ပြောနိုင်ခဲ့ရင် ချက်ချင်း မဟုတ်ရင်တောင်မှ နှစ်အနည်းငယ် အတွင်းမှာတော့ မီးလင်းလိမ့်မယ်လို့ သူက ယုံကြည်နေခဲ့တာပါ။

သူတို့ ညောင်ပင်သာဆည်ရွာဟာ တရွာလုံး မီးမလင်းတာတော့ မဟုတ်ပါဘူး။ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကျေးရွာမှာ မီးလင်းရေး ကော်မတီဖွဲ့ပြီး ကြိုးစားတာ အိမ်ခြေ ၂၅၀ မှာ အိမ်ခြေ ၈၅ လုံး မီးလင်းသွားပါပြီ။ ကျန်တဲ့သူတွေမှာ တချို့ ကတော့ မီးလင်းဖို့ အတွက် ကျပ် ၁ သိန်းခွဲ သွင်းထားသူတွေ ရှိသလို ပိုက်ဆံ လုံးဝ မသွင်းနိုင်သေးတဲ့ သူတွေ လည်း ရှိနေပါတယ်။

ဒေါ်မြစန်းရီ တယောက်ကတော့ မီးရရှိဖို့အတွက် ကျပ် ၁ သိန်းခွဲ သွင်းထားတဲ့သူပါ။ ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည် လာရင် စကား ပြောခွင့်ရအောင် ကျေးရွာ ဥက္ကဌဆီကို သွားပြီး ထိုင်ခုံ တခုံလောက် ရမလားလို့ သူသွား တောင်းဆို ခဲ့ပါ တယ်။

“ကျမ အမေစုလာမယ်ဆိုလို့ ခုံလေးတခုံလောက် ပေးပါလားလို့ ကျေးရွာ ဥက္ကဌကို သွားပြောသေးတယ်။ အေးပါတဲ့။ ဖြစ်စေရမယ်တဲ့။ မနေ့ကကျတော့ ရွာအတွက် ခုံ ၁၀ လုံးပဲ ရတယ်တဲ့။ ဥက္ကဌကြီးရယ်လို့ အမေစုနဲ့ တွေ့ဖို့အရေး ငါ့အတွက် ခုံလေးတခုံ ပါသေးလား လို့။ မပါဘူးတဲ့။ ခင်ဗျား ဝင်လို့ မရဘူးတဲ့။ ကျုပ် ဝမ်းတွေ နည်းတယ် ဆိုတာလေ။ ကျုပ်က ပြောချင်တာကိုး”လို့ သြဂုတ်လ ၇ ရက် နေ့မှာ ဒေါ်မြစန်းရီက ပြောပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့ ရက်မှာတော့ သူခုံမရဘူးဆိုတဲ့ အသိကြောင့် “ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်ဒေသ ပြည်သူများ ငြိမ်းချမ်းရေး စကားဝိုင်း”ကို မသွားတော့ဘဲ လယ်ထဲမှာ စိုက်ပျိုးရေး လုပ်နေတဲ့ သူတွေ ကို ကူညီဖို့ဆိုပြီး ဒေါ်မြစန်းရီ တယောက် လယ်ထဲကို ဆင်းသွားခဲ့ပါတယ်။

“ပန်းပေါက်သမတွေကို လက်ဖက်ရည်တိုက်ပြီး ရွာပြန်ရောက်တော့ TV လေး ဝင်ကြည့်လိုက်တာမှာ အမေစုနဲ့ ဒီစကား ဝိုင်း အဖွဲ့ ပြောနေတာကို ကြားတယ်။ လျှပ်စစ်နှင့် ငြိမ်းချမ်းရေးရယ် ၂ ခု ပြောနေတာ ကြားတယ်။ အဲဒီမှာ အမေစုက နောက်ကလူတွေ တိတ်တိတ်နေပါ။ ခဏနေရင် ပြောခွင့်ပေးမယ်တဲ့။ အဲဒီလိုကြားတာ”လို့ ဒေါ်မြစန်းရီက ပြောပါတယ်။

သူအဲဒီလိုလည်း ကြားရော ဒေါ်မြစန်းရီတယောက် ဒေါ်အောင်ဆန်းစုကြည်ဆီကို သွားဖို့ ဆုံးဖြတ်လိုက်ပြီး စက်ဘီး၊ ဆိုင်ကယ် မစီးတတ်တဲ့ သူ့အတွက် မြေတိုင်ကန်ကျေးရွာကို ရောက်ဖို့အတွက် လိုက်ပို့ဖို့ လူရှာရပါတော့တယ်။

“ကျမသွားမယ်ပေါ့။ လိုက်ပို့ကြပါဦးလို့ ပြောရတယ်။ စက်ဘီးရော ဆိုင်ကယ်ရော မစီးတတ်ဘူး။ အဲဒီမှာ ကောင်လေး တယောက်က ကျနော်လိုက်ပို့မယ်တဲ့။ ဆီ ၅၀၀ ဖိုးတော့ ထည့်ပေးတဲ့။ အဲဒါနဲ့ ကျုပ်ဆိုင်ကယ်ကို ဓာတ်ဆီ ၅၀၀ ဖိုး ထည့်ပြီးတော့ ဒီကို အရောက် မောင်းချလာတာ”လို့ သူက ပြောပါတယ်။

သူ မြေတိုင်ကန် ကျေးရွာကို ရောက်လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဝိုင်းက မပြီးသေးပါဘူး။ အဲဒီကို ကြိုရောက်တဲ့သူတွေကို မေးကြည့်လိုက်တော့ ပွဲပြီးရင် ပရိသတ်ထဲက လူကို ခေါ်ဖို့ ရှိတဲ့အကြောင်း၊ မေးချင်ရင် စောင့်ဦး လို့ ပြောဆိုကြပါတယ်။

သူရောက်ပြီး သိပ်မကြာခင်မှာပဲ စကားဝိုင်းဆွေးနွေးမှုအပြီး အွန်လိုင်း အမေးအဖြေတွေလည်း လုပ်ပြီးတော့ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ အခမ်းအနားမှူး ဦးဇော်ဌေးက အခမ်းအနားပြီးဆုံးတော့မှာ ဖြစ်တယ်လို့ သတိပေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အစောပိုင်းက သူကတိပေးခဲ့တဲ့စကားကို မမေ့ခဲ့ပါဘူး။ ပရိသတ်ထဲက ၃ ယောက် လောက် ကို စကားပြောခွင့်ပြုမယ်လို့ ဆိုခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ ဒေါ်မြစန်းရီတယောက် စင်ပေါ်ကို ပြေးတက်ဖို့ ကြိုးစားပါတော့တယ်။ ကံကောင်းစွာနဲ့ပဲ သူ ပထမဆုံး မေးခွင့် ရရှိပါတယ်။

“ညောင်ပင်သာဆည်ရွာက မမြစန်းရီ ဖြစ်ပါတယ်။ TV မှာကြည့်လိုက်ရတာက ဒီစကားဝိုင်း ပြီးသွားလို့ရှိရင် အပြင် ဘက်က လူတယောက် စကားပြောလို့ ရတယ်ဆိုလို့ ကျမ အသက်စွန့်ပြီးတော့ ပြေးလာတာပါ”လို့ အစချီခဲ့ပါတယ်။

“အမေစုရယ် ကျမတို့ရွာမှာ အိမ်ခြေ ၂၅၀ ရှိပါတယ်။ ၈၅ အိမ် မီးလင်းသွားပါပြီ။ ကျန်တဲ့ အိမ်တွေလင်းဖို့က ပေ ၄၀၀၊ ၅၀၀ ကွာ နေပါတယ် အမေစုရယ်။ ပေ ၄၀၀၊ ၅၀၀ ကိုလည်း မီးကြိုးက သွယ်ရမယ်။ ဝင်ကြေးကလည်း ၇ သိန်း ပေးရ မယ်။ ကျမတို့မှာ မတတ်နိုင်ပါဘူး။ ကျမ ဝင်ကြေး တသိန်း ခွဲ ပေးထားပါတယ်”လို့ ဒေါ်မြစန်းရီက ပြောပါတယ်။
ရွာမှာ မီးရလို့ လုပ်ငန်း လည်ပတ်တဲ့သူတွေက လည်ပတ်နေချိန် သူ့တို့မှာ မီးမရသေးကြောင်း ပြောပြီး ဒေါ်မြစန်းရီ တယောက် ငိုပါ တော့တယ်။

“ကျမတို့မယ် မီးကမရသေးဘူး။ ကျမ ဝမ်းနည်းတယ် အမေရယ်။ (ငိုလျက်) အဲဒါလေးကိုတော့ အမေစု ဖြေရှင်းပေးပါ။ အခု ချက်ချင်းတော့ မဟုတ်ပါဘူး။ တနှစ် ၂ နှစ်အတွင်း လင်းအောင် အမေစု စွမ်းဆောင်ပေးပါ။ အဲဒီလိုလေး စွမ်းဆောင် ပေးနိုင်ရင် ကျမကျေနပ်ပါတယ်။ အမေစုကိုလည်း အသက်ငယ်ငယ်လေး ၅၀ ကျော်လောက် ဖြစ်စေချင် တယ် ကျမ တကယ်ပြောတာပါ”လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပြောစကားကို ဂရုစိုက်ပြီး သေချာနားထောင်နေတာကို တွေ့ရပါတယ်။ ပြီးတော့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ဆရာလို့ လှမ်းခေါ်ပြီး တိုင်ပင်ဆွေးနွေးပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်က “မီးရရှိရေးအတွက်က တတိုင်းပြည်လုံး လိုနေတာဆိုတာ သိပါတယ်။ ခုနပဲ ဆရာ (ဒေါက်တာ ဇော် မြင့်မောင်)နဲ့ ခပ်မြန်မြန်ပဲ တိုင်ပင် ဆွေးနွေးလိုက်ပါတယ်။ နောက်ဆုံးကျတော့ ကျမတို့ ပြည်သူ ပြည်သား တွေပဲ ဝိုင်းပြီးတော့ ရုန်းရမှာပေါ့။ တခြားနိုင်ငံတွေမှာတော့ လုပ်လား မလုပ်လား မသိဘူး။ ကျမတို့နိုင်ငံ မှာ တော့ ပြည်သူနဲ့အတူဆိုပြီး ဒီပြဿနာတွေအပေါ် ဖြေရှင်းဖို့နည်းတွေ ရှာရမှာပါပဲ”လို့ ပြောပါတယ်။

မီးချက်ချင်း ရစေမယ်လို့ လွယ်လွယ်နဲ့ ကတိမပေးဘဲ ကိုယ့်အတိုင်းအတာနဲ့ မီးရရှိအောင် အစပျိုးထားတဲ့ ရွာတွေကို ပိုပြည့်စုံအောင် ဘယ်လိုမျိုး လုပ်ပေးနိုင်မလဲဆိုတာ နည်းလမ်း ရှာကြည့်ဦးမယ်လို့ပဲ ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်။

ဒါပေမယ့် ဒီစကားဝိုင်းကို တနိုင်ငံလုံးမှာ Live ပြနေတာဖြစ်လို့ ဒီရွာလေး မီးရရှိရေးအတွက် စေတနာပေါက်သူတချို့ ရှိခဲ့ပါတယ်။ ပထမဆုံး သိန်း ၁၀၀ အလှူရှင် ပေါ်လာပြီး သိပ်မကြာခင်မှာပဲ နောက်ထပ် သိန်း ၁၀၀ အလှူရှင် ပေါ်လာ လို့ သိန်း ၂၀၀ နဲ့ အဲဒီရွာက ကျန်တဲ့ အိမ်ထောင်စုတွေ မီးရရှိဖို့ အခွင့်အရေး ဖြစ်ပေါ်ခဲ့ပါတယ်။

ဒေါ်မြစန်းရီက “ဒီလို ပြောလိုက်လို့ မီးချက်ချင်းရမယ်လို့တော့ မထင်ဘူး။ ရချင်လည်းရ၊ မရချင်လည်း နေပေါ့။ နောက် ၂ နှစ် ၃ နှစ်မှပေးလည်း ကိုယ်ကတော့ ကျေနပ်တယ်။ အခု မီးက ရထားတယ်။ ဒါပေမယ့် ၇ သိန်းတဲ့။ မီးယူတဲ့သူတွေ က ၇ သိန်းတဲ့။ ကိုယ်က ၇ သိန်း မတတ်နိုင်ဘူး။ အဲဒါကြောင့် အများအကျိုး ဆောင်ရတာပါ”လို့ ဆိုပါတယ်။

သူကပဲ ဆက်ပြီး “ကျမတို့ မီးလင်းရေးက အမေစုနဲ့ ကိုယ်တိုင်တွေ့ပြီးမှသာ ပြေလည်မှာလို့။ အခုလည်း တကယ်ကို ကျေနပ်တယ်။ အများအတွက်ပါ ပြောခွင့်ရလို့။ ပြောရင်းနဲ့ ဝမ်းနည်းသွားတာက အမေစုကိုလည်း တွေ့ရတယ်။ ပြောခွင့် လည်း ရတယ်။ ချက်ချင်း မရလည်း စောင့်နိုင်တယ်”လို့ ပြောဆိုပါသေးတယ်။

ဒေါ်မြစန်းရီတို့ ညောင်ပင်သာဆည်ရွာဟာ မီးရရှိရေးနဲ့ ပတ်သက်ပြီးတော့ လူတယောက်တောင် အသက်စွန့်ခဲ့ဖူးတဲ့ ရွာပါ။ အဲဒါက တော့ ၂၀၁၆ ခုနှစ် ဧပြီလမှာ မီးစတင်ရတော့ မီးရတဲ့အထဲ မပါလို့ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တာပါပဲ။

ညောင်ပင်သာဆည်ရွာ ဇာတိဖြစ်သူ အငြိမ်းစား သူနာပြုဆရာမကြီး ဒေါ်သန်းအေးက “မီးလင်းသွားတဲ့သူက သူတို့ လုပ်ငန်းတွေ လုပ်တယ်။ ရက္ကန်းတွေ ရက်တယ်။ သူများတွေ မီးရသွားရင် သူတို့မီးတွေ လျော့သွားမယ်လို့ ထင်နေ တာ” လို့ ပြောပါတယ်။

အခု သိန်း ၂၀၀ ရရင် တယောက် တသိန်းခွဲစီပေးထားတဲ့ သူတွေ အရင်ဆုံး မီးလင်းမှာ ဖြစ်ပြီး အဲဒီလို ပိုက်ဆံ သွင်း ထားတဲ့သူ လူ ၅၀ လောက် ရှိကြောင်း၊ ကျန်တာက အိမ်ခြေ ၁၄၀ လောက် ရှိပြီး မီးတိုင်ကလည်း လမ်းတိုင်းမှာ မရှိဘဲ မြောက်ဘက်ရွာမှာက ၁၂ တိုင်၊ တောင်ဘက်ရွာမှာက ၃၂ တိုင် ရှိတယ်လို့လည်း ဒေါ်သန်းအေးက ပြောပြပါတယ်။

အဲဒီအပြင် မီးတပွင့် လင်းဖို့ ကုန်ကျစရိတ်က ကျေးရွာ မီးလင်းရေးအဖွဲ့ကို ၇ သိန်း သွင်းရမှာ ဖြစ်ပြီး ၇ သိန်းသွင်းပြီးရင် မီတာ လျှောက်တာရယ် မီးကြိုးဖိုးရယ် ဆိုရင်တော့ ၁၀ သိန်းကျော်ကျော် ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးဟာ ဒေါ်မြစန်းရီတို့ရွာလိုပဲ မလင်းသေးတဲ့နေရာပေါင်း များစွာ ရှိသေးပြီး ၃၈ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိသေးတာပါ။

ကျေးရွာပေါင်း ၆၃၀၀၀ ကျော်မှာ မီးရရှိတာက ၂၀၁၇ ခုနှစ် မေလကုန်အထိ ကျေးရွာပေါင်း ၃၀၀၀၀ ကျော်ပဲ ရှိသေး တယ် လို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

မြေတိုင်ကန်ရွာကို လာသင့်မလာသင့် ဆုံးဖြတ်ချက်ချခဲ့တဲ့ ဒေါ်မြစန်းရီတယောက် သူလာခဲ့တာ မှန်သွားပါပြီ။ လမ်းမှာ သေနတ်ကိုင် ယူနီးဖောင်းဝတ်တွေ ရှိနေတာ (သူက စစ်တပ်တွေ ချထားလို့ လာရမှာ ကြောက်တယ်လို့ ပြောပါ တယ်)၊ ဆိုင်ကယ်ဆီ ၅၀၀ ဖိုး ရင်းနှီးခဲ့ရတာ၊ ဘေးလူတွေကို ကြောက်နေရတဲ့ စိတ်တွေကို တွန်းလှန်နိုင်ခဲ့လို့ သူနဲ့ သူ့ အိမ်နီးချင်း တွေ လျှပ်စစ်မီးရပါတော့မယ်။

“အမေစုနဲ့ စကားပြောရမှာကို မကြောက်ဘူး။ တကယ်ကြောက်တာက ကိုယ့်ရွာက ဘေးကလူတွေကို ကြောက်တာ။ ကိုယ့်ဆီက လူတယောက်တောင် မီးမရလို့ ဆွဲကြိုးချပြီး သေသွားပြီ။ လမ်းတလမ်းကို မီးမပေးတဲ့အတွက် ခေါင်း ဆောင် လုပ်တဲ့ သူက ဆွဲကြိုးချ သေသွားတာ။ သူက ပိုက်ဆံ ၁သိန်းခွဲ သွင်းထားပြီး မီးမရဘူး”လို့ ဒေါ်မြစန်းရီက ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် ပြီးဆုံးသွားပြီးတဲ့ နောက်တရက်မှာတော့ ညောင်ပင် သာဆည်ရွာကို ဝမ်းတွင်းမြို့ပေါ် လျှပ်စစ်ဌာနက လူ ၁၇ ယောက်တောင် ရောက်လာခဲ့ပါတယ်။

“သူတို့ ရောက်လာပြီး ခင်ဗျားတို့ရွာ မီးရတော့မယ်။ အထက်က အမိန့်ကျလာပြီလို့ လျှပ်စစ်က လူကြီးတွေက ပြော တယ်။ ကျမလည်း ပျော်လို့ သူတို့ကို ခေါက်ဆွဲတွေ ကျွေးလိုက်သေးတယ်။ အခုလည်း သတင်းထောက်ကြီးက ဖုန်းဆက် တယ်။ ကျမတော့ ပျော်တယ်။ အရင်က ကျမတို့ကို ဂရုစိုက်မယ့်သူ တယောက်တောင်မှ မရှိတာလေ”လို့ ဒေါ်မြစန်းရီက ပြောဆို လိုက် ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading