ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံမှ အရေးပါသော ဧည့်သည်တော်တဦးကို နေပြည်တော်ရှိ သူ၏နေအိမ်တွင် သြဂုတ်လ ၄ ရက်နေ့က ညစာတည်ခင်းဧည့်ခံရာ ထိုသတင်းသည် နောက်တနေ့ နိုင်ငံပိုင်သတင်းစာ၏ မျက်နှာဖုံး တွင် ဖေါ်ပြခဲ့သည်။
ထိုဧည့်သည် မစ္စတာဆောင်းတောင်သည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနအကြီးအကဲ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် တရားဝင်လာ ရောက်ခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ် သြဂုတ်လက သူ၏ ပထမခရီးစဉ် အတွင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် စစ်အစိုးရအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို နေအိမ်တွင်သွား ရောက် တွေ့ဆုံကာ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင် အလှမ်းကျယ်မှုနှင့် သြဇာကြီးမားမှုတို့ကိုပြသခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းတို့လည်း သြဂုတ်လ ၄ ရက်နေ့က ညစာစားပွဲသို့တက်ရောက်ခဲ့သည်။
ထိုညစာစားပွဲတွင် ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကို ထုတ်ဖေါ်ကြေညာခြင်းမရှိသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် အကြောင်းအရာများစွာကို ဆွေးနွေးပြီး မြန်မာနှင့်တရုတ် ၂ နိုင်ငံအကြား နွေးထွေးလာသော ဆက်ဆံရေးကိုပြသသည်ဟု သတင်းရင်းမြစ်များကဆိုသည်။
မစ္စတာ ဆောင်းတောင်၏ ခရီးစဉ်မှာ တရုတ်နိုင်ငံမှ အဆင့်မြင့်အရာရှိများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရေး ကြိုတင်စီစဉ်သည့် သဘောဖြစ်ကြောင်း တရုတ်- မြန်မာဆက်ဆံရေးနှင့် အကျွမ်းတဝင်ရှိသော သတင်းရင်းမြစ် များ၏ အတည်မပြုနိုင်သော သတင်းများကဆိုကြသည်။
ထို ညစာစားပွဲ ကျင်းပသည့်ရက်နှင့် တရက်တည်းမှာပင် မြန်မာသည် တရုတ်ထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရေးအတွက် ဆွေးနွေးနေသည်ဟု Reuters သတင်းက ရေးသားသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် စီးပွားရေး နှေးကွေးမှုနှင့် လျှပ်စစ်ဓာတ်အား အသုံးပြုမှု နည်းပါး သော လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ခြင်းကြောင့် စွမ်းအင်ပိုလျှံနေမှုများလည်း ရှိနေကြောင်း ထိုသတင်းအရ သိရ သည်။
ထိုသတင်းထွက်ပေါ်ပြီး ၃ ရက်အကြာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနှင့် လျှပ်စစ်ဓါတ်အားသည် ဦးစားပေးများ ဖြစ်ကြောင်း မြန်မာနိုင်ငံအလယ်ပိုင်းမှ ရွာသားများကို ပြောသည်။
တရုတ်နိုင်ငံနှင့် ကျန်အာရှဒေသများကို ချိတ်ဆက်မည့် ဖွံ့ဖြိုးရေး သေနင်္ဂဗျူဟာဖြစ်သော ရည်မှန်းချက်ကြီးမားလှသည့် ရပ်ဝန်းတခု၊ လမ်းတခု(One Belt, One Road) အစီအစဉ်အရ တရုတ်နိုင်ငံသည် မြန်မာ့စီးပွားရေးကိုတိုးတက်စေမည့် အခြေခံအဆောက်အအုံစီမံကိန်းများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ငွေကြေးပံ့ပိုးမည့် အလားအလာရှိနေသည်။
ထိုရင်းနှီးမြှုပ်နှံမှုများဖြင့် ဘေ့ဂျင်းသည် အင်အားကြီးမားသော လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများအခြေစိုက်ရာ တရုတ်- မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးကိုတွန်းအားပေးမည့်သဘောရှိသည်။ တရုတ်အရာရှိများကလည်း ထို လက်နက်ကိုင် အဖွဲ့များ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးရန် တိုက်တွန်းထားသည်။ ထိုတိုက်တွန်းမှုကို လူမျိုးစု လက်နက်ကိုင်များက လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ၎င်းတို့သည် နေပြည်တော်အပေါ် ဘေဂျင်း၏ နိုင်ကွက်အဖြစ် တရုတ်နိုင်ငံ၏ သြဇာအောက်တွင်သာ ဆက်လက်ရှိနေကြ မည်ဖြစ်သည်။
မစ္စတာဆောင်းတောင် အနေဖြင့် ဘေဂျင်းရှိ ထိပ်တန်းခေါင်းဆောင်များကို မြန်မာနှင့်ပတ်သက်ပြီး ရှင်းလင်းအကဲဖြတ် တင်ပြမည်ဖြစ်သောကြောင့် သူ၏ ခရီးစဉ်သည် အလွန်ရေးပါသည်။
ထိုခရီးစဉ်သည် မြန်မာနိုင်ငံနှင့်ပတ်သက်သော အနာဂါတ်မူဝါဒကို ပုံဖေါ်ပေးနိုင်သည့် အလားအလာရှိသည်။
သူ၏ မြန်မာပြည်ခရီးစဉ်အတွင်း မစ္စတာဆောင်းတောင်သည် ဂျပန်နိုင်ငံသို့ရောက်ရှိနေသော တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှအပ တပ်မတော် ထိပ်တန်းခေါင်းဆောင်များနှင့်လည်တွေ့ဆုံဆွေးနွေးခဲ့သည်။
ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်သည် နိပွန်ဖေါင်ဒေးရှင် ဥက္ကဌ ရုဟေ ဆာဆာကာဝါ ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည်။
ဂျပန်နိုင်ငံ၏ ဆာဆာကာဝါ ဖေါင်ဒေးရှင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သော်လည်း ၎င်းတို့မှာ မြန်မာနိုင်ငံတောင်ပိုင်းရှိ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများနှင့်သာ ပို၍ အဆက်အသွယ်ရှိသည်။
တရုတ်နိုင်ငံကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီမည်ဟုကတိပြုပြီး လွန်ခဲ့သောမေလက တရုတ်အထူးသံတမန် ဆွန်ကော့ရှန်သည် နေပြည်တော်တွင်ကျင်းပသည့် အစိုးရက ကမကထပြုသော ငြိမ်းချမ်းရေးညီလာခံတက်ရန် လူမျိုးစု လက်နက်ကိုင်အဖွဲ့ အများအပြားကို ကူညီ ညှိနှိုင်းပေးခဲ့သည်။
သို့သော် မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရန် ကတိပေးထားစေကာမူ တရုတ်သည် တောင်ပိုင်းရှိလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများအပေါ်သြဇာမရှိသလောက်ပင်ဖြစ်သည်။
အကိုကြီးအဖြစ်အကာအကွယ်ပေးသောတရုတ်ပြည်
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများ အပါအဝင် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုပြုလုပ်ပြီး ယခင်မြန်မာစစ်အစိုးရကို ပြစ်တင်ရှုံချသောအခါက တရုတ်နိုင်ငံသည် ပစ်ပယ်ခံအစိုးရကို အဓိက ထောက်ခံသူနှင့် မြန်မာနိုင်ငံတွင်အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။
အင်အားကြီးအိမ်နီးချင်းနိုင်ငံအဖြစ် ဘေဂျင်းသည် မြန်မာကို အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများဖြင့် ပံ့ပိုးပြီး ရေနံနှင့် သဘာ၀ ဓါတ်ငွေ့ပိုက်လိုင်းများ၊ ဆိပ်ကမ်းများနှင့်ဆည်များစသည့်အခြေခံအဆောက်အအုံများကို ကူညီတည်ဆောက်ခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လူမျိုးစုဒေသများတွင် ရေအားလျှပ်စစ် စီမံကိန်းများပြုလုပ်ရန် ငွေကိုပုံအောသုံးပြီး တရုတ် ရေနံကော်ပိုရေးရှင်းကြီး ၃ ခုတို့သည် မြန်မာနိုင်ငံတွင် အခိုင်အမာခြေကုပ်ရထားကြသည်။ သို့သော် တရုတ်နိုင်ငံသည် မြန်မာပြည်သူများကို စည်းရုံးနိုင်ခြင်းမရှိဘဲ ထိုအချက်မှာ တရုတ်အတွက် အားနည်းချက်ဖြစ်နေသည်။
တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီအစီအစဉ်များသည် ထရိုဂျင်မြင်းကဲ့သို့ သပ်လျှိုမည်ကို မြန်မာနိုင်ငံမှ လူအများ က စိုးရိမ်ကြသည်။ သယံဇာတငတ်မွတ်နေသော တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များကို ၎င်းတို့က သွေးစုပ် အမြတ်ထုတ် ခြင်းဟု မြင်ကြသည်။ မစ္စတာဆောင်းတောင်၏ မကြာသေးမီက ခရီးစဉ်သို့မဟုတ် စည်းရုံးသိမ်းသွင်းသော သံတမန်ရေးရာ သည်လည်း တရုတ်ဆန့်ကျင်သောပြည်သူ့အမြင်များကို အားပျော့သွားစေမည်မဟုတ်ပေ။
သို့သော် မြန်မာအစိုးရသည် တရုတ်နိုင်ငံကိုလိုအပ်နေသည်။ မြန်မာခေါင်းဆောင်ပိုင်းသည် တရုတ်နိုင်ငံသြဇာကြီးမား လာခြင်းကို ဆယ်စုနှစ်ပေါင်းများစွာ အမျိုးမျိုးအဖုံဖုံ ရ့ှုမြင်ခဲ့ကြသည်။
အငြင်းပွားမှု အများအပြားကို ဖြေရှင်းရန် တရုတ်ခေါင်းဆောင်များနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ဖူးသော ဝန်ကြီးချုပ်ဦးနုက တရုတ်ကွန်မြူနစ်ပါတီ ၁၉၄၉ ခုနှစ် အာဏာရလာပြီးနောက် ထိုစိုးရိမ်မကင်းဖြစ်မှုကို ကြေညာချက်တခုတွင် လူသိရှင်ကြား ဖေါ်ပြခဲ့ဖူးသည်။
“ကျနော်တို့လို သေးငယ်တဲ့နိုင်ငံလေးတခုအနေနဲ့ အင်အားကြီးနိုင်ငံတွေနဲ့ အငြင်းပွားဖို့ ထိပ်တိုက်ရင်ဆိုင်စွမ်း မရှိပါဘူး” ဟု သူကပြောသည်။ “ အနည်းဆုံးတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုကြောင့် ဆုံးရှုံးရမှာကို ခံနိုင်လား ကြည့်ရမယ်” ဟု လည်းသူပြောသည်။
တရုတ်က ရင်းနှီးမြှုပ်နှံသည့် အငြင်းပွားဖွယ် ကချင်ပြည်နယ်မှ မြစ်ဆုံဆည်ကို ၂၀၁၁ ခုနှစ်က ဆိုင်းငံ့ခဲ့သော သမ္မတ ဦးသိန်းစိန်ကလည်း တရုတ်နိုင်ငံနှင့် ရင်းနှီးကြောင်းပြသလိုသည်။ မြစ်ဆုံဆည်ကို ဆိုင်းငံ့ခဲ့ခြင်းသည် အနောက်နိုင်ငံ များသို့ အချက်ပြလိုက်သည်ဟု မြင်ကြပြီး အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုများ ဖြေလျော့ပေးရေးဆီသို့ ဦးတည် စေခဲ့သည်။
၂၀၁၄ ခုနှစ်က ဘေဂျင်းသို့ သွားရောက်လည်ပတ်စဉ်အတွင်း ဦးသိန်းစိန်က တရုတ်ရုပ်သံဇာတ်လမ်းများကို နှစ်ခြိုက် ကြောင်းဝန်ခံခဲ့သည်။ “ကျနော်ငယ်ငယ်ကတည်းက တရုတ်ရုပ်သံအစီအစဉ်တွေကြည့်တယ်” ဟု ဦးသိန်းစိန်က တရုတ် နိုင်ငံတကာရေဒီယို- China Radio International သို့ပြောသည်။
မစ္စတာဆောင်းတောင်ကလည်း မကြာသေးမီက ခရီးစဉ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် များအပါအဝင် မြန်မာ့နိုင်ငံရေးဇာတ်ခုံမှ အဓိကခေါင်းဆောင်အားလုံးနှင့် တွေ့ဆုံကာ နှစ်နိုင်ငံရင်းနှီးမှုကို ပြသခဲ့သည်။
စိတ်ဝင်စားစရာကောင်းသည်က သူသည် မေလမှစပြီး ဆေးရုံတင်ထားရသော အသက် ၉၀ အရွယ် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်ဦး (ငြိမ်း) ကိုလည်းသွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်၊။ ဦးတင်ဦးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်- NLD ကိုတည်ထောင်သူနှင့် နာယကဖြစ်သည်။
ဦးတင်ဦးကို ဂါရဝပြုခြင်းသည် ၁၉၅၀ ခုနှစ်များက မြန်မာ့မြေပေါ်သို့ကျူးကျော်ခဲ့သည့် တရုတ်ဖြူ ကူမင်တန် (KMT) များကို တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်ကြီးများကို ကျေးဇူးတင်ကြောင်း ဖေါ်ပြခြင်းဖြစ်သည်ဟု ရန်ကုန်ရှိ တရုတ်ရေးရာ လေ့လာသူများကဆိုသည်။
ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးသည် ကူမင်တန်တရုတ်ဖြူတပ်များကို တိုက်ခိုက်ခဲ့သော တပ်မတော် အရာရှိတဦးဖြစ်ပြီး ၁၉၅၀ ခုနှစ်များ အလယ်က တရုတ်ဖြူများကို တိုက်ခိုက်သည့် စစ်ဆင်ရေးတွင် သူ၏ ရဲစွမ်းသတ္တိအတွက် သူရဘွဲ့ကို လည်းရရှိခဲ့သည်။ (တရုတ်နိုင်ငံသည် ဦးတင်ဦးကို ဂါရဝပြုသည့်အပြင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တရုတ်နယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပူးပေါင်းသော အခါ ၎င်းကို ခိုလှုံခွင့်ပေးခဲ့သည်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ၁၉၅၀ ခုနှစ်များကမြန်မာတပ်များကို ဦးဆောင်ကာ KMT တပ်များကို ချေမှုန်းခဲ့သူဖြစ်သည်။ သူသည် ကွယ်လွန်ချိန်အထိ ယူနန်ပြည်နယ်တွင် နေထိုင်ခဲ့သည်။)
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဇာတ်ကောင်များကိုသာမက စစ်ဘက်နှင့် ပတ်သက်လျှင်လည်း ဆင်တကောင်၏ မှတ်ဉာဏ်ကဲ့သို့ အမှတ်သညာရှိသည်။
မြန်မာနိုင်ငံကို ဆုံးရှုံးနေသော အနောက်အုပ်စု
၂၀၁၆ ခုနှစ် ဧပြီလတွင် အာဏာရလာချိန်မှ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံနှင့် နွေးထွေးသော ဆက်ဆံရေးတည်ဆောက်ခြင်းဖြင့် အနောက်နိုင်ငံများနှင့် တချိန်က သူ့ကိုထောက်ခံခဲ့သူများကို အံ့သြသွားစေခဲ့သည်။
တရုတ်နိုင်ငံကလည်း အလားတူပင် မြန်မာနိုင်ငံနှင့် ခပ်တန်းတန်းဖြစ်နေသည့် ဆက်ဆံရေးကို ပြန်လည်ပြင်ဆင် လိုနေ သည်။
တရုတ်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည် အာဏာမရမီကပင် မြန်မာနိုင်ငံကို သူ၏သြဇာအောက်တွင် ပြန်လည်ထားရှိ ရန် ကြိုးစားနေသည်။ ၂၀၁၅ ခုနှစ်သမိုင်းဝင်ရွေးကောက်ပွဲ မတိုင်မီတွင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ပြီး သမ္မတ ရှီကျင့်ဖျင်က သူ့ကိုလက်ခံတွေ့ဆုံခဲ့သည်။
နိုင်ငံရေးကစားပွဲ အဖွင့်ကို ကောင်းစွာတွက်ချက် လုပ်ဆောင်ခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီး မကြာမီမှာပင် တရုတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံရန် မြန်မာနိုင်ငံသို့စေလွှတ်ပြီး သူသည် ရွေးကောက်ပွဲနိုင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးလာ ရောက် တွေ့ဆုံသော နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့သည်။
ဘေဂျင်းက မြန်မာအစိုးရသစ်ကို ထောက်ခံကြောင်းပြသနေချိန်တွင် အနောက်နိုင်ငံများသည် ရခိုင်ပြည်နယ်မှ မွတ်ဆလင် များနှင့် ပတ်သက်သော လူ့အခွင့်အရေးကိစ္စများကို အာရုံစိုက်ပြီး မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု ကျဆင်းနေကာ သြဇာ လွှမ်းမိုးမှု အနေအထားလည်းကျဆင်းလာနေသည်။
၎င်းတို့၏ မီဒီယာများက သတင်းဖေါ်ပြမှုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကို အမျိုးမျိုးဖိအားပေးလာသည်။ ထိုအချက်ကို နေပြည်တော်မှ ခေါင်းဆောင်များက မသိသည်တော့ မဟုတ်ပေ။
ထရမ့် အစိုးရအောက်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒရှိသည်ဆိုလျှင်ပင် ထိုမူဝါဒသည် ရှင်းရှင်းလင်း လင်း မရှိပေ။
အိုဘားမားအစိုးရ၏ မူဝါဒကို ဆက်လက်ကျင့်သုံးမည်လား ဆိုသည်ကိုလည်း မသိရပေ။ လျှော့လျှော့ပေါ့ပေါ့ပြောရလျှင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီဌာနသည် လမ်းပျောက်နေသည်ဟု ဆိုရမည်ဖြစ်သည်။
ထရမ့်အစိုးရခေတ်တွင် မြန်မာနှင့် မြောက်ကိုရီးယားတို့၏ အတိတ်ကဆက်ဆံရေး ပြဿနာ ပြန်လည်ပေါ်ပေါက်လာပြီး အမေရိကန်နိုင်ငံ၏ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန် ဂျိုးဆက်ယွန်းသည် ဇွန်လက မြန်မာနိုင်ငံသို့ လာရောက် ခဲ့ရသည်။
သူသည် ဒေသတွင်းလုံခြုံရေး ဆွေးနွေးရန်နှင့် သတင်းဖေါ်ပြချက်များ အရဆိုလျှင် မြန်မာက မြောက်ကိုရီးယားနှင့် အဆက်အသွယ် ပြန်လည်မလုပ်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ရသည်။
သို့သော် မြန်မာနိုင်ငံနှင့် ၎င်း၏ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန် ဆန္ဒဖြင့် ငြိမ်းချမ်းရေလုပ်ငန်းစဉ် အကောင်အထည် ဖေါ်နေခြင်းတို့သည် အမေရိကန်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသေးပြီး ရန်ကုန်အခြေစိုက် အမေရိကန် အစိုးရ၏ ဌာနများကလည်း ထိုကိစ္စများအတွက် ဝင်ရောက်ကူညီနေသည်။
အိုဘားမား အစိုးရခေတ်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကို ချီးကျူးဂုဏ်ပြုရန် သမ္မတ၏ Air Force One လေယာဉ်သည် မြန်မာနိုင်ငံတွင် ၂ ကြိမ်ဆင်းသက်ခဲ့သည်။
ထိုစဉ်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် သြဇာနှင် အသာစီးရမှုကို ဆုံးရှုံးနေသလိုဖြစ်ခဲ့သည်။ သမ္မတ အိုဘားမား ရာထူးမှ ဆင်းပြီး နောက်ပိုင်း ကျန်ခဲ့သည့် ကွက်လပ်တခုကို တရုတ်နိုင်ငံက အလျင်အမြန် ပြန်လည်ရောက်ရှိလာကာ သြဇာပြန်လည် ထူထောင်ခဲ့သည်။
တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသည် မစ္စတာဆောင်းတောင်၏ ခရီးစဉ်ကြောင့် ကြီးကြီးမားမားပြောင်းလဲမှုရှိမရှိကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီး၊ သို့သော် သေချာသော အချက်တခုမှာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ခြေကုပ်ပြန်လည်ရရှိရေးအတွက် ခိုင်မာသော သေနင်္ဂဗျူဟာကို ပြသနေသည်ဟူသောအချက်ပင်ဖြစ်သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော အောင်ဇော်၏ China’s Charm Offensive Regains its Foothold in Myanmar ကို ဘာသာပြန်ဆိုသည်။
အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။