ဆောင်းပါး

နာဂ တို့၏ လာရာနဲ့ လားရာ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီသတင်းဌာနတွင် သြဂုတ်လ ၂ဝ ရက်က ချစ်မင်းထွန်း ရေးသားဖော်ပြခဲ့သည့် “နာဂတို့၏ တောင်းဆိုချက် (သို့) ဖြေရခက်မည့် ပုစ္ဆာ” ဆောင်းပါးအောက်တွင် တွေ့ရသော မှတ်ချက်စကားများ (comments) ဖတ်ပြီး မိမိတို့၏ အခြေအနေ မှန်ကို မျှဝေလိုသော ရည်ရွယ်ချက်နှင့် အခြားရှုထောင့်မှ မြင်နိုင်စေရန် မျှော်လင့်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်သည်။

Comments အများစုတွင် “ဟိုဘက် သွားနေပါလား၊ ဒီဘက် လာနေပါလား” ဆိုသည့် သဘောထားများ တွေ့ရှိရသည်။ အမှန်တွင် နာဂလူမျိုးများ ဟိုဘက်သွားနေစရာလည်း မလိုသလို၊ ဒီဘက်လာနေစရာလည်း မလိုအပ်ပါ။ အဘယ်ကြောင့် ဆိုသော် နာဂလူမျိုးများ၏ သမိုင်းတွင် “ဟိုဘက်၊ ဒီဘက်” မရှိခဲ့ပေ။

ခါးထောက်ပြီး ရပ်နေသည့် လူတဦး ပုံသဏ္ဌာန် ဖြစ်နေသည့် ယနေ့ခေတ်မြန်မာနိုင်ငံနှင့် အပေါ်ပိုင်း၊ အောက်ပိုင်းသေးပြီး ရင်အုံကားထွက်နေသည့် လူတဦး ပုံသဏ္ဌာန် ပေါက်နေသည့် အိန္ဒိယနိုင်ငံတို့ မတည်ရှိခင် ရှေးပဝေသဏီ ကတည်းပင် နာဂလူမျိုးများသည် ယခုလက်ရှိ ၎င်းတို့ နေထိုင်သည့် နယ်မြေတွင် နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် အထက်ပါကဲ့သို့ “ဟိုဘက် သွားပါလား၊ ဒီဘက် လာပါလား” ဟု ပြောဆိုခြင်းမှာ မသိ၍ ပြောဆိုခြင်းလော၊ သိလျက်နှင့် ပြောဆိုခြင်းလော စဉ်းစားစရာပင်။

နာဂလူမျိုးများ နေထိုင်ရာ ဒေသ

နာဂလူမျိုးများသည် တိဘက်-မြန်မာ အနွယ်ဝင်များ ဖြစ်သည်။ ယခု လက်ရှိ နာဂလူမျိုးများ နေထိုင်ရာဒေသများမှာ မြန်မာနိုင်ငံ အတွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ် အနောက်မြောက်ပိုင်းတို့တွင် နေထိုင်ကြသည်။

အိန္ဒိယနိုင်ငံအတွင်းတွင် နာဂပြည်နယ်၊ မဏိပူပြည်နယ်၊ အာသံပြည်နယ်နှင့် အရူနာချာလ်ပရာဒေ့ချ် ပြည်နယ်တို့တွင် တဆက်တစပ်တည်း နေထိုင်ကြသည်။ လူဦးရေအားဖြင့် ၄ သန်းခန့် ရှိပြီး မြန်မာပြည်ဘက်ရှိ နာဂ လူဦးရေမှာ စုစုပေါင်း နာဂလူဦးရေ၏ ၁၀ ရာခိုင်နှုန်း ခန့်သာ ရှိသည်။

ရှုပ်ထွေးသော သဘာဝ

ငြိမ်းချမ်းရေး အဖွဲ့ဝင် ကျော်ဝမ်းစိန်၏ “နာဂကိစ္စက NCA ထက် ရှုပ်ထွေးတယ်” ဟု ပြောဆိုမှုမှာ အောက်ပါ အချက်များ ကြောင့် မှန်ကန်သည်ဟု ဆိုနိုင်သည်။

နာဂလက်နက်ကိုင် အဖွဲ့မှလွှဲ၍ မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် “ပြည်ထောင်စု မြန်မာနိုင်ငံ” ဆိုသည့် နယ်နိမိတ်အတွင်းတွင်ပင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်ပြီး၊ အဆိုပါ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည်လည်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း မွေးဖွားခဲ့ကြ သည့် “မြန်မာနိုင်ငံသား” ဟု သတ်မှတ်၍ ရနိုင်သူတွေများ ဖြစ်မည် ဟု ယူဆသည်။

တဦးစ၊ နှစ်ဦးစ အခြားနိုင်ငံတခုခု၏ မြေပေါ်တွင် မွေးဖွားခဲ့ခြင်း ရှိကောင်း ရှိနိုင်သည်။ သို့သော် ဤသည်မှာ ခန္ဓာကိုယ် မွေးဖွားခဲ့ခြင်းသာ ဖြစ်ပြီး ခံယူချက် မွေးဖွားခဲ့ခြင်း ဖြစ်ချင်မှ ဖြစ်နိုင်မည်။ ယင်းကဲ့သို့ နယ်နိမိတ် အပိုင်းအခြား အရ နိုင်ငံရေး ခံယူချက် တူညီပြီး နိုင်ငံရေးစနစ်နှင့် ပတ်သက်၍သာ ခံယူချက် ကွဲပြားကြသည့် မြန်မာအစိုးရ၊ တပ်မတော်နဲ့ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား သဘောတူညီချက် ရရှိရန် ကြိုးပမ်းနေသည့် NCA ပင်လျှင် ဤမျှ ရှုပ်ထွေးနေလျှင် နာဂအရေးက ပိုမိုရှုပ်ထွေးသည် ဟု ပြောဆိုခြင်းက မှားယွင်းမည် မဟုတ်ပေ။

အဘယ်ကြောင့် ပိုရှုပ်ထွေးရသည်ကို သိရှိရန် နာဂလူမျိုးများ၏ နိုင်ငံရေးလှုပ်ရှားမှု နောက်ခံသမိုင်းကို အကြမ်းဖျင်း သိရှိရန် လိုအပ်သည်။ ပြဿနာ အားလုံး၏ အစမှာ ဗြိတိသျှ ကိုလိုနီများပင်။ အဆိုပါ ပြဿနာများ စတင်ခဲ့ချိန်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှာ ယခုလက်ရှိ ပထဝီဝင်အနေအထားအတိုင်း မရှိသေးသည်မှာ စိတ်ထဲတွင် အမြဲသတိပေးနေရမည့် အချက် ဖြစ်သည်။

နာဂနယ်မြေအား ဗြိတိသျှများက ၁၈၃၂ ခုနှစ်တွင် (ယခုအိန္ဒိယ နိုင်ငံဘက်မှ) ပထမဆုံး စတင် တိုက်ခိုက်ခဲ့သည့် အတွက် ၄၇ နှစ်ကြာ ဗြိတိသျှ-နာဂ စစ်ပွဲဖြစ်ပွားခဲ့ပြီး ၁၈၇၉ ခုနှစ်တွင် နာဂနယ်မြေ၏ သုံးပုံ တပုံခန့်မှာ ဗြိတိသျှ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့သည်။ ကျန်သည့်အပိုင်းမှာ ဒုတိယကမ္ဘာစစ် အပြီး ဗြိသိသျှများ ပြန်သွားသည် အထိ လွတ်လပ်သော နာဂများ (Free Nagas) အဖြစ် နေထိုင်ခဲ့သည်။

နိုင်ငံရေး လှုပ်ရှားမှု စတင်မွေးဖွားလာခြင်း

ယနေ့နာဂ နိုင်ငံရေးလှုပ်ရှားမှုသည် ပထမကမ္ဘာစစ် အတွင်း ဗြိတိသျှတို့၏ အကူအညီ တောင်းခံမှု အရ ပြင်သစ် ကမ်းခြေတွင် Labour Corps အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော နာဂလူမျိုး ၂၀၀၀ သည် ပထမ ကမ္ဘာစစ် ပြီးဆုံး ပြီးနောက် မိမိနေရပ်သို့ ပြန်လာပြီး မိမိတို့၏ အနာဂတ် အတွက် ရည်ရွယ်လျက် Naga Club အား ၁၉၁၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ရာမှ Institutionalized political movement စတင်ခဲ့ခြင်း ဖြစ်သည်။

Naga Club က ၁၉၂၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကိုလိုနီစနစ် ပြီးဆုံးပြီး တပ်ဆုတ်ချိန်တွင် နာဂလူမျိုးများသည် နဂိုအတိုင်း သီးခြား လွတ်လပ်သည့် လူမျိုးအဖြစ်သာ ရှိလိုပြီး အခြားမည်သူနှင့်မျှ ပူးပေါင်းလိုစိတ် မရှိကြောင်း ဗြိတိသျှ အစိုးရ၏ စုံစမ်းမေးမြန်းရေး ကော်မရှင် (Simon Commission) ထံ နာဂတို့၏ သဘောထားဆန္ဒ စာချွန်လွှာ (Naga Memorandum to Simon Commission) ကို ပေးပို့ခဲ့သည်။

လွှတ်လပ်ရေး ကြေညာခြင်း

အဆိုပါ Naga Club မှ Naga National Council (NNC) အဖြစ်သို့ ၁၉၄၆ ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ NNC ဥက္ကဋ္ဌ A. Z. Phizo အမှူးပြုလျက် အိန္ဒိယ၏ လွှတ်လပ်ရေးဖခင် မဟတ္တမဂန္ဒီနှင့် တွေ့ဆုံပြီး နာဂအရေး ဆွေးနွေးခဲ့ရာ ဂန္ဒီက “မိမိတို့သည် ဗြိတိသျှလက်အောက်တွင် မနေလိုသကဲ့သို့ နာဂများသည်လည်း အိန္ဒိယလက်အောက်တွင် မနေလိုသည်ကို နားလည်ကြောင်း၊ နာဂလူမျိုးများသည် သီးခြား နိုင်ငံထူထောင်ခွင့် ရှိကြောင်း” ပြောဆိုခဲ့သည် ဟု သမိုင်းမှတ်တမ်းများ အရ သိရှိရသည်။

ထို့ကြောင့် အိန္ဒိယထက် တရက်စောပြီး ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်တွင် ဗြိတိသျှအစိုးရထံမှ နာဂလွှတ်လပ်ရေး ကြေညာခဲ့သည်။ အထိုပါ လွှတ်လပ်ရေး ကြေညာစာတမ်းအား ကမ္ဘာ့ကုလသမဂ္ဂသို့ ကြေးနန်းရိုက် အသိပေးခဲ့သည်။

ယင်း ကြေညာချက်အား အိန္ဒိယက လက်မခံခဲ့ သဖြင့် လူထုသဘောထား ကောက်ခံသည့် လက်ဗွေရာနှိပ် ဆန္ဒခံယူပွဲ (Plebiscite) ကို ၁၉၅၁ မေလ ၁၆ ရက်တွင် ကျင်းပခဲ့ရာ ဆန္ဒမဲပေးသူ၏ ၉၉ ဒသမ ၉ ရာခိုင်နှုန်းက သီးခြား နာဂနိုင်ငံ အဖြစ်သာ ရပ်တည်လိုကြောင်း ဆန္ဒမဲပေးခဲ့သည်။ ယခုလက်ရှိ မြန်မာဘက် နာဂများကလည်း ၁၉၄၆ ခုနှစ် ယခု နန်းယွန်းမြို့တွင် ကျင်းပခဲ့သည့် နာဂအမျိုးသားညီလာခံတွင် နာဂလူမျိုးသည် သီးခြားလွှတ်လပ်သော လူမျိုးအဖြစ်သာ ဆက်လက် နေထိုင်လိုကြောင်း ဆုံးဖြတ်ခဲ့သည်။

စစ်ပြုခြင်းနှင့် နယ်ခြားမျဉ်း သတ်မှတ်ခြင်း

ဤသို့ဖြင့် NNC က ဖက်ဒရယ်နာဂအစိုးရ (The Federal Government of Nagaland) ကိုဖွဲ့စည်းပြီး နာဂတိုင်းပြည်အား အစိုးရ ယန္တရားစနစ်ဖြင့် စတင် အုပ်ချုပ်ခဲ့သည်။ ၁၉၅၃ မတ်လတွင် ထိုစဉ်က အိန္ဒိယ ဝန်ကြီးချုပ် နေရူးနှင့် မြန်မာ ဝန်ကြီးချုပ် ဦးနုတို့ ယခုလက်ရှိ နာဂပြည်နယ်မြို့တော် Kohima (ကိုဟီးမား) သို့ ရောက်ရှိလာသည့် အခါ နာဂ ခေါင်းဆောင်များက မိမိတို့၏ သဘောထားစာတမ်း ဖတ်ကြားခွင့် တောင်းဆိုသော်လည်း အိန္ဒိယဝန်ကြီးချုပ်နေရူးက ငြင်းဆန်ခဲ့သည်။

ထိုချိန်အထိ နာဂနိုင်ငံရေးလှုပ်ရှားမှုသည် အကြမ်းမဖက် နည်းသာ ဖြစ်ပြီး လက်နက်ကိုင် တော်လှန်ရေး မဟုတ်ခဲ့ပါ။ ထိုတွေ့ဆုံမှုတွင် မြန်မာနှင့် အိန္ဒိယ ဝန်ကြီးချုပ် ၂ ဦးတည်း နယ်နိမိတ်ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုဆွေးနွေးမှုတွင် နယ်နိမိတ်အား ပတ်ကွိုင်တောင်ရိုး အတိုင်း ပိုင်းခြားရန် သဘောတူခဲ့ဟန် ရှိသည်။

လက်တွေ့တွင် ၁၉၆၇ ခုနှစ်မှစ၍ နယ်စပ်မှတ်တိုင် စိုက်ထူခြင်း လုပ်ငန်းများ စတင် လုပ်ဆောင်ခဲ့သည်။ တောင်ရိုး အတိုင်း ပိုင်းခြားခဲ့ခြင်း၏ အထင်ကရ သက်သေအထောက်အထားမှာ ယခုလက်ရှိ လဟယ်မြို့နယ်ရှိ လုံဝတိန်ခရွာ ဖြစ်သည်။ အဆိုပါရွာသည် အိန္ဒိယဘက်တခြမ်း၊ မြန်မာဘက် တခြမ်းဖြစ်ခဲ့ပြီး ရွာစော်ဘွား၏ အိမ် အလယ်တည့်တည့်မှ နယ်ခြားမျဉ်း ဖြတ်ထားသဖြင့် အိမ်ရှေ့၏ တပိုင်းက မြန်မာနိုင်ငံတွင်ဖြစ်ပြီး ကျန်တပိုင်းမှာ အိန္ဒိယနိုင်ငံဘက်တွင်ဖြစ်နေသည်ကို ယခုအချိန်ထိတွေ့မြင်နိုင်သည်။

ထိုခရီးစဉ်နောက်ပိုင်းတွင် အိန္ဒိယမှ တပ်အင်အား ၂ သိန်းကျော် နာဂဒေသသို့စေလွှတ်ပြီး အမြစ်ပြတ်ချေမှုန်းရေးစစ်ဆင်မှု စတင်ခဲ့ရာ ရက်စက်ကြမ်းကြုတ်လှသဖြင့် နာဂဖက်ဒရယ်လွှတ်တော်၏ ဆုံးဖြတ်ချက်အရ ၁၉၅၅ ခုနှစ်၊ မတ်လတွင် နာဂတပ်မတော် (Naga Army) အား စတင်ဖွဲ့စည်းခဲ့သည်။ ဤသည်မှာ နာဂနိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် ပထမဦးဆုံး လက်နက်ဆွဲကိုင်ရသည့် အခြေအနေသို့ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုချိန်မှစတင်ခဲ့သည့် စစ်ပွဲများကြောင့် ယနေ့အချိန်အထိ နာဂလူဦးရေ နှစ်သိန်းကျော် သေကြေပျက်စီးခဲ့ပြီးဖြစ်သည်။ မြန်မာစစ်တပ်နှင့်လည်း ၂၀၀၀ ခုနှစ်ဝန်းကျင်ခန့်အထိ တိုက်ပွဲများ ဖြစ်ခဲ့သည်။

စာချုပ် ချုပ်ဆိုခြင်းနှင့် သဘောထားကွဲလာခြင်း

နှစ်ပေါင်း ၂၀ ကြာ အိန္ဒိယ-နာဂ စစ်ဖြစ်ပြီးနောက် ၁၉၇၅ ခုနှစ်တွင် NNC ခေါင်းဆောင်အချို့နှင့် အိန္ဒိယအစိုးရတို့သည် ၁၀ နှစ်အကြာတွင် စာချုပ်ကို ပြန်လည်သုံးသပ်ခွင့်ရှိသည့် Shilong Accord (ရှီလောင်စာချုပ်) ကို ချုပ်ဆိုခဲ့သည်။ အဆိုပါ စာချုပ်တွင် အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်ခံရန်နှင့် လက်နက်စွန့်ရန်တို့ ပါဝင်သည်။ အဆိုပါ စာချုပ်အား အချို့ NNC ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များက လက်မခံခဲ့ပါ။

ထို့ကြောင့် ပထမဦးဆုံး အနေဖြင့် စာချုပ်လက်ခံအဖွဲ့ (NNC – Accord) နှင့် စာချုပ် လက်မခံအဖွဲ့ (NNC-Non-Accord) အဖြစ် နှစ်ခြမ်းကွဲခဲ့သည်။ လက်မခံသည့်အဖွဲ့တွင် ဥက္ကဋ္ဌနှင့် ခေါင်းဆောင်အများစု ပါဝင်သည်။ အဆိုပါ ရှီလောင်စာချုပ် အားလည်း ယနေ့ထိတိုင် အကောင်အထည် မဖော်သည့် အသက်မဝင်သော စာချုပ်သာဖြစ်ခဲ့သည်။

ထို့အပြင် အချို့ခေါင်းဆောင်များက ဥပဒေအရ NNC သည် နာဂအချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်အား စွန့်လွှတ်လိုက်ပြီဟု ခံယူလျက် နိုင်ငံရေး အဖွဲ့အစည်းအသစ် National Socialist Council of Nagaland (NSCN) ကို ၁၉၈၀ ခုနှစ်တွင် ဖွဲ့စည်း လိုက်ကြသည်။ NSCN သည်လည်း ခေါင်းဆောင်မှု အကြပ်အတည်းကြောင့် ၁၉၈၈ ခုနှစ်တွင် NSCN – IM နှင့် NSCN – K အဖြစ် နှစ်ခြမ်းကွဲခဲ့သည်။

ထိုသို့ ကွဲနေခြင်းမှာ ခေါင်းဆောင်မှုနှင့် အယူဝါဒ အနည်းငယ် ကွဲပြားခြင်းသာ ဖြစ်ပြီး မြန်မာပြည် နာဂနှင့် အိန္ဒိယပြည် နာဂ ဟူ၍ ကွဲပြားနေခြင်း မဟုတ်ပေ။ ထို့ကြောင့် နာဂနိုင်ငံရေးတွင် “ဟိုဘက်၊ ဒီဘက်” ဟူ၍ ခွဲခြား၍ မရနိုင်ပါ။ မြန်မာပြည် အခြေစိုက်အဖွဲ့များတွင် အိန္ဒိယဘက် နာဂနယ်မြေအတွင်း မွေးဖွားသည့် နာဂများစွာ ပါဝင် နေသကဲ့သို့ အိန္ဒိယ အခြေစိုက်အဖွဲ့များတွင်လည်း မြန်မာဘက်က နာဂနယ်မြေအတွင်း မွေးဖွားသည့် နာဂများစွာ ရှိနေပြန်သည်။

နိုင်ငံရေး တရားဝင်မှု

နာဂလူမျိုးများသည် ယနေ့အချိန်အထိ ဥပဒေအရ စည်းနှောင်မှုရှိသော နိုင်ငံရေး သဘောတူစာချုပ်အား မည်သူနှင့်မျှ ချုပ်ဆိုခဲ့ခြင်း မရှိပါ။ အိန္ဒိယနှင့် ချုပ်ဆိုခဲ့သည့် ရှီလောင်စာချုပ်မှာလည်း တရားမဝင်ခဲ့ပါ။ မြန်မာပြည် ပင်လုံစာချုပ် ချုပ်ဆိုစဉ်ကလည်း နာဂလူမျိုးများ တရားဝင် ပါဝင်ခဲ့ခြင်း မရှိပေ။ မတူညီသော အင်အားစုများ ပေါင်းစုမိစေရန် သဘောတူညီချက်နှင့် ကတိကဝတ်များ လိုအပ်သည်။

နာဂလူမျိုးများသည် ယနေ့ခေတ် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ မဖြစ်တည်ခင် ကတည်းကပင် သီးခြား လွတ်လပ်သည့် လူမျိုးအဖြစ် တည်ရှိခဲ့ကြပြီး တရားဝင်မှု ရှိစေရန်လည်း ကိုလိုနီဗြိတိသျှထံ မိမိတို့၏ သဘောထားကို ပေးပို့ တောင်းဆိုခဲ့သည်။ ထို့ကြောင့် ဗြိတိသျှများ ပြန်သွားချိန်တွင် ယခင်လွတ်လပ်သည့် အတိုင်းပင် ရှိနေခွင့်မှာ နာဂလူမျိုး၏ နိုင်ငံရေး အခွင့်အရေးပင် ဖြစ်သည်။
ဗြိတိသျှထံမှ လွှတ်လပ်ရေးကြေညာရာတွင်လည်း အိန္ဒိယနိုင်ငံထက် တရက်စောပြီး မြန်မာနိုင်ငံထက် လေးလကျော် စောသည့် အတွက် အရင်ဖြစ်တည်မှု (prior existence) ရှိခဲ့သည်။ ထို့ကြောင့် နာဂနိုင်ငံတော် ဆိုသည့် သဘောတရားမှာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ လွှတ်လပ်ရေး မရမီ ကတည်းကပင် ရှိနှင့်ပြီး ဖြစ်သည့် အတွက် နာဂနယ်မြေသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအတွင်း တည်ရှိနေခြင်း မဟုတ်ဘဲ မြန်မာနယ်နိမိတ်နှင့် အိန္ဒိယနယ်နိမိတ်တို့ကသာ နာဂနိုင်ငံအတွင်း ဝင်ရောက် တည်ရှိနေသည့် သဘောဖြစ်သည်။

လက်ရှိအခြေအနေ

လက်ရှိအခြေအနေတွင် နာဂ လက်နက်ကိုင်အဖွဲ့အစည်းမှာ အရေအတွက်အားဖြင့် မနည်းပါ။ လှုပ်ရှားမှုရှိသော အဖွဲ့များ အမည်ကို ဖော်ပြရလျှင် NSCN-IM, NSCN-K, NSCN-U, NSCN-R, NNC-A, NNC-NA တို့ ဖြစ်သည်။ ထိုအဖွဲ့များတွင် အချို့မှာ မိမိတို့၏ နိုင်ငံရေး ရပ်တည်ချက်ကိုပင်လျှင် ရှင်းရှင်းလင်းလင်း မချပြနိုင်သည့် အတွက် လူထုထောက်ခံမှုလည်း မရှိပါ။

၎င်းတို့၏ နိုင်ငံရေးဝါဒ အရ ခွဲပြောရမည် ဆိုလျှင် NNCs များမှာ “နာဂလူမျိုးသည် ၁၉၄၇ သြဂုတ်လ ၁၄ ရက် ကတည်းက လွှတ်လပ်ရေး ကြေညာခဲ့ပြီး ဖြစ်သည့်အတွက် အချုပ်အခြာအာဏာ ပိုင်နိုင်ငံ ဖြစ်သည့် နာဂနိုင်ငံတော်အား အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့က မတရား ကိုလိုနီပြု သိမ်းပိုက်ထားခြင်း ဖြစ်၍ ကိုလိုနီပြုခြင်းမှ ဆုတ်ခွာပေးရန် တောင်းဆို တိုက်ပွဲဝင်ခြင်း ဖြစ်သည်” ဟုဆိုသည်။

NSCNs များမှာ “နာဂလူမျိုးများသည် ယခင်ကတည်းက သီးခြားလွတ်လပ်သည့် လူမျိုးဖြစ်ပြီး အိန္ဒိယ၊ မြန်မာတို့နှင့် မတူကွဲပြားသည့် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေး သမိုင်းကြောင်းရာများ အရ သီးခြား အချုပ်အခြာအာဏာပိုင် နိုင်ငံ ထူထောင်ခွင့်ရှိသည်” ဟုဆိုသည်။ အမည်များ၏ အနောက်မှ အတွဲများမှာ အဖွဲ့ခေါင်းဆောင် အသီးသီး၏ အမည်အစ စာလုံးများ ဖြစ်ပြီး ခွဲခြား၍ လွယ်ကူစေရန် ပြည်သူလူထုက ထည့်ထားခြင်း ဖြစ်သည်။ ၎င်းတို့၏ တရားဝင်အမည်များတွင် အဆိုပါနောက်တွဲစာလုံးများ မပါဝင်ပါ။

လက်ရှိ အခင်းအကျင်း အရ အရေးပါသည့်အဖွဲ့များမှာ NSCN-IM နှင့် NSCN-K တို့ဖြစ်သည်ဟု ဆိုနိုင်သည်။ NSCN-IM မှာ အိန္ဒိယဘက် နာဂနယ်မြေတွင် ဌာနချုပ် တည်ရှိပြီး ယခု လက်ရှိ အိန္ဒိယ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အဖွဲ့ ဖြစ်သည်။ ငြိမ်းချမ်းရေးမူဘောင် သဘောတူညီချက် စာချုပ် (Framework Agreement) တခုလည်း ရေးထိုးထားပြီး ဖြစ်ကြောင်း သိရှိရသော်လည်း သဘောတူညီချက် အသေးစိပ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။

မီဒီယာများမှ တဆင့် အကြမ်းဖျင်း သိရသည်မှာ NSCN-IM ၏ တောင်းဆို ဆွေးနွေးမှုများတွင် အိန္ဒိယဘက် ပြည်နယ် ၄ ခု (Nagaland, Manipur, Assam, Arunachal Pradesh) တွင် ကျရောက်နေသည့် နာဂ နယ်နိမိတ် အားလုံး တစုတစည်းတည်း ဖြစ်ရေး၊ အိန္ဒိယနိုင်ငံနှင့် ဘဏ္ဍာရေး၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးတို့ ပူးပေါင်းပြီး ကျန်သည့် လုပ်ပိုင်ခွင့်များအား နာဂနိုင်ငံ အစိုးရကသာ စီမံခန့်ခွဲရေးတို့ ဖြစ်သည်ဟု သိရှိရသည်။

ယခုနောက်ပိုင်း ထပ်မံကြားသိရသည်မှာ နိုင်ငံတော်အလံ ၂ ခု (နာဂအလံနှင့် အိန္ဒိယအလံ) ပူးတွဲ အသုံးပြုမည် ဟုလည်း နာဂဘက်မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်က ထုတ်ဖော် ပြောကြားခဲ့သည်။ အခက်အခဲ အနေဖြင့် ပထမ အချက်တွင် ကြန့်ကြာနေခြင်း ဖြစ်နိုင်သည်။ အထူးသဖြင့် Manipur ပြည်နယ် အစိုးရမှ နာဂနယ်နိမိတ် ပေါင်းစည်းရေးနှင့် ပတ်သက်ပြီ အပြင်းအထန် ကန့်ကွက်နေခြင်းဖြစ်ပြီး၊ ယင်းကိစ္စကြောင့် မဏိပူ ပြည်နယ်တွင် လူမျိုးရေး ပဋိပက္ခများလည်း ဖြစ်ပွားခဲ့ဖူး သည်။

NSCN-IM အနေဖြင့် လက်ရှိအချိန်အထိ မြန်မာပြည်ဘက်မှ နာဂလူမျိုးများ အရေး ပြောဆိုမှု မတွေ့ရသေးပါ။ ထိုသို့ မပြောသော်လည်း NSCN-IM သည် မြန်မာပြည်ဘက်မှ နာဂများနှင့် သက်ဆိုင်မှု မရှိဟုလည်း ပြော၍ မရနိုင်ပေ။

NSCN-K ၏ ရပ်တည်ချက်မှာ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် မြန်မာပြည် မီဒီယာများသို့ ထုတ်ဖော် ပြောကြားထားသည့် အတိုင်း မြန်မာနှင့် အိန္ဒိယ ၂ နိုင်ငံလုံးရှိ နာဂလူမျိုးများ အတွက် အကျုံးဝင်မှုရှိမည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုရှိမှသာ NCA သို့မဟုတ် အခြားသော ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်မည် ဟု ဆိုသည်။

NSCN-K သည် နာဂမဟုတ်သည့် အိန္ဒိယအရှေ့မြောက်ဒေသရှိ အခြား လက်နက်ကိုင်အဖွဲ့အစည်းများအား ၎င်း၏ ဦးဆောင်မှုအောက်သို့ စုစည်းပြီး အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း ကိုးဖွဲ့ပါဝင်သည့် အနောက် အရှေ့တောင် အာရှ တော်လှန်ရေး တပ်ပေါင်းစု (United Liberation Front of Western South East Asia – UNLFW) အား ဖွဲ့စည်းခဲ့သည်။

အဆိုပါအဖွဲ့၏ ရည်ရွယ်ချက်မှာ မြန်မာပြည်ဘက် နာဂဒေသ အပါအဝင် မနုဿဗေဒ အရ အရှေ့တောင်အာရှရုပ်ပေါက် သည့် လူမျိုးများ နေထိုင်ရာ အိန္ဒိယအရှေ့မြောက် ပြည်နယ်များ အားလုံး (၇ ပြည်နယ်) အိန္ဒိယပြည်ထောင်စုနှင့် မပေါင်းစည်းဘဲ သီးခြား ကွန်ဖက်ဒရေးရှင်း ပြည်ထောင်စုတခု တည်ထောင်ရန် ဖြစ်သည်။

ဤ အစုအဖွဲ့ကို ဦးဆောင်နေသည်မှာ NSCN-K ဖြစ်ပြီး တရုတ်နိုင်ငံနှင့်လည်း နီးစပ်သည့် ဆက်ဆံရေး ရှိသည့် အတွက် အိန္ဒိယအစိုးရက စိတ်မအေး ဖြစ်ရသည့် တပ်ပေါင်းစု တခုဖြစ်သည်။ ယခုအချိန်တွင် NSCN-K ဥက္ကဋ္ဌ SS Khaplang မှာ ၂၀၁၇ ခုနှစ် ဇွန်လက လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည့် အတွက် နောက်တက်လာသည့် ခေါင်းဆောင်များ၏ Political will မည်သို့ ပြောင်းလဲလာမည် ဆိုသည်မှာ နာဂပြည်သူများ ကိုယ်တိုင်လည်း သိရှိလိုကြသည်။

ပြည်သူလူထု၏ အခြေအနေ

ယခု အခြေအနေတွင် နာဂပြည်သူလူထု အကြားတွင်လည်း သဘောထားအမြင် အမျိုးမျိုး ရှိကြသည်ကို တွေရသည်။ ဤအချက်အား သိနိုင်သည့် အချက်မှာ ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့တဲ့ နာဂ အမျိုးသားညီလာခံ ဖြစ်သည်။ နိုင်ငံရေးနှင့် ပတ်သက်ပြီး ညီလာခံ၏ အထင်ကရ ဆုံးဖြတ်ချက်တခုမှာ “ဗဟိုချုပ်ကိုင်မှုနည်းသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်အား နာဂ ပြည်သူများက လက်ခံမည်” ဟူသည့် ဆုံးဖြတ်ချက်ရှိခဲ့သည်။

ဤ ဆုံးဖြတ်ချက်ကိုလည်း မီဒီယာများမှ တရားဝင် ထုတ်ပြန်ခဲ့သည်။ သို့သော် လုံးဝ လွှတ်လပ်ရေးသာ လိုလားသည့် နာဂ မျိုးဆက်သစ်များလည်း ရှိနေပြန်သည်။ နာဂလူမျိုးများ (အထူးသဖြင့် မြန်မာပြည်ဘက်ရှိ နာဂများ) သည် ယနေ့အချိန် အထိ ဖွံ့ဖြိုးမှု နောက်ကျနေသေးသည်မှာ မှန်သော်လည်း ယခုထက် ပို၍ မဖွံ့ဖြိုးခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်ကပင် မိမိတို့၏ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ ချမှတ်ခဲ့ခြင်းသည် ရုပ်ဝတ္ထုဖွံ့ဖြိုးတိုးတက်မှုကြောင့် မဟုတ်ခဲ့သည်မှာ အထင်အရှား ဖြစ်ပေသည်။

ယခုအချိန်သည် နာဂလူမျိုးများ လမ်းဆုံလမ်းခွတွင် ရောက်နေသည်မှာ မမှားပေ။ အများစုက မည်သည့်ဘက်တွင် ဦးတည်သွားမည် ဆိုခြင်းမှာ အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရများ သာမက သက်ဆိုင်ရာ တိုင်းပြည်ရှိ ပြည်သူများကပါ နာဂလူမျိုးများအား မည်သို့ ဆက်ဆံပြောဆိုမည် ဆိုသည့် အပေါ်တွင် များစွာ မူတည်လိမ့်မည်။

နာဂ အရေးသည် နာဂ မဟုတ်သူများ အတွက် မဆိုထားနှင့် နာဂလူမျိုးများ အတွက်ပင်လျှင် ရှုပ်ထွေးလှသည်။ မတူညီသော နိုင်ငံရေး လားရာများ ကြားတွင် မည်သည့်ဘက် လိုက်ရမည်ကို နာဂ ပြည်သူအများစုမှာ ဝေခွဲမရ ဖြစ်ကြရသည်။

သို့သော် နာဂလူမျိုးများ အတွက် မည်သို့သော နိုင်ငံရေးရလဒ် ဖြစ်စေ ငြိမ်းချမ်းလွတ်လပ်စွာ နေထိုင်နိုင်ရေး၊ မိမိတို့၏ ရိုးရာ ယဉ်ကျေးမှုအား လွတ်လပ်စွာ ကျင့်သုံးခွင့် ရှိရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံတွင် ကျရောက်နေသော နာဂလူမျိုးများ အချင်းချင်း လွတ်လပ်စွာ ဆက်သွယ်သွားလာခွင့်နှင့် ကူးသန်းရောင်းဝယ် ဖောက်ကားခွင့် ရှိရေးတို့သည် နာဂပြည်သူလူထု၏ တန်ဖိုးထားလိုလားမှုများဖြစ်သည်။

နာဂ အရေးသည် “ညအမှောင်ထဲတွင် ကမ်းကို ရှာဖွေနေသော လှေသူကြီး” ဟု ဆိုခြင်းထက် “မည်သည့် လှေဖြင့် ငါးဖမ်းသွားမည်ကို ရွေးချယ်နေသော တံငါသည်” ဟုဆိုလျှင် ပိုမှန်နိုင်မည် ထင်ပါသည်။

(Banner Tort Reign သည် မြန်မာပြည်ဘက်မှ နာဂကျောင်းသားနှင့် လူငယ် အရေး လုပ်ဆောင်နေသူ တဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading