ဝင်္ဂဘော်က အမိမဲ့ ဆင်ကလေးတွေ နဲ့ နို့ထိန်းမေမေ
အသက် ၇ လအရွယ် ဆင်မလေးတကောင် နို့ဘူးလေးကို နှာမောင်းနဲ့ချိတ်ပြီး အငမ်းမရစို့နေတာကို ဘေးနားကနေ ပြုံးပြီး ကြည့်နေတဲ့ အမျိုးသမီး တယောက်က“သမီးလေး ဖြည်းဖြည်း သောက်လေ”လို့ ပြောရင်း နို့ဘူးလေးကို အသာလေးထိန်း ကိုင်ပေးနေတဲ့ မြင်ကွင်းက မြင်ရသူတိုင်း ကြည်နူးစရာပါ။
အရပ်ခပ်မြင့်မြင့် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နဲ့ အသက် ၃၈ နှစ်အရွယ် ဒေါ်နွယ်နွယ်ခိုင်ဟာ ဝင်္ဂဘော် ဆင်စခန်းက အမိမဲ့ဆင် လေး ၄ ကောင်ရဲ့ တဦးတည်းသော နို့ထိန်းအမေပါ။
မျက်နှာပေါ်မှာ သနပ်ခါး ပါးကွက်ကြားနဲ့အတူ အပြုံးပန်း အမြဲဆင်ထားတဲ့ သူဟာ လာသမျှ ဧည့်သည်တွေကို ဆင်လေး တွေ အကြောင်း မမောတမ်း ပြောပြနေတတ်ပါတယ်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရဲ့ မြောက်ဘက် ၁၄ မိုင်ခန့် အကွာ ဘုရားကြီးမြို့ကနေ အနောက်ဘက် ၄ မိုင်ခန့်ကွာဝေးတဲ့ ဘုရားကြီး – ဘောနက်ကြီး လမ်းပေါ်ရှိ ဝင်္ဂဘော် ဆင်ထိန်းသိမ်းရေး စခန်းကို၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်မှာ စဖွင့်ခဲ့တာမို့ ဒီစခန်းကို ဒေါ်နွယ်နွယ်ခိုင် ရောက်လာတာ ၉ လနီးပါး ရှိနေပါပြီ။ သူရောက်ပြီး မကြာခင်မှာပဲ အမိမဲ့ဆင်လေးတွေ ရောက် လာတာပါ။
သူ့ဇာတိက ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုမြို့ပါ။ အိမ်ထောင်ကျပြီးတော့ ဆင်ဦးစီးဖြစ်တဲ့ အမျိုးသား တာဝန်ကျရာ ထားဝယ်မြို့က ဆင်စခန်းကို အတူလိုက်ပါ နေထိုင်ရင်း ဆင်တွေနဲ့ ရင်းနှီးလာတာပါ။
အဲဒီတုန်းက အသက်အရွယ်ကြီးပြီး အစာကြမ်းမစားနိုင်တော့တဲ့ ဆင်အိုမကြီးတကောင်ကို သူကိုယ်တိုင် ထမင်းချက်ကျွေး ပြီး ပြုစုပေးခဲ့ဖူးတယ်။ ဆင်အကြီးကိုတောင် သံယောဇဉ် တွယ်တာ ဆင်သေးလေးတွေ ဆိုတော့ သံယောဇဉ် ပိုတွယ် တယ် လို့ ဒေါ်နွယ်နွယ်ခိုင်က ပြောပြတယ်။

“ဆင်ကြီးတွေကျတော့ တရင်းတနှီး သိပ်မရှိဘူး။ ချစ်တော့ချစ်ပေမယ့် ထွေးထွေးပိုက်ပိုက် နေလို့မရဘူးလေ။ အခု ဆင် ကလေး တွေကတော့ ထွေးထွေးပိုက်ပိုက်နဲ့ နေရလို့ရတဲ့ အခါကျတော့ သံယောဇဉ် ပိုဖြစ်မိတယ်” လို့လည်း သူက ဆိုပါ တယ်။
စခန်းကိုရောက်လာတဲ့ ဆင်လေးတွေဟာ နို့စို့အရွယ်တွေဖြစ်လို့ အထိအခိုက် အပွန်းအပဲ့မရှိအောင် သူ့အနေနဲ့ အတော် လေး ဂရုစိုက်ခဲ့ရတယ်။ သူ့ရဲ့တနေ့တာ အချိန်အားလုံးနီးပါးကို သူတို့လေးတွေအတွက် ကုန်စေခဲ့လို့ မနက်စာက ညနေ စာ ဖြစ်သွားရတဲ့နေ့တွေ မရေတွက်နိုင်ဘူးလို့ ပြောပြပါသေးတယ်။
“သူတို့ နေထိုင်မကောင်း ဖြစ်ပြီဆိုရင် စားမဝင်အိပ်မပျော်ဖြစ်ပြီး ဗေဒင်ဆရာမေး။ ဆရာဝန် ဖုန်းဆက်နဲ့ ပျာယာခတ်နေတာ ပဲ” လို့ ဒေါ်နွယ်နွယ်ခိုင်ရဲ့ အမျိုးသားကလည်း ဝင်ပြောပြတယ်။
ဒေါ်နွယ်နွယ်ခိုင် ကလည်း“နို့စို့များတာ။ ငှက်ပျောသီးစားတာ များသွားရင် ဝမ်းချုပ်သွားတာတို့။ နည်းနည်းမှိုင်နေတာတို့ ဖြစ်တယ်။ အမြဲတမ်း အနီးကပ်နေတာဆိုတော့ သိတယ်။ အဲဒီအခါ နားရွက်စမ်းကြည့်တယ်။ အေးနေတယ်ဆို ကျန်းမာရေး မကောင်းတာ။ အဲဒါဆိုရင် အပူချိန်တိုင်းတယ်။ အပူတက်တယ်ဆိုရင် ဆရာဝန်ကို လှမ်းဖုန်းဆက်ရတယ်”လို့ ပြောပါတယ်။
ဝင်္ဂဘော် ဆင်စခန်းကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာပြီး သူပြုစုစောင့်ရှောက်နေရတဲ့ အမိမဲ့ဆင်ကလေး ၄ ကောင်ရဲ့ ဖြစ်ကြောင်း ကုန်စင်နဲ့ သူတို့လေးတွေရဲ့ အမူအကျင့်တွေကိုလည်း မမောတမ်း ပြန်လည် ပြောပြပါသေးတယ်။
နေပြည်တော်ကနေ စခန်းကို ပထမဆုံးရောက်လာတဲ့ ယုယုဌေးလေးက အခုအသက် ၁၃ လရှိပြီ။ ၃ လ သမီးလောက်မှာ သူ့အမေ ရောဂါရပြီး သေသွားလို့ ၆ လ အရွယ်လောက်မှာ စခန်းကိုရောက်လာတယ်။ သူ့ကို နို့မှုန့် Step 2 တိုက်နေရပြီ။

တခြားအသီးအနှံ အစာပျော့လေးတွေ စားနိုင်နေပြီ။ အဆော့ကြမ်းလို့ ဧည့်သည် ကလေးတွေလာရင် ပေးမဆော့တော့ဘူး။ အငယ် ဆင်လေးတွေအပေါ်တော့ ညှာတာတယ်လို့ သိရတယ်။
“ဧည့်သည်လာရင် စားရမှန်းသိတယ်။ နို့တိုက်မှန်းသိတော့ ဧည့်သည့်တွေ သူ့ကိုကျွေးချင်အောင် လုပ်ပြတယ်။ ဧည့်သည့် တွေ ကိုဆော့တယ်။ နှာမောင်းနဲ့ ပြေးရိုက်တာမျိုးတို့၊ ခေါင်းနဲ့ပြေးတိုးတာတို့ လုပ်တယ်။ အဲဒီကျရင် သမီးမမတို့ကို မလုပ်ရ ဘူး။ ကိုကြီးတို့ကို မလုပ်ရဘူးဆို သူငြိမ်တယ်”လို့ ဒေါ်နွယ်နွယ်ခိုင်က ယုယုဌေးကျောလေးကို ပွတ်သပ်ပေးရင်း ပြောပါ တယ်။
မေရီကတော့ တလသမီးအရွယ်မှာ သူ့အမေကို ဆင်မုဆိုးတွေက သတ်ဖြတ်ပြီး မျက်စိရှေ့မှာတင် နှာမောင်းဖြတ်ခံရတယ်။ အရေခွံခွာခံရတယ်။ နွားအုပ်နဲ့ညပ်ပါ သွားရာက တောဆင်လေးတကောင် ရောက်တယ်ဆိုပြီး ငြုတ်ကောင်းရွာ နွားပိုင်ရှင် တွေက သစ်တောကို အကြောင်းကြားခဲ့တာကနေ ရောက်လာတာဖြစ်တယ်။ အခုတော့ မေရီလေးအသက် ၈ လရှိနေပါပြီ။
မေရီလေးကို လာပို့တုန်းက ဘယ်သူကမှ ရှင်မယ်လို့ မသတ်မှတ်ထားဘူး။ ရောက်လာတဲ့ အချိန်မှာ အရမ်းကို အားငယ် လာတဲ့ ကလေးဆိုတော့ အရမ်းဂရုစိုက်ပြီး အကြင်နာ အယုယတွေ ပေးကြတော့ သံယောဇဉ် ပိုတွယ်ပြီး နွဲ့ဆိုးဆိုးတယ်လို့ သိရပါတယ်။
“သူက မှတ်ဉာဏ်ကောင်းတယ်။ သူ့နို့ဘူး သူကောက်စို့တတ်ဖို့ကို တညနေပဲ သင်ရတယ်။ ပြောင်းပြန်ဖြစ်နေရင် ပြောင်းပြန်ကြီးလို့ အော်။ တည့်သွားရင် အေးဟုတ်ပြီဆိုပြီး လက်ခုပ်တီးပေါ့နော်။ အခုတော့ သူကောင်းကောင်း စို့တတ် နေပြီ။ တခါတလေ ကျမ မအားလို့ နို့ဘူးဖျော်ပြီး ချပေးထားလိုက်ရင် သူ့ဘာသာ ကောက်စို့တယ်” လို့ ဒေါ်နွယ်နွယ်ခိုင်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောပါသေးတယ်။

မေရီလေးရောက်ပြီး မကြာခင်မှာပဲ ဧရာမေလေး ထပ်ရောက်လာတယ်။ ဧရာဝတီတိုုင်း ကျုံးကူးချောင်း အတွင်းကနေ လယ်သမား ဇနီးမောင်နှံက ဆယ်ယူပြီး ဆင်စခန်းကိုပို့ပေးခဲ့လို့ ဧရာမေ လို့ နာမည်ပေးထားတာပါ။ ဧရာမေလေး ဟာ ဝမ်းရောဂါဖြစ်ပြီး ရောက်လာတာမို့ ဆရာဝန်တွေနဲ့ ဂရုတစိုက် ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်ဆုံးရောက်လာတဲ့ ဆင်မလေး ပန်းနုမေ ကတော့ ထားဝယ်ကဖြစ်ပါတယ်။ ငါးလသားအရွယ်မှာ မိခင်ဆင်မကြီး (အသက် ၅၉ နှစ်အရွယ်) သေဆုံးသွားတာကြောင့် ရောက်ရှိလာတာဖြစ်ပြီး အခုဆိုအသက် ၉ လရှိနေပါပြီ။
သားလေးဦးရဲ့ မိခင်ဖြစ်တဲ့ သူ့အနေနဲ့ ဆင်ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ ဘာသင်တန်းမှ မတက်ထားဘဲ ကလေး တယောက် ကိုမွေးပြီးပြုစုသလို သဘောတရားအတိုင်း ပြုစုပေးတယ်။ ဝန်ထမ်းလိုင်းခန်း ရှိပေမယ့် ဆင်လေးတွေနေတဲ့ ဆီမှာပဲ နေ့ရောညပါနေပြီး ပြုစုစောင့်ရှောက်တယ်။
ငွေကို မျှော်လင့်ပြီး လုပ်ခဲ့တာ မဟုတ်ပေမယ့် ကြာလာတော့ ဆင်ကလေးတွေက ခင်တွယ်လာသလို သေမလိုလိုဖြစ်နေတဲ့ ဆင်လေးတွေကို ရှင်သန်လာအောင် စိတ်စေတနာ အပြည့်နဲ့ ပြုစုပေးတဲ့ သူ့ကို ဌာနက အသိအမှတ်ပြုပြီး နေ့စားလရှင်းနဲ့ အနီးကပ် ပြုစုပေးဖို့ တာဝန်ပေးခဲ့တယ်လို့လည်း ဒေါ်နွယ်နွယ်ခိုင် က ပြောပြပါတယ်။
ဒီဆင်လေးအားလုံးကို တယောက်တည်း ပြုစုစောင့်ရှောက်တယ်။ ရေချချိန်၊ သန့်ရှင်းရေး လုပ်ချိန်၊ စားကျက် ကျောင်းချိန် ဆိုရင်တော့ ဆင်ဦးစီးတွေ ပဲ့ချိတ်တွေက ဝိုင်းကူပေးကြတယ်။ အခုဆိုသူတို့လေးတွေ သဘာဝအစားအစာဖြစ်တဲ့ ထမဆိုင်း၊ ကြံ၊ ဖရဲသီး၊ ငှက်ပျောသီးလေးတွေ စားတတ်နေကြပြီလို့ ဆိုတယ်။
အနေကြာလာတာနဲ့ သူနဲ့ ဆင်လေးတွေကြား သံယောဇဉ်ပိုတွယ်လာသလို သူ့ရင်ထဲ မမေ့နိုင်တဲ့ အမှတ်ရစရာတွေလည်း အများကြီး ရှိတယ်လို့ ပြောပါတယ်။ အဲဒီထဲက တခုကို ကျေနပ်ပီတိဖြစ်စွာနဲ့ အခုလို ပြန်လည်ပြောပြပါသေးတယ်။
“ပြီးခဲ့တဲ့ရက်တုန်းက ခြံထဲကို ကျမဝင်လိုက်တော့ ယုယုဌေးက လူမှားပြီး နှာမောင်းနဲ့ ရင်ဘတ်ကို ရိုက်လိုက်တယ်။ ထမဆိုင်း အရိုးနဲ့ လိုက်ရိုက်တော့ အော်ပြီး ကန်ထဲဆင်းပြေးတယ်။ ကန်ထဲဆင်းပြေးလည်း ရိုက်မှာ။ နင် ငါ့အသံကို မမှတ် ထားဘူးလား။ နင့်ကိုငါ ပြုစုပျိုးထောင်ထားတာ ဒီအသက်အရွယ် ရောက်နေပြီ။ နင့်ကိုငါ နေ့တိုင်း ထမင်းကျွေးးတယ်။ နို့တိုက်တယ်ပေါ့။ ကလေးတွေကို ဆူသလိုမျိုးပေါ့နော်” လို့ ပြောရင်း အနားကပ်လာတဲ့ ယုယုဌေးကို လှမ်းကိုင်လိုက်တယ်။
“အဲဒီအချိန် မေရီက ကမန်းကတန်း ပြေးလာပြီး ကျမလက်ကိုဆွဲပြီး သူ့ပါးစပ်ထဲ ထည့်ထားတယ်။ မရိုက်တော့အောင် ပေါ့ လေ။ ဒါ မရိုက်ပါနဲ့လို့ ပြောတာနဲ့အတူတူပဲလို့ ခံစားရတယ်။ အေးပါ သမီးလေးရယ် နင့်မမက ဆိုးတာကိုး။ ဆိုးလို့ ရိုက်တာ လို့။ မရိုက်တော့ဘူး ဘာညာပြောမှ လက်ကို ပြန်လွှတ်ပေးလိုက်တယ်” လို့ မေရီ့ကို လှမ်းကြည့်ရင်း ပြောပြတယ်။
အနားမှာရှိတဲ့ ဧည့်ကြို ဝန်ထမ်းတဦးက “တခါမှ နစ်နစ်နာနာ မရိုက်ဖူးပါဘူး။ မာန်တာလောက်ပဲ ရှိတာ။ အဲဒီတုန်းကလည်း သူ့သမီးလေးကို သူရိုက်ပြီး သနားနေတာ။ ထန်းလျက်ခဲကျွေးပြီး အတင်းပြန်ချော့နေတယ်လေ” လို့ ဝင်ပြောပါတယ်။

ဆင်လေးတွေကို နို့မှုန့် တိုက်ကျွေးရတာဖြစ်လို့ ကုန်ကျစရိတ်များပေမယ့် လိုအပ်တဲ့နို့မှုန့်အတွက် အလှူရှင်တွေ ရှိတာမို့ အခုအချိန်အထိ လုံလောက်နေပါသေးတယ်။
ဒါပေမယ့် မိုးတွင်းလို ဧည့်သည်ပါးချိန်မှာ နို့မှုန့်ဖိုးမလုံလောက်မှာ သူတို့လေး တွေ ဝဝလင်လင် နို့မစို့ရမှာကိုတော့ သူ့အနေ နဲ့ စိုးရိမ်မိတယ် လို့လည်း ဖွင့်ပြောပါတယ်။
ဆင်စခန်းကို လာရောက်လည်ပတ်သူ တနေ့ကို လူဦးရေ ၁၀၀ နီးပါးရှိပြီး အခုလို မိုးရာသီဆိုရင်တော့ လာရောက် လည်ပတ် သူ နည်းပါးတယ်လို့ သိရပါတယ်။ လာရောက် ပတ်သူတွေထဲက ဆင်ကလေးအတွက် နို့ဖိုး စေတနာ ရှိသလောက် လှူဒါန်း တာ ရှိသလို ပုံမှန်လှူနေကျ အလှူရှင်လည်း ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ ဒီဆင်စခန်းမှာ အမိမဲ့ဆင်ကလေး ၄ ကောင် အပါအဝင် ဆင်ကလေး ၈ ကောင်နဲ့ ဆင်ကြီး ၆ ကောင် စုစုပေါင်း ၁၄ ကောင်တို့ကို ထိန်းသိမ်း စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။
အခုနောက်ပိုင်း ဝိသမလောဘသား ဆင်မုဆိုးတွေကြောင့် ဆင်တွေ မကြာခဏ အသတ်ခံရလို့ ဆင်လေးတွေ အမိမဲ့ ဖြစ်ကြရ သလို အသက်ရွယ်ကြီးလို့ ဆင်မကြီးသေဆုံးတဲ့ အခါမှာလည်း ဆင်လေးတွေ အမိမဲ့ဖြစ်ကြရပါတယ်။
ဘယ်လို အကြောင်းကြောင့်ပဲဖြစ်စေ နောက်ထပ် ရောက်လာဦးမယ့် အမိမဲ့ဆင်လေးတွေကို ပြုစုစောင့်ရှောက်ဖို့ အဆင် သင့် ပဲ လို့ ဒေါ်နွယ်နွယ်ခိုင်က ပြောပါတယ်။
“တောထဲက အမိမဲ့ဆင်လေးတွေကို လူတွေမတွေ့ဘူးဆိုရင် သူတို့အသက်ရှင်ဖို့ ရာခိုင်နှုန်း အတော်နည်းတယ်။ အဲဒီလိုပဲ လူတွေက တွေ့လို့ခေါ်လာပေမယ့် ဂရုတစိုက် မပြုစုတတ်ဘူးဆိုရင်လည်း သူတို့လေးတွေ အသက်ရှင်နိုင်မှာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။
သူ့အနေနဲ့ တခြားအလုပ် ပြောင်းဖို့ စိတ်ကူးမရှိသလို သူတို့ကို ရင်နဲ့လွယ်မွေးထားသလို အနီးကပ် ပြုစုထားရတာမို့ ဘယ်လို အကြောင်းမျိုးနဲ့မှ မခွဲခွာချင်ဘူးလို့ ဆိုပါတယ်။ သူ့လက်ထဲမှာပဲ ကျန်းမာသန်စွမ်းစွာနဲ့ အရွယ်ရောက် သွားစေချင် တယ်။ ဘယ်လိုပဲ ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းပေါ်လာပါစေ အကြောင်းမညီမျှလို့ သူ့အမျိုးသား အလုပ် မပြုတ်မချင်း ခွဲခွာသွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
“သားသမီးတယောက် ဆုံးရှုံးသလို ခံစားရမှာ။ အလုပ်မပြုတ်မချင်း ဒီကလေးတွေနဲ့ အတူနေဖို့ ဆုံးဖြတ်ထားတယ်။ သူတို့ လေးတွေ အမြဲတမ်း လန်းဆန်းပြီး ပျော်ရွှင်နေတာပဲ မြင်ချင်တယ်။ နို့ဝဝစို့စေချင်တယ်။ ထမင်းပုံမှန် စားနိုင်စေချင်တယ်။ သူတို့ကို ကျန်းမာရေး ကောင်းမွန်စွာနဲ့ ကြီးပြင်းလာစေချင်တာ” လို့ ဒေါ်နွယ်နွယ်ခိုင် ပြောဆိုပါတယ်။ ။