ဆောင်းပါး

မြန်မာပြည် မြောက်ပိုင်းက အမေ့ခံ စစ်ပြေးဒုက္ခသည် မိခင်များ

Want create site? Find Free WordPress Themes and plugins.

ခရစ်ယာန်ဘုရားကျောင်း ဟူသည်မှာ တပတ်တကြိမ် သွားရောက် ဝတ်ပြုကြသည့် နေရာဟုသာ အများက သိမှတ်ထားကြ သည်။ ကချင်ဒေသ ဘုရားကျောင်း အများအပြားမှာမူ ထို့ထက် ပိုသည့် သိမှတ်ထားမှုမျိုး ရှိနေသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ဘုရားကျောင်းတွင် ခိုလှုံနေကြသူများ အနက်မှ အသက် ၂၂ နှစ် အရွယ် မထွယ်လျှား ဖျားနာနေသည်မှာ ၅ ရက် ကြာပြီ ဖြစ်သည်။ စခန်းအတွင်း အသက် အငယ်ဆုံး မိခင်များထဲမှ တဦးဖြစ်သည့် မထွယ်လျှားက မြို့ဆေးရုံတွင် သွားရောက် ကုသမှု ခံယူရန် ပြင်ဆင်နေသည်။

၃၆ နှစ်အရွယ် မရီနွိုင်း ကတော့ သုံးလ အတွင်း မြို့ဆေးရုံသို့ ၂ ကြိမ် ရောက်ခဲ့ပြီး ဖြစ်သည်။ ကျန်းမာရေး ကောင်းပြီး ဝင်ငွေရှိသည့် အလုပ်အကိုင်ရလျှင် ၎င်းနှင့် ကလေး အတွက် လိုအပ်သည်များကို ဝယ်ယူနိုင်မည်ဟု နို့ထွက်နည်းနေသည့် နို့တိုက်မိခင်က မျှော်လင့်နေသည်။

ဤအမျိုးသမီး နှစ်ဦးသည် KBC စခန်းတွင် ခိုလှုံနေသူ ၄၂၅ ဦးထဲတွင် ပါဝင်သည်။ စခန်းတွင် နေထိုင်သူတို့ အာဟာရ ချို့တဲ့ သဖြင့် ၎င်းတို့၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး စခန်းတာဝန်ရှိသူ တဦးဖြစ်သည့် သင်းအုပ်ဆရာ ဦးတူးရှန်က စိုးရိမ်မကင်း ဖြစ်နေသည်။

“လူများတော့ တယောက်ဖျားရင် နောက်ထပ် လေးငါးယောက်လောက်က ဆက်တိုက်ကူးသွားတာပေါ့။ တယောက် ဝမ်းပျက်တယ် ဆိုရင်လည်း ထပ်ပြီး ကူးကုန်တာပေါ့” ဟု သင်းအုပ်ဆရာက ပြောသည်။

အမျိုးသမီး ၅ဝ ခန့် ဆေးရုံတက်နေရရာ ထက်ဝက်ကျော်မှာ မိခင်များ ဖြစ်သည် ဟု သင်းအုပ်ဆရာက ပြောသည်။

မြန်မာပြည် မြောက်ပိုင်း စစ်ရေးပဋိပက္ခကြောင့် နေရပ်မှ တိမ်းရှောင်လာကြသူများ ကျန်းမာရေး ထိခိုက်လာကြခြင်းမှာ အာဟာရချို့တဲ့မှု၏ နောက်ဆက်တွဲ အခြေအနေ ဖြစ်သည်ဟု စခန်းတွင် နေထိုင်သူတို့က ယူဆနေကြသည်။ ဒုက္ခသည် စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်လျက် ရှိရာ နို့တိုက်မိခင်တို့သည် စောင့်ရှောက်မှု အထူးလိုအပ်သူများ ဖြစ်လာသည်။

ယင်းသို့ ကျန်းမာရေး အကူအညီများ လိုအပ်နေသည့် အတောအတွင်း ပြင်ပမှ ပေးပို့လှူဒါန်းလာသည့် လမ်းတွင်တားဆီး ပိတ်ဆို့ ဟန့်တားမှုများနှင့် ရင်ဆိုင်နေရသည်။

ဟင်းရည်၊ ငါးပိ နှင့် ဆန်ပြုတ်

တနိုင်းရှိ ခရစ်ယာန် ဘုရားကျောင်းများတွင် ခိုလှုံနေကြသူ စုစုပေါင်း ၉၃၇ ဦးရှိရာ ၎င်းတို့မှာ အင်းဂါးဂါး၊ နမ်းခမ်း၊ နမ်းပျိုရွာတို့မှ ထွက်ပြေးတိမ်းရှောင် လာကြသူများ ဖြစ်ကြောင်း သိရသည်။

တုံမရီ (COC) ဒုက္ခသည် စခန်းတွင် ရောက်နေသည့် နောင်ပျိုကျေးရွာမှ ၄၈ နှစ် အရွယ် မအားနီက အလုပ်အကိုင်နှင့် ဝင်ငွေ မရှိခြင်း၊ မှီခိုနေရခြင်း တို့ကြောင့် စိတ်အားငယ်ရသည် ဟု ပြောသည်။

“ကလေးအတွက် ကတော့ အဟာရဓာတ် ပြည့်စုံအောင် မကျွေးနိုင်ဘူး။ ဆန်ပြုတ်ကျိုပြီးမှပဲ ကျွေးနိုင်တယ်။ နို့က သူ့အတွက် ဝအောင်တော့ မထွက်ဘူး။ အဆာပြေ သဘောလောက်ပဲ ထွက်တယ်” ဟု ကလေးငယ်ကို ငေးရီကြည့်ရင်း ပြောပြသည်။

ကလေးငယ်များနှင့် မိခင်များ အတွက် ဆေးဝါး၊ နို့မှုန့်နှင့် အာဟာရရှိမည့် အစားအသောက်များ လိုအပ်နေသော်လည်း စစ်ရှောင်သူ ရာနှင့်ချီ ခိုလှုံနေသော စခန်းများတွင် ထမင်း၊ ငါးပိနှင့် ဟင်းရည်ကိုသာ ကျွေးမွေးနိုင်သည်ကို တွေ့ရသည်။ အစားအသောက် မပြည့်စုံမှု ဒဏ်ကို အကြီးအကျယ် ခံရသူများထဲတွင် ရင်ခွင်ပိုက် ကလေးများ ပါဝင်သည်။

ဧဝံဂေလိ အသင်းတော် ပရဝုဏ်သို့ ရောက်ရှိနေသူ နန့်ပျိုကျေးရွာမှ ၄၈ နှစ် အရွယ် ဒေါ်အားနီက ၈ လအရွယ် ကလေးငယ်ကို နို့ချိုတိုက်ကျွေးနေရသူ ဖြစ်သည်။

နို့က သူ့ကလေး အတွက် ဝလောက်အောင် မထွက်ဘဲ အဆာပြေလောက်ပဲ ထွက်တယ် လို့ ဒေါ်အားနီက ပြောသည်။

နန့်ပျိုကျေးရွာမှ ၄၃နှစ်အရွယ် ဒေါ်အလေးမီးသည် တနိုင်းမြို့ရှိ ဧဝံဂေလိ အသင်းတော်တွင် ခိုလှုံလျက်ရှိသည်

စစ်ရှောင်စခန်းများ

စစ်ဘေးဒုက္ခသည်များ တနိုင်းမြို့ ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေသည်မှာ သုံးလ နီးပါး ရှိပြီ ဖြစ်ပြီး ကနဦးတွင် အစိုးရ အာဏာပိုင်များထံမှ ဖိအားပေးမှုများ ရှိခဲ့သည်ဟု ကချင်နှစ်ခြင်း အသင်းတော် KBC က သိက္ခာတော်ရ ဆရာတော် ဦးဒါ့ဘန်ဂျယ်ဒီက ပြောသည်။

အစိုးရ အာဏာပိုင်တို့က စစ်ဘေးဒုက္ခသည်များကို တနိုင်းမြို့တွင် မထားရှိဘဲ မြစ်ကြီးနားမြို့သို့ ပို့ဆောင်ရန် ပြောဆိုခဲ့သော်လည်း ထပ်မံဖိအားပေးလာခြင်း မရှိတော့ဟု ဆိုသည်။

မြစ်ကြီးနား၊ ဗန်းမော်၊ မန်စီစသည့် ကချင်ပြည်နယ်ရှိ မြို့များတွင် စစ်ရှောင်စခန်းများ ပေါ်ပေါက်လာသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။

ကချင်ဒေသ တကျော့ပြန် စစ်ပွဲ ၄ နှစ်အကြာတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရပ်သားအရေအတွက် ၁ သိန်းကျော် ရှိလာကြောင်း၊ ၎င်းတို့ထဲမှ ထက်ဝက်ခန့်သည် မြို့ကြီးမြို့ငယ်များ အနီးရှိ ဒုက္ခသည် စခန်းတို့တွင် နေထိုင်ကြပြီး ကျန် ထက်ဝက်သည် ကချင် လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေရှိ စခန်းများတွင် ခိုလှုံနေကြသည် ဟု ရန်ကုန်မြို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) ၏ လွန်ခဲ့သော ၃ နှစ်က စာရင်းများအရ သိရသည်။ လက်ရှိ အချိန်တွင် ထိုထက်များပြားနိုင်သည်ဟု ခန့်မှန်းရသည်။

တနိုင်းမြို့ စခန်းများသို့ လာရောက်လှူဒါန်းသူများ ရှိသော်လည်း အလှူပစ္စည်းတင် မော်တော်ယာဉ်တို့သည် သြဂုတ် ၂၁ ရက်နေ့အထိ ဝင်ရောက်ခွင့် မရသေးပေ။

ပဋိပက္ခနယ်မြေ ဖြစ်သောကြောင့် လုံခြုံရေး တင်းကျပ်ထားခြင်းကို နားလည်သော်လည်း အမှန်တကယ် လိုအပ်နေသူများ ထံသို့ အလှူပစ္စည်းများ ရောက်ရှိသွားမည် ဟု မျှော်လင့်ကြောင်း ဒေသတွင်း ဘာသာရေးခေါင်းဆောင်များ ထဲတွင် ပါဝင်သည့် သိက္ခာတော်ရ ဆရာတော် ဦးဒါ့ဘန်ဂျယ်ဒီက ပြောသည်။

ဤ အလှူပစ္စည်းများမှာ ဧဝံဂေလိ အသင်းတော်တွင် ခိုလှုံနေရသည့် ၄၃ နှစ် အရွယ် ဒေါ်အလေးမီး ကဲ့သို့ ကလေးအမေများ အတွက် အကူအညီကောင်း ဖြစ်စေနိုင်သည်။ နန့်ပျိုကျေးရွာသူ ဒေါ်အလေးမီးက မကြာခင်ကမှ နာလန်ထလာသူ ဖြစ်သော်လည်း အများနည်းတူ ထမင်း၊ ငါးပိ၊ ဟင်းရည်တို့ကိုသာ အားထားနေရသူ ဖြစ်သည်။

၃၆နှစ်အရွယ် ရင်ခွင်ပိုက်ကလေးမိခင် မရီနွိုင်းသည် သုံးလအတွင်း ဆေးရုံ နှစ်ကြိမ်တက်ပြီးနောက် အစားအသောက် ဆင်းရဲသော စစ်ရှောင်စခန်းသို့ ပြန်ရောက်လာသည်

ကလေးအတွက် အာဟာရမှာ မိခင်နို့ပြီးလျှင် ဆန်ပြုတ်သာ ရှိသည်။

“လူကြီးလည်းဘာမှ ဝယ်မစားနိုင်သလို ကလေးကိုလည်း ဘာမှ မကျွေးနိုင်ဘူး” ဟု ဒေါ်အလေးမီးက ဆိုသည်။

အိမ်ပြန်ချင်ပြီ

ဘုရားကျောင်း နယ်မြေများတွင် ခိုလှုံနေရသူများ ထဲမှ ရင်ခွင်ပိုက် ကလေးမိခင်များ၏ တူညီသော အချက်များထဲတွင် ရင်သွေးငယ် အတွက် ရုန်းကန်လိုခြင်း၊ အိမ်လွမ်းစိတ်တို့ ပါဝင်သည်။

တုံမရီနှစ်ခြင်း အသင်းတော်တွင် တွေ့ရသည့် လီဆူတိုင်းရင်းသူလည်း မကြာသေးခင်ကမှ ဆေးရုံက ဆင်းလာသူ ဖြစ်သည်။ အသက် ၂ဝ အရွယ် မအာတူးဆာသာမက သူ၏ ရင်ခွင်ပိုက် သားငယ်လည်း တနိုင်းဆေးရုံတွင် ကုသမှု ခံယူခဲ့ရသည်။ တနိုင်း၊ နမ့်ပျိုကျေးရွာတွင် နေထိုင်ခဲ့သည့် လီဆူတိုင်းရင်းသူက အလှူရှင်များကိုသာ အားကိုးနေရသည့် အတွက် စိတ်အားငယ်ရသည် ဟုပြောသည်။ ရွာပြန်ရန် အခြေအနေမပေးသည့် အခြေအနေတွင် သူက ဝင်ငွေရှိသည့် အလုပ်အကိုင် တခုကို လုပ်ကိုင်လိုသူ ဖြစ်သည်။

သူနှင့် အသက် မတိမ်းမယိမ်းရှိသူ မထွယ်လျှားကလည်း မိရိုးဖလာရွေ့ပြောင်း တောင်ယာ လုပ်ငန်းကို ပစ်ပြီး စခန်းတွင် ခိုလှုံစဉ် ကျန်းမာရေး မကောင်းသဖြင့် အားငယ်စိတ်က ပိုမို ကြီးမားလာသည်။

လူက စစ်ရှောင်စခန်းအတွင်း ရောက်နေသော်လည်း သူတို့၏ စိတ်က နမ်းခမ်းကျေးရွာသို့ ရောက်နေသည်။

“ဆေးရုံတက်ရမယ် လို့ ပြောပါတယ်။ ဖျားတဲ့ အချိန် အိမ်မှာလည်း မဟုတ်တော့ စိတ်ဓာတ်ကျပါတယ်။ ရွာကို ပြန်ချင်တယ်၊ ရွာက အိမ်ကို လွမ်းတယ်” ဟု နမ်းခမ်းကျေးရွာမှ ထွက်ပြေးလာသူ ငယ်ရွယ်သည့် နို့တိုက်မိခင် မထွယ်လျှားက ငိုရှိုက်ပြီး ခံစားချက်ကို ဖွင့်ဟသည်။

ကချင်ပြည်နယ် တနိုင်းဒေသက စစ်ဘေးရှောင် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူများ၏ အိမ်လွမ်းစိတ် ရက်စွဲများ မည်သည့် အချိန်တွင် ကုန်ဆုံးမည်ကို မည်သူမျှ မသိရှိ၊ မခန့်မှန်းနိုင်သေးပေ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading