ဆောင်းပါး

မာရာဝီက ဒုက္ခသည်များ

Want create site? Find Free WordPress Themes and plugins.

“ပထမနေ့မှာ သေနတ်တွေပစ်တာ သက်သက်ပဲ ဆိုတော့ ကျနော်တို့ သိပ်ပြီး ဒုက္ခမရောက်ဘူး။ မာရာဝီက အမြဲတမ်း ပရမ်းပတာ ဖြစ်နေခဲ့တာ။ မိသားစုထဲမှာ အမျိုးသမီးတွေနဲ့ ပိုက်ဆံကြောင့် ရန်ညိုးဖွဲ့ကြတယ်။ တိုက်ခိုက်ကြတယ်။ သူတို့ က အဲဒါကို rido (မိသားစုကို အရှက်ရအောင်လုပ်သူကို အပြစ်ပေးသည့်အနေဖြင့် ဂုဏ်သိက္ခာအတွက် လူသတ်ခြင်း) လို့ ခေါ်ကြတယ်။ တကယ်လို့ အဲဒီလို သတ်တာမျိုးဆို ရင် ရဲအဖွဲ့ကလည်း ဒုက္ခခံပြီး အမှုကို လိုက်မနေတော့ဘူး” ဟု ကိုယ် ခန္ဓာတွင် တက်တူး အများအပြား ထိုးထားသော ဗလကောင်းကောင်း နှင့် အသက် ၂၅ နှစ် အရွယ် ဆိုက်ကားသမား Ali Nur က ပြောသည်။

သူ၏ အသက် ၃၀ အရွယ် ဇနီးသည် Orick ကို လှမ်းကြည့်ရင်း အတွေ့အကြုံများကို ပြောနေစဉ် သူ့နဖူးကို လက်ဖြင့် ပွတ်သည်။ မျက်လုံးများက ဒေါသထွက်နေသယောင် မြင်ရသည်။

သစ်သီး နှင့် ဟင်းသီးဟင်းရွက်ရောင်းသူ တယောက် ဖြစ်သည့် Orick ကတော့ ခံစားချက်ကို သိပ်မပြတတ်သူ ဖြစ်သည်။ သူတို့၏ ကလေး ၅ ယောက်ထဲမှ ၁ ယောက်ကို တိတ်ဆိတ်စွာပင် ပြုစုပေးနေသည်။ သူ့ခေါင်းတွင် ဆံပင်မရှိပါ။

“ဒါပေမယ့် ဗုံးတွေစကျတဲ့ ဒုတိယနေ့ရောက်တော့ တကယ်ကို ကြောက်ဖို့ ကောင်းလာတယ်။ ကျနော်တို့ ထွက်သွားရ တော့မယ် ဆိုတာသိတယ်။ လျှပ်စစ်မီးတွေ ဖြတ်တောက်လိုက်တော့ ကျနော်တို့ ဖုန်းတွေကို အားသွင်းလို့ မရတော့ဘူး။ ကျနော်တို့မှာ စားစရာလည်း မရှိဘူး။ နောက်တော့ Maute (အစ္စလမ် စစ်သွေးကြွအဖွဲ့) က တိုက်ခိုက်ရေးအတွက် လူရှာဖို့ သူတို့လူတွေ လွှတ်လိုက်တယ်။ ကျနော် ပုန်းနေခဲ့ရတယ်။ သူတို့ဆီက မိန်းမတွေကို အိမ်ပေါက်စေ့ လိုက်ပြီး တိုက်ခိုက်ရေး သမားရှာဖို့ လွှတ်လိုက်တယ်။

“ယာယီတဲမြို့(Tent City)” ဟု ခေါ်ကြသည့် ဒုက္ခသည်စခန်းတွင် မိသားစု ၁၆၉ ခု၊ လူဦးရေ ၇၅၂ ယောက် ရှိပါသည်။ (ဓာတ်ပုံ – Karim Raslan)

နောက်ဆုံးတော့ တတိယမြောက်နေ့မှာ ကျနော်တို့ လွတ်မြောက်ခဲ့တယ်။ (ကလေးများကို ညွှန်ပြရင်း) ကျနော် သူတို့အားလုံးကို ကျနော့် မော်တော်ဆိုင်ကယ်ပေါ်တင်သွားလို့ မရနိုင်ဘူး။ အဲဒါကြောင့် ဆိုင်ကယ်ကို ထားခဲ့ရတယ်။ ကျနော့် ယောက်ဖရဲ့ ဟိုင်းလက်ထရပ်ကားပေါ်မှာ ကျနော့် မိန်းမရဲ့ မိသားစုနဲ့အတူ ကျပ်ကျပ်တည်းတည်း လိုက်ခဲ့ရပါတယ်။ အဲဒီတုန်းက ကျနော်တို့မှာ ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အဝတ်အစားပဲ ပါလာပါတယ်။”

“ကျနော်တို့မှာ ဘာမှတော့ များများစားစား မပိုင်ပါဘူး။ ဒါပေမယ့် အားလုံး ဆုံးရှုံးခဲ့ရတယ်။ အိမ်က Barangay Marinaut (မာရာဝီ အနောက်ပိုင်း) မှာရှိပါတယ်။ အဲဒီအိမ် မီးလောင်သွားတာကို ကျနော် TV မှာ တွေ့လိုက်ရတယ်။ မာရာဝီကို ကျနော် ကြောက်သွားပြီ။ ကျနော်က ကျနော့် ကလေးတွေကို ကျောင်းပဲ တက်စေချင်တာပါ။ သူတို့ ကျောင်းစရိတ်ပေး နိုင် အောင်လို့ (ဒုက္ခသည်) စခန်းမှာ နေ့တိုင်းပေးတဲ့ စည်သွပ်ဘူးတွေထဲက တချို့ကို ရောင်းပါတယ်။”

ကျနော်တို့က ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ကျွန်းပေါ်မှ တိုက်ပွဲများဖြစ်ပွားခဲ့ရာ မာရာဝီမြို့နှင့် ၃၅ ကီလိုမီတာ ခန့် အကွာတွင် ရောက်ရှိနေခြင်း ဖြစ်ပါသည်။ “ယာယီတဲမြို့(Tent City)” ဟု ခေါ်ကြသည့် ယခုနေရာသည် အပြည့်အဝ လည်ပတ်နေသော အထက်တန်းကျောင်းတခုနှင့် ကပ်လျှက်တည်ရှိနေသည်။ မိသားစု ၁၆၉ ခု၊ လူဦးရေ ၇၅၂ ယောက် ရှိပါသည်။

Ali Nur က သူ၏ မိသားစုကို လူတွေပြည့်ကျပ်နေသော ခန်းမနှင့်ဝေးရာတွင် ထားရှိသည်။ စာသင်ခန်းတခု၏ အပြင်ဘက် စင်္ကြ ံပေါ်တွင် ဖြစ်သည်။ စက်မှုမြို့တော်တခု ဖြစ်သည့် Iligan ၏ အပြင်ဖက်နားတွင်ရှိသော စခန်း၏ အနေအထားက မအပ်စပ်သည့် အသွင်ဖြစ်နေသည်။ လမ်း၏ အထက်ဖက်တွင် သွေးလွှမ်းသော ပဋိပက္ခတခု ရှိသည်ဟု တွေးထင်ရန် လည်း ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် Iligan နှင့် အနားရှိ Cagayan de Oro တို့သည် မင်ဒါနာအို ဒေသ မြောက်ပိုင်းမှ တိုးတက်လာနေသော စီးပွားရေးနှင့် ပို့ဆောင်ရေး အချက်အချာနေရာများ ဖြစ်သောကြောင့် ဖြစ်သည်။

ဒေသ၏ GDP တိုးတက်မှုနှုန်း ၇.၆ ရာခိုင်နှုန်းက တနိုင်ငံလုံး ပျမ်းမျှနှုန်း ၆.၉ ရာခိုင်နှုန်းထက်ပင် ကျော်လွန်နေသည်။ ကြီးမားသော Robinson’s Place ရှော့ပင်းမောက အနားမှာပင် ဖွင့်လှစ်ထားပြီး လေအေးစက်တပ်ဆိုင်များနှင့် အသင့်စား စားသောက်ဆိုင်များ ရှိသည်။

မာရာဝီမြို့တွင် တိုက်ခိုက်မှုများ စတင်ခဲ့သည့် အချိန်တွင် မြို့ခံ ၂၀၀၀၀၀ ခန့်အနက်မှ အများစု ထွက်ပြေးခဲ့ရသည်။ “Tent City” သည် မင်ဒါနာအို တလွှားရှိ ဒုက္ခသည်စခန်း အများအပြားထဲမှ တခုသာ ဖြစ်ပါသည်။ နောက်ပိုင်းတွင် မိတ်ဆွေများ သို့မဟုတ် ဆွေမျိုးများ ရှိရာသို့ ပြောင်းရွှေ့သွားကြသူလည်း အများအပြား ရှိခဲ့သော်လည်း ဒုက္ခသည်စခန်းများတွင် လူ ၄၀၀၀၀ ခန့် ကျန်နေဆဲ ဖြစ်သည်။

စခန်းမှာ နေရထိုင်ရ ကျဉ်းကျပ်သည် မှန်သော်လည်း ပြည့်စုံမှု ရှိပါသည်။

မိသားစု အများစုမှာ မေလနှောင်းပိုင်းလောက်မှ ရောက်လာကြခြင်း ဖြစ်သည့်အတွက် အခက်အခဲ ပြောပလောက်အောင် မရှိသေးပါ။ သူတို့ ချက်ပြုတ်နိုင်သည်။ အိမ်သာများနှင့် အဝတ်လျှော်စက်များ ရှိသည်။ အကာအရံ မရှိသော စုဝေးခန်းမ တခု၏ အဝနားတွင် အုပ်ချုပ်ရေးဌာနငယ်လေး တခုကိုပင် ဖွင့်ထားသည်။ ကြော်ငြာသင်ပုန်းများတွင်၊ သတင်းအချက် အ လက်များ၊ ကလေးငယ်တို့ ရေးဆွဲသည့် ပုံများ၊ အလှူငွေနှင့် ကော်မတီများ၏ မှတ်တမ်းများ ရှိနေသည်။ တိုင်ကြားချက် များ ရေးသားရန် သင်ပုန်းတခုလည်း ရှိသည်။ စီးပွားရေး အမြင်ရှိသော ဒုက္ခသည်တဦးက ကုန်စုံဆိုင်လေး တခုပင် ဖွင့် ထားသည်။

သူ့ကိုယ်ပေါ်မှ ဆေးမင်ကြောင်များကြောင့် Ali Nur ကို ယခင်က လူဆိုးဂိုဏ်း ဝင်တယောက် ဖြစ်ခဲ့သလားဟု နောက်ပိုင်း တွင် ကျနော်က မေးကြည့်သည့်အခါ အဖြေမပေးခင် သူက အဝေးသို့ ငေးကြည့်နေသည်။

“ကျနော် ဆယ်ကျော်သက် ဘဝတုန်းက အိမ်မပြန်ဘူး။ ကျနော်က ဆိုးခဲ့ပါတယ်။ ကျနော့် အဖေက နောက်ဆုံးမှာ ကျနော့်ကို ထောင် ၆လ ကျ အောင် လုပ်ခဲ့ရတယ်။ အဲဒီမှာ ကျနော် ဒီတက်တူးတွေ ရလာတာပါ။ အိမ်ထောင်ကျပြီးတော့မှ ကျနော် တည်ငြိမ်သွားခဲ့ပါတယ်။”

“ကျနော့် ညီအစ်ကိုတွေကတော့ ပိုပြီး ဘာသာရေး ကိုင်းရှိုင်းကြပါတယ်။ သောကြာနေ့ဆိုရင် ကျနော် ဝတ်ပြုပါတယ်။ ဒါပေ မယ့် မာရာဝီမှာတုန်းက များသောအားဖြင့် ကျနော်က အလုပ်လုပ်နေရတယ် ဒါမှမဟုတ်လဲ ကလေးထိန်း နေရတယ်။ ကျနော်က ဝတ်ပြုဖို့ ပျင်းတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ကျနော့်အဖေကတော့ အခု ကျနော့်မှာ ကိုယ်ပိုင် မိသားစု တခု ရှိလာတဲ့ အတွက် ဂုဏ်ယူနေတုန်းပါပဲ။”

မင်ဒါနာအို ဒေသက ဒေသတွင်းမှ စီးပွားရေး နှင့် နိုင်ငံရေး သြဇာကြီးမားသူတို့ လွှမ်းမိုးသည့် နေရာလည်း ဖြစ်သည်။ ယခင် ဒါဗောင်း Davao မြို့တော်ဝန်ဟောင်း၊ ယခု ဖိလစ်ပိုင် သမ္မတ ဒူတာတေးက အထင်ရှားဆုံး သက်သေဖြစ်သည်။ ဆယ်စုနှစ်တခု နီးပါးမျှ သူ၏ မြို့ကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်၍ ငြိမ်းချမ်းရေးနှင့် တိုးတက်မှုကို ရရှိအောင် ဖန်တီးခဲ့ သည်။ မနီလာမှ ဖိလစ်ပိုင် အစိုးရ၏ အုပ်ချုပ်မှုက သက်ရောက်မှု အားနည်းသည်နှင့် အမျှ ဒူတာတေးကဲ့သို့သော သူများက သူတို့၏ နယ်မြေများတွင် အလုံးစုံ အာဏာရှိသူများ ဖြစ်လာခဲ့သည်။ သို့သော်လည်း ဒါဗောင်းမှ ထွက်လာပြီး မိုင် အနည်းငယ်မျှကျော်လျှင် ဒူတာတေးဆိုသည်မှာ ပျောက်ကွယ်သွားမည် ဖြစ်သည်။

မကြာသေးမီက ဖွင့်လိုက်သော Robinson’s Place ရှော့ပင်းမောက ပဋိပက္ခဇုန်ဟု ယုံကြည်ရန် ခက်ခဲစေသည် (ဓာတ်ပုံ – Karim Raslan)

တဘက်ကကြည့်ပြန်လျှင် မင်ဒါနာအို ဒေသသည် မိုရို အမျိုးသား လွတ်မြောက်ရေးတပ်ဦး(MNLF) မှသည် မိုရို အစ္စလမ် လွတ်မြောက်ရေး တပ်ဦး (MILF) အထိ အမျိုးမျိုးသော မွတ်ဆလင် စစ်သွေးကြွ အဖွဲ့အစည်းများ ရှိနေသော နေရာဖြစ်သည်။ အမှန်စင်စစ်အားဖြင့် Maute ဆိုသည်မှာ MILF မှ ခွဲထွက်လာသည့် Abdullah Maute ဦးဆောင်သော အဖွဲ့တခု ဖြစ်သည်။ Abdullah Maute သည် လနောင်း Lanao တွင် အစ္စလမ်မစ်နိုင်ငံ(IS)ကို ထူထောင်သူ ဖြစ်သည်။ အကယ်၍ ဤမျှနှင့် မရှုပ်ထွေးသေး ဟု ဆိုပါလျှင် မင်ဒါနာအိုသည် ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ(CPP) ၏ လက်နက်ကိုင် အဖွဲ့ ဖြစ်သော ပြည်သူ့ တပ်မတော်သစ် (NPA) က စစ်ဆင်ရေးများ လုပ်ပြသည့် အဓိကဇာတ်ခုံ တခုလည်း ဖြစ်ပါသည်။ ဘာသာရေး၊ ဝါဒသဘောတရားရေး၊ ခွဲထွက်ရေးနှင့် ရာဇဝတ်မှုများ ရောယှက် ရှုပ်ထွေးနေသည့် နေရာ ဖြစ်ပါသည်။

ဖိလစ်ပိုင်အစိုးရက နိုင်ငံအတွင်းမှ ISIS လက်အောက်ခံတယောက်ဖြစ်သည့် Isnilon Hapilon ကို ဖမ်းဆီးရန် လိုက်လံ ရှှာ ဖွေမှုများ ပြုလုပ်ခဲ့သည့် မေလ အတွင်းတွင် မာရာဝီ ပဋိပက္ခ ပေါ်ပေါက်လာခဲ့သည်။ Isnilon Hapilon ၏ အဖွဲ့များက Maute အပါအဝင် မဟာမိတ်အဖွဲ့များကို ဖိတ်ခေါ်၍ လက်တုန့်ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မေလ ၂၃ ရက်နေ့တွင် တိုက်ခိုက်ရေးသမား ၅၀၀ ကျော်က ဖိလစ်ပိုင် တပ်မတော်ကို Ranao စခန်းတွင် ချောင်းမြောင်း တိုက်ခိုက် ခဲ့ ကြသည်။ အစိုးရ အဆောက်အဦး အများအပြားကို သိမ်းပိုက်၍ အရပ်သားများကို ဓားစာခံအဖြစ် ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ အကြမ်းဖက်မှုများ မြင့်တက်လာသည်နှင့် အမျှ မာရာဝီမြို့သည်လည်း လူသူကင်းမဲ့သည့် အ ခြေအနေသို့ အလျှင်အမြန်ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း အစိုးရတပ်ဖွဲ့များ အနေဖြင့် စစ်သွေးကြွများကို အပြည့် အဝ တိုက်ထုတ်နိုင်ခြင်း မရှိခဲ့ပါ။

မာရာဝီက ဖိလစ်ပိုင်နိုင်ငံတွင် အများစုအတွက် နားလည်ရခက်သည့် နေရဖြစ်သည်။ မွတ်ဆလင်အများစု ရှိနေသည့် အပြင် မြို့တော်၏ သီးခြားဆန်မှုကို ခိုင်မာအားကောင်းစေသည့် ဇာတ်ကြောင်းများကလည်း အများအပြား ရှိနေသည်။ နေထိုင်သူများက အလွန်အကျွံပင် အမှီအခိုကင်းကြသည်ဟု ဆိုနိုင်သလို များသောအားဖြင့် အာဏာပိုင်များကို ခုခံ ဆန့်ကျင်လေ့ ရှိကြသည်။

ဒေသခံများနှင့် စကားပြောခြင်းက ပဋိပက္ခကို ယဉ်ကျေးမှုချင်း ကြီးမားစွာ ထိပ်တိုက်ရင်ဆိုင်မှု (ISIS က ကက်သလစ် ဘာသာဝင် ဖိလစ်ပိုင်များကို တိုက်ခိုက်ခြင်း) အနေဖြင့်မဟုတ်ဘဲ ဘာသာရေး အစီအစဉ်တခု အဖြစ် အယောင်ဆောင် ထားသော အလွန်ရက်စက်ကြမ်းတမ်းသော ဒုစရိုက်မြေမှ ပဋိပက္ခတခုဟု ကျနော်က မြင်သည်။

သို့သော်လည်း Ali Nur၊ Orick နှင့် သူတို့ ကလေး ၅ ယောက်အတွက်ကတော့ ပျက်စီးဆုံးရှုံးမှုများက တကယ်ကို လုံ လောက်ခဲ့ပြီ ဖြစ်သည်။

သူတို့ ဘဝများက အခြေအနေမဲ့ ဖြစ်နေသည်။ ကလေးငယ်များ၏ ပညာရေးက အဆင်မပြေတော့ပါ။ သို့သော်လည်း ကံ ကောင်းထောက်မစွာပင် ပညာသင်ကြားရေးက လုံးဝ ရပ်ဆိုင်းသွားခြင်းမျိုး မရှိသေးပါ။

မာရာဝီတိုက်ပွဲတွင် အနိုင်ရရှိခြင်း နှင့် မင်ဒါနာအို ဒေသအတွက် ငြိမ်းချမ်းရေးက Ali Nur နှင့် သူ၏ မိသားစုကဲ့သို့ သော သောင်းနှင့်ချီသည့် ဒုက္ခသည်များ၏ ဘဝများကို ပြန်လည်တည်ဆောက်ရေး အပေါ်တွင် လုံးလုံးလျားလျား တည်နေပါလိမ့်မည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြု လေ့လာရေးသားနေသော မလေးရှား စာရေးဆရာတဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading