ကျေးရွာ အကြီးအကဲ တဦးကို တောခုတ်ဓားကိုင်ဆောင်ထားသည့် အမျိုးသားများက လဘက်ရည်ဆိုင် တခုအတွင်းတွင် တိုက်ခိုက်ခဲ့ကြသည်။ ကျေးလက်ပြည်သူ ၆ ဦး သူတို့၏ လယ်ကွင်းထဲတွင် ဓားဖြင့်ထိုး၍၊ သေနတ်ဖြင့်ပစ်၍ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ အိမ်တလုံးတွင် ဒေသခံများက အိမ်တွင်းဖြစ် ဗုံးတလုံး တပ်ဆင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ယခုလည်း မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများတိုးလာသည့် အနေဖြင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် အကြမ်းဖက် တိုက်ခိုက်သူများက ရဲကင်း အများအပြားနှင့် တပ်စခန်း ဂိတ်တခုကို အချိန်ကိုက် တိုက်ခိုက်ခဲ့ကြပြန်သည်။
ပြီးခဲ့သည့် နှစ်အတွင်းက ရိုဟင်ဂျာ အရပ်သားအများသေဆုံးခဲ့ရ၍ ၇၀၀၀၀ ကျော် ဒုက္ခသည်များအဖြစ် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ခြင်းများဖြစ်ပေါ်စေခဲ့သည့် တပ်မတော်က ဦးဆောင်သော တိုက်ခိုက်ချေမှုန်းမှုများ ရှိခဲ့သော်လည်း ပိုမိုကျယ်ပြန့်ရန် သေချာသလောက်ရှိသည့် ပဋိပက္ခတခုက အစပျိုးနေပြီ ဖြစ်ကြောင်း မတည်ငြိမ်မှုများက လုံခြုံရေးတပ်ဖွဲ့များအတွက် မြင်သာထင်ရှားသည့် သတင်းစကားတခုကို ပေးနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နယ်ခြားစောင့် ရဲစခန်း ၃ ခုကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးစေခဲ့သော စစ်သွေးကြွများက လုံခြုံရေးတပ်ဖွဲ့များ၏ အဓိက စစ်ဆင်ရေးများ အတွက် အတားအဆီး တခု ဖြစ်သည့် မိုးရာသီအတွင်းတွင် လက်နက်ကိုင် အုံကြွမှုတခု ပေါ်ပေါက်လာရေးအတွက် ပြင်ဆင်ခဲ့ဲ့ကြသည်။
ပြင်ဆင်မှုများထဲတွင် ဒေသခံ အသိုင်းအဝိုင်းများကို ထိန်းချုပ်မှု ခိုင်မာစေခြင်း၊ လူသစ်စုဆောင်းမှုကို အရှိန်မြှင့်တင်ခြင်း နှင့် ရိုဟင်ဂျာ အများစု နေထိုက်သည့် မြို့နယ် ၃ ခုဖြစ်သော မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်တို့တွင် စစ်ရေး လေ့ကျင့်မှုများ တိုးချဲ့ပြုလုပ်ခြင်းများ ပါဝင်သည်။ အဆိုပါ မြို့နယ် ၃ ခုသည် ပြီးခဲ့သည့် နှစ်အတွင်းက စစ်သွေးကြွတို့၏ တိုက်ခိုက်မှုများ နှင့် တပ်မတော်၏ စစ်ဆင်ရေးများ အဓိက ပြုလုပ်ခဲ့သည့် နေရာများ ဖြစ်ပါသည်။
တချိန်တည်းမှာပင် ပြီးခဲ့သည့် လများအတွင်းက လက်နက်နှင့် ရံပုံငွေကဲ့သို့ ပြင်ပ ထောက်ပံ့မှုများက မလေးရှား၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှတဆင့် စစ်သွေးကြွများဆီသို့ ရောက်ရှိခဲ့ကြောင်း ဒေသတွင်း ထောက်လှမ်းရေး သတင်းရင်းမြစ် များက Asia Times သို့ ပြောခဲ့ကြသည်။
ကျယ်ပြန့်သည့် ပုန်ကန်မှုတခု ဖြစ်လာရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၏ အထောက်အထားများကို မြန်မာနိုင်ငံမှ အစိုးရပိုင် မီဒီယာများတွင် မှန်မှန် သတင်းဖော်ပြပေးနေခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်သည်ဟု အများက မြင်ကြသည့် မွတ်ဆလင်အရပ်သားများ (ဥပမာ အားဖြင့် စကားပြန်များ) နှင့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများကို ပစ်မှတ်ထား၍ သတ်ဖြတ်မှုတိုးလာနေသည်ကို မြင်တွေ့ရသည်။
အစိုးရ၏ သတင်းထောက်လှမ်းရေး အရင်းအမြစ်များကို ဖယ်ရှားရန် နှင့် မရေရာမှုများ၊ ကြောက်ရွံ့မှုများနှင့် ပတ်ဝန်းကျင် တခုကို ဖန်တီးရန် အတွက် များသောအားဖြင့် ညဖက်ရောက်သည့် အချိန်တွင် အသတ်ခံရသူများကို အမျိုးသားတစုက နေအိမ်မှ လာရောက်ဆွဲခေါ်သွားပြီး သေသည်အထိ ဓားဖြင့်ထိုးခြင်း သို့မဟုတ် လှီးဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ကျူး လွန်သူများမှာ တခါတရံတွင် အနက်ရောင် ပျောက်ကြားဝတ်စုံများ ဝတ်ထားတတ်ကြပြီး မျက်နှာဖုံးများလည်း ဝတ်ဆင် ကြကြောင်း သိရသည်။ အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်း ခံရသူတို့၏ အလောင်းများမှာ ခေါင်းဖြတ်ခံထားရသည့် အနေ အထားဖြင့် တွေ့ရှိရတတ်သည်။
ပြီးခဲ့သည့် နှစ်က စတင်ခဲ့သော သတ်ဖြတ်မှုများ၏ အရှိန်အဟုန်နှင့် နယ်ပယ်က ပြီးခဲ့သည့် လများအတွင်းတွင် မြင့်တက် လာခဲ့သည်။ ၂၀၁၆ ခုနှစ် နှောင်းပိုင်းက ပဋိပက္ခများ အဓိက ဖြစ်ပွားခဲ့သည့် နေရာ ဖြစ်သော မောင်တောမြို့နယ်မှ အစပြု ခဲ့သည့် သတ်ဖြတ်မှုများက ယခုအခါတွင် ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များအထိပါ ကျယ်ပြန့်လာကြောင်း ဒေသတွင်း မီဒီယာ သတင်းများ၏ အဆိုအရ သိရသည်။ နေ့ခင်းကြောင်တောင် တိုက်ခိုက်မှုများ ပါဝင်လာသည်အထိ တိုး မြှင့်လာသည့် အသွင်ဖြစ်သည်။
တချိန်တည်းမှာပင် ယခုနှစ် အစောပိုင်းလောက်က အကြမ်းဖျင်းအားဖြင့် တပတ်ကို တကြိမ် သို့မဟုတ် ထိုထက်နည်း၍ ပေါ် ပေါက်ခဲ့သော တိုက်ခိုက်မှုများက ယခုအခါတွင် တပတ်အတွင်း၌ အကြိမ်ကြိမ်ဖြစ်သည်အထိ တိုးလာခဲ့သည်။ ဒေါ် အောင်ဆန်းစုကြည်၏ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ ထုတ်ပြန်သည့် အချက်အလက်များအရ ပြီးခဲ့သည့် အောက် တို ဘာလမှ ယခုနှစ် ဇူလိုင်လ ကုန်အထိ ကာလအတွင်းတွင် သတ်ဖြတ်ခံရသူ သို့မဟုတ် အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင် သွားခြင်း ခံရသူ ၅၀ ကျော် ရှိသည် ဟု သိရသည်။
အဆိုပါ ကိစ္စများမှာ မူလက မွတ်ဆလင် ပစ်မှတ်များကိုသာ ဦးတည်ခဲ့သော်လည်း ယခုအခါ ဗုဒ္ဓဘာသာဝင်များအပေါ် တိုက်ခိုက်မှုများပါ ပေါ်ထွက်လာခဲ့သည်။
နောက်ဆုံးပေါ်ပေါက်ခဲ့သည်ဟု ယူဆရသည့် အဖြစ်အပျက်မှာ သြဂုတ်လ ၃ ရက်နေ့က ဖြစ်ပြီး မောင်တောမြို့နယ်တွင် ဗုဒ္ဓဘာသာဝင် လယ်သမား ၆ ဦး အသတ်ခံခဲ့ရပြီး နောက်ထပ် ၂ ဦးမှာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ ဗုဒ္ဓ ဘာ သာဝင်များ အသတ်ခံရခြင်းကြောင့် အချို့ နေရာများတွင် ဗုဒ္ဓဘာသာဝင် အရပ်သား အမြောက်အများက အစိုးရ လုံခြုံရေး ပေးနိုင်သည့် မြို့လယ်နေရာများသို့ ပြောင်းရွှေ့ထွက်ပြေးခြင်းများ ပေါ်ပေါက်စေခဲ့သည်။
လက်နက်ကိုင် တိုက်ခိုက်မှုများ၏ ပုံစံအရ ပြီးခဲ့သည့် နှစ်နှောင်းပိုင်းက ပထမဆုံး ပေါ်ပေါက်သည့် Harakat al Yaqin (HaY) သို့မဟုတ် ယုံကြည်မှု လှုပ်ရှားမှု အဖွဲ့ (Movement of Faith ) ၏ တစိတ်တပိုင်း အပေါ်တွင် ဗဟိုမှ ချုပ်ကိုင် အမိန့်ပေးမှုတခု ရှိနေကြောင်း ဖော်ပြနေပါသည်။ HaY အဖွဲ့က ယခုနှစ်အတွင်းတွင် သူတို့ကိုယ်သူတို့ ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (Arakan Rohingya Salvation Army –ARSA) ဟု အမည်ပြောင်းလဲ ခဲ့သည်။
အမည် ပြောင်းလဲခြင်းက အဆိုပါအဖွဲ့က အာရေဗျပုံစံ ဘာသာရေးစစ်ပွဲ ဝါဒီ အစွန်းရောက် အဖွဲ့အစည်းများနှင့် ကွဲပြား ကြောင်း ပြသလိုသည့် ဆန္ဒကြောင့် ဖြစ်ဖွယ်ရှိသည်ဟု Asia Times က မေးမြန်းခဲ့သော လုံခြုံရေးဆိုင်ရာ လေ့လာ သုံးသပ်သူ အများ အပြားက ယူဆကြသည်။ HaY/ARSA သည် ပြည်ပရောက် ရိုဟင်ဂျာများ အများအပြား ရှိ သည့် ဆော်ဒီအာရေဗီးယား၊ ပင်လယ်ကွေ့ဒေသ နှင့် ပါကစ္စတန် မြို့တော် ကရာချိ စသည့်နေရာများ မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု နားလည်ထားကြပါသည်။
အကန့်အသတ်ဖြင့် ရှိနေသည့် နိုင်ငံတကာ မီဒီယာများ နှင့် အပြန်အလှန်ဆက်ဆံရေးတွင် HaY/ARSA က သူတို့သည် ဖိနှိပ်ချုပ်ချယ်သော မြန်မာအစိုးရများက နိုင်ငံသားဖြစ်ခွင့်နှင့် အခြေခံ အခွင့်အရေးများကို ငြင်းပယ်ထားသော လူမျိုးစု အသိုင်းအဝိုင်းတခု ဖြစ်သည့် ၁.၁ သန်းခန့်ရှိသော ရိုဟင်ဂျာများ၏ တရားဝင် အခွင့်အရေးများ ရရှိစေရေးအတွက် ဆောင် ရွက်နေသော၊ သဘောတရားရေးရာတွင် အလယ်အလတ်ဖြစ်သော အဖွဲ့အစည်းတခု ဖြစ်ကြောင်း ပြသရန် စိတ်အား ထက်သန်နေခဲ့သည်။
အာရုံစူးစိုက်မှုရအောင် ဆွဲဆောင်ရာတွင် ပစ်မှတ်ထား သတ်ဖြတ်ခြင်းထက်ပို၍ လုပ်မပြနိုင်ခဲ့သော်လည်း လူသစ်များ ပြန်လည်စုဆောင်းခြင်းနှင့် ဒေသခံလူငယ်များကို လေ့ကျင့်သင်တန်းပေးခြင်းတို့ကဲ့သို့သော လက်နက်ကိုင် တိုက်ခိုက်မှု တိုး ချဲ့ရေး အားထုတ်မှုများတွင်မူ ပို၍ သိသိသာသာ လုပ်ပြနိုင်ခဲ့သည်။
ထိုသို့ဆောင်ရွက်မှုများထဲတွင် ဝေးလံသောနေရများတွင် ယာယီ စခန်းများ ထူထောင်ခြင်းလည်း ပါဝင်သည်။ အဆိုပါ စခန်းများတွင် ပျောက်ကြားတိုက်ခိုက်မှုဆိုင်ရာ အခြေခံများ သင်ကြားပေးသည်။ များသော အားဖြင့် သေနတ် အစစ်များ အစား သစ်သားသေနတ်များ အသုံးပြုကြသည်။ အစိုးရသတင်းရင်းမြစ်များ၏ အဆိုအရ ARSA ၏ တပတ်သို့ မဟုတ် ၂ ပတ် ကြာမြင့်သော လေ့ကျင့်ရေးသင်တန်းသို့ တက်ရောက်သည့် လူငယ်များသည် လျှို့ဝှက်ထားရန်အတွက် ကိုရန် ကျမ်းစာနှင့် တိုင်တည် သစ္စာဆိုရသည်ဟု သိရသည်။
လေ့ကျင့်သင်တန်းပေးသည့် လှုပ်ရှားမှု အများစုက မယူတောင်တန်းတွင် ဗဟိုပြုသည်။ မယူတောင်တန်းသည် စိုက် ပျိုး ရေး ဖြစ်ထွန်းသည့် မြေပြန့်ဖြစ်သော အနောက်ဘက်မှ မောင်တော မြို့နယ်နှင့် အရှေ့ဘက်မှ ဘူးသီးတောင် မြို့နယ်တို့ ကြားတွင် မြောက်မှ တောင်သို့ သွယ်တန်းလျှက် ရှိနေသည်။ မြို့နယ် ၂ ခုလုံးသို့ လွယ်ကူစွာ သွားရောက်နိုင်သည်။
ARSA ၏ လေ့ကျင့်ရေး နှင့် ပတ်သက်သော သတင်းပေးချက်တခုအရ ဇွန်လ ၂၀ ရက်နေ့တွင် ရဲအဖွဲ့က မောင်တော မြို့နယ် တွင်းမှ အနီးဆုံးရွာနှင့် ၃ နာရီ ခရီးလောက် တွင်ရှိသောတောင်ကုန်းများ ပေါ်တွင် စခန်းတခု ကိုတွေ့ရှိခဲ့သည်။ ယခုအခါ အများဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည့် စခန်းများထဲမှ တခုတွင် အမြင့် ၄ပေ၊ အကျယ် ၅ပေနှင့် အလျား ၈၀ ပေ ရှိသော ဥမင်လိုဏ်ခေါင်းတခုလည်း ပါဝင်သည်။ နောက်ဆက်တွဲတိုက်ပွဲတွင် စစ်သွေးကြွ ၃ ဦး လိုဏ်ခေါင်းအတွင်း သို့ မဟုတ် လိုဏ်ခေါင်း အနီးတွင် သေဆုံးခဲ့ပြီး ရဲအဖွဲ့က သစ်သားသေနတ် ၂၀၊ လုပ်သေနတ် ၂ လက်နှင့် စားနပ်ရိက္ခာများ သိမ်းဆည်းရမိခဲ့သည်။
လေ့ကျင့်သင်တန်းပေးမှုများက ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ရေးကိုလည်း အလေးပေးသည့် အသွင်ရှိသည်။ ဖောက်ခွဲရေးသင်တန်းများကို ဝေးလံသည့် တောတွင်းစခန်းများတွင် မပြုလုပ်ဘဲ ကျေးရွာများအတွင်းရှိ လုံခြုံသော အိမ် များတွင် ပြုလုပ်သည်မှာ လိုအပ်သော ပစ္စည်းများထောက်ပံ့နိုင်ရေး နှင့် ပါဝင်သည့် လူအရေအတွက် နည်းသောကြောင့် ဖြစ်ဖွယ်ရာ ရှိပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းတွင် လုံခြုံရေးတပ်ဖွဲ့များက လေ့ကျင့်ရေးများကို ဝင်ရောက်ဖြို ခွဲရာမှ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း သို့မဟုတ် တပ်ဆင်လေ့ကျင့်ရင်း မတော်တဆ ပေါက်ကွဲခြင်းများ အများ အပြား ပေါ်ပေါက်ခဲ့သည်။
လက်နက်ကိုင် လှုပ်ရှားမှု၏ လုပ်ဆောင်မှုအများအပြား(အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သူဟု ယူဆရသူများ နှင့် ဗုဒ္ဓဘာ သာဝင်များကို ပစ်မှတ်ထား သတ်ဖြတ်ခြင်း၊ လျှို့ဝှက်လေ့ကျင့်သင်တန်းပေးရေး အတွက် ယာယီစခန်းများ ထူထောင် ခြင်း နှင့် လူသစ်များက ကိုရန်ကျမ်းနှင့် တိုင်တည် သစ္စာဆိုရခြင်း) တို့က ထိုင်းနိုင်ငံတောင်ပိုင်းမှ မလေး-မွတ်ဆလင် လက် နက်ကိုင်များ၏ ဗျူဟာများ၊ နည်းလမ်းများ နှင့် ကြိုတင်ပြင်ဆင်ရေး အပိုင်းတွင်ရော နောက်ဆက်တွဲ အပိုင်းများတွင်ပါ ထပ်တူနီးပါး ဖြစ်နေသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံမှ ARSA စစ်သွေးကြွများ နှင့် ထိုင်းနိုင်ငံ တောင်ပိုင်း Patani မှ မလေးလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် Barisan Revolusi Nasional (BRN) တို့၏ ဆက်သွယ်မှုက မသဲကွဲသေးပါ။ သို့သော်လည်း သံသယ ဖြစ်ဖွယ်ရာ မလိုသည်မှာ ၂ ဖွဲ့လုံးက မလေးရှားနိုင်ငံတွင် အဖွဲ့အစည်း ခိုင်ခိုင်မာမာ ရှိနေပြီး ဗုဒ္ဓဘာသာ အများစုဖြစ်သည့် နိုင်ငံများအတွင်းတွင် လူမျိုး ကို အခြေခံသည့် အမျိုးသားရေး ဦးတည်ချက်များ တူညီစွာ ကျယ်ကျယ်ပြန့်ပြန့် ရှိထားကြခြင်း ဖြစ်သည်။
လုံခြုံရေး အခြေအနေဆိုးရွားလာခြင်းက ရခိုင်ပြည်နယ် အတွင်းမှ လူများစုဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းကိုရော ပြည် နယ် အပြင်ဖက်ကိုပါ သတိပေးသံများ ကျယ်ပြန့်စေခဲ့သည်။
ရခိုင်အမျိုးသားပါတီ(ANP) မှ နိုင်ငံရေးသမားများက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သို့ တိုက် ရိုက် တောင်းဆိုမှုများ ပြုလုပ်ပြီးနောက်တွင် စစ်အင်အား ဖြည့်တင်းသည့် အနေဖြင့် အမှတ် ၃၃ ခြေမြန်တပ်မမှ တပ်ဖွဲ့ ဝင် အင်အား ၄၀၀ ခန့်ကို ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေသို့ လေကြောင်းမှ ပို့ဆောင်ပေးခဲ့ပြီး နောက်နေ့တွင် မြောက်ဘက် ရှိ မောင်တော် မြို့ သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။
စစ်ကူ ဖြည့်တင်းသည့် အရွယ်အစားနည်းပါးမှု၊ မိုးများ ဆက်လက်ရွာသွန်းနေခြင်းနှင့် သိသာထင်ရှားသော စစ်ရေး ဦးတည်ချက် ရှိမနေခြင်းတို့အရ လေကြောင်းမှ ရောက်ရှိလာသော တပ်ဖွဲ့များသည် ကြီးမားသော စစ်ဆင်ရေးကြီးများ ချက်ချင်းပြုလုပ်ရန် အကြိုရောက်လာခြင်း မဟုတ်ဘဲ ရခိုင်ပြည်နယ် အတွင်းမှ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှု လျော့ပါးစေရန် နှင့် ဒေသခံရဲတပ်ဖွဲ့များကို အင်အားဖြည့်တင်းရန် ရည်ရွယ်ခြင်းပို၍ ဖြစ်ဖွယ်ရာ ရှိပါသည်။
မြန်မာနိုင်ငံတွင် စစ်ဆင်ရေး များ ပြုလုပ်နေကျဖြစ်သည့် ခြောက်သွေ့ရာသီသို့ ရောက်ရှိသည့် ယခုနှစ်ကုန်ပိုင်းတွင်မူ တိုးလာနေသည့် ခြိမ်းခြောက်မှုများ အပေါ် လုံခြုံရေးတပ်ဖွဲ့များက ပိုမိုပြင်းထန်သည့် တုန့်ပြန်မှုများ ပြုလုပ်သွားမည်၊ စုစည်းမှုပိုမို ကောင်းမွန်လာဖွယ်ရာ ရှိသည့် စစ်သွေးကြွများ၏ တုန့်ပြန်မှုကလည်း ပြင်းထန်မည် ဟု မျှော်လင့်ရပါသည်။
(Anthony Davis သည် ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာ အကြံပေး သုံးသပ်သူတဦး ဖြစ်သည်။ Aisia Times ပါ ၎င်း၏ Rohingya insurgency gains momentum in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)