ဆောင်းပါး

ရခိုင်ပြည်နယ်က ကင်ဆာကို ကိုဖီအာနန်ကော်မရှင် ကုပေးနိုင်ခဲ့သလား

Want create site? Find Free WordPress Themes and plugins.

ယမန်နှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဖွဲ့စည်းပေးခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် အဖွဲ့ဝင် ၉ ဦးပါဝင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ လုပ်ပိုင်ခွင့် သက်တမ်းမှာ ယခုသြဂုတ်လကုန်တွင် ပြီးဆုံးတော့မည်ဖြစ်သည်။

ကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်ရန် ကိုဖီအာနန်သည် မြန်မာနိုင်ငံသို့ ယခုအပတ်အတွင်းလာရောက်နေပြီဖြစ်ပြီး နေပြည်တော်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု ကော်မရှင်အဖွဲ့ဝင် ဟာဂျီဦးအေးလွင် ပြောပြချက်အရသိရသည်။

ထိုကော်မရှင်ကို အစိုးရက ဖွဲ့စည်းခဲ့ခြင်းမှာ ပဋိပက္ခများကြောင့် ချွတ်ခြုံကျနေသော ရခိုင်ပြည်နယ်အတွက် ရေရှည်ဖြေရှင်း ချက်များအကြံပေးရန် ရခိုင်ဗုဒ္ဓဘာသာ နှင့်မွတ်ဆလင်အသိုင်းအဝန်းတို့၏ ခံစားခဲ့ရသော စိတ်ဒဏ်ရာများကို ကုစားပေးနိုင်မည့် နည်းနာများရှာဖွေပေးရန်ဖြစ်သည်။

ထိုကော်မရှင်တွင် နိုင်ငံတကာမှ ပညာရှင် အဖွဲ့ဝင် ၃ ဦးနှင့် မြန်မာနိုင်ငံမှ အဖွဲ့ဝင် ၆ ဦးပါဝင်သည်။ မြန်မာနိုင်ငံမှ အဖွဲ့ဝင်များတွင် ဗုဒ္ဓဘာသာရခိုင်နှစ်ဦး၊ ရန်ကုန်မှ မွတ်ဆလင် ၂ ဦးနှင့်အစိုးရ၏ ကိုယ်စားလှယ် ၂ ဦးပါဝင်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးနှင့် ကိုဖီအာနန်ဖေါင်ဒေးရှင်းတို့အကြား ကော်မရှင်၏လုပ်ငန်းများအတွက် နားလည်မှု စာချွန်လွှာတရပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ သို့သော် ထိုနားလည်မှုစာချွန်လွှာ၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

ကော်မရှင်၏ အခက်အခဲများ

ကော်မရှင်ကို စတင်ဖွဲ့စည်းစဉ်ကပင် အခက်အခဲများက ဆီးကြိုနေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်အမျိုးသားပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီအများအပြားက ကန့်ကွက်ခဲ့ခြင်းတို့ပါဝင်သည်။ မြန်မာ့ပြည်တွင်းရေးကိုနိုင်ငံခြားက ဝင်ရောက်စွက်ဖက်သည်ဟုဆိုကာ ထိုကော်မရှင် ကို ဖျက်သိမ်းရန် ရခိုင်လူထုအများစုပါဝင်သော ဆန့်ကျင်ကန့်ကွက်တောင်းဆိုကြသည်။

ကော်မရှင်ဖွဲ့စည်းပြီး တစ်လခန့် အကြာ ၂၀၁၆ ခုနှစ်အောက်တိုဘာလတွင် မွတ်ဆလင်စစ်သွေးကြွများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများကို ချိန်ကိုက်တိုက်ခိုက်ခဲ့သည်။ လက်နက်များအမြောက်အများ လုယူပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးကိုလည်းသတ်ဖြတ်ခဲ့သည်။

စစ်သွေးကြွများကို နှိမ်နှင်းရန် တပ်မတော်က လနှင့်ချီကြာသော နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတခုဆင်နွဲပြီး တမြို့နယ်လုံးရှိ မွတ်ဆလင်ကျေးရွာများတွင် သံသယရှိသူများကို လိုက်လံရှာဖွေခဲ့သည်။

ထိုစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာမွတ်ဆလင် ၇၀၀၀၀ ကျော် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးရပြီး လူ ၁၀၀၀ ခန့်သေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။ လုံခြုံရေးတပ်ဖွဲ့များသည် ရွာများကို မီးရှို့ခြင်း၊ အဓမ္မ ပြုကျင့်ခြင်း၊ တရားမဲ့ညှင်းပမ်းနှိပ်စက်သတ်ဖြတ်များ ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များကလည်း စွပ်စွဲ လာကြသည်။

မြန်မာအစိုးရ ထိုစွပ်စွဲချက်များကို ပယ်ချခဲ့သည်။ ထိုရာဇဝတ်မှုများကို စစ်သွေးကြွများက ကျူးလွန်သည်ဟု ပြန်လည်ချေပသည်။ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း စစ်သွေးကြွ ၈၀ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦးသေသည်ဟု မြန်မာအာဏာပိုင်များက ဇွန်လတွင် ကြေညာသည်။ အခြားသံသယရှိသူ ၄၈၅ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

အောက်တိုဘာလ တိုက်ခိုက်မှုသည် လက်နက်ကိုင်ရဲတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဆိုသော်လည်း အထူးသဖြင့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်နှင့် ဗုဒ္ဓ ဘာသာအသိုင်းအဝန်းများအကြား အပြန်အလှန် ယုံကြည်မှုကို တဖန် ထိခိုက်စေခဲ့သည်။ ဧရာဝတီသတင်းဌာန သတင်းထောက်သည် လွန်ခဲ့သောနှစ်က မောင်တောမြောက်ပိုင်းရှိ မွတ်ဆလင်ကျေးရွာအများအပြားသို့သွားရောက်ခဲ့ပြီး ရွာအများအပြားတို့မှာ လူသူကင်းမဲ့နေပြီး အချို့ရွာများ ဆိုလျှင် ပြာပုံအတိကျန်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

ရံဖန်ရံခါ အမျိုးသမီးများနှင့် ကလေးများကို တချို့ရွာတွင် တွေ့ရသော်လည်း လူစိမ်းတွေ့လျှင်ထွက်ပြေးကြသည်။ သတင်းသမားဖြစ်ကြောင်း သတင်းထောက်ကတ် အထောက်အထားပြသည့်တိုင် မယုံကြ။

ဗုဒ္ဓဘာသာ ရခိုင်များသည် ပြည်နယ်တွင် အများစုဖြစ်သော်လည် မောင်တောမြောက်ပိုင်းဒေသတွင်မူ လူနည်းစုဖြစ်ကြသည်။ ၎င်းတို့သည် နောက်ထပ်တိုက်ခိုက်ခံရမည်ကို ကြောက်လန့်နေကြသည်။ အုပ်ချုပ်ရေးမှုးများက ကျေးရွာများတွင် ညဖက်တွင် ကင်းစောင့်များချထားကြသည်။ မောင်တောမြို့ပေါ်သို့ သွားသည့်အခါ မွတ်စလင် ကျေးရွာများကို ဖြတ်သန်းသွားရသောကြောင့် တဦးတည်း ဖြတ်သန်းသွားလာခြင်းကိုရှောင်ရှားကြသည်။

အထက်ပါအခြေအနေများသည် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အတွက် စိန်ခေါ်မှုများဖြစ်ပင်ဖြစ်သည်။

အစိုးရအတွက် ဒိုင်း

ကိုဖီအာနန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲခံရသည့် ကျေးရွာများအပါအဝင် ရခိုင်ပြည်နယ်မြို့နယ် အများအပြားသို့ ၂၀၁၆ ခုနှစ်နိုဝင်ဘာလနှောင်းပိုင်းက သွားရောက်ခဲ့သည်။

ယင်းသို့ သွားရောက်ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဝန်ကြီးဌာနအကြီးအကဲအများအပြားနှင် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ ယင်းနောက် ကိုဖီအာနန်သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် စာနယ်ဇင်းများ၏ မေးခွန်းများကို လက်ခံဖြေကြားခဲ့သည်။

သတင်းထောက်များက မစ္စတာကိုဖီအာနန် သွားရောက်ဖြစ်ခဲ့သည့် မောင်တောကျေးရွာများ၊ အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပျက်ခဲ့သည်ဆိုသောနေရာတို့တွင် နိုင်ငံတကာနှင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို စွပ်စွဲသကဲ့သို့ လူမျိုးတုန်းသတ်ဖြတ်မှုများ မျက်မြင်တွေ့ရှိခဲ့ခြင်းရှိမရှိ မေးမြန်းခဲ့ကြသည်။

“လူမျိုးတုန်းဖြုတ်သတ်ဖြတ်မှုဆိုတာ တရားစွဲဆိုမှု တရားစီရင်ဆုံးဖြတ်မှုတွေအတွက် ဥပဒေကြောင်းအရ ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်တဲ့ အင်မတန်ပြင်းထန်တဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းဟာ လက်လွတ်စပယ်သုံးရမယ့် စွပ်စွဲချက် တခုမဟုတ်ပါဘူး” ဟု ကိုဖီအာနန်ကပြန်လည်ဖြေကြားခဲ့သည်။

ကိုဖီအာနန်၏ ပြောဆိုချက်သည် ပြည်ပခရီးသွားတိုင်း ရိုဟင်ဂျာအရေး ရင်ဆိုင်ဖြေရှင်းနေရသော ဒေါ်အောင်ဆန်းစုကြည်အတွက် အထောက်အကူဖြစ်စေခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီလက အင်္ဂလန်နိုင်ငံသို့သွား ရောက်သည့် ခရီးစဉ်အတွင်း BBC သတင်းဌာနနှင့် ရှားရှားပါးပါးပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် သတင်းထောက် Fergal Keane က မောင်တောတွင် လုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သည်။

“အဲဒီမှာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်နေတယ်လို့ ကျမ မထင်ပါဘူး။ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လူမျိုးတုန်း သတ်ဖြတ်မှုလို့ သုံးနှုန်းတာဟာ သိပ်ကိုပြင်းထန်တဲ့ ဖော်ပြချက်တခုပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုခဲ့သည်။ ထို့အပြင် မြေပြင်တွင် ရန်လိုသည့်တုန့်ပြန်မှု အမြောက်အများရှိသည်ကိုလည်း ရှင်းပြခဲ့သည်။

“မွတ်စလင် အချင်းချင်းလည်း သတ်ဖြတ်နေကြတာပါပဲ။ တကယ်လို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထင်ရင်ပေါ့” ဟု သူက ပြောသည်။

ဇူလိုင်လအတွင်း ဧရာဝတီသတင်းဌာနက သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ သူက သြဇာ ကြီးမားသော ငြိမ်းချမ်းရေးသံတမန် ကိုဖီအာနန်ကိုကော်မရှင်တွင် ခန့်ထားခြင်း၏ အကျိုးကျေးဇူးများကို အောက်ပါကဲ့ သို့ပြောကြားခဲ့ပါသည်။

“နိုင်ငံတကာအသိုင်းအဝန်းက စွပ်စွဲလာတိုင်း ကျနော်တို့က ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက် အတိုင်း လုပ်ဆောင်နေတယ်လို့ ပြန်ဖြေပါတယ်။ ကော်မရှင်ဟာ ကျနော်တိုကအတွက် ဒိုင်း တခုလိုပဲ” ဟု ဦးဇော်ဌေးကဆိုသည်။

ကြားဖြတ်အစီရင်ခံစာ အကြံပြုချက်များ

၇ လကြာသောအခါ ၂၀၁၇ ခုနှစ် မတ်လတွင် ကော်မရှင်သည် ကြားဖြတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မီဒီယာနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များ သွားရောက်ခွင့်ကန့်သတ်ခြင်းကို ရုတ်သိမ်းရန် အကြံပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က အကြံပေးကော်မရှင်ကို ဖွဲ့စည်းပြီးနောက် ဒေသတွင် ကြုံတွေ့နေရသော အကျပ်အတည်းမှာ ပိုမိုနက်ရှိုင်းကာ ပြောင်းလဲလာကြောင်း ကိုဖီအာနန်က ဝန်ခံထားသည်။ သို့သော် ကော်မရှင်၏ ဦးတည်ချက် ဖြစ်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဟု ကတိပေးသည်။

ကော်မရှင် အဖွဲ့ဝင် ၃ ဦးတို့သည် အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ကြပြီး ရိုဟင်ဂျာထောင်ပေါင်းများစွာ ဆင်းရဲနိမ့်ကျစွာ နေထိုင်နေသည့် ကော့ဗဇားနှင့် တက်နဖ်ခရိုင်များသို့သွားရောက်လေ့လာခဲ့ကြသည်။ ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် လူကုန်ကူးမှုတားဆီးရေးတို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးတွဲကော်မတီတရပ်ဖွဲ့စည်းရန်လည်း ကော်မရှင်က အစိုးရကိုအကြံပေးထားသည်။

ရခိုင်ပြည်ရှိ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ စခန်းများအားလုံးကိုပိတ်ပြစ်ရန်နှင့် နိုင်ငံသားဖြစ်ခွင့်ရှိသူ နိုင်ငံမဲ့ မွတ်ဆလင်များအတွက် နိုင်ငံသားစီစစ်ရေးလုပ်ငန်းများအတွက် တိကျသောအချိန် သတ်မှတ်ချက်ချရန်လည်း ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာတွင် အကြံပြုထားသည်။

ထို့အပြင် နိုင်ငံသားများ လွတ်လပ်စွာသွားလာခွင့်နှင့် ပညာသင်ကြားခွင့်ပေးရန်လည်း အစိုးရကို ကော်မရှင်က တိုက်တွန်းထားသည်။ ဒေသတွင်းရှိ တသန်းကျော် မွတ်ဆလင်များ အနက် ၂၀၀၀ ခန့်ကိုသာ နိုင်ငံသားများအဖြစ် သတ်မှတ်ထားကြောင်း ကော်မရှင်၏ အစီရင်ခံစာအရသိရသည်။

အစိုးရဆောင်ရွက်ချက်များနှင့် စိန်ခေါ်မှုအသစ်များ

ကော်မရှင်အကြံပြုချက်အတိုင်း အစိုးရသည် မီဒီယာအချို့ကို ရွေးချယ်ပြီး အစိုးရအရာရှိများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အစောင့်အကျပ်ဖြင့် ပဋိပက္ခဒေသသို့ နှစ်ကြိမ် သွားရောက်ခွင့်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရသည် ကော်မရှင်က အကြံပေးသည့်အတိုင်း ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်များရှိ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရသူ စခန်းတချို့ကိုလည်း ပိတ်သိမ်းခဲ့ပြီးဖြစ်သည်။

သို့သော် အစိုးရ၏ အကောင်အထည်ဖော်သော လုပ်ငန်းစဉ်တွင် ပွင့်လင်းမြင်သာမှု မရှိပေ။ အာဏာပိုင်များသည် ရမ်းဗြဲရှိ ကမန် မွတ်ဆလင် ၁၃၀ နီးပါးကို လူတဦးလျှင် ငွေကျပ် တသိန်း (၁၀၀၀၀၀) ၊ မိသားစုတစုလျှင် ငါးသိန်း (၅၀၀၀၀၀) နှင့် လေယာဉ်လက်မှတ်များစီစဉ်ပေးပြီး ရန်ကုန်သို့ရွှေ့ပြောင်းခဲ့သည်။ ၎င်းတို့်အတွက် နေအိမ်နှင့် အလုပ်အကိုင် စီစဉ်ပေးခြင်းမရှိပေ။

၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတခုတွင် အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက မိမိတို့ အစိုးရသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မွတ်ဆလင်ဝန်ထမ်းများကိုလည်း ထိုကဏ္ဍများတွင် ပိုမိုခန့်ထားမည်ဖြစ်ကြော်း ပြောဆိုခဲ့ပါသည်။

ထိုစီမံကိန်းအတွက် အချိန်သတ်မှတ်ချက်ကို သူ အသေးစိတ်ပြောပြခြင်း မရှိသော်လည်း အကြံပေးကော်မရှင်၏ တင်ပြချက်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။

အစိုးရက ရခိုင်ပြည်နယ်အတွက် ဆောင်ရွက်နေသော်လည်း အခြားတဖက်တွင် စိန်ခေါ်မှုများ ပိုမိုများပြားလာနေသည်။ သြဂုတ်လ ၃ ရက်နေ့တွင် ဗုဒ္ဓဘာသာရခိုင်လူမျိုးစု မြိုတိုင်းရင်းသား လယ်သမား ၇ ဦး အသတ်ခံရသည်။ ကိုယ်ပေါ် တွင် ဓါးဒဏ်ရာ သေနတ်ဒဏ်ရာများ တွေ့ရှိခဲ့ပြီး မွတ်ဆလင် စစ်သွေးကြွများက သတ်ဖြတ်ခဲ့သည်ဟု သံသယရှိကြသည်။ ယင်းဖြစ်စဉ် ပေါ်ပေါက်လာပြီးနောက် တပ်မတော်က နယ်စပ်တလျှောက် စစ်သွေးကြွများကို ရှာဖွေရန် မေယုတောင်တန်းတွင် တပ်ဖွဲ့ဝင်ရာပေါင်းများစွာကို ချထားလိုက်သည်။

တပြိုင်နက်တည်းမှာပင် ရခိုင်ပြည်နယ် မောင်တောတွင် နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲများ၏ လူ့အခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာကျွမ်းကျင်သူ ၃ ဦးပါသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေး ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝန်းက ဖိအားပေးလျှက်ရှိသည်။ သို့သော် မြန်မာနိုင်ငံက ယခုအထိ ထိုအဖွဲ့ကို ပြည်တွင်းသို့ဝင်ခွင့်မပေးသေးပါ။

နောက်ဆုံးအစီရင်ခံစာ

အစိုးရသည် ရခိုင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အသိုင်းအဝန်းနှစ်ခုအကြား သဟဇာတ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ရမည်ဟု ကော်မရှင်အဖွဲ့ဝင် မြန်မာမွတ်ဆလင်ကိုယ်စားလှယ် ဟာဂျီ ဦးအေးလွင်ကဆိုသည်။

မတူညီသော ဘာသာရေး အသိုင်းအဝန်းများအကြား စိုးရွံ့ထိတ်လန့်မှုများ၊ လုပ်ကြံဖန်တီးထားသော ဇာတ်လမ်းများနှင့် အယူအဆ မှားယွင်းမှုများကို တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံရှိ ဘာသာရေးပေါင်းစုံနှင့် ပတ်သက်သော အယူအဆများကို စတင်မိတ်ဆက်ပေးရန်လည်း ကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာတွင် တင်ပြထားသည်။ အချို့သောသူများသည် ၎င်းတို့ကိုးကွယ်သော ဘာသာတရား၏ အဆုံးအမများကိုပင် နားလည်ခြင်း မရှိသည်ကို ကော်မရှင်ကတွေ့ရှိခဲ့သည်ဟု ဦးအေးလွင်က ရှင်းပြသည်။

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို တပြိုင်တည်း အကောင်အထည်ဖေါ်ရန်နှင့် ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့အကြား သယံဇာတခွဲဝေမှုပိုင်းတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရန်ုလည်း ကော်မရှင်က အစိုးရကို တိုက်တွန်းထားကြောင်း သိရသည်။

ဦးအေးလွင်က ရခိုင်လူငယ်အများအပြား မိမိပြည်နယ်စွန့်ခွာကာ ပြည်တွင်း ပြည်ပသို့ အလုပ်အကိုင်များ သွားရောက်ရှာဖွေရန် စွန့်ခွာမှု မြင့်မားနေခြင်းမှာ ရခိုင်ပြည်နယ်အတွက် စိန်ခေါ်မှုတရပ်ဖြစ်ကြောင်း အကယ်၍ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး စီမံကိန်းများကို တပြိုင်နက်တည်း အကောင်အထည်ဖော်နိုင်လျှင် ပြည်တွင်း ရွှေ့ပြောင်းနေထိုင်မှု မြင့်မားသည့် ပြသနာကိုလည်း တားဆီးနိုင်မည်ဖြစ်ကြောင်း ထောက်ပြပါသည်။

ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ၎င်းတို့ကော်မရှင် သက်တမ်းကုန်ဆုံးမည့် ရက်ပိုင်းအလိုတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကိုလည်း မှတ်တမ်းပြုစုကာ အားလုံးလွှမ်းခြုံ နားလည်နိုင်စေမည့် အကြောင်းအရာအဖြစ် ထည့်သွင်း ဆောင်ရွက်ထားကြောင်း ဆိုပါသည်။

သို့သော် အစီရင်ခံစာ၏ အားနည်းချက်တခုကို သူက ဝန်ခံခဲ့သည်။

“ရခိုင်တိုင်းရင်းသားတွေဖက်က ပူးပေါင်းဆောင်ရွက်မှုမရှိတာက အစီရင်ခံစာရဲ့ အားနည်းချက်တခုပါပဲ” ဟု ပြောသည်။

ကော်မရှင်အဖွဲ့ ဦးအေးလွင်ကမူ ၎င်းတို့၏ အကြံပြုချက်များသည် “မျှတရမည်” ဟု ကတိပြုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading