၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည် ကို ပါတီမှ ထုတ်ပယ်မည်လော သို့တည်းမဟုတ် ပါတီကို ဖျက်သိမ်းမည်လောဟု ရာဇသံကိုရသောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဥက္ကဌ ဦးအောင်ရွှေနှင့် အတွင်းရေးမှူးဦးလွင်တို့နှစ်ဦး အကျပ်ရိုက်သွားသည်။ ထိုစဉ်က စစ်အစိုးရ၏ အဆိုအရ ထိုသို့ရာဇသံပေးရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် လက်နက်ကိုင်အုပ်စုများနှင့် အဆက်အသွယ်ရှိနေပြီး ပြည်ပမှ အကူအညီကို သွယ်ဝိုက်ရရှိနေသောကြောင့်ဟု ဆိုသည်။
ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦးတို့သည် နေအိမ်အကျယ်ချုပ်ခံထားရသောကြောင့် ထိုကိစ္စ ဦးအောင်ရွှေအတွက် ခက်ခဲသောရွေးချယ်မှု ဖြစ်ခဲ့သည်။ သူ၏ ဦးဆောင်မှုအောက်တွင် ပါတီဖျက်သိမ်းခံရသည်ကိုလည်း သူ မမြင်လိုပေ။ ထို့ကြောင့် သူသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အမိန့်ကိုနာခံပြီး ဒေါ်အောင်ဆန်းစုကိုကို ပါတီမှ ထုတ်ပယ်ခဲ့သောကြောင့် ပြည်တွင်းပြည်ပမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထောက်ခံသူများ၏ ဝေဖန်မှုကို ခံရသည်။
ဦးအောင်ရွှေ သည် စစ်အစိုးရကပေးသော စာရင်းအတိုင်း နောက်ဆက်တွဲအဖြစ် ဦးတင်ဦးအပါအဝင် အများအပြားကို ဆက်လက်ထုတ်ပယ်သောကြောင့် ပါတီဝင်များအတွင်း အကွဲအပြဲဖြစ်ခဲ့ရာ ထိုစဉ်က စစ်အစိုးရအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ခဲ့သည်။ ထို့နောက် ပါတီမှ အလုံးအရင်းဖြင့် နုတ်ထွက်မှုများဖြစ်ပေါ်လာသည်။ တဘက်တွင် ပါတီသည်လည်း အနည်းဆုံးအားဖြင့် တရားဝင် ဆက်လက်တည်ရှိနေသည်။ ပါတီဆက်လက်ရှင်သန်ရေးအတွက်ဟူသော အကြောင်းတခုတည်းဖြင့် အထက်ပါအတိုင်း လုပ်ဆောင်ခဲ့သည်ဟု ဦးအောင်ရွှေက ပြောခဲ့သည်။
၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး တာဝန်ကို ပြန်လည်ထမ်းဆောင်ပြီး ဦးတင်ဦးက ဒုဥက္ကဌ တာဝန်ယူသည်။ ဦးအောင်ရွှေနှင့် အခြားဗိုလ်မှူးကြီးဟောင်းတဦးဖြစ်သူ ဦးလွင်တို့သည် ပါတီကို အာဏာပိုင်များက အပြင်းအထန် ဖိအားပေးချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆက်လက်ရှင်သန်ရေးအတွက် စောင့်ရှောက်အုပ်ထိန်းခဲ့သူများဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုဖူးသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အသက် ၁၀၀ နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ရွှေ ကွယ်လွန်သွားခြင်းသည် ပါတီအတွက် နှစ်ဦးတည်းသော ကျန်ရှိနေသည့် ရှေ့ဆောင်လမ်းပြ အုပ်ထိန်းသူထဲမှ တဦးကို ဆုံးရှုံးသွားခြင်းဖြစ်သည်။ ဦးကြည်မောင်နှင့် ဦးလွင်တို့သည် ၂၀၀၄ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် အသီးသီး ကွယ်လွန်ခဲ့ပြီးဖြစ်သောကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသည်သာ ယခု သက်ရှိထင်ရှား ကျန်ရစ်တော့သည်။ သို့သော် သူသည်လည်း လေဖြတ်သွားသောကြောင့် မေလ မှ စတင်ပြီး ဆေးရုံတင်ထားရသည်။ ဦးတင်ဦးသည် အသက် ၉၀ ရှိပြီဖြစ်သည်။
NLD အနေနှင့် စစ်အုပ်ချုပ်ရေးကို တောက်လျှောက်ဆန့်ကျင်ခဲ့သော်လည်း ပါတီကို စောင့်ရှောက်အုပ်ထိန်းသူ ထို ၄ ဦးစလုံးတို့သည် တပ်မတော်မှ လာသူများဖြစ်နေပြန်သည်။ ၎င်းတို့သည် လူငယ်ဘဝကတည်းကပင် တပ်မတော်သို့ဝင်ရောက်ခဲ့ကြပြီး သူတို့အထဲမှ အချို့မှာ တိုင်းပြည်လွတ်လပ်ရေးရရန် ဗြိတိသျှနှင့် ဂျပန်တို့ကို တိုက်ခိုက်ခဲ့သူများ ဖြစ်သည်။ သူတို့သည် ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီးများအဖြစ် အသီးသီး တာဝန်ယူခဲ့ကြပြီး ၁၉၆၂ နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီးနေဝင်းက ၎င်းတို့ကို အတင်းအကျပ် အငြိမ်းစားယူစေခဲ့သည်။
၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအပြီး အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းချိန်တွင် သူတို့သည် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့အနေဖြင့် ပါတီသို့ ဝင်ရောက်လာခဲ့ကြသည်။ နိုင်ငံရေးအသွေးအရောင် ပြောင်းလာသူများဟု မူလက အများကမြင်ခဲ့ကြသော်လည်း ၎င်းတို့သည် ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ခုနှစ်များအတွင်း စစ်အစိုးရက အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းရန် အပြင်းအထန်ကြိုးစားချိန်တွင် ပါတီကို ဆက်လက်ရှင်သန်အောင် လုပ်ဆောင်ခဲ့ကြသော စောင့်ရှောက်သူများဖြစ်ကြောင်း သမိုင်းက သက်သေပြခဲ့သည်။ ၎င်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူများ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများသာဖြစ်ပြီး နိုင်ငံရေးအရ မောက်မာထောင်လွှားခြင်းမရှိသလို သူတို့ လုပ်ဆောင်မှုများအတွက် အမှတ်ယူခြင်းများလည်း မရှိကြပေ။ ထိုအချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သိသည်။
၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို နေအိမ်အကျယ်ချုပ်ဖြင့် ပထမအကြိမ် ဖမ်းဆီးလိုက်သောအခါ ဗိုလ်မှူးကြီးဟောင်းဦးကြည်မောင်သည် ပါတီလူငယ်များကို လုပ်ပိုင်ခွင့်ပေးပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပါတီကို အပြတ်အသတ်နိုင်အောင် ဦးဆောင်ခဲ့သည်။ သို့သော် နောက်နှစ်အနည်းငယ်အကြာတွင် သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သိပ်အဆင်မပြေတော့ဘဲ ၁၉၉၇ ခုနှစ်တွင် နိုင်ငံရေးလောကမှ လုံး၀ ထွက်ခွာသွားသည်။
ဒေါ်အောင်ဆန်းစုကြည် နောက်တကြိမ် နေအိမ်အကျယ်ချုပ်ဖြင့်ဖမ်းဆီးခံရသောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၀ ခုနှစ်တွင်လည်း သေရေးရှင်ရေးပြဿနာ တခုကြုံတွေ့ရသည်။ စစ်အစိုးရက ကျင်းပသည့်ရွေးကောက်ပွဲဝင်မည်လား သို့တည်းမဟုတ် စစ်အစိုးရက ပါတီကို တရားဝင် အသိအမှတ်မပြုသောကြောင့် ဖျက်သိမ်းခံမည်လားဟူသော ပြဿနာပင် ဖြစ်သည်။
ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှုမရှိသောကြောင့် ပါတီဒုက္ကဌ ဦးတင်ဦးက ရွေးကောက်ပွဲဝင်ရေးကို ပယ်ချသည်။ ရွေးကောက်ပွဲ ဝင်မဝင် မဲခွဲသောအခါ ဦးတင်ဦး၏ အုပ်စုက အနိုင်ရသည်။ ရွေးကောက်ပွဲသည် မဲလိမ်သောရွေးကောက်ပွဲဖြစ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲ မဝင်ခဲ့သော်လည်း လူထုထောက်ခံမှုကို ဆက်လက်ရရှိခဲ့သည်။
အငြင်းပွားဖွယ်ရာ ခေါင်းဆောင်များ
၎င်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းချိန်မှ စတင်ပြီး ပါတီ၏ ထိပ်တန်းရာထူးများ ရရှိကြသော်လည်း ရှေ့ဆောင်လမ်းပြ အုပ်ထိန်းသူများသည် ပါတီဝင် အများစုထောက်ခံမှုကို အလွယ်တကူ ရရှိခဲ့ကြသည်တော့ မဟုတ်ပေ။ စစ်တပ်နှင့်ပတ်သက်သော ၎င်းတို့နောက်ခံသမိုင်းကို ပါတီလူငယ်များက မနှစ်ခြိုက်ကြပေ။ ပါတီလူငယ်များသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့သော ခါးသီးသည့် အတွေ့အကြုံကြောင့် တပ်မတော်အပေါ် မယုံကြည် မုန်းတီးမှုဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သူများ ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုပဲ ကျနော်တို့ရဲ့ခေါင်းဆောင်လို့ ယူဆခဲ့ကြတာ။ ကျနော်တို့ အမြင်မှာတော့ သူတို့တွေက မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့က လူတွေပဲ။ သူတို့ဟာ ကျနော်တို့နဲ့တသားတည်း မဟုတ်ဘူးလို့ကို ထင်ခဲ့တာ” ဟုအ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်ဟောင်း ကိုဇော်အောင်က ပြန်ပြောပြသည်။ လူကြီးများသည် အရာရာကို စဉ်းစားချင့်ချိန်နေသောကြောင့် အစည်းအဝေးများတွင် လူငယ်များက စိတ်ရှည်ခြင်း မရှိသလောက်ဖြစ်ခဲ့သည်ကိုလည်း သူမှတ်မိနေသည်။
၁၉၈၉ ခုနှစ်တွင် ဦးကြည်မောင် ဥက္ကဌ တာဝန်ယူသောအခါ လူငယ်များက သူ့ကို သတိကြီးကြီးထားပြီး လက်ခံခဲ့သည်။ အစည်းအဝေးတခုတွင် ဦးကြည်မောင်ကို ‘ဘောင်းဘီချွတ်’ (ယူနီဖေါင်းချွတ်ထားသူ) ဟု သူတို့က ခေါ်ခဲ့သောကြောင့် ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်သည် ရှေ့ရှိစားပွဲကို လက်ဝါးဖြင့် ရိုက်မိလောက်အောင် စိတ်ဆိုးခဲ့သည်ဟု ကိုဇော်အောင်က ပြန်ပြောပြသည်။ “လူငယ်တွေကို လုပ်ပိုင်ခွင့်တွေပေးတော့ နောက်ပိုင်းမှာ လူငယ်တွေနဲ့ ပြေလည်လာပြီး နောက်ဆက်တွဲကတော့ ၉၀ ရွေးကောက်ပွဲ နိုင်ခဲ့တာဘဲ” ဟုလည်း ဆက်လက်ရှင်းပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စာစောင်ဖြစ်သော ဒီလှိုင်းစာစောင် အယ်ဒီတာ မုံရွာ အောင်ရှင်ကမူ ဦးအောင်ရွေသည် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ခဲ့သောကြောင့် အငြင်းပွားဖွယ်ရာများရှိသော်လည်း ခေါင်းဆောင်ကောင်းဖြစ်သည်ဟု ပြောသည်။ “သူက စစ်အစိုးရ ဖိနှိပ်မှုအောက်မှာ ပါတီဆက်လက်ရှင်သန်စေဖို့ ခံစစ်ကို အသေမကစားဘူး။ သူက ဘယ်အချိန်မှာ တက်ရမယ်၊ ဆုတ်ရမယ် ဆိုတာ နားလည်တယ်။ ဦးအောင်ရွှေရော ဦးလွင်ပါ တည်တည်ငြိမ်ငြိမ် စီမံခန့်ခွဲပြီး ပါတီကို ရှေ့ဆက်သွားနိုင်အောင် လုပ်ခဲ့ကြတာ” ဟု သူပြောသည်။
ကိုဇော်အောင်ကလည်း မုံရွာအောင်ရှင်၏ စကားကို အပြည့်အ၀ သဘောတူသည်။ ပါတီမှ ဒေါ်အောင်ဆန်းစုကြည် ကို ထုတ်ပယ်သည့်သတင်းကို ကြားရသောအခါ သူ စိတ်ထိခိုက်ပြီး ဒီလူတွေ လုပ်ရက်လိုက်ကြတာဟု ထင်ခဲ့ကြောင်း ယခု အသက် ၄၈ နှစ်ရှိပြီဖြစ်သော သုတေသီ ကိုဇော်အောင်က ပြောသည်။ “သူတို့က ပါတီရှင်သန်ရေးအတွက် ဒီလို လုပ်ခဲ့တယ်ဆိုတာကို နောက်မှ သဘောပေါက်လာတာ” ဟု သူ ဝန်ခံသည်။
ထိုသို့ယုံကြည်ရန် အကြောင်းရင်းလည်း ရှိသည်။ ၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ပြန်လည်လွတ်မြောက်လာသောအခါ ဦးအောင်ရွှေကို အရေးယူလိမ့်မည်ဟု အများအပြားက ထင်ခဲ့ကြသည်။ သို့သော် ၎င်းတို့ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံသောအခါ ဦးအောင်ရွှေက “စုစု.. NLD ကို စုစု လက်ထဲ ပြန်အပ်ပါတယ်” ဟု ပြောခဲ့သည်။ ထိုအခါ “ ရပါတယ် အန်ကယ်၊ အရင်လိုပဲ အတူတူ လုပ်ကြတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောလိုက်ရာ အများအပြားက အံအားသင့်ခဲ့ရသည်။
စစ်အစိုးရ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွေးခွဲသည့် အကြံသည် အရာမထင်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။
စံနမူနာ
၎င်းတို့အပေါ် မူလက သံသယနှင့်နောက်ပိုင်းအငြင်းပွားမှုများရှိသော်လည်း ရှေ့ဆောင်လမ်းပြ အုပ်ထိန်းသူများသည် မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာတွင် မည်သည့်လမ်းကို လျှောက်ရမည်ကို သိကြသော ရည်မှန်းချက်ကို မျက်ခြေမပြတ်သူများဖြစ်သည်ကို မည်သူမျှမငြင်းနိုင်ပေ။
“လက်ရှိ တပ်မတော် ခေါင်းဆောင်တွေလည်း သူတို့ရဲ့စီနီယာတွေ တိုင်းပြည်ရဲ့ဒီမိုကရေစီတိုက်ပွဲမှာ ဘယ်လိုဦးဆောင်ခဲ့တယ်ဆိုတာကို လေ့လာသင့်တယ်” ဟု ကို ဇော်အောင်ကပြောသည်။
ထိုသို့လေ့လာခြင်းအပြင် ၎င်းတို့သည် ဒီမိုကရေစီ အကူးအပြောင်းဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်သင့်သည်ဟုလည်း သူ ဆက်ပြောသည်။
“သူတို့သာ အဲဒီလိုလုပ်ရင် တပ်မတော်ဟာ ပြုပြင်ပြောင်းလဲရေးမှာပါဝင်လို့ သိက္ခာရှိရှိ သမိုင်းတင်သွားမယ်” ဟုလည်း ကိုဇော်အောင်က ပြောဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Kyaw Phyo Tha ၏ The Khaki Guardians of The NLD ကို ဘာသာပြန်သည်။)