ဆောင်းပါး

UNFC တပ်ပေါင်းစုထံ SSPP ဘာကြောင့် နုတ်ထွက်ခွင့်တောင်းသလဲ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့အဝင်အဖွဲ့အစည်း အဖြစ်မှ နုတ်ထွက်ရန် သြဂုတ်လ ၁၂ ရက်နေ့က စာတင် ထားပြီး ဖြစ်ကြောင်း သိရသည်။

ထိုသို့ နှုတ်ထွက်စာ တင်ထားကြောင်းကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်၍ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အစည်းအဝေးတွင် SSPP ဒုဥက္ကဋ္ဌ ဖြစ်သည့် ဗိုလ်ချုပ် စဝ်ခွန်ဆိုင် က တင်ပြခဲ့သည်။

ဗိုလ်ချုပ် စဝ်ခွန်ဆိုင် က “သြဂုတ် ၁၂ ရက်နေ့မှာ UNFC ဥက္ကဌ နိုင်ဟံသာကို ကျနော်တို့ အကြောင်းအရာ ရေးပြီးတော့မှ UNFC အဖွဲ့မှ နှုတ်ထွက်ခွင့် တင်ပြခြင်းဆိုတဲ့ စာကိုပေးပို့ပြီးသားဖြစ်ပါတယ်ဆိုတဲ့ အကြောင်းဒီနေရာမှာ ပြန်ပြီးတော့ ကြေညာအပ် ပါတယ် ခင်ဗျာ” ဟု တင်ပြချက်ကို ထိုအစည်းအဝေး ခန်းမထဲမှ ထွက်ပေါ်လာသော ရုပ်သံမှတ်တမ်းတွင် တွေ့မြင်ရသည်။

FPNCC နှင့် UNFC တပ်ပေါင်းစုတို့တွင် နှစ်ခွထိုင်ထားသော SSPP/SSA အနေဖြင့် UNFC ထံ ယခုကဲ့သို့ နုတ်ထွက်စာ တင်လိုက်ခြင်းသည် UNFC ကို စွန့်လွှတ်ပြီး UWSA ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်များနှင့် အတူ လုံးလုံးလျားလျား ပူးပေါင်းတော့မည်ဟု အချက်ပြလိုက်ခြင်းဖြစ်သည်။

ဤသို့ နှစ်ဖက် အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေခြင်းကြောင့် ၎င်းတို့၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသကဲ့သို့ တဖက်ဘက်သို့ အပြီးရပ်တည်ရန် တောင်းဆိုမှုလည်း ရှိလာပြီးနောက် ယခုကဲ့သို့ UNFC ထံ နုတ်ထွက်စာ တင်မှု သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

FPNCC တွင် UWSA၊ SSPP/SSA၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ပါဝင်သည်။

UNFC တပ်ပေါင်းစုထံ ထိုကဲ့သို့ နုတ်ထွက်စာတင်ရခြင်း အကြောင်းအရင်းနှင့်ပတ်သက်၍ SSPP/SSA က လူသိရှင်ကြား တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း ပထဝီ အနေအထားနှင့် စစ်ရေးအခြေအနေကြောင့် ဖြစ်နိုင်ကြောင်း ရှမ်းပြည်နယ် အရေး စောင့်ကြည့်နေသူများက သုံးသပ်နေကြသည်။

SSPP/SSA အနေဖြင့် နိုင်ငံရေးကိစ္စရပ်များတွင် UNFC တပ်ပေါင်းစုနှင့် ပူးပေါင်း လက်တွဲလုပ်ဆောင်ရာတွင် ပြဿနာ မရှိသော်လည်း ပထဝီ အနေအထားအရ စစ်ရေးပြဿနာ ကြုံတွေ့လာလျင် UNFC အနေဖြင့် ဖြေရှင်းပေးနိုင်ရန် ခက်ခဲကြောင်း ပြည်ထောင်စု အင်စတီကျူ့ (PI) ၏ ဒါရိုက်တာလည်းဖြစ် ရှမ်းပြည်နယ်အရေး စောင့်ကြည့်သူလည်းဖြစ်သည့် ဦးခွန်ဆိုင်း ကျိုင်ယင် က ပြောသည်။

ဦးခွန်ဆိုင်း ကျိုင်ယင် က “သူတို့မှာ ပြဿနာရှိတာက UNFC မှာတကယ်လို့ တပ်မတော် က သူတို့ Bilateral နှစ်ဖက် အပစ်ရပ်စဲ ထားတာမှာ လာတိုက်တယ်ဆိုရင် သူတို့ကိုကူနိုင်တာက UNFC မဟုတ်ဘူး။ ဟိုဟာ (UWSA) ပဲ ဖြစ်နေတယ်။ အထူးသဖြင့် သူတို့ရဲ့ “ဝ” မဟာမိတ်တွေ အဲ့တော့ သူတို့မှာ အခက်အခဲက အဲလိုရှိနေတဲ့ အတွက်ကြောင့် အခု လောလောဆယ် မှာတော့ သူတို့ လုပ်နိုင်တဲ့ အနေအထားမှာ သူတို့လုပ်သွားတယ်လို့ပဲ ပြောလို့ရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

SSPP/SSA အနေဖြင့် UNFC ထံ ယခုကဲ့သို့ နုတ်ထွက်ခွင့် တောင်းဆိုမှုနှင့် ပတ်သက်ပြီး အချင်းချင်း အကြားတွင် အခြေ အတင် ပြောဆိုခဲ့ကြရပြီး လတ်တလောတွင် UNFC က နုတ်ထွက်ခွင့်ပြုကြောင်း ဆုံးဖြတ်ခြင်း မရှိသေးသဖြင့် SSPP သည် UNFC အဖွဲ့ဝင် အဖြစ်သာ ဆက်ရှိနေသေးကြောင်း သိရသည်။

SSPP/SSA အား UNFC တပ်ပေါင်းစုမှ နှုတ်ထွက်ခွင့် ပြုလျင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ ၄ ဖွဲ့သာ ကျန်ရှိတော့မည်ဖြစ်သည်။

UNFC သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် အတွက် အစိုးရထံ အချက် ၈ ချက် အဆိုပြုထားပြီး ထိုအဆိုပြုချက်များထဲမှ ၄ ချက် သဘောတူညီမှုရရှိထားသကဲ့သို့ နှစ်ဘက် ဆက်ဆံရေးမှာ လည်း ကောင်းမွန်နေသည်ဟု ဆွေးနွေးဝိုင်းပါဝင်သူ နှစ်ဘက်ခေါင်းဆောင်များက ပြောသည်။

UNFC အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး မတိုင်မီ အစိုးရနှင့် NCA လက်မှတ် ရေးထိုးနိုင်မည့် အခြေအနေရှိကြောင်း သတင်းထွက်ပေါ်နေချိန်တွင် နုတ်ထွက်စာ တင်သွားခြင်းမှာ SSPP/SSA အနေဖြင့် NCA လက်မှတ်ရေးထိုးရေးကို ရှောင်ကွင်းလိုသည့် သဘော သက်ရောက်နေသလားဟု မေးခွန်း ထုတ်မှုများလည်း ရှိနေသည်။

SSPP/SSA အနေဖြင့် UNFC ကမှ နုတ်ထွက်စာတင်၍ မြောက်ပိုင်းအဖွဲ့နှင့် သွားရောက် ပူးပေါင်းရခြင်းမှာ UNFC နှင့်အတူတူ မလိုက်လို၍ ဖြစ်နိုင်သကဲ့သို့ ပထဝီအနေအထားအရ “ဝ” နှင့် ပိုနီးကပ်နေခြင်းကြောင့် ပူးပေါင်းသွားခြင်းလည်း ဖြစ်နိုင်သည်ဟု ရှမ်းပြည်နယ် အခြေစိုက် နိုင်ငံရေးသမားတဦး ဖြစ်သည့် ဦးရဲထွန်း (သီပေါ) က ဆိုသည်။

ဦးရဲထွန်း က “NCA က အားလုံးဆွေးနွေးထားတဲ့အရာ၊ လက်နက်ချရေးလည်းမဟုတ်ဘူး။ နောက်ဆုံး နိုင်ငံရေးဆွေးနွေးမှုအရ မဖြစ်နိုင်တော့ဘူး ဆိုလည်း အချိန်မရွေး ဖြဲဆုတ်ပြီးမှ ပြန်တိုက်လို့ရတာပဲ။ NCA က ကျနော့် အမြင်ပြောရရင် တကယ် ငြိမ်းချမ်းရေး လိုချင်တယ်။ နိုင်ငံရေးစကားဝိုင်းကို သွားချင်တယ်ဆိုရင် ထိုးရမှာ” ဟု ဧရာဝတီသို့ ပြောသည်။

NCA လမ်းကြောင်း အပြင်မှ ဆွေးနွေးလို့သည့် UWSA ဦးဆောင်သော FPNCC သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြတ်တောက်နေလျှက်ရှိသည်။ FPNCC အဖွဲ့ဝင် များကို အစိုးရဘက်က တဖွဲ့ချင်းစီ သီးခြားစီ တွေ့ဆုံဆွေးနွေးလိုသော်လည်း FPNCC ဘက်က ၇ ဖွဲ့လုံးဖြင့် တပြိုင်တည်း တွေ့ဆုံမှသာ ဆွေးနွေးမည်ဟု ပြောဆိုရာမှ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေခြင်းဖြစ်သည်။

လက်ရှိ UWSA မှ ရေးဆွဲ ချမှတ်ထားသော စာတမ်းသည် အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များအပေါ် အားလုံး လွှမ်းခြုံနိုင်ခြင်း မရှိသဖြင့် အဖွဲ့ဝင်များက သီးသန့် မူဝါဒပိုင်းများကို ရေးဆွဲမှုများ ပြုလုပ်သွားရန် ဆွေးနွေးမှုများလည်း ရှိကြောင်း ရှမ်းပြည်နယ်တွင်းက သတင်းရင်းမြစ်များ၏ အဆိုရသိရသည်။

ထို့အတူ လတ်တလော UWSA ဦးဆောင်၍ ချမှတ်ထားသောမူဝါဒ (NCA မထိုးရန်၊ စာချုပ်အသစ်ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်းမတွေ့ပဲခုနှစ်ဖွဲ့သာတွေ့မည်) သည် အစိုးရနှင့် တွေ့ဆုံ နိုင်ရေးလမ်းကြောင်းပင် ပိတ်နေခြင်းက ၎င်းတို့၏ မူဝါဒပိုင်းဆိုင်ရာအပေါ် ပြန်လည်စဉ်းစားရန် လိုအပ်လာကြောင်း နိုင်ငံရေးလေ့လာသူတချို့ကလည်း ထောက်ပြ ပြောဆိုနေသည်။

UWSA သည် ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းနိုင်ငံရေး ပါတီများ၊ ရှမ်းလက်နက်ကိုင် အဖွဲ့များ၊ ရှမ်းလူထုအခြေပြုအဖွဲ့ အစည်းများ စုပေါင်း ဖွဲ့စည်းထားသော ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) တွင်လည်း မပါဝင်သလို ၎င်းတို့၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများမှာလည်း အစိုးရ ဖော်ဆောင်နေသော တရားဝင်လမ်းကြောင်းနှင့် သွေဖည်နေသဖြင့် သဘောမတွေ့ကြောင်း ရှမ်းလူငယ်ကွန်ရက် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းအောင်မြင့်ဦး ကဆိုသည်။

စိုင်းအောင်မြင်ဦး က “သဘောမတွေ့ဘူးဗျ။ “ဝ” လမ်းစဉ်က illegal (တရားမဝင်) ဖြစ်နေတယ်။ ပြည်သူ့အစိုုးရ ဖြစ်တဲ့အတွက် အခုက အရမ်းကြပ်ပါတယ်။ ရှမ်းလူထုကို ချပြတာလဲမရှိသလို CSSU မှာ ရှိတယ်ဆိုတဲ့ သတင်းလည်းမရပါဘူး။ “ဝ” ဆိုတာ အရင်က UNFC မှာလဲတစ်ခုမှ မဆွေးနွေးခဲ့ဘူး။ သီးခြားနေနေတာ ငြိမ်းချမ်းရေး ဖြစ်စဉ်ပြောရင် သီးခြားသီးသန့် ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အလားတူ SSPP/SSA သည် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အဖွဲ့ဝင်လည်း ဖြစ်သဖြင့် UNFC တပ်ပေါင်းစုမှ နှုတ်ထွက် ရခြင်းနှင့် FPNCC နှင့် ပူးပေါင်းရခြင်း ကိစ္စရပ်များကို CSSU ထံ ချပြဆွေးနွေးရန် လိုအပ်ကြောင်း CSSU ကောမတီဝင် ဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး – ၂ စိုင်းကျော်ညွှန့် က ပြောသည်။

စိုင်းကျော်ညွှန့် က “SSPP က ကျနော်တို့ CSSU ထဲမှာပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သူတို့က ကျနော်တို့ကို ရှင်းပြတာ မရှိသေးဘူး။ CSSU ကလည်း ဒီအပေါ်မှာ ဆွေးနွေးတာ မရှိသေးဘူး။ သူတို့က UNFC ကနေဘာကြောင့် နုတ်ထွက်စာ တင်ရတယ် ဆိုတာလည်း အသေးစိတ်အချက်အလတ်တွေ မသိတော့ လောလောဆယ် ပြောဖို့ ခက်သေးတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် UWSA နှင့် ပူးပေါင်းသွားသည့်အပေါ် မှန်သည် မှားသည် မပြောလိုကြောင်းသို့သော် “ဝ” ဦးဆောင် သည့် အဖွဲ့မှ ချမှတ်ထားသော မူဝါဒသည် ပြည်ထောင်စုကိုသွားမည့် လမ်းကြောင်းတွင် ရှိလားဆိုသည်မှာလည်း ၎င်းတို့၏ ပေါ်လစီကို ကောင်းကောင်း မမြင်သေးဟု ဆိုသည်။

“UNFC မှာပါတဲ့အခါမှာ သူတို့ ဘယ်လိုအခက်အခဲရှိလဲ အကြပ်အတည်းရှိလဲ ဘာရှိလဲ။ ဒါမှမဟုတ်ရင် UNFC ထဲကနေ ထွက်အောင် ဘယ်လိုအဖွဲ့အစည်းတွေက ဖိအားပေးလဲဘာလဲပေါ့။ “ဝ” အခြေပြု ၇ ဖွဲ့နဲ့ က နဂိုတည်းက ပူးပေါင်းထားတာ။ အဲဒီထဲမှာကော သူတို့ရဲ့ အခြေအနေ အရပ်ရပ်က ဘယ်လောက်လဲပေါ့” ဟု စိုင်းကျော်ညွန့် က ပြောသည်။

UNFC မှ ဥက္ကဌ နိုင်ဟံသာ ဦးဆောင်သော အဖွဲ့သည် FPNCC ၏ ဖိတ်ကြား ချက်အရ ပန်ခမ်း(ပန်ဆန်းမြို့) သို့ ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ခွာသွားခဲ့ကြပြီး SSPP နုတ်ထွက်စာ တင်ခြင်းကိစ္စ အပါအဝင် ငြိမ်းချမ်းရေး ဖြစ်စဉ် မည်သို့ ပူးပေါင်း ဆောင်ရွက်ရေးနှင့် UNFC ၏ သဘောထားများကို ဆွေးနွေးနိုင်ကြောင်း သုံးသပ်မှုများရှိနေကြသည်။

တဖက်တွင်လည်း ရှမ်းပြည်နယ်အတွင်း လက်ရှိ ဖြစ်ပွားနေသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ KIA၊ TNLA၊ MNDAA၊ AA တို့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေရာ SSPP ဖြင့်ပါ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ရှမ်းပြည်နယ် အတွင်းရှိ ဒေသခံများနှင့် ရှမ်းအဖွဲ့ အစည်းများက စိုးရိမ်နေကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading