ဆောင်းပါး

တရုတ်ထေရဝါဒ၏ ဩဇာ အကန့်အသတ်

Want create site? Find Free WordPress Themes and plugins.

ယူနန်ပြည်နယ်က တရုတ်နိုင်ငံအတွက် အရှေ့တောင်အာရှသို့ တံခါးပေါက်အဖြစ် အသုံးတော်ခံခဲ့သည်မှာ ရာစုနှစ် များ စွာကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ဆက်သွယ်မှုတွင် ကုန်သွယ်ရေး အပြင် နောက်ထပ် အရေးပါသော အစိတ်အပိုင်းတခု မှာ ဘာသာရေးနှင့် ဘာသာရေးအဖွဲ့များ ဖလှယ်ခြင်းဖြစ်သည်။ အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်သည်။ မြန်မာ နိုင်ငံမှ တဆင့် ယူနန်ပြည်နယ်သို့ ၇ ရာစုအတွင်းက ရောက်ရှိခဲ့သည့် နောက်ပိုင်းတွင် ထေရဝါဒ ဗုဒ္ဓဘာသာက ဒေသ တွင်းမှ Dai/Tai (ရှမ်း)၊ Blang (ပုလန်)နှင့် Deang (တအောင်း/ ပလောင်) တိုင်းရင်းသားလူမျိုးများ အတွင်း နက်နက်ရှိုင်းရှိုင်း သြဇာ လွှမ်းမိုးထားခဲ့သည်။

ယနေ့အချိန်အထိ ထေရဝါဒ ဗုဒ္ဓဘာသာက တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများကြားတွင် သိသာမြင်သာသော ယဉ်ကျေးမှုဆိုင်ရာ ဆက်သွယ်ချက်အဖြစ် ဆက်လက်တည်ရှိနေခဲ့ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အများစုနိုင်ငံများ ဖြစ် သည့် မြန်မာ၊ ထိုင်း၊ လာအို နှင့် ကမ္ဘောဒီးယားတို့က တရုတ်နိုင်ငံ၏ ကုန်းတွင်းနှင့် ရေကြောင်းဆိုင်ရာ ပိုးလမ်းမ စီမံကိန်း တွင် အရေးပါသော နိုင်ငံများလည်း ဖြစ်နေသည်။

ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများနှင့် ဆက်ဆံရေးကို ပျိုးထောင်ခြင်းအား ဖြင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ နွေးထွေးသော ပျော့ပြောင်းသော ပုံရိပ်ကို ဖော်ပြနိုင်မည် ဖြစ်သလို သြဇာကြီးမားသော သံဃာတော်များနှင့် ထိတွေ့ဆက်ဆံခွင့် ရရှိနိုင်မည် ဖြစ်သည်။ သံဃာတော်များသည် ကြည်ညိုလေးစားမှုကို ရရှိသည့် အသိုင်းအဝိုင်း ခေါင်းဆောင်များဖြစ်သည်သာမက အချို့သော ဖြစ်စဉ်များတွင် သံဃာတော်များက ဆုံးဖြတ်ချက် ချနိုင် သည့် အဆင့်မြင့် ပုဂ္ဂိုလ် များ၏ မူဝါဒရေးရာ အတိုင်ပင်ခံများလည်း ဖြစ်ကြသည်။

သို့သော်လည်း တရုတ်နိုင်ငံ၏ ထေရဝါဒ ဗုဒ္ဓ ဘာသာမှ အထွေထွေ ကန့်သတ်ချက်များကြောင့် နိုင်ငံရပ်ခြားတွင် သြဇာလွှမ်းမိုးနိုင်ရေးကို များစွာ ထိခိုက်နစ်နာစေခဲ့သည်။ တရုတ်နိုင်ငံမှ ဗုဒ္ဓဘာသာတွင် ထေရဝါဒက အားအနည်းဆုံး ဖြစ်သည်။ နိုင်ငံတလွှားတွင် ကိုးကွယ်ယုံကြည်သူ သန်းပေါင်းများစွာ ရှိသည့် မဟာယန တိဘက် ဗုဒ္ဓဘာသာများနှင့် နှိုင်းယှဉ်ပါက ထေရဝါဒ ဗုဒ္ဓဘာသာသည် မြန်မာနှင့် လာအို အနီးမှ နယ်စပ်ဒေသများတွင်သာ သြဇာလွှမ်းမိုးနိုင်သည်။

ထို့ပြင် ကွန်မြူနစ်ဝါဒ ရောက်ရှိလာသည့် အချိန်တွင် ထေရဝါဒက ဆိုးရွားစွာ ထိခိုက်နစ်နာခဲ့ရသည်။ ပဒေသရာဇ် စနစ် ဆန့်ကျင်ရေး ခေါင်းစဉ် အောက်တွင် ဘုရားကျောင်းများ၊ စေတီပုထိုးများ နှင့် ဗုဒ္ဓဆင်းတုတော်များ ပျက်စီးခြင်း သို့မဟုတ် လုံးဝ ဖျက်ဆီးခံရခြင်းများ ပေါ်ပေါက်ခဲ့သည်။ ဘုန်းတော်ကြီးများကို လူထွက်ခိုင်းခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သလို ဗုဒ္ဓဘာသာနှင့် ဆိုင်သော ကိစ္စများကိုလည်း တားမြစ်ပိတ်ပင်ခဲ့သည်။

အစိုးရက ဦးဆောင်သော ဖိနှိပ်ကန့်သတ်မှုများက ၁၉၅၀ နှောင်းပိုင်း နှစ်များတွင် စတင်ခဲ့ခြင်း ဖြစ်သော်လည်း ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်းတွင် အထွဋ်အထိပ်သို့ ရောက်ခဲ့သည်။ အလွန်အဖိုးတန်သည့် ပေစာများကို ပြာကျသည် အထိ မီးရှို့ပစ်ခဲ့သည်။ ၈ ရာစုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် တရုတ်နိုင်ငံ၏ အကြီးဆုံး ထေရဝါဒ ဘုရားကျောင်းဖြစ် သော ရှီးရှောင်ပနား Xishuangbanna ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းကြီးမှာ လုံးဝဖျက်ဆီးခံခဲ့ရသည်။

အခြားသော ကိုးကွယ်ယုံကြည်မှုများ အားလုံးကဲ့သို့ပင် ယဉ်ကျေးမှုတော်လှန်ရေး နှစ်များ နောက်ပိုင်းတွင် ပြန်လည်ရှင် သန်လာခဲ့သည်။ သို့သော်လည်း ပြန်လည်ဖွံ့ဖြိုးမှု အရှိန်အဟုန်က နှေးကွေးခဲ့ရသည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းများကို ပြန်လည်တည်ဆောက်ခွင့် ပြုခဲ့သော်လည်း မော်စီတုံး ခေတ်က သိမ်းယူထားခဲ့သော ဘုရားကျောင်းပိုင် မြေများကို ပြန်ပေးရန် ဒေသဆိုင်ရာ အာဏာပိုင်များက ငြင်းဆန်ခဲ့သည်။ ဘုန်းတော်ကြီးများအနေဖြင့် ဘာသာရေးစာပေများကို ပြန်လည်လေ့လာသင်ယူနိုင်ခဲ့သော်လည်း သူတို့သည် ဘုန်းတော်ကြီးများ၏ လုပ်ငန်းဆောင်တာ အားလုံးကို ထိန်းချုပ် ထားသည့် အစိုးရ၏ ဘာသာရေးဆိုင်ရာ အာဏာပိုင်များ၏ အနီးကပ် စောင့်ကြည့်မှုအောက်တွင် နေကြရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ ထေရဝါဒ ဗုဒ္ဓဘာသာ၏ အခြေအနေက ဗုဒ္ဓဘာသာ စည်ပင်ဖွံ့ဖြိုးနေသည့် အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် တန့်နေသည့် အခြေအနေဖြစ်သည်။ ဥပမာ တခုပြရလျှင် ဘုန်းတော်ကြီးများ အလွန် ရှားပါးနေခြင်း ဖြစ်သည်။ ယူနန်ပြည်နယ်တွင် ထေရဝါဒ ဘုရားကျောင်း ၂ ခုတွင် ဘုန်းတော်ကြီးက ၁ ပါးနှုန်း သာရှိသည်။ ဘုန်းတော်ကြီးရှားပါးမှုကြောင့် ဘုရားကျောင်းအများစုသည် ဗုဒ္ဓဘာသာ အခါကြီးရက်ကြီးများမှ အပ အမြဲတမ်း တံခါး ပိတ်ထားရသည်။ ယူနန်ပြည်နယ် ရှီးရှောင်ပနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဘုရားကျောင်းများ၏ ၁၈.၈ ရာခိုင်နှုန်းက ဟင်းလင်းဖြစ်နေသည်။ ပူအာ Pu’er နှင့် လင်ကန်း Lincang မြို့များတွင် ဘုန်းတော်ကြီး မရှိသည့် ကျောင်းက ၄၀ ရာခိုင်နှုန်းခန့် ရှိ သည်။ ဒီဟုံ Dehong ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၉၀.၁ ရာခိုင်နှုန်း အထိတက်သွားပြီး မန်ရှီ Mangshi မြို့တွင် ၉၈.၂ ရာခိုင် နှုန်း ဖြစ်သည်။

ဘုန်းတော်ကြီး ရှားပါးမှုကို ဖြည့်ဆည်းရန်အတွက် မြန်မာနှင့် လာအိုမှ နိုင်ငံခြားသား ဘုန်းတော်ကြီးများကို ပင့်ဖိတ်ခြင်း များလည်းရှိပါသည်။ သို့သော်လည်း တရုတ် အစိုးရ၏ အမြင်တွင် အပြင်လူများက မယုံကြည်နိုင်စရာ ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သူတို့ကို နိုင်ငံရေးအရ ယုံကြည်အားထားနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

တရုတ်နိုင်ငံ၏ အပြင်ဖက်တွင် လေ့လာသင်ယူခဲ့သော နိုင်ငံခြားသား ဘုန်းတော်ကြီးများသည် တသမတ်တည်းရှိသည့် အယူဝါဒ သွပ်သွင်းသော စနစ်တခုမှ စိစစ်ထုတ်လုပ်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ထိုစနစ်တွင် ဘုန်းတော်ကြီးများသည် တရုတ် ကွန်မြူနစ်ပါတီ၏ သြဇာကြီးမားမှုကို အသံအားဖြင့် (တရားဟောကြားခြင်းမှတဆင့်) ထောက်ခံပေးရန်၊ ဆိုရှယ်လစ်လမ်းစဉ်၊ အမျိုသားစည်းလုံးညီညွတ်ရေး၊ လူမျိုးစုများ သဟဇာတရှိရေး တို့ အတွက် အလုပ်လုပ်ပေးရန် လိုအပ်ပါသည်။ ကွန်မြူနစ် ပါတီက ဘုန်းတော်ကြီးများကို ဝါဒဖြန့်ချီရေးမှူးများအဖြစ် ထမ်းဆောင်ရန် မျှော်လင့်ထားသော်လည်း နိုင်ငံခြားသား ဘုန်းတော်ကြီးများက ထိုသဘောတရားနှင့် ပတ်သက်၍ အနည်းအကျဉ်းမျှသာ နားလည်သူ သို့မဟုတ် လုံးဝ နားမလည်သူများ ဖြစ်ကြသည်။

ဘုန်းတော်ကြီးများ ရှားပါးသည့် ကိစ္စတွင် နိုင်ငံရေး အကြောင်းအရင်းများအပြင် အစိုးရ၏ ဘဏ္ဍာရေးထောက်ပံ့မှုမရှိခြင်း နှင့် ဗုဒ္ဓဘာသာကျောင်းများ၏ အရည်အသွေးတို့ကလည်း ပြဿနာတရပ် ဖြစ်သည်။

နှစ်စဉ် နှစ်တိုင်း အစိုးရက တိဘက်ဗုဒ္ဓဘာသာ ဘုရားကျောင်းများ ပြင်ဆင်မွမ်းမံရေး နှင့် တိဘက်ဘုန်းတော်ကြီးများ ပညာ ရေးအတွက် ငွေကြေး ဘီလီယံနှင့် ချီ၍ ချထားပေးခဲ့သည်။ သို့သော်လည်း ထေရဝါဒ ဗုဒ္ဓဘာသာအတွက် ထိုသို့ မဟုတ်ခဲ့ ပါ။ ပုန်ကန်တတ်သည့် တိဘက်လူမျိုးများကဲ့သို့ မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်သည့် တိုင်းရင်းသားများ သည် တရုတ်နိုင်ငံ၏ “စံပြ လူနည်းစုများ (လူမှုစီးပွားရေးတွင် အခြားသူများထက် အဆင်ပြေသည့် လူနည်းစုများ)” ဟု အစိုးရက သဘောထားခြင်း ခံရသည်။

Dai/Tai (ရှမ်း) နှင့် Han (တရုတ်) တို့သည် ယဉ်ကျေးမှုခြင်း ကွဲပြားသော်လည်း Dai/Tai (ရှမ်း) တို့က ခွဲထွက်မည်ဟု မည်သည့်အခါမျှ မလုပ်ခဲ့ပါ။ နယ်စပ်၏ တဘက်တွင် သွေးတူတိုင်းရင်းသားများ ရှိနေသည့် Dai/Tai (ရှမ်း) တို့က ခွဲထွက်မည့် ရည်ရွယ်ချက်ကို မည်သည့်အခါမျှ မပြခဲ့ပါ။ နိုင်ငံအတွက် ပြဿနာရှာမှု နည်းခြင်းက ထေရဝါဒ ဗုဒ္ဓဘာသာ ဘုရားကျောင်းများသို့ အစိုးရ၏ ထောက်ပံ့မှုကို လျော့နည်းစေခဲ့သည်။ တခြားဘက်တွင်မှု အစိုးရ က တိဘက် ဗုဒ္ဓဘာသာကို ထောက်ပံ့အားပေးခြင်းမှ တဆင့် တိဘက်လူမျိုးတို့၏ ထောက်ခံမှုကို ဝယ်ယူရန် ကြိုးစားနေ ခဲ့သည်။

တရုတ်နိုင်ငံတွင် ထေရဝါဒ ပညာရေးကို သင်ကြားပေးသည့် ကျောင်း ၃ ကျောင်းသာ ရှိသည်။ သို့သော်လည်း ထိုကျောင်း အားလုံးသည် ဘဏ္ဍာရေး ပြဿနာနှင့် ကြုံတွေ့နေရသည်။ ထို့ပြင် ပညာရေး၏ အရည်အသွေးကလည်း ဥပမာ ပြရလျှင် ထိုင်းနိုင်ငံမှ ထေရဝါဒ ကျောင်းများနှင့်စာလျှင်များစွာ နိမ့်ကျနေသည်။

ထိုင်းနိုင်ငံမှ ကမ္ဘာ့အဆင့် ဗုဒ္ဓဘာသာ တက္ကသိုလ် များ ဖြစ်သည့် Mahachulalongkornrajavidyalaya တက္ကသိုလ် သို့မဟုတ် Mahamakut ဗုဒ္ဓတက္ကသိုလ် တခုခုတွင် ပညာများ သင်ကြားနိုင်ရေးက ငယ်ရွယ်သော ကိုရင်များအတွက် အိပ်မက်တခု ဖြစ်သည်။ တရုတ်နိုင်ငံ၏ ပထမဆုံးသော အဆင့်မြင့် ပါဠိဘာသာသင် ကျောင်းတခုကို ယူနန်ပြည်နယ်တွင် တည်ဆောက်ရန် ၂၀၁၂ ခုနှစ်ကထဲက ဆွေးနွေးမှုများ ပြုလုပ်နေခဲ့သော်လည်း မြေတကွက်ဝယ်ထားခြင်းမှအပ အကောင်အထည် ပေါ်မလာသေးပါ။

အတိုချုပ်ပြောရလျှင် တရုတ်နိုင်ငံ၏ ထေရဝါဒ ဗုဒ္ဓသာသနာသည် စည်ပင်ဖွံ့ဖြိုးမှု အားနည်းနေသည့်အတွက် နိုင်ငံ ရပ်ခြား၌ တရုတ်နိုင်ငံက အနုနည်းဖြင့် သြဇာလွှမ်းမိုးနိုင်ရေး ကိုယ်စားလှယ်လုပ်ပေးနိုင်မည့် အနေအထားတွင် ရှိမနေပါ။ တရုတ်နိုင်ငံ၏ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေးမှ အကျိုးအမြတ်ရရှိရေးတွင် ထေရဝါဒ ဗုဒ္ဓဘာသာ၏ တန်ဖိုးကို အစိုးရ ဗျုရိုကရက်များ လုံးဝ သတိထားမိခြင်း မရှိကြောင်း အစိုးရ၏ မူဝါဒများက ဖော်ပြနေပါသည်။

ဘုန်းတော်ကြီးများက နိုင်ငံခြားသို့ ခရီးသွားရေးသည်ဖြစ်စေ သို့မဟုတ် နိုင်ငံခြားတွင် ရှိနေစဉ်အတွင်း သာမန် ဘာသာရေးပွဲ တခုကို ပြုလုပ်သည် ဖြစ်စေ အရာရာတိုင်း တရားဝင် ခွင့်ပြုချက် ရယူနေရသည့် စနစ်တခု အတွင်းတွင် နိုင်ငံခြားသို့ ဝါဒဖြန့်ချီရေးက အလုပ်ဖြစ်မည် မဟုတ်ပါ။ ဝမ်းနည်းစရာ ကောင်းသည်မှာ တရုတ်ထေရဝါဒ ဗုဒ္ဓဘာသာက ထေရဝါဒ ကမ္ဘာ၏ အစွန်အဖျားတွင် အမြဲတမ်းရှိနေခဲ့ခြင်း ဖြစ်သည်။ နောက်လာမည့် ကာလအတိုင်းအတာ တခုအထိလည်း ထို နည်းတူပင် ဖြစ်နေမည့် အသွင်ရှိပါသည်။

(Zi Yang သည် တရုတ်နိုင်ငံရေးရာ သုတေသီနှင့် အတိုင်ပင်ခံ တဦး ဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံရး၊ လုံခြုံရေး နှင့် ဈေး ကွက် ဆိုင်ရာများအကြောင်းများကို ရေးသားနေသူ ဖြစ်သည်။ အမေရိကန် နိုင်ငံရှိ George Mason တက္က သိုလ်မှ B.A. ဘွဲ့ နှင့် Georgetown တက္ကသိုလ်မှ M.A. ဘွဲ့များ ရရှိခဲ့သည်။ The Diplomat အွန်လိုင်းမဂ္ဂဇင်းပါ ၎င်း၏ The Soft Power Limits of Chinese Theravada Buddhism ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading